Friday, March 6, 2015

ဆိတ်သားလုံးဟင်း - ကုလားပဲဟင်းရည် - တစောင်းချဉ်ကြော်




တစ်ခါက အိမ်ကို အဖိုးနဲ့အဖွားလာလည်တော့ အမေတစ်ယောက် ဟင်းအတွဲအစပ် မလုပ်တတ်ပဲခေါင်းခဲရတာကို ကျွန်တော် သတိရမိပါတယ်။ အဖိုးက ပဲဟင်းပါမှစားတတ် ထမင်းဝင်သူဖြစ်ပြီး အဖွားကတော့ အမဲမစား ၀က်သားမစားတဲ့သူဖြစ်တာကြောင့်ပါ။ 

ဒီတော့ ဟင်းချက်နည်းစာအုပ်တွေကို ၀ယ်စုရတာဝါသနာပါတဲ့ ကျွန်တော် ဟင်းချက်နည်းစာအုပ်ထဲက ဟင်းအတွဲအစပ်ကိုပြောပြ လိုက်တော့ အမေခေါင်းစားသက်သာသွားသလို ကျွန်တော်လည်း ထမင်းစားမြိန်လိုက်တာများ ထမင်းထပ်ချက်ရတဲ့အထိပါ။ 

သိပ်တော့မထူးဆန်းပါဘူး ဆိတ်သားကိုတောက်တောက်စဉ်းပြီးလုံးကာ ဟင်းချက်မယ်၊ ကုလားပဲဟင်းကိုတော့ အရည်သောက် အချိုချက်မယ်၊ ပြီးတော့ တစောင်းချဉ်ကိုကြော်မယ်လေ။ 

ဆိတ်သားလုံးဟင်း
ပါဝင်ပစ္စည်းများ

ဆိတ်သား ငါးဆယ်သား၊ ကြက်သွန်ဖြူ နှစ်ဥ၊ စပါးလင် တစ်ချောင်း၊ ဆား/နနွင်း/မဆလာ/ဇီယာ တစ်ကျပ်သား၊ ကြက်သွန်နီ/ကြက်သွန်ဖြူ သုံးဥစီ၊ ငရုတ်ပွ ခုနှစ်တောင့်၊ဆီ ခုနှစ်ကျပ်ခွဲသား၊ ခရမ်းချဉ်သီး ငါးလုံး၊ ဆား သင့်ရုံ၊ ပျဉ်းတော်သိမ်ရွက် တစ်စည်း။

ပြင်ဆင်ချက်ပြုတ်ပုံ
ဆိတ်သား အသားကောင်းကောင်းကို ကြိတ်စက်နဲ့ကြိတ်လိုက်မယ်၊ ကြိတ်စက်မရှိရင် ဓားနဲ့နုတ်နုတ်စင်းလို့ရတယ်။ ပြီးရင် ကြက်သွန်ဖြူ နှစ်ဥ၊ စပါးလင်တစ်ချောင်း ပါးပါးလှီးပြီး ရောထောင်းထားတာနဲ့ ဆား၊နနွင်း၊မဆလာ၊ဇီယာ တစ်ကျပ်သားထောင်းထားတဲ့ ဟာ အားလုံးရောနယ်ပြီး အလုံးလေးတွေ အနေတော်လုံးထားလိုက်မယ်။

အဆာအတွက် ကြက်သွန်နီ သုံးဥ၊ ကြက်သွန်ဖြူ သုံးဥ၊ ငရုတ်ပွအစေ့ထုတ် ရေစိမ်ခုနှစ်တောင့်ကို ညက်နေ အောင်ရောထောင်းထား။ ဆီသတ်မဲ့ ဒယ်အိုးထဲကို ဆီခုနှစ်ကျပ်ခွဲသားထည့်၊ အဆာထည့်ကြော်၊ အဆာကျက်ပြီး အနံ့မွှေးလာရင် ခရမ်းချဉ်သီး ငါးလုံးလှီးထားတာထည့်၊ ခရမ်းချဉ်သီး ဆီပြန်လာရင် လုံးထားတဲ့ ဆိတ်သားလုံးတွေ စီထည့်။
ဆိတ်သားထဲက အရည်ခမ်းပြီး ဆီပြန်လာရင် ရေ အသားလုံးမြုပ်ရုံလေးထည့်ပြီး အိုးအဖုံးဖုံးပြီး တည်။ ဆိတ်သားနူးရင် အပေါ့အငန်မြည်းပြီး ပျဉ်းတော်သိမ်ရွက်လေးအုပ်ကာ ချလိုက်ရင် ဆိတ်သားလုံး မဆလာနံ့သင်းသင်းလေးကျက်ရော။

ကုလားပဲဟင်းရည်

ပါဝင်ပစ္စည်းများ
ကုလားပဲ နှစ်ဆယ့်ငါးကျပ်သား၊ ဆီ နှစ်ကျပ်ခွဲသား၊ ကြက်သွန်နီ တစ်ဥ၊ ကြက်သွန်ဖြူ တစ်ဥ၊ ခရမ်းချဉ်သီး တစ်လုံး၊ နနွင်း နည်းနည်း၊ ရေ နို့ဆီဗူးသုံးလုံး၊ ဆား သင့်ရုံ၊ ကြက်သားမှုန့် နှစ်ဇွန်း၊ စပါးလင် တစ်ချောင်း။

ပြင်ဆင်ချက်ပြုပ်ပုံ
ကုလားပဲ နှစ်ဆယ့်ငါးကျပ်သား ခဲသလဲစင်အောင်ရွေးပြီး ရေးဆေးကာပြုပ်မယ်။ ကုလားပဲခြမ်းလေး နူနပ်လာရင် အိုးခဏချပြီး ပဲဆီသတ်မယ်၊ ဆီနှစ်ကျပ်ခွဲသားထဲကို ကြက်သွန်နီတစ်ဥ၊ ကြက်သွန်ဖြူတစ်ဥရောထောင်းထားတာထည့်။

အနံ့မွှေးပြီး ရွှေဝါရောင်တောက်လာရင် ခရမ်းချဉ်သီးတစ်လုံး ညှစ်ထည့်လိုက်မယ်။ ခရမ်းချဉ်သီးလေးတွေ ကြေရင် နနွင်းနည်းနည်းထည့်ပြီး ပဲအိုးထဲ လောင်းထည့်လိုက်မယ်။

ရေ နို့ဆီဘူးသုံးလုံးလောက်ပါထည့်၊ ပွက်ပွက်ဆူလာအောင် တည်မယ်၊ အိုးချခါနီးရင်တော့ အပေါ့အငန်မြည်း၊ အချိုအတွက် ကြက်သားမှုန့်လေး နှစ်ဇွန်းလောက်ပါထည့်၊ စပါးလင်ထုပြီး အထုံးလေးထုံးထားတာပါည့်လိုက်ရင် ကုလားပဲဟင်းရည် ဖြစ်ပြီ။

တစောင်းချဉ်ကြော်

ပါဝင်ပစ္စည်းများ
တစောင်းချဉ် နှစ်ဆယ့်ငါးကျပ်သား၊ ဆီ ငါးကျပ်သား၊ ကြက်သွန်နီ နှစ်ဥ၊ ခရမ်းချဉ်သီး တစ်လုံး၊ ငါးပိ ကွမ်းသီးလုံးတစ်လုံးစာ၊ ပုစွန်ခြောက် နှစ်ကျပ်ခွဲသား၊ ကုလားအော်သီး ဆယ့်ငါးတောင့်၊ ဆား အနေတော်။

ပြင်ဆင်ချက်ပြုပ်ပုံ
တစောင်းချဉ် နှစ်ဆယ့်ငါးကျပ်သားကို ရေစင်စင်ဆေး၊ ဓားပြားရိုက်ပြီး အရည်တွေ ညှစ်ထုတ်ပစ်မယ်။ ကြော်ဖို့ ဒယ်အိုးတည်။ ဆီ ငါးကျပ်သားထဲကို ကြက်သွန်နီ နှစ်ဥ ပါးပါးလှီးပြီးထည့်၊ ကြက်သွန်နီကျက်ရင် ခရမ်းချဉ်သီးတစ်လုံး၊ ငါးပိကွမ်းသီးလုံး တစ်လုံးစာ သေးသေးလောက်နဲ့ ပုစွန်ခြောက်နှစ်ကျပ်ခွဲသား ထောင်းထားတာထည့်။

အစပ်လေးပါအောင် ကုလားအော်သီး ဆယ်ငါးတောင့်ပါ ထောင်းထည့်။ အားလုံးဆီပြန်ရင် ထုထားတဲ့ တစောင်းချဉ်အဖတ်လေးတွေထည့်။ အိုးထဲမှာပဲ လိပ်သွားအောင်ကြော်။

ဆား အနေတော်မြည်းပြီး ချလို့ရပါပြီ။

Credit - နန်းစမ်းစမ်းအေး (အဓိပတိ - ဖြူး)

No comments: