တလောက
ကျုပ်သြဇာတွေ ဘာနဲ့မှနှိုင်းပြစရာမရှိအောင်ကြီးတယ်လို့ ကျုပ်ကိုယ်ကျုပ်ထင်မိတယ်။ ၁၉၆၆ခုနှစ်
အရေးအခင်းတုန်းက ကျုပ်ကရှန်ဟိုင်းမြို့ရဲ့ မြို့တော်ဝန်ဆိုတော့ ဘယ်အရာဘာကိစ္စမဆို ကျုပ်တားမြစ်ပိုင်ခွင့်ရှိတယ်။
ကျုပ်ပိတ်ဆို့လိုက်တဲ့ ရုပ်ရှင်တွေမနည်းဘူး။ ဝတ္ထုနဲ့စာအုပ်တော်တော်များများ ကိုလည်း
ကျုပ်ပိတ်ပင်ခဲ့တယ်။ တီဗွီနဲ့အသံလွှင့်ငှာနတွေဆိုရင် ဘယ်တော့မှမပြောင်းလဲတဲ့ အစီအစဉ်ကိုပဲ
ထုတ်လွှင့်ခဲ့ရတယ်။
တကယ်တော့
ကျုပ်တို့လိုအာဏာရှိတဲ့လူတွေက အဲဒီရုပ်ရှင်တွေကို ထုံးစံအတိုင်းကြည့်နေကျပဲ။ ကြိုက်တဲ့
စာအုပ်တွေဖတ်ကြတာပဲ။ ကျုပ်က St. John'sတက္ကသိုလ်က အီးမေဂျာနဲ့ကျောင်းပြီးထားတယ်ဆိုတော့
ကျုပ်အိမ်မှာ အင်္ဂလိပ်စာအုပ်တွေကအပြည့်။ လူတွေဖတ်ခွင့်မရှိတဲ့အချိန်မှာ ကျုပ်က ညနေအိမ်ပြန်ရောက်တိုင်း
ဖတ်နေကျပဲ။ တစ်ရက်မှာ စာရေးဆရာ Lewis Carroll ရဲ့ “Alice's Adventures In
Wonderland” ဆိုတဲ့ စာအုပ်ကိုကျုပ်ဖတ်မိတယ်။ စာအုပ်ထဲကစာတစ်ပိုဒ်မှာ မိဖုရားက အဖြူရောင်ပန်းကို
အနီရောင်ဖြစ်အောင် ဆေးဆိုးဖို့ အမိန့်ပေးတယ်ဆိုတဲ့အကြောင်း ဖတ်မိတော့ ကျုပ်တော်တော်သဘောကျမိတယ်။
နောက်တစ်ရက်မှာ ကျောင်းတစ်ကျောင်းကိုစစ်ဆေးဖို့ ကျုပ်ရောက်သွားခဲ့တယ်။ ကျောင်းဝန်းထဲမှာ
အဖြူရောင်ပန်းတွေ အပြည့်စိုက်ထားတာကိုတွေ့တော့ ကျုပ်မကျေမနပ်နဲ့ အနီရောင်ပန်းတွေစိုက်သင့်ကြောင်း
ပြောလိုက်တော့ အားလုံးကအဖြူရောင်ပန်းကိုနုတ်ပြီး အနီရောင်ပန်းကိုပြောင်းစိုက်ကြတယ်။
အဲဒီသတင်းပြန့်သွားပြီးနောက်
အားကစားသမားတွေ အဖြူရောင်အင်္ကျီမဝတ်ရဲကြတော့ဘူး။ အဖြူရောင်ဝတ်ရတဲ့ တင်းနစ်ကစားသမားတွေတောင်
အနီရောင်ဝတ်စုံကို ပြောင်းဝတ်ကြတော့တယ်။ တစ်ခါက တင်းနစ်ပြိုင်ပွဲတစ်ခုကို ကျုပ်ရောက်သွားခဲ့တယ်။
ဘောလုံးတောင် အနီရောင်ပြောင်းထားကြတာကို ကျုပ်သတိထားမိလိုက်တယ်။ ပြောသာပြောရတာ ဘောလုံးကအနီရောင်ဆိုတော့
ကျုပ်မျက်စိထဲမှာ ကြည့်ရတာတစ်မျိုးပဲ။ ပြိုင်ပွဲဝင်တစ်ဦးက အနီရောင်အားကစားဝတ်စုံရှာမရလို့ဆိုပြီး
ပြိုင်ပွဲကို လက်လွှတ်လိုက်ရသေးတယ်။
ဘာသာရေးလှုပ်ရှားမှုကိုလည်း
ကျုပ်တင်းတင်းကျပ်ကျပ် တားဆီးထားတယ်။ ရှန်ဟိုင်းတစ်မြို့လုံး ဘုန်းကြီး တရားဟောသံတွေ
မကြားရဘူး။ ခရစ်ယာန်တွေရဲ့ကျမ်းစာရွတ်ဖတ်သံလည်း မကြားရဘူး။ ကက်သလစ်တွေရဲ့ဝတ်ပြုသံဆိုရင်
ပြောမနေပါနဲ့တော့။ အီတလီသံရုံးမှာ ဖာသာတစ်ဦးရှိတယ်ဆိုတာ ကျုပ်သိတယ်။ သူဝတ်ပြုတာကိုတော့
ကျုပ်ဂရုမစိုက်ဘူး။ သူ့ဝတ်ပြုရင် နိုင်ငံခြားသားတွေပဲသွားကြတယ်။ တရုတ်တွေဆိုရင် သွားကိုမသွားရဲကြဘူး။
အရေးအခင်းတုန်းက
လှုပ်ရှားမှုအမျိုးမျိုးကို ကျုပ်တို့ပိတ်ဆို့ခဲ့လို့ ဖွံ့ဖြိုးတိုးတက်တဲ့နေမဝင်တဲ့မြို့လို့
နာမည်ကြီးခဲ့တဲ့ရှန်ဟိုင်းမြို့ဟာ နေဝင်မိုးချုပ်ပြီဆိုရင် မြို့သေတစ်မြို့လိုဖြစ်သွားခဲ့ရတယ်။
ကျုပ်အလုပ်ဆင်းလို့ အိမ်ပြန်တဲ့ညတွေတိုင်း တိတ်ဆိတ်တဲ့လမ်းမပေါ် ကားမောင်းပြီးဖြတ်သွားတိုင်း
ကျုပ်လုပ်ရပ်တွေအတွက် ကျုပ်အရမ်းကျေနပ်မိတယ်။ ကျုပ်လိုသြဇာရှိပြီး ပိတ်ပင်ချင်တဲ့လှုပ်ရှားမှုတွေကို
ပိတ်ဆို့နိုင်တဲ့လူ ဒီလောကမှာ ဘယ်နှစ်ယောက်ရှိလဲ..၊ နေမဝင်တဲ့မြို့တစ်မြို့ကို မြို့သေတစ်မြို့ဖြစ်အောင်
ဘယ်သူက လုပ်နိုင်မလဲ..
ဒါပေမဲ့
ရုတ်တရက် ကျုပ်တို့စင်ပြိုသွားခဲ့ရတယ်။ အဲဒီည၁ဝနာရီအချိန်လောက်မှာ ကျုပ် ဟောလီဝုဒ်ရုပ်ရှင်တစ်ကားကြည့်နေတုန်းမှာ
ကျုပ်နေအိမ်ကို စစ်တပ်ကဝိုင်းလိုက်ကြတယ်။ အဲဒီညမှာပဲ ကျုပ်ကိုပီကင်းပို့လိုက်တယ်။ အဲဒီနောက်
ကျုပ်လွတ်လပ်မှုတွေဆုံးရှုံးတော့တာပဲ။
ရုံးတင်စစ်ဆေးတော့
ကျုပ်ပြေးမလွတ်ခဲ့ဘူး။ နောက်ဆုံးတော့ ကျုပ်ကို တစ်သက်တစ်ကျွန်းအမိန့်ချလိုက်တယ်။ ကျုပ်ကို
ဘာဖြစ်လို့ ရှန်ဟိုင်းထောင်ပြန်ပို့တယ်ဆိုတာကို ကျုပ်နားမလည်ခဲ့ဘူး။ ကျုပ်တော့ ဒီတစ်သက်သွားပြီလို့
ထင်ခဲ့တယ်။ ထောင်ဆိုတဲ့နေရာက နေလို့ကောင်းတဲ့နေရာမဟုတ်မှန်း ကျုပ်သိတယ်။ ကျုပ်လိုကောင်မျိုးဆိုရင်
ပိုဆိုးမယ်။
ဒါပေမဲ့
ကျုပ်အထင်နဲ့အမြင်လွှဲခဲ့ရတယ်။ ကျုပ်မိန်းမ ကျုပ်ကိုထောင်ဝင်စာလာတွေ့ခွင့်ရှိတယ်။ ကျုပ်သားကတော့
သိပ်မလာရဲဘူး။ ဒါကို ကျုပ်အပြစ်မတင်ပါဘူး။ ကျောင်းပြီးရင် သူ့ရှေ့ရေးအတွက် သူလျှောက်ရမယ့်လမ်းကရှိသေးတယ်လေ။
ကျုပ်နားမလည်တာက ထောင်ထဲမှာထောင်သားတွေကို မနှိပ်စက်ဘဲ အားလုံးကိုစည်းကမ်းအတိုင်းနဲ့ပဲ
ထိန်းချုပ်တယ်။ ကျုပ်ရဲ့လွတ်လပ်မှုသာ ဆုံးရှုံးသွားတာ ဘာအနှိပ်အစက်မှကျုပ်မခံခဲ့ရဘူး။
ထောင်ထဲမှာ အင်္ဂလိပ်စာပြတဲ့ဆရာလိုတယ်ဆိုလို့ ကျုပ်လည်း အလိုအလျှောက် အင်္ဂလိပ်ဆရာဖြစ်သွားတယ်။
ထောင်အလုပ်တွေ ကျုပ်လုပ်ရတာပဲ။ ဒါပေမဲ့ မပင်ပန်းဘူး။ တံမြက်စည်းလှည်းရတယ်။ ပန်းပင်တွေကို
ပြုစုရတယ်။ ရယ်စရာကောင်းတာက ပန်းအများစုက အဖြူရောင်တွေပဲ။
တစ်ရက်မှာ
ကျုပ်စာသင်ပြီးတဲ့အချိန် ရဲသားတစ်ဦး ကျုပ်ကိုလာကြည့်တယ်။ အဲဒီရဲသား ကျုပ်ကိုတစ်ခုခု
ပြောချင်နေတယ်ဆိုတာကို အစောကြီးကတည်းက ကျုပ်ရိပ်မိပြီးသား.. သူ့ကြည့်ရတာ ကျုပ်နဲ့စကား
သိပ်မပြောရဲတဲ့ပုံစံပဲ။ သူဟာ “ရန်” အမျိုးအနွှယ်ဖြစ်တဲ့အကြောင်း၊ ဒီထောင်မှာ လုံခြုံရေးတာဝန်ကျတာ
၆နှစ်ရှိပြီဖြစ်တဲ့အကြောင်းပြောတယ်။ နောက်ပြီး သူက နာမည်တစ်ခုပြောပြီး အဲဒီသူငယ်ချင်းကို
မှတ်မိသေးလားလို့ ကျုပ်ကိုမေးပါတယ်။ ကျုပ် မှတ်မိတာပေါ့။ “ဝမ်” က ကျုပ်ရဲ့ အလယ်တန်း၊
အထက်တန်း၊ တက္ကသိုလ်ရောက်တဲ့အထိ ကျောင်းနေဖက်သူငယ်ချင်း.. ကျုပ်က အီးမေဂျာ၊ သူက ရူပဗေဒ။
ကျုပ်တို့နှစ်ယောက်လုံးဝါသနာပါတာက ဘတ်စကက်ဘောကစားတာပဲ။ အားတာနဲ့ ကျုပ်တို့အတူတူ ဘတ်စကက်ဘောကစားဖြစ်တယ်။
ဒါပေမဲ့ ကျောင်းပြီးသွားတဲ့နောက် သူ့လမ်းကိုယ့်လမ်းပဲဖြစ်သွားတယ်။
ရဲသားက
မစ်စတာဝမ်ဟာ အရေးအခင်းမပြီးခင်မှာ ကွယ်လွန်သွားခဲ့တဲ့အကြောင်း၊ ကျုပ်အကြောင်းကို မကြာခဏပြောပြတတ်ကြောင်း၊
ကျုပ်လုပ်နေတဲ့လုပ်ရပ်တွေကို ကျုပ်လုပ်ချင်လို့လုပ်နေတာ မဟုတ်တဲ့အကြောင်း၊ ကျုပ် မရက်စက်တတ်ပေမယ့်
စိတ်ကြီးတဲ့အကြောင်းတွေ ပြောပြခဲ့တယ်လို့ဆိုပါတယ်။ ရဲသားရဲ့စကားကိုနားထောင်ပြီး ကျုပ်ဝမ်းနည်းမိတယ်။
ထောင်ထဲရောက်အောင်ပို့ခဲ့တဲ့ကျုပ်ကို ဝမ်က အကာအကွယ်ပေးပြီး စကားအကောင်းပြောခဲ့မယ်လို့
ကျုပ်ထင်တောင်မထင်ထားဘူး။ ကျုပ်ကောင်းစားတုန်းက ကျုပ်ဘေးမှာခယခဲ့တဲ့လူတွေက အခုချိန်မှာ
ကျုပ်နဲ့စည်းခြားသွားသလိုပဲ။
တက္ကသိုလ်မှာကတည်းက
ကွန်မြူနစ်ပါတီရဲ့မြေအောက်လှုပ်ရှားမှုအဖွဲ့မှာ ကျုပ်တိတ်တိတ်လေးပါဝင်ခဲ့တယ်။ ကျုပ်ရဲ့လုပ်ရပ်တွေကို
လူတွေမရိပ်မိအောင်ဆိုပြီး ကျုပ်ကိုကျုပ် အနောက်တိုင်းဆန်နိုင်သမျှဆန်အောင် ဝတ်စားတယ်။
အနောက်တိုင်းဂျာနယ်တွေ ဖတ်တယ်။ အဆောင်ရဲ့အခန်းနံရံမှာ နိုင်ငံခြားမင်းသား မင်းသမီးပုံတွေ
ကပ်တယ်။ ကူမင်တန်အစိုးရကို ကျုပ်လုံးဝမဝေဖန်သလို အစိုးရကိုဆန့်ကျင်တဲ့ အဖွဲ့မှာလည်း
မပါခဲ့ဘူး။ ကျောင်းသားသူငယ်ချင်းတွေက ကျုပ်ကို ကိုယ်ကျိုးပဲကြည့်တဲ့ကောင်လို့ မြင်ကြတယ်။
ကျောင်းပြီးတော့
ရှန်ဟိုင်းမြို့ရဲ့အင်္ဂလိပ်သတင်းစာငှာနမှာ ကျုပ်လွယ်လွယ်ကူကူအလုပ်ရလိုက်တယ်။ စစ်တပ်တွေအာဏာသိမ်းတော့
ကျုပ်ချက်ချင်းသြဇာကြီးလာခဲ့တယ်။ “ဝမ်”ကရော… ကျုပ်နဲ့လုံးဝဆန့်ကျင်ဖက်ပဲ။ ကူမင်တန်အစိုးရကို
သူလုံးဝမကျေနပ်ဘူး။ ဒါပေမဲ့ သူက ကက်သလစ်ကိုးကွယ်သူဆိုတော့ အစိုးရကို ပြင်းပြင်းထန်ထန်ဆန့်ကျင်တဲ့အထဲမှာ
မပါခဲ့ဘူး။ သူ့အိမ်က ငွေကြေးချမ်းသာတယ်။ ကျောင်းပြီးတော့ သူ အမေရိကားမှာပညာဆက်သင်ဖို့
ထွက်သွားခဲ့တယ်။ ကျုပ်တို့ စာအဆက်အသွယ် အမြဲရှိခဲ့တယ်။ သူ့ ဘွဲ့လွန်ရပြီးတဲ့နောက် သူရဲ့ဆုံးဖြတ်ချက်တစ်ခုကို
သူကပြောပြတယ်။ သူဖာသာသွားလုပ်တော့မယ်ဆိုတဲ့ဆုံးဖြတ်ချက်က ကျုပ်ကို အတော်လေးအံ့သြစေခဲ့တယ်။
အဲဒီတုန်းက ကျုပ်က သြဇာအာဏာရှိတဲ့လူတစ်ယောက်ဖြစ်နေပြီဆိုတော့ သူနဲ့အဆက်အသွယ်ဆက်မလုပ်ဖို့
ဆုံးဖြတ်လိုက်တယ်။
(၇)နှစ်ကြာပြီးတဲ့နောက်
အမေရိကားကပို့လာတဲ့ “ဝမ်”ရဲ့စာကို ကျုပ်ရခဲ့တယ်။ သူ ဖာသာဖြစ်နေပြီ ဆိုတဲ့အကြောင်း ရှန်ဟိုင်းကိုပြန်လာတော့မယ်ဆိုတဲ့
အကြောင်းပါပဲ။ သူ့ကို ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ရှန်ဟိုင်းကိုလုံးဝပြန်မလာဖို့ ကျုပ်ချက်ချင်းစာပြန်လိုက်တယ်။
ဒါပေမဲ့
သူပြန်လာတယ်။ အဲဒီဘာသာကို ကျုပ်တို့အမျိုးမျိုး နှောင့်ယှက်တားဆီးလည်း “ဝမ်”က ဘာမှ
မဖြစ်ခဲ့ဘူး။ သူ့ကို နောက်ကနေ ကျုပ်အကာအကွယ်ပေးနေတယ်ဆိုတာကို လူတိုင်းရိပ်မိပါတယ်။
အရေးအခင်းစဖြစ်တုန်းက
ဘုရားရှိခိုးကျောင်းတွေကိုပိတ်ပစ်တယ်။ ဖာသာတွေကိုဖြုတ်ချတယ်။ ထောင်ထဲပို့တယ်။ ဖာသာတချို့ကို
ကျုပ်တို့လူဝတ်လဲခိုင်းခဲ့တယ်။ “ဝမ်”က ဘုရားကျောင်းတွေမရှိတော့ သူ့နေအိမ်မှာပဲ နေ့တိုင်းဝတ်ပြုတယ်။
ဘာသာဝင်တချို့လည်း သူ့အိမ်ကိုတိတ်တဆိတ်သွား ဝတ်ပြုကြတယ်။
ဒီလိုကိစ္စကို
ကျုပ် ဘယ်လိုမှသည်းမခံနိုင်ဘူး။ သူ့ကို ကျုပ်အိမ်ဖိတ်ပြီး ပြတ်ပြတ်သားသားပြောလိုက်တယ်။
ဝတ်ပြုချင်ရင် တိတ်တဆိတ်ဝတ်ပြုပါ။ ညနက်သန်းခေါင် အိမ်တံခါးတွေပိတ်၊ ကာလိုက်ကာတွေချပြီး
လူမမြင်အောင်ဝတ်ပြုဖို့၊ ဒီလိုလုပ်ရင် ကျုပ်မသိချင်ဟန်ဆောင်နေပေးလို့ရတယ်။ ခြံတံခါးဖွင့်ပြီး
ပေါ်ပေါ်တင်တင်ဝတ်ပြုမယ်ဆိုရင် ကျုပ်တားကိုတားရမယ်လို့ပြောလိုက်တယ်။
နောက်တစ်နေ့မနက်(၈)နာရီမှာ
“ဝမ်”က ပေါ်ပေါ်တင်တင်ပဲဝတ်ပြုတယ်။ တကယ်လို့ ဒီကိစ္စကို ကျုပ်မတားမြစ်ဘူးဆိုရင် ကျုပ်ဟာရှန်ဟိုင်းမြို့ရဲ့မြို့တော်ဝန်
ဆက်လုပ်သင့်ဦးမလား။ ရဲတွေ သူ့ကိုသွားခေါ်တဲ့အချိန်မှာ သူက အဝတ်အစား၊ အသုံးအဆောင်တွေ
အဆင်သင့်ထုတ်ထားပြီးသား။ တစ်နေ့နေ့ဒီလိုဖြစ်လာမယ်ဆိုတာကို သူကြိုတွေးထားပုံရတယ်။ ထောင်ထဲက
တာဝန်ကျလူတွေကို ကျုပ်မှာထားလိုက်တယ်။ “ဝမ်”ကို မနှိပ်စက်ဖို့။ ထောင်ထဲမှာ သူ့ကို လုံးဝဝတ်ပြုခွင့်မပေးနဲ့လို့
ကျုပ်ထပ်မှာလိုက်သေးတယ်။ “ဝမ်” ထောင်ထဲရောက်တာနဲ့ သူ့ကို ကျုပ်လုံးဝမေ့ထားလိုက်တယ်။
အခု ဒီရဲသားမေးတော့မှာပဲ “ဝမ်”လည်း ဒီထောင်မှာပဲ အချုပ်ခံခဲ့ရတာကို ကျုပ်သတိရလိုက်တယ်။
ကျုပ် တားမြစ်ပိတ်ပင်ခဲ့တာတွေကို ပြန်မြင်ယောင်မိတယ်။
“ဝမ်”
ထောင်ကျစဉ်က ဆုတောင်းဝတ်ပြုတာတွေလုပ်သေးလားလို့ ရဲသားကိုကျုပ်မေးလိုက်တော့ “ဝမ်” ဝတ်ပြုဆုတောင်းတာကို
သူ မမြင်ဖူးတဲ့အကြောင်း ဒါပေမဲ့ သူ့ရဲ့မေတ္တာနဲ့စာနာတတ်မှုတွေကို လူတွေအသိအမှတ်ပြုတဲ့အကြောင်း၊
ဘယ်လောက်ပဲပင်ပန်းပါစေ သူ့ဆီကစိတ်ပျက်ညည်းညူတဲ့ စကား မကြားမိတဲ့အကြောင်း၊ လူကိုနှိပ်စက်တဲ့လူတွေကိုလည်း
မတုန့်ပြန်သလို အမုန်းရန်ငြိုးလည်း မထားတတ်ကြောင်း၊ ထောင်သားတွေကိုလည်း ကူညီအားပေးတတ်ကြောင်း၊
သူ့ကိုနှိပ်စက်တဲ့ လူတွေကိုလည်း ဂရုစိုက်တတ်ကြောင်းပြောပြပါတယ်။ သူဟာ အခွင့်အခါသင့်တဲ့အခါ
လူတွေကိုကက်သလစ်ဘာသာရဲ့ အခြေခံတရားကို တိတ်တဆိတ်ဟောပြောတတ်တယ်။ လူတော်တော်များများက
နှစ်ခြင်းခံကြတယ်။ ဒီရဲသားလေးတောင် နှစ်ခြင်းခံထားတယ်တဲ့။ ကျုပ် အရမ်းအံ့သြတာက ထောင်မှူးတောင်
နှစ်ခြင်းခံထားတယ်ဆိုတဲ့ ကိစ္စပဲ။
“ဝမ်”
ရဲ့ကောင်းမှုကြောင့် ဒီထောင်မှာ ငြိမ်းချမ်းတဲ့အနံ့အသက်ကိုရတယ်။ ဒါကြောင့် ထောင်ရဲ့ကြောက်ရွံ့မှုတွေကို
ကျုပ်မခံစားရတာဖြစ်မယ်။ အားလုံးနဲ့အတူ ခရစ်စမတ်ပွဲကျင်းပသေးလားလို့ ရဲသားကိုကျုပ်ထပ်မေးလိုက်တယ်။
မကျင်းပခဲ့ပေမယ့် ခရစ္စမတ်ရောက်တိုင်း “ဝမ်”က ကွန်မြူနစ်တွေကလူတွေကို ခရစ္စမတ်မကျင်းပဖို့တားမြစ်နိုင်ပေမဲ့
ခရစ်စမတ်ရောက်တိုင်း Jesus) လာတာကိုတော့ မတားမြစ်နိုင်ဘူးလို့ လူတွေအားလုံးကိုပြောပါတယ်။
အဲဒီစကားကိုကြားတော့ ကျုပ် လန့်သွားမိတယ်။ ထောင်ထဲ(Jesus)ရောက်လာတာကို “ဝမ်”တကယ်ပဲမြင်ခဲ့ဖူးလားလို့
ရဲသားကိုကျုပ်မေးတော့ ခရစ်စမတ်ရောက်တိုင်း “ဝမ်”က ညကင်းစောင့်ဖို့ အမြဲတောင်းဆိုတတ်တဲ့အကြောင်း၊
တိတ်ဆိတ်ငြိမ်သက်တဲ့ညမှာ (Jesus)ရောက်လာတာကို သူခံစားမိတဲ့အကြောင်းပြောပါတယ်။ အရေးအခင်းပြီးတော့
မြို့ထဲမှာ ခရစ္စမတ်ပွဲတွေကျင်းပခွင့်ရှိပါပြီ။ ခရစ္စမတ်ညမှာ ကြက်ပျံမကျစည်ကားပေမယ့်
(Jesus)ရောက်လာတယ်လို့ ဘယ်သူမှမခံစားမိခဲ့ပါဘူး။
ရဲသားက
ကျုပ်ကို စာတစ်စောင်ထုတ်ပေးတယ်။ “ဝမ်”မဆုံးခင် တိတ်တဆိတ်ရေးပြီး သူ့ကိုပေးခဲ့တဲ့စာပါ။
အရေးအခင်းပြီးရင် ကျုပ်လက်ထဲအရောက်အပ်ဖို့ မှာခဲ့တယ်လို့ပြောပါတယ်။ “ဝမ်”က ဒီရဲသားနဲ့ကျုပ်
ဆုံဖို့အခွင့်အရေးရှိတယ်လို့လည်း ပြောခဲ့တယ်လို့ဆိုပါတယ်။ စာကို ကျုပ်ဖွင့်ဖတ်လိုက်တော့....
Lee.
.
လူ့ဘဝကနေ
ငါခွာရတော့မယ်။ မင်းကို ဒီကနေ ကျေးဇူးတင်ပါရစေ။ မင်းငါ့ကို ထောင်ထဲပို့လိုက်တယ်။ ဒါဟာ
ငါ့ကို ခရစ်ယာန်ကောင်းတစ်ဦးဖြစ်အောင် အခွင့်အရေးပေးလိုက်သလိုပဲ။ အားလုံးကို မင်းပိတ်ဆို့
တားမြစ်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ လူတွေအပေါ်ထားတဲ့ ငါ့ရဲ့စေတနာမေတ္တာတွေကိုတော့ မင်းတားမြစ်လို့
မရဘူး။ ငါ့အပေါ်မကောင်းတဲ့လူတွေကို ခွင့်လွှတ်သည်းခံတတ်တဲ့ ငါ့ရဲ့စိတ်ကိုလည်း မင်းမတားမြစ်နိုင်ခဲ့ဘူး။
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ မင်းအတွက် ငါတောင်းဆုပြုပါတယ်။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ
ငါတို့ ဘတ်စကက်ဘော အတူတူကစားကြရဦးမှာပေါ့။
မင်းရဲ့
သူငယ်ချင်း
“ဝမ်”
ကျုပ်မျက်ရည်တွေ
စိုလာတယ်။ ကျုပ်ကသာ သူ့ကိုကျေးဇူးတင်ရမှာပါ။ သူ့ကြောင့် ကျုပ်ထောင်ထဲမှာ ညှင်းပန်း
နှိပ်စက်တာကို မခံခဲ့ရတာ။ လောကမှာ တချို့အရာတွေကို ပိတ်ပင်တားဆီးလို့မရနိုင်ဘူးဆိုတာကို
ကျုပ်အခုမှ ကောင်းကောင်းသဘောပေါက်တော့တယ်။ “ဝမ်”ထောင်ထဲရောက်မှ ထောင်ကို မေတ္တာအကြင်နာ
လွှမ်းသွားအောင် ပြုလုပ်နိုင်ခဲ့တယ်။
အခုမှ
ကျုပ်ကောင်းကောင်းနားလည်တော့တယ်။ ရှန်ဟိုင်းကို သူပြန်လာမယ်လို့ ဆုံးဖြတ်ပြီးကတည်းက
လွတ်လပ်မှုတွေဆုံးရှုံးသွားမယ်ဆိုတာကို သူသိတယ်။ ဒါကို သူမကြောက်ခဲ့ဘူး။ တားမြစ်မှုတွေ၊
ပိတ်ဆို့မှုတွေ၊ အရေးအခင်းတွေက သူ လူကောင်းတစ်ဦးဖြစ်ဖို့အတွက်ကိုမတားမြစ်နိုင်ခဲ့ဘူး။
အရေးအခင်းဆိုတာ သူ့အတွက် မဖြစ်ပျက်ခဲ့ဖူးတဲ့ ကိစ္စတစ်ရပ်လိုပဲ။ အရေးအခင်းကြောင့် လူတော်တော်များများက
ကိုယ်လုပ်ချင်တဲ့ အလုပ်ကို ရပ်တန့်လိုက်ကြပေမယ့် သူကမရပ်ခဲ့ဘူး။ သူ့မှာ “လူကောင်းလုပ်မယ်”
ဆိုတဲ့ မျှော်လင့်ချက်တစ်ခု ရှိနေလို့ပါပဲ။ အဲဒီ သူ့ရဲ့မျှော်လင့်ချက်ကို ဘယ်သူကများ
ပိတ်ဆို့တားမြစ်နိုင်ဦးမလဲ..
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်
သူဟာ လူကောင်းတစ်ဦးလုပ်နိုင်ခဲ့ပါတယ်။
မူရင်းရေးသားသူ--
ထိုင်ဝမ်စာရေးဆရာ လီဂျာထုံ (Lee Chia Tung )၁၉၈၆ခုနှစ် ဇန်နဝါရီလ ၃ဝရက်နေ့
**
၁၉၆၆ခုနှစ်အရေးအခင်းဆိုတာ တရုတ်ပြည်မှာ ၁၉၆၆ခုနှစ်ကနေ ၁၉၇၆ခုနှစ်အထိဖြစ်ပျက်ခဲ့တဲ့
အရေးအခင်းပါ။ ၁၉၇၆ ခုနှစ် မော်စီတုန်းကွယ်လွန်ပြီး ကွန်မြူနစ်တွေ စင်ပြိုအဖမ်းခံရမှ
အဆုံးသတ်သွားတဲ့ (၁ဝ)နှစ်ကြာ အရေးအခင်းတစ်ခုဖြစ်ပါတယ်။
Credit: နိုင်းနိုင်းစနေ
No comments:
Post a Comment