Monday, March 16, 2015

လိုအပ်ချက်များစွာရှိနေသော မြန်မာအွန်လိုင်းဈေးရောင်းဝယ်လုပ်ငန်းများ




နိုင်ငံတကာမှ ဈေးရောင်းသည့်ပုံစံ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

အွန်လိုင်းမှ ဈေးရောင်းခြင်းသည် နိုင်ငံတကာတွင် အောင်မြင်မှုရနေခဲ့ သည်မှာ ကြာပြီဖြစ်သလို လက်ရှိမြန်မာနိုင်ငံ၏ အွန်လိုင်းဈေးရောင်းဈေး ဝယ်စနစ်နှင့်လည်း ကွာခြားသည်။ နိုင်ငံတကာတွင် ဈေးရောင်းဈေးဝယ် ရာ၌ ရောင်းလိုသောပစ္စည်းကို ရောင်းလိုသူက ဝက်ဘ်ဆိုက် တွင် ကြော်ငြာ သည့် အနေဖြင့် တင်သည်။ ဝယ်လိုသူကလည်း ဝယ်မည့်ပစ္စည်း၏ ဓာတ်ပုံနှင့် ဗီဒီယိုများကို စိတ်ကြိုက်ကြည့်ရှုပြီး အဆိုပါပစ္စည်းအကြောင်းနားလည်သူများ၏ ထင်မြင်ဝေဖန်ချက်များကိုပါ ဖတ်ရှုပြီး ကြိုက်လျှင် ငွေချေ သည်။ ငွေပေးချေရာ တွင် အွန်လိုင်းဘဏ်စာရင်းများမှ အလုပ်လုပ်ခြင်းဖြစ်သည်။ ရောင်းသူ ထံတွင်ရော ဝယ်သူထံတွင်ပါ ဘဏ်စာရင်းများရှိနေရာ မိမိဝယ်မည့် ပစ္စည်းတန်ဖိုးငွေကို မိမိဘဏ်စာရင်းမှ ထုတ်၍လွှဲပေးရန် ဘဏ်သို့အကြောင်း ကြားရသည်။

သို့သော် လွှဲပြောင်းလိုက်သောငွေသည် ရောင်းသူထံ ချက်ချင်းရောက်ရှိ သွားခြင်းမဟုတ်ပေ။ ရောင်းသူက လိမ်လည်ရောင်းချခြင်းမျိုး၊ ငွေချေပြီးမှ ပစ္စည်းမအပ်ခြင်းမျိုးမဖြစ်စေရန် ဘဏ်များက ဝန်ဆောင်မှုပေးထားသည်။ လွှဲလိုက်သောငွေသည် ဘဏ်တွင်သာရှိနေပြီး ပစ္စည်းကိုလက်ခံရရှိပြီးကြောင်း ဝယ်သူက အကြောင်းကြားမှသာ ရောင်းသူ၏ ဘဏ်စာရင်းထဲသို့ ဘဏ်က လွှဲပြောင်းပေးလိုက်သည်။ နိုင်ငံတကာတွင် အွန်လိုင်းမှ အရောင်း အဝယ် ပြုလုပ်သည့် ကိစ္စများတွင် ရောင်းသူရော ဝယ်သူပါအဆင်ပြေစေရန် ဘဏ် များက ကြားခံဝန်ဆောင်မှုပေးနေသလို ဝန်ဆောင်မှုအားလုံးကိုလည်း အင်တာနက်ကိုသာအသုံးပြု၍ အစအဆုံးလုပ်ဆောင်နိုင်သည်။

ကြော်ငြာသာသာအဆင့်
▄▄▄▄▄▄▄▄▄▄▄▄▄

လက်ရှိမြန်မာနိုင်ငံ၏ အွန်လိုင်းရှော့ပင်းများမှာ ရောင်းလိုသည့် ပစ္စည်း ကို ကြော်ငြာခြင်းနှင့် ဝယ်မည် မဝယ်မည်ကို ရွေးချယ်ဆုံးဖြတ်ခြင်းများ ကိုသာ ပြုလုပ်နိုင်သည့်အဆင့်တွင် ရှိသည်။ ရောင်းလိုသူက မိမိရောင်း လိုသည့် ပစ္စည်းကို အင်တာနက်တွင် ကြော်ငြာသည်။ ဝယ်ယူလိုသူ က ကြော်ငြာထား သလောက်အချက်များကိုသာကြည့်နိုင်ပြီး စိတ်ဝင်စားလျှင် အသေးစိတ် အချက်များကို ဖုန်းဆက်မေးရသည်။ ကြိုက်၍ ဝယ်ယူဖြစ်မည် ဆိုလျှင် နေရာနှင့် အချိန်ကို အချိန်းအချက်ပြုလုပ်ပြီး ရောင်းချသူက ပစ္စည်းကို လာရောက်ပို့ဆောင်ပေးသည်။ ပစ္စည်းရောက်ချိန်တွင် ငွေချေရသည်။ အွန် လိုင်းရှော့ပင်းစနစ်ဆိုသော်လည်း ပီပြင်သော အွန်လိုင်းဈေးရောင်းဈေး ဝယ်စနစ်မဟုတ်ဘဲ အွန်လိုင်းကြော်ငြာထက် အနည်းငယ်ပိုသည့်အဆင့်တွင် သာ ရှိနေသည်။

မြန်မာအွန်လိုင်းရှော့ပင်းများ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မြန်မာနိုင်ငံရှိ အွန်လိုင်းမှ အရောင်းဆိုင်များကို အကြမ်းအားဖြင့် ပုံစံသုံး မျိုးခွဲခြားနိုင်သည်။ ပထမအမျိုးအစားမှာ စတိုးဆိုင်တစ်ခုကဲ့သို့ ကုန်ပစ္စည်း မျိုးစုံ အမှတ်တံဆိပ်မျိုးကိုရောင်းချခြင်းဖြစ်ပြီး ကားမှစ၍ ဖုန်းဟန်းဆက်၊ ကွန်ပျူတာ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ အဝတ်အထည်၊ လူသုံးကုန် အလှကုန်စ သည်ဖြင့် လူကြိုက်များနိုင်သည့် ပစ္စည်းမျိုးစုံကို ရောင်းချသည်။ ဒုတိယ အမျိုးအစားမှာ နာမည်ကြီးအမှတ်တံဆိပ်ရှိပြီးသည့် အလှကုန်၊ အဝတ် အထည်စသည့် ကုန်ပစ္စည်းအမျိုးအစားအနည်းငယ်ကို သာရောင်း ချခြင်းဖြစ်ပြီး ပြင်ပတွင် အမှန်တကယ်အရောင်းဆိုင်ဖွင့်ထားသူများ က ကြော်ငြာနှင့် ဈေးရောင်းသည့်ပုံစံသစ်အဖြစ် ရောင်းချခြင်းဖြစ်သည်။ အထက်ပါနှစ်မျိုးလုံးသည် ရောင်းသူများဘက်က သီးသန့်ရောင်းချသည့် ပုံစံဖြစ်သည်။ တတိယအမျိုးအစားတွင်မူ အွန်လိုင်းရှော့ပင်းတည်ထောင်သူက ကိုယ်တိုင်ရောင်းချသည့်ပစ္စည်းများရှိသလို မည်သူမဆို မိမိတို့ရောင်းလိုသည့် ပစ္စည်းများကို ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြော်ငြာပြီး ဝယ်လိုသူနှင့် တိုက် ရိုက်ချိတ်ဆက်ရောင်းချနိုင်ရန် ဝန်ဆောင်ပေးထားသည့်ပုံစံအဖြစ် လုပ်ကိုင် ထားကြသည်။

အွန်လိုင်းအခြေခံ ဈေးရောင်းသူများအနေဖြင့် ပြင်ပအရောင်းဆိုင်များ၏ အားသာချက်ဖြစ်သော စိတ်ကြိုက်ရွေးဝယ်နိုင်သည့်အချက်ကို ယှဉ်ပြိုင်နိုင် ရန်အတွက် အခြားတစ်ဖက်မှ အားသာချက်များကို ရှာဖွေကြသည်။ အချို့က ရွေးချယ်ဝယ်ရန်မလိုအပ်သည့် ရယ်ဒီမိတ်အလှကုန်များ၊ ဟန်းဆက် များ၊ နာရီများစသည့် ပစ္စည်းများကို ဦးစားပေးရောင်းချ သလို နိုင်ငံ တကာတွင် ရောင်းချနေပြီး ပြည်တွင်းဈေးကွက်သို့ မရောက်သေး သည့် ပစ္စည်းအမျိုးအစား များ၊ ပုံမှန်မြင်နေကျမဟုတ်သော အဝတ်အထည်ဒီဇိုင်းသစ်၊ လူသုံးကုန် ဒီဇိုင်းသစ်များကို ဦးစားပေးရောင်း ချကြသည်။ အွန်လိုင်း မှ ဈေးရောင်းသူ အများစုသည် တရုတ်နိုင်ငံမှ ဖြန့်ချိရေးလုပ်ငန်းကြီးများနှင့် ချိတ်ဆက် ထားကြသဖြင့် အသစ်ထွက်ပစ္စည်းများကို ပြည်တွင်း အရောင်း ဆိုင်များထက် ကြိုတင်ကြော်ငြာထားကာ အမှာစာကြိုပေး၍ ဝယ်နိုင်သော ပရီအော်ဒါ စနစ်ဖြင့် လည်ပတ်ကြသည်။

ရောင်းချသူများဘက်မှ လိုအပ်ချက်များ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မြန်မာနိုင်ငံ၌ အွန်လိုင်းဈေးရောင်းဈေးဝယ်စနစ်များ စတင်ချိန်တွင် လိုအပ်ချက် များ စွာရှိခဲ့သည်။ အချို့လိုအပ်ချက်များမှာ ရောင်းချသူများအနေ ဖြင့် လိုအပ်ချက် ရှိနေခြင်းဖြစ်ကာ ကြော်ငြာပြီးမှ ပစ္စည်းပြတ်လပ်ခြင်း၊ မျက်မြင်ကြည့်ရခြင်းမဟုတ်သဖြင့် ဝယ်သူလိုအပ်ချက်နှင့် ရောင်းချသည့် ပစ္စည်းမကိုက်ညီခြင်း၊ ကုန်ပစ္စည်းပို့ဆောင်ဖြန့်ဖြူးရာတွင် နောက်ကျခြင်းနှင့် မှားယွင်းခြင်း၊ ဝယ်သူများဘက်ကမှာပြီးမှ အမှန်တကယ်မယူသဖြင့် သယ်ပို့ ခ စရိတ်ကုန်ကျခြင်း စသည့်ပြဿနာများ ဖြစ်သည်။ ရောင်းချသူများဘက်က မိမိတို့လိုအပ်ချက်၊ အားနည်းချက်များကို နည်းအမျိုးမျိုးဖြင့် ပြင်ဆင်ကြသဖြင့် ယခုအချိန်တွင်မူ အဆိုပါပြဿနာများ မရှိသလောက်ဖြစ်နေပြီဖြစ်သည်။
နည်းပညာအခက်အခဲ သို့သော် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲနှင့် အခြေခံအဆောက်အအုံ (Infrastructure) လိုအပ်ချက်များ မှာမူ ရောင်းချ သူများအနေဖြင့် လုပ်ကိုင် နိုင်သောကိစ္စမဟုတ်သဖြင့် ယခုအချိန်အထိ မပြေလည်သေးဘဲဖြစ်နေသည်။

နည်းပညာအရ အဓိကကျသည်မှာ အွန်လိုင်းရှော့ပင်းဝက်ဘ်ဆိုက် အဖြစ် ပီပြင်စွာလုပ်ဆောင်မည်ဆိုပါက အရင်းအနှီးများခြင်းဖြစ်သည်။ ဝယ်လိုသူက ဖုန်းဆက် စုံစမ်းနေစရာမလိုဘဲ ကြော်ငြာသက်သက်မဟုတ်ဘဲ၊ ရောင်းချရန် ရှိသည့်ပစ္စည်းအမျိုးအစားနှင့် အရေအတွက်၊ လက်ကျန်အရေအတွက်၊ အမျိုး အစားတူပစ္စည်းများ၊ အမှတ်တံဆိပ်တူပစ္စည်းများ၊ တန်ဖိုးတူပစ္စည်း များစ သဖြင့် ဝက်ဘ်ဆိုက်ထဲတွင် ကြည့်ရုံဖြင့် ဝယ်သူအတွက် တစ်ထိုင်တည်း အဆင်ပြေသွားစေရန် ဆောင်ရွက်ပေးနိုင်မည့် အွန်လိုင်းရှော့ပင်း ဝက်ဘ်ဆိုက် မျိုး ပြုလုပ်ရန် အရင်းအနှီးများခြင်းဖြစ်သည်။

ငွေချေစနစ်အခက်အခဲ
▄▄▄▄▄▄▄▄▄▄▄▄

နည်းပညာပိုင်းအခက်အခဲထက် ပို၍ခက်နေသည်မှာ ငွေချေစနစ်ဖြစ် သည်။ အွန်လိုင်းဈေးရောင်းဈေးဝယ်လုပ်ငန်းတွင် ရောင်းသူအနေဖြင့် ပစ္စည်းပေးပြီးပြီးချင်း ငွေရချင်သလို ဝယ်သူကလည်း ပစ္စည်းလက်ထဲ ရောက် ပြီးမှသာ ငွေပေးချင်မည်ဖြစ်သည်။ ပစ္စည်းပေးအပ်ပြီးမှ ငွေမရခြင်း၊ ငွေချေ ပြီးမှ ပစ္စည်းမရခြင်းများ မဖြစ်စေရန်အတွက် တိကျမြန်ဆန်သော အွန်လိုင်း ဘဏ်စနစ်တစ်ခု ရှိထားရန် မဖြစ်မနေလိုအပ်သည်။ ၂ဝ၁၄ ခုနှစ်အတွင်း မှစ၍ မိုဘိုင်းဘဏ်နှင့် မိုဘိုင်းငွေချေစနစ်များကို နည်းပညာကုမ္ပဏီအချို့က စမ်းသပ်လုပ်ဆောင်လာကြသော်လည်း လိုအပ်ချက်၊ အားနည်းချက်များ ရှိနေသဖြင့် အသုံးပြုသူနည်းနေဆဲဖြစ်သည်။ စိတ်ချယုံကြည်ရသော အွန် လိုင်းဘဏ်စနစ်ဖြစ်လာရန် ဘဏ်များသီးသန့်၊ နည်းပညာကုမ္ပဏီများသီးသန့် လုပ်ဆောင်၍မရဘဲ အင်တာနက်ဝန်ဆောင်မှုပေးနေသော MPT၊ တယ်လီ နော နှင့် အော်ရီဒူးတို့လို ကုမ္ပဏီများကလည်း ပူးပေါင်းလုပ်ဆောင် ရမည်ဖြစ် သည်။

ထို့အပြင် ပြည်သူအများစုက ယုံကြည်စွာသုံးစွဲမှသာ အွန်လိုင်းဘဏ် စနစ် အောင်မြင်မည်ဖြစ်ရာ ပြည်သူလူထု၏ ယုံကြည်မှုကိုရရန် အစိုးရ အဖွဲ့ကပါ ပူးပေါင်းဆောင်ရွက်ပေးရမည်ဖြစ်သည်။ အွန်လိုင်းဈေးရောင်းဈေးဝယ် လုပ်ငန်းများသည် နည်းပညာကို အားကိုး ကာ ရောင်းသူနှင့်ဝယ်သူ လူချင်း မမြင် မတွေ့ဘဲ လုပ်ဆောင်ရ သည်ဖြစ်ရာ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက် ပါက ဖြေရှင်းရန်အတွက် တိကျသည့် ဥပဒေနှင့် မူဝါဒများကိုလည်း အစိုးရ တာဝန်ရှိသူများ၊ နည်းပညာကျွမ်းကျင်သူများ၊ ဘဏ်လုပ်ငန်းရှင်များ၊ စီးပွားရေး လုပ်ငန်းရှင် များနှင့် စားသုံးသူအခွင့်အရေးကာကွယ်ပေးသည့် အဖွဲ့အစည်းများ ပူးပေါင်းရေးဆွဲ ပြဋ္ဌာန်းပေးရန် လိုအပ်လျက်ရှိနေသည်။ သို့မှသာ လူအများ ယုံကြည်စိတ်ချပြီး ရေရှည်တည်တံ့အောင်မြင်သော အွန်လိုင်းအရောင်း အဝယ်စနစ်နှင့် အရောင်းဆိုင်များ ပေါ်ထွန်းလာမည် ဖြစ်သည်။ ။

မှတ်ချက်။ ။ ၂ဝ၁၃ ခုနှစ်ခန့်မှစ၍ မြန်မာနိုင်ငံ၌ အင်တာနက် အသုံးပြုမှုများ လာချိန်တွင် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သည့်လူငယ်အချို့အနေဖြင့် ယခင်ကမရှိခဲ့ဖူးသော နည်းပညာအခြေခံစီးပွားရေးလုပ်ငန်းပုံစံသစ်များကို လုပ်ကိုင်ခွင့်ရလာခဲ့သည်။ ထိုအထဲတွင် ပုံမှန်ဈေးရောင်းဈေးဝယ်ခြင်းကို နည်းပညာဖြင့် ပေါင်း စပ်၍အင်တာနက်မှတစ်ဆင့် ဈေးရောင်းဈေးဝယ်သည့် အွန်လိုင်းရှော့ပင်းများလည်းပါဝင်သည်။ အွန်လိုင်းမှတစ်ဆင့် ကုန်ပစ္စည်း များရောင်းဝယ်သည့်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်သူများလာသကဲ့သို့ ပုံမှန်အရောင်းဆိုင်နှင့် ကုန်ပစ္စည်းဖြန့်ချိရေးလုပ်ငန်းများကလည်း အွန်လိုင်း အခြေခံဈေးရောင်းသည့်ပုံစံများ ကို တိုးချဲ့သုံးလာကြသလို အွန်လိုင်းမှ ပုံမှန်ဈေးဝယ်နေသူအချို့လည်း ရန်ကုန်မြို့တွင် ရှိနေပြီဖြစ် သည်။ ဈေး အရောင်း ဆိုင်တစ်ဆိုင်ကို လူသိများအောင် ပုံမှန်ကြော်ငြာခြင်းသည် ကုန်ကျစရိတ်များပြီး အချိန်ကုန်သော်လည်း အွန်လိုင်းရှော့ပင်းတစ်ခုကို အင်တာနက်သုံးသူများသိစေရန်အတွက်မှာမူ ကုန်ကျစရိတ် မရှိသလောက် နည်းပါးပြီး အင်အားစိုက်ထုတ်နိုင်မှုအပေါ်မူတည်၍ အချိန်တိုအတွင်းလည်း လူသိများလာနိုင်သည်။ ထိုသို့ အရင်းအနှီးနည်းပါးခြင်းနှင့် လုပ်နိုင်သလောက် အကျိုးရှိခြင်းများကြောင့် အွန်လိုင်းမှဈေးရောင်းသည့်ပုံစံမျိုးကို လုပ်ကိုင်လိုသူ များလာသော်လည်း အင်တာနက်မြန်နှုန်းအပါအဝင် နည်းပညာ ဆိုင်ရာလို အပ်ချက်နှင့် အွန်လိုင်းငွေချေစနစ်၊ မိုဘိုင်းဘဏ်စနစ်များ မပြည့်စုံ မဖွံ့ဖြိုးသေးခြင်း စသည့်အချက်များကြောင့် အွန်လိုင်းဈေးရောင်းဈေးဝယ် လုပ်ငန်းများ အောင်မြင်လာရေးအတွက် လိုအပ်ချက်များလည်း အများအပြား ရှိနေသည်။

 သူရဖြိုး

No comments: