Monday, March 16, 2015

အရည်အချင်းရှိတဲ့ ဘာသာပြန်စာရေးဆရာတွေ အခွင့်အရေးရမယ့် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်မည်




အလုပ်ရုံဆွေးနွေးပွဲအတွက် မသီတာ(စမ်းချောင်း) ရှင်းလင်းပြောကြားနေစဉ်(ဓာတ်ပုံ - တင်ထက်ပိုင်/The Irrawaddy)

“ရသတံတား” လို့အမည်ပေးထားတဲ့ မြန်မာနိုင်ငံရဲ့ပထမဦးဆုံး နိုင်ငံတကာ ဘာသာပြန် စာပေနှီးနှောဖလှယ်ပွဲနဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို မေလ ၂၇ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ရန်ကုန်မြို့၊ ပြည်လမ်းရှိ တော်ဝင်ဂါးဒန်း ဟိုတယ်မှာ ငါးရက်ကြာ ကျင်းပမယ်လို့ သိရပါတယ်။

အဲ့ဒီ ဘာသာပြန် နှီးနှောဖလှယ်ပွဲနဲ့ အလုပ်ရုံဆွေးနွေးပွဲကို Pen Myanmar က ဦးဆောင်ကျင်းပမှာဖြစ်ပြီး ဆွေးနွေးပွဲ ကျင်းပရေးကော်မတီမှ မြန်မာနိုင်ငံ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပေါင်းစုံရှိ ဝါသနာရှင်တွေကို အကန့်အသတ်မရှိ လျှောက်လွှာခေါ်ယူကာ အလုပ်ရုံဆွေးနွေးပွဲ တက်ခွင့်ရမယ့် ဘာသာပြန် စာရေးဆရာ အလောင်းအလျာ ၂၀ ဦးကို ပြန်လည် ရွေးချယ်သွားမှာလည်းဖြစ်ပါတယ်။

အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်လိုသူတွေဟာ Pen Myanmar မှ လျှောက်လွှာနဲ့ ဘာသာပြန် နမူနာစာစုကို ထုတ်ယူ ဖြည့်စွက်ပြီး နမူနာစာစုကို ဘာသာပြန်ကာ Pen Myanmar သို့ ပြန်လည်ပေးပို့ရမှာပါ။

တက်ရောက်ခွင့် ရသူတွေကို ရွေးချယ်ရာမှာ ဘာသာပြန် အတွေ့အကြုံကို အတိုင်းအတာတခု အထိသာ စဉ်းစားမှာဖြစ်ပါတယ်။ ဒါ့အပြင် လျှောက်လွှာနဲ့အတူ ပူးတွဲတင်ရမယ့် ဘာသာပြန် နမူနာစာစုရဲ့ လက်ရာပေါ်တွင်သာ အဓိကထား ဆုံးဖြတ်မှာဖြစ်တယ်လို့လည်း Pen Myanmar ရဲ့ ဥက္ကဌဖြစ်သူ၊ စာရေးဆရာမ မသီတာက ဧရာဝတီကို ပြောပါတယ်။

“ဘာသာပြန် နမူနာ ပေးပြီးတော့ အဲဒီ နမူနာ လက်ရာပေါ်မှာ ဆုံးဖြတ်တာပါ။ ဒါမှ သူဟာ ရသစာပေကို ဘာသာပြန်ဖို့အတွက် ကိုယ်ခံအရည်အသွေး ဘယ်လောက်အထိ ရှိနေလဲ။ ဒီအလုပ်ရုံ ဆွေးနွေးပွဲကို တက်ခြင်းအားဖြင့် တကယ့်ကို ဘာသာပြန်သမားကောင်းတယောက် ဖြစ်လာမယ့် အလားအလာ ရှိမရှိဆိုတာ သုံးသပ်မှာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် လျှောက်လွှာတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ခေါ်ယူသွားမှာဖြစ်တဲ့အတွက် အရွေးချယ်ခံရသူတွေဟာ ရန်ကုန်မှာ နေထိုင်သူ မဟုတ်ပါက အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ရမယ့် ငါးရက်တာအတွင်း နေထိုင်စရိတ်ကို ထောက်ပံ့ပေးမယ်လို့လည်း မသီတာ (စမ်းချောင်း) က ထပ်ပြောပါတယ်။

အလုပ်ရုံ ဆွေးနွေးပွဲအတွက် မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့လည်းကောင်း အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့လည်းကောင်း ဘာသာပြန်ဆိုမယ့်သူ ၁၀ ဦးစီ ရွေးချယ်ပြီး အလုပ်ရုံ ဆွေးနွေးပွဲကာလအတွင်း မြန်မာဝတ္ထုတို တပုဒ်နဲ့ အင်္ဂလိပ် ဝတ္ထုတိုတပုဒ်ကို ကိုယ့်ဟန်နှင့်ကိုယ် ဘာသာပြန်ကြရမှာ ဖြစ်ပြီး နိုင်ငံတကာမှ အတွေ့အကြုံရင့် ဘာသာပြန်ဆရာအချို့က ပါဝင် ကြီးကြပ်၊ တည်းဖြတ်ပေးမယ်လို့ သိရပါတယ်။

အလုပ်ရုံ ဆွေးနွေးပွဲမှာ ရသစာပေမျိုးကိုသာ ဘာသာပြန်သွားမှာ ဖြစ်ကြောင်းနဲ့ ရသစာပေဟာ နည်းပညာစာပေနဲ့ မတူဘဲ ယဉ်ကျေးမှုနှင့် စာပေတို့ကိုလည်း သိနားလည်နေဖို့ လိုအပ်တယ်လို့လည်း မသီတာ စမ်းချောင်းက ရှင်းပြပါတယ်။

“ဘာသာပြန်ဆရာတယောက် ဖြစ်ဖို့ဆိုရင် ကိုယ်ဘာသာပြန်မယ့် ဘာသာစကားနဲ့ ကိုယ့်ကိုယ်ပိုင် ဘာသာစကားရဲ့ ဘာသာဗေဒကိုလည်း သိရမယ်။ စာပေ (Litterature) ကိုလည်း သိရမယ်။ culture ဆိုတဲ့ ယဉ်ကျေးမှုကိုလည်း သိရမယ်။ (မူရင်း စာရေးတဲ့သူရဲ့) ဟန်ကိုလည်း မပျက် ပြန်နိုင်ရမယ်။ ပါတဲ့ ဝေါဟာရ တခုချင်းစီရဲ့ အရောင်တွေ၊ အသံအတိမ်အနက်တွေကိုလည်း ပါအောင် ပြန်နိုင်ရပါတယ်” လို့ မသီတာက ပြောပါတယ်။

အလုပ်ရုံ ဆွေးနွေးပွဲအတွင်း ဦးဆောင်ကြီးကြပ်သူတွေအဖြစ် မြန်မာမှ အင်္ဂလိပ်သို့ ဘာသာပြန်ဆိုမယ့် သူတွေကို အမေရိကန်လူမျိုး ဘာသာပြန်ဆရာတဦးဖြစ်တဲ့ အဲလ်ဖရက်ဘန်းဘမ်း (Alfred Birnbaum) ကလည်းကောင်း၊ အင်္ဂလိပ်မှ မြန်မာသို့ ဘာသာပြန်ဆိုမယ့် သူတွေကိုတော့ မြန်မာလူမျိုး ဘာသာပြန်ဆရာ မျိုးသက်ဟန်ကလည်းကောင်း ဆောင်ရွက်ပေးသွားမှာပါ။

အဲ့ဒီ အလုပ်ရုံ ဆွေးနွေးပွဲမျိုးကို တရုတ်၊ ဗီယက်နမ်ကဲ့သို့သော အာရှနိုင်ငံများတွင်လည်း ကျင်းပခဲ့ဖူးပြီး မြန်မာနိုင်ငံမှာလည်း ရေရှည်စီမံကိန်းကဲ့သို့ ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိတယ်လို့ Pen Myanmar က ပြောပါတယ်။

အလုပ်ရုံ ဆွေးနွေးပွဲအကြောင်း အသေးစိတ် သိရှိနိုင်ရန်နှင့် ဝင်ခွင့် လျှောက်လွှာများ ရယူနိုင်ရန်အတွက် -
Pen Myanmar - အမှတ် (၃၁) ၊ တတိယထပ်၊ အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - ၀၁  ၃၉၆၂၁၁ သို့ ဆက်သွယ်နိုင်ပါသည်။

တင်ထက်ပိုင်

No comments: