Wednesday, August 1, 2012

ပလတ်စတစ်ဆာဂျရီနည်းနဲ့ လှအောင်ပြင်မယ်ဆိုရင်


၁၈နှစ်အရွယ် ကောင်မလေးတစ်ဦးဖြစ်သူ သဲသဲက သူမရဲ့နှာခေါင်းကိုမှန်ထဲမှာကြည့်ပြီး စိတ်တိုင်းမကျဖြစ်ကာ မျက်နှာညိုနေတယ်။ သဲသဲရဲ့အစ်မဖြစ်သူ မေသူကတော့ သူမရဲ့ ရင်သားအရွယ်အစားကို စိတ်ထဲကကြိတ်ပြီး အပြစ်မြင်နေမိပါတယ်။ မေသူရဲ့ သူငယ်ချင်း ဖြစ်သူ ယုယုကတော့ တူမဖြစ်သူ ကလေးငယ်လေးက မွေးရာပါနှုတ်ခမ်းကွဲနေသူလေးဖြစ်နေလေတော့ ဘယ်လိုလုပ်ပေးရရင် ကောင်း မလဲဆိုပြီး အကြံအိုက်နေပြန်ရော။

ပလတ်စတစ်ဆာဂျရီဆိုတာဘာလဲ
ပလတ်စတစ် ဆာဂျရီဆိုတာ အထူးပြုဆေးပညာတစ်ရပ်ဖြစ်ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေရဲ့ ပုံသဏ္ဌာန်နဲ့ လုပ်ငန်းဆောင်တာကို ပြန်တည့်မတ်ပေးခြင်း ပြန်လည်နေရာချထားပေးခြင်း ဖြစ်ပါတယ်။ ပလတ်စတစ်ဆာဂျရီဆိုတဲ့ ပညာရပ်ထဲမှာ အလှအပအတွက် ခွဲစိတ် ပြုပြင်တဲ့ပညာ (Cosmetic or Aesthetic Surgery) က လူသိအများဆုံးဖြစ်ပေမယ့် ကိုယ်အင်္ဂါအစားထိုးပြုပြင်တည်ဆောက်တဲ့ Reconstructive Surgery၊ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုဖြစ်တဲ့Hand Surgery ၊ အနုစိတ်ခွဲစိတ်ကုသမှုများဖြစ်တဲ့ Micro Surgery နဲ့ မီးလောင်နာ ကုသမှု (Treatment of Burns) တို့လည်းပါဝင်ပါတယ်။
Plastic ဆိုတဲ့ ဝေါဟာရဟာ ဂရိဝေါဟာရ [Plastike` (Plastikos)] မှ ဆင်းသက်လာပြီး ပုံလောင်းခြင်း (Mold) လို့ အဓိပ္ပာယ်ရပါတယ်။

ပလတ်စတစ်ဆာဂျင်တွေဟာ လူတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်ကို ပြုပြင်ပေးဖို့ Reconstructive Surgeryနည်းရော၊ Cosmetic Surgeryနည်းများနဲ့ပါ ပြုလုပ်ပေးလေ့ရှိပါတယ်။

ခန္ဓာကိုယ်အစားထိုးပြုပြင်တည်ဆောက်ပေးသောနည်း (Reconstructives Procedures)
ဒီနည်းကတော့ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်က ချို့ယွင်းချက်တွေကို ပြုပြင်ပေးတဲ့နည်းဖြစ်တယ်။ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်း၊ နားရွက်ပုံသဏ္ဌာန်ချို့ယွင်းခြင်း၊ ထိလိုက်ဒဏ်ရာရမှုများ (ဥပမာ - ခွေးကိုက်ခံရခြင်း၊ မီးလောင်ခံရခြင်း၊ ရင်သားကင်ဆာကြောင့် ရင်သား ဖြတ်ထုတ်ထားသူအမျိုးသမီးများတွင် ရင်သားပြန်လည်တည်ဆောက်ပေးခြင်း) စတာတွေပါဝင်ပြီး လှချင်လို့ပြုပြင်တာ မျိုးမဟုတ်ဘဲ ခန္ဓာကိုယ်မှာ ချို့ယွင်းချက်ကြီးကြီးမားမား ပေါ်ပေါက်နေသောကြောင့် မဖြစ်မနေ ကုသမှုပေးရခြင်းဖြစ်တယ်။

အလှအပအတွက်ခွဲစိတ်ပြုပြင်သောနည်းများ (Cosmetic Procedures)
ဒါကတော့ လူတစ်ယောက်ဟာ မိမိကိုယ်မိမိ စိတ်တိုင်းမကျမှုကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ရပ်ရပ်ကို အပြောင်းအလဲ လုပ်ခြင်း ဖြစ်တယ်။ အဲဒီထဲမှာ နှာခေါင်းချွန်အောင်ပြုပြင်ခြင်း၊ ရင်သားကို ကြီးအောင်ပြုပြင်ခြင်း၊ သေးငယ်အောင်ပြုပြင်ခြင်း၊ ခန္ဓာကိုယ်တစ် နေရာက အဆီတွေဖယ်ရှားပစ်ခြင်းတွေကို ပိုပြီးပြုလုပ်ကြတာများပါတယ်။

ခွဲစိတ်ကုသမှုအတွက် ကုန်ကျစရိတ်များ
ခန္ဓာကိုယ်အစားထိုးပြုပြင်ခွဲစိတ်တဲ့ (Reconstructive Surgery) ပြုလုပ်တဲ့အခါ အစိုးရဆေးရုံကြီးများနဲ့ ပြည်တွင်း၊ပြည်ပပညာရှင်များ၊ အဖွဲ့အစည်းများရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ စရိတ်မျှပေး သဘောမျိုးရော၊အခမဲ့ခွဲစိတ်ပေးတာတွေရော အမျိုးမျိုးရှိပါတယ်။

အလှအပအတွက် ခွဲစိတ်ပြုပြင်ခြင်း (Cosmetic Plastic Surgery) ကိုတော့ အိမ်နီးချင်းနိုင်ငံအချို့မှာရော၊ ပြည်တွင်းဆေးရုံ၊ ဆေးခန်း အချို့မှာပါ လုပ်လို့ရပါတယ်။ ပြည်တွင်းမှာလည်း လူလတ်တန်းစားများ လက်လှမ်းမီနိုင်တဲ့ ကုန်ကျစရိတ်နဲ့ လုပ်ဆောင်နိုင်ပြီလို့သိရ ပါတယ်။ အလှပြင်ဆိုင်များမှာ တော့ လုံးဝမလုပ်သင့်ဘဲ ပလတ်စတစ်ဆာဂျင် ဆရာဝန်နဲ့သာ လုပ်ဆောင်သင့်ပါတယ်။

ဆယ်ကျော်သက်တွေက Plastic Surgery ဘာကြောင့်လုပ်ချင်ရသလဲ
ကမ္ဘာမှာ ခွဲစိတ်ပြုပြင်တဲ့နည်းနဲ့ Plastic Surgery လုပ်လာကြတဲ့ ဆယ်ကျော်သက်ဦးရေတွေ တိုးပွားလျက်ရှိတယ်လို့ သိရတယ်။ တီဗီထဲမှာ နာမည်ကျော် နိုင်ငံခြားမင်းသမီးတွေ ခွဲစိတ်ပြုပြင်ထားတာကိုကြည့်ပြီး Plastic Surgery လုပ်တာကို လွယ်လွယ်လေးလို့ ထင်ကောင်းထင်နိုင်ပါတယ်။

ပလပ်စတစ်ဆာဂျရီဟာ မှန်ကန်တဲ့ရွေးချယ်မှုလား
သိသိသာသာ ချို့ယွင်းချက်ရှိတဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလို၊ မီးလောင်ခံရခြင်းလို ပြဿနာမျိုးမှာတော့ Reconstructive Surgery က ကူညီပြီး ပြုပြင်ပေးနိုင်ပါတယ်။ Cosmetic Surgery လိုသင့်ရဲ့ ပုံပန်းသွင်ပြင်လေးကို အပြောင်းအလဲလုပ်ချင်တာလောက်နဲ့ ခွဲစိတ်မှု တစ်ခုကို လွယ်လွယ်လေးလုပ်သင့်ပါသလားဆိုတာကတော့ စဉ်းစားစရာပါ။

Plastic Surgery ဆရာဝန်များစွာဟာ ဆယ်ကျော်သက်တွေကို ဘာကြောင့် Cosmetic Surgery လုပ်ချင်တာလဲလို့ မေးမြန်းကြည့်ကြပြီး ဆယ်ကျော်သက်တွေဟာ Plastic Surgery ကိုရွေးချယ်မှုပြုဖို့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုရှိ မရှိ သိလိုခဲ့ကြတယ်။ တကယ်တော့ အလှ အပအတွက် ခွဲစိတ်ပြုပြင်တာအပါအ၀င် ခွဲစိတ်မှုတိုင်းမှာ မေ့ဆေးပေးရခြင်း၊ အနာကျက်အောင် ပြုလုပ်ရခြင်းနဲ့ တခြားပြင်းထန်တဲ့ အန္တရာယ်အခွင့်အလမ်းရှိတာတွေက အတူတူပါပဲ။ ဆရာဝန်တွေက ထိုလူနာဆယ်ကျော်သက်ကလေးတွေဟာ ခွဲစိတ်ကုသမှုရဲ့ ဖိစီးမှု တွေကို နားလည်သည်းခံနိုင်စွမ်းရှိ မရှိ သိလိုခဲ့ကြတာဖြစ်ပါတယ်။ တချို့ဆရာဝန်တွေက အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်တွေ ကို ခွဲစိတ်ပြုပြင်ပေးလေ့မရှိကြပါဘူး။ ဥပမာ - နှာခေါင်းခွဲစိတ်မယ်ဆိုရင် မိန်းကလေးက ၁၅-၁၆နှစ်၊ ယောက်ျားလေးအဖို့ ၁၆-၁၇နှစ်ခန့် အနည်းဆုံးရှိမှလုပ်ပေးပါတယ်။ ရင်သားကြီးချင်တဲ့ မိန်းကလေးဆိုရင် အသက် ၁၈နှစ်ကျော်မှသာ ပြုလုပ်ပေးပါတယ်။ ခန္ဓာကိုယ်အစိတ် အပိုင်းတွေ ကြီးထွားနေဆဲကာလမှာ မလုပ်သင့်သေးလို့ပါပဲ။

ထည့်သွင်းစဉ်းစားရမယ့် အချက်များ
- ဆယ်ကျော်သက်အားလုံး လိုလိုဟာ မိမိရဲ့ခန္ဓာကိုယ်ပုံရိပ်ကို ဂရုတစိုက်အရိပ်တကြည့်ကြည့်ရှိကြတယ်။ ဆယ်ကျော်သက်အရွယ် လူတိုင်းလိုလိုဟာ အစိတ်အပိုင်းတစ်ခု သို့မဟုတ် နှစ်ခုကို စိတ်တိုင်းမကျဘဲ ပြောင်းလဲပစ်ချင်တယ်။ဒါပေမယ့် အချိန်တွေကြာလာတာနဲ့ အမျှ ဒီလို မိမိကိုယ်မိမိ ဂရုစိုက်သတိထားမိနေတဲ့ စိတ်တွေဟာ ပျောက်ကွယ်သွားပါတယ်။ ဒါကြောင့် အချိန်ယူစဉ်းစားပါ။

- လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ အသက်နဲ့အမျှ ပြောင်းလဲမှုရှိနေပါတယ်။ အခုကြီးတယ် သို့မဟုတ် သေးတယ် ထင်ရတဲ့ အစိတ်အပိုင်းဟာ အသက်ရလာရင် အလိုလိုအခုထက်ပိုပြီး အချိုးကျသွားပါတယ်။

- တချို့ကိစ္စတွေမှာ (ဥပမာ - အဆီထုတ်ရန် ခွဲစိတ်ခြင်း) ကိုယ်အလေးချိန်လျှော့ချခြင်းနဲ့ ကာယလေ့ကျင့်ခန်းလုပ်ခြင်းတို့က ခွဲစိတ်စရာ မလိုဘဲ ပြုပြင်ပေးနိုင်ပါတယ်။

- တချို့လူတွေမှာ စိတ်ခံစားမှုက ပုံပန်းသဏ္ဌာန်ကို စိတ်တိုင်းမကျမှု ဖြစ်နေစေတာပါ။ စိတ်ကျရောဂါရှိသူ၊ မိမိကိုယ်မိမိအလွန်အမင်း ဂရု စိုက်တတ်တဲ့ စိတ်ရောဂါရှိသူတို့ဟာ ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်ပြုပြင်လိုက်ရင် သူတို့ရဲ့ပြဿနာအတော်များများ ပြေလည်သွားမယ်လို့ ထင်နေကြပါတယ်။ စိတ်ပညာရှင်များနှင့် စိတ်ပိုင်းဆိုင်ရာ ကုသမှုနဲ့ အကြံဥာဏ်များကိုရယူခြင်းကပိုကောင်းပါလိမ့်မယ်။ တကယ်တော့ ဘယ်ဆရာဝန်မှ စိတ်ကျရောဂါနဲ့ အခြားစိတ်ကျန်းမာရေး ပြဿနာတစ်ခုခှုရှိသူကို စိတ်ကျန်းမာရေးပြဿနာ ကုသမှုမပြီးသေးခင်မှာ ခွဲစိတ်ပြုပြင်မှု လုပ်ပေးလေ့မရှိပါဘူး။

ဘာတွေပါဝင်ရမလဲ
Plastic Surgery ကိုလုပ်တော့မယ်လို့ စဉ်းစားရင် မိဘများနဲ့အရင်တိုင်ပင်ပြီး ခွင့်ပြုတယ်ဆိုရင် ဆရာဝန်နဲ့ဖြစ်လာနိုင်ခြေရှိတဲ့ နောက် ဆက်တွဲ ရှုပ်ထွေးမှုများ အပါအ၀င် ခွဲစိတ်မှုပြုလုပ်စဉ်နဲ့ ပြုလုပ်ပြီးနောက် ကြုံတွေ့ရမယ့်အရာတွေကို ဆွေးနွေးပါ။ သင်ဟာ နာကျင်မှု၊ ယာယီရောင်ရမ်းမှု၊ အညိုအမည်းစွဲမှုတို့ ယာယီခံစားနိုင်ပါတယ်။ အလှအပပြုလုပ်တဲ့ Plastic Surgeryဆိုတာ အလျင်စလို ပြုလုပ်စရာ မလိုတဲ့ ခွဲစိတ်မှုတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် မိဘများနဲ့ ဆရာဝန်နှင့် ပြောဆိုတိုင်ပင်ဆွေးနွေးဖို့ အချိန်ယူပါ။

Plastic Surgery လုပ်ဖို့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ရင့်ကျက်သူဖြစ်ပြီး သေသေချာချာနားလည်သဘောပေါက်ကာ ဆုံးဖြတ် ပြီးပြီဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့သာပြုလုပ်ပါ။ 'အလှအပဆိုတာ အရေပြားတစ်ထောက်ပါ' ဆိုတဲ့ စကားပုံနဲ့ အတွင်း ပိုင်းရဲ့အလှ(စိတ်ရဲ့အလှ)ဟာ ကြေးမုံရိပ်သွင်လို ပြင်ပသဏ္ဌာန်မှာ အရိပ်ထင်တယ်ဆိုတာရယ်ကိုတော့ ခွဲစိတ်မှုကို ရွေးချယ်မှုမပြုခင်မှာ သတိရစေလိုပါတယ်။

Credit: Health Digest Journal, Vol. (9), No (1) 9-11-2011

No comments: