Thursday, August 16, 2012

ကိုရီးယားပဲခေါက်ဆွဲ၊ ထမင်းသုပ်၊ ဒေါ့ဘူဂီ


ကိုရီးယားအစားအစာတွေ မြန်မာပြည်မှာခေတ်စားတာ ကာလအတော်ကြာပြီ ဖြစ်ပေမဲ့ ဒေါ့ဘူဂီ တို့ ဘီဘင်ဘတ်ဆိုတဲ့ ကိုရီးယား ထမင်းသုပ်တို့ကို ကောင်းကောင်းမစားဖူးသေးတာအမှန်ပါပဲ။ 

အခု Traders ဟိုတယ် The Seoul Korea Restaurant ကနေ ကိုရီးယားအစားအစာသုံးမျိုးကို ကျွန်တော်သယ်ဆောင်လာပါပြီ သူငယ်ချင်းတို့လည်း အရသာရှိစွာစားကြပါဦးနော်။

ပဲခေါက်ဆွဲ (ဂျာဂျန်းမြောင်) - Jjajangmyeon
တော်တော်တော့စားလို့ကောင်းတဲ့ ပဲခေါက်ဆွဲပါပဲ။ ဟိုတယ်ကတော့ ဂျုံခေါက်ဆွဲအသင့်ပြုတ်ပြီးသားကို ပန်းကန်လုံးကြီးထဲမှာ ထည့် ပေးထားတယ်။ ပြီးတော့ ငါးအသားနဲ့တခြားအဆာပလာတွေပါတဲ့ ပဲအနှစ်ပန်းကန်လုံးရယ် တနိုင်ထည့်နယ်စားဖို့ပန်းကန်ရယ် တူနဲ့ ဇွန်းခပ်ရှည်ရှည်တစ်ချောင်းကို ချပေးပါတယ်။ စိတ်ကြိုက်နယ်စားပေါ့နော်။

ဘာတွေလိုမလဲ?
ဂျုံခေါက်ဆွဲ - ၁၀၀ ဂရမ်
ဂေါ်ဖီ - ၅၀ ဂရမ်
ကြက်သွန်နီ - ၈၀ ဂရမ်
ပြည်ကြီးငါး - ၃၀ ဂရမ်
ပုစွန် - ၂၀ ဂရမ်
ကိုရီးယား ပဲပိစပ်အနှစ် - ဟင်းခတ်ဇွန်း ၂ဇွန်း (ရရှိနိုင်)
ကိုရီးယား ပဲငံပြာရည် - ဟင်းခပ်ဇွန်း ၁ဇွန်း
ကော်ရည် - ပန်းကန်လုံးလေး ၁ လုံး
ချင်း - အနည်းငယ်
ပင်လယ်စာ ဟင်းခပ်မှုန့် - သင့်ရုံ
သကြား - သင့်ရုံ
ဆား - သင့်ရုံ
ဆီ - ဟင်းခပ်ဇွန်း ၁ဇွန်း

ဘယ်လိုချက်မလဲ?
- ခေါက်ဆွဲကိုပြုတ်ပြီး ဆယ်ယူရေစစ်ထားပါတယ်။
- ပုစွန်နဲ့ ပြည်ကြီးငါးကိုပြုတ်ပြီး ပုစွန်လေးတွေကို အခွံနွှာထားပါတယ်။ ပြည်ကြီးငါးတွေကို ရှည်ရှည်စွေစွေလေးလှီးထားပါတယ်။
- ကြက်သွန်နီနဲ့ ဂေါ်ဖီကို လေးထောင့်ကွက်လေးတွေလှီးထားပါတယ်။
- ချင်းအနည်းငယ်ကို ထောင်းပြီး ဆီသတ်ပါတယ်။
- အနံ့မွှေးလာတဲ့အခါ ဂေါ်ဖီနဲ့ကြက်သွန်နီကို ထည့်လှိမ့်ပြီး အနည်းငယ်နွမ်းလာချိန်မှာ ဆား၊ သကြားနဲ့ ပင်လယ်စာဟင်းခပ်မှုန့်ကို ထည့်လိုက်ပါတယ်။
- ပဲအနှစ်နဲ့ ပဲငံပြာရည်ကို ထည့်မွှေးပြီး ရေသန့်ပန်းကန်လုံးလေးတစ်လုံးခန့် ထည့်လိုက်ပါတယ်။
- ရေဆူလာတဲ့အခါ ကော်ရည်ထည့်မွှေပြီး ကော်ရည်ပျစ်လာတဲ့အထိ တည်လိုက်မယ်ဆိုရင် အဆင်သင့်ပြင်ဆင်ထားတဲ့ ခေါက်ဆွဲနဲ့နယ် စားနိုင်မယ် ပဲအနှစ်ကို ရရှိပြီဖြစ်ပါတယ်။

ဒေါ့ဘူဂီ (topokki)
ငရုတ်ဆီ နီနီရဲရဲနဲ့ တွဲဖက်ပြီး အားရပါးရစားသုံးကြတဲ့ ဒေါ့ဘူဂီကို Rice Cake လို့ခေါ်တဲ့ ဆန်ကောက်ညှင်းချောင်းနဲ့ပြုလုပ် ထားတာဖြစ် ပါတယ်။ ဆန်နဲ့ကောက်ညှင်းကိုရောကြိတ်ပြီး အချောင်းလေးတွေပြုလုပ်ထားတဲ့ Rice Cake ကို ဒေါ့ဘူဂီမချက်ခင်မှာ တစ်ခုနဲ့တစ်ခု ကပ်မနေစေရအောင် ရေစိမ်ထားရမှာဖြစ်ပါတယ်။

ဟိုတယ်ကတော့ ပန်းကန်ပြားထဲမှာ ကောက်ညှင်းချောင်းတွေပေါ် အမည်စုံပါတဲ့ ဟင်းအနှစ်တွေကို လှလှပပတင်ထားပြီး အသင့်စား သောက်နိုင်အောင်ပြင်ဆင်ထားပေးပါတယ်။

လိုအပ်တဲ့ပစ္စည်းကတော့ -
ဆန်ကောက်ညှင်းချောင်း - ၅ချောင်းခန့်
ပုစွန်တုပ် - ၂ကောင် (အခွံချွတ်ထားပါ)
ပုစွန်အသေး - ၂၀ ဂရမ် (အခွံချွတ်ထားပါ)
ပြည်ကြီးငါး - ၃၀ ဂရမ် (စိတ်ကြိုက် ပုံစံလှီးထားပါ)
ကိုရိးယား ငရုတ်ဆီ - ၁ဇွန်း
အရောင်တင် ငရုတ်သီးမှုန့် - ဇွန်းတစ်ဝက်ခန့်
ပြောင်ဖူးသကြားရည် - ၁ဇွန်း
နှမ်းစေ့ - ၁ဇွန်း
နှမ်းဆီ - ဇွန်းသေးတစ်ဇွန်း
ကြက်သွန်ဖြူ - အနည်းငယ်
ဆီ - ၁ဇွန်း

လိုအပ်တဲ့ပစ္စည်းတွေ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ လွယ်ကူစွာ ချက်ပြုတ်ပြင်ဆင်နိုင်ပါပြီ။

- ပထမဆုံး ကြက်သွန်ဖြူအနည်းငယ်ကို ထောင်းပြီး ဆီသတ်ပါတယ်။
- ကိုရီးယားငရုတ်ဆီ စားပွဲတင်ဇွန်း ၁ဇွန်းအပြည့်နဲ့ အရောင်တင်ငရုတ်သီးမှုန့် ဇွန်းတစ်ဝက်ခန့်ကိုထည့်ပြီး ငရုတ်သီးဆီသတ်ပါတယ်။
- ငရုတ်ဆီကျက်တဲ့အခါ ရေစိမ်ထားတဲ့ ကောက်ညှင်းချောင်းတွေကို ဆယ်ထည့်လိုက်ပြီး ရေသန့်ပန်းကန်လုံးလေးတစ်လုံးခန့်ထည့် လိုက်ပါတယ်။
- ပုစွန်နှစ်မျိုးနဲ့ ပြည်ကြီးငါးကိုပါ ထည့်လိုက်ပြီး ပြောင်းဖြူးသကြားရည်ထည့်ကာ ဟင်းအနှစ်ပျစ်လာတဲ့အထိ ချက်ပေးပါတယ်။
- ဟင်းအနှစ်ပျစ်လာပြီဆိုရင်တော့ နှမ်းဆီအနည်းငယ်နဲ့ နှမ်းစေ့အနည်းငယ်ကို ထည့်မွှေပြီး ပန်းကန်တစ်ချပ်မှာထည့်ကာ သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။

ကိုရီးယားထမင်းသုပ် (ဘီဘင်ဘတ်) - bibimbap
အိမ်မှာဆိုလည်း ဟင်းမရှိရင် အဆင်သင့်ရှိတတ်တဲ့ ငရုတ်ဆီတွေ ကြက်သွန်ကြော်တွေနဲ့ ထမင်းသုပ်လုပ်စားပစ်လိုက်တာပါပဲ။ အခု ကိုရီးယားထမင်းသုပ်ကတော့ အမည်စုံပြီး အဟာရကြွယ်ပုံရပါတယ်။ စားလို့လည်း တော်တော်ကောင်းတယ်။

ဟိုတယ်ကတော့ မြင်နေကျ ကြွေပုဂံမဟုတ်ဘဲ ကျောက်သားနဲ့လုပ်ထားတဲ့ ပုဂံလုံးထဲမှာ ထမင်းဖြူပေါ်မယ် ပါဝင်အမည်တွေကို လှလှ ပပစီရီပြီး တည်ခင်းထားပါတယ်။ စိတ်ရှည်လက်ရှည်နဲ့ချက်ပြုတ်ပြင်ဆင်မှ အရသာကောင်းနိုင်ပါမယ်တဲ့။ အတော်မလွယ်တဲ့အိမ်မှုကိစ္စ ပါလားနော်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ -
သခွားသီး - ၁၀ ဂရမ် (အချောင်းအမျှင်လေးများ လှီးထားပါ)
မုန်လာဥနီ - ၁၀ ဂရမ် (အချောင်းအမျှင်လေးများ လှီးထားပါ)
မုန်လာဥဖြူ - ၁၀ ဂရမ် (အချောင်းအမျှင်လေးများ လှီးထားပါ)
ရှမ်းကူးမှို - ၁၀ ဂရမ် (အချောင်းအမျှင်လေးများ လှီးထားပါ)
ပဲပင်ပေါက် - ၁၀ ဂရမ် (အချောင်းအမျှင်လေးများ လှီးထားပါ)
ဆလတ်ရွက် - ၁၀ ဂရမ်(အချောင်းအမျှင်လေးများ လှီးထားပါ)
ခရမ်းသီး - ၁၀ ဂရမ် (အချောင်းအမျှင်လေးများ လှီးထားပါ)
ကြက်ဥ - ၂လုံး
ထမင်းဖြူ - ပန်းကန်လုံး ၁လုံးစာ
ကိုရီးယား ငရုတ်သီးဆော့စ် - ဟင်းခတ်ဇွန်း ၁ဇွန်း

ပြင်ဆင်ပြုလုပ်နည်း
- ကြက်ဥတစ်လုံးကို မွှေကြော်ပြီး အချောင်းလေးများလှီးထားပါတယ်။ ကျန် ကြက်ဥတစ်လုံးကို အနှစ်မကျက်အောင် ကြော်ပါတယ်။
- လှီးထားတဲ့ ဟင်းသီးဟင်းရွက်တွေ အားလုံးကို တစ်မျိုးချင်းစီ pan-fried လုပ်ပြီး တစ်မျိုးချင်းစီကို သီးသန့်ဖယ်ထားပါတယ်။
- အားလုံးပြီးတဲ့အခါ ပန်းကန်လုံးကြီးထဲမှာ ထမင်းဖြူထည့်ပြီး အပေါ်ပိုင်းမှာ အသီးအရွက်များနဲ့ ကြက်ဥချောင်းများကို လှလှပပနေရာချ လိုက်ပါတယ်။
- အသီးအရွက်တွေရဲ့ အလယ်တည့်တည့်မှာတော့ အနှစ်မကျက်အောင် ကြော်ထားတဲ့ ကြက်ဥအနှစ်ကို ထည့်လိုက်ပါတယ်။
- ထမင်းသုပ်ပန်းကန် အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ကိုရီးယားငရုတ်သီးဆော့စ်နဲ့ တွဲဖက်ပြီးသုံးဆောင်နိုင်ပါပြီ။

ကိုရီးယားစားသောက်ဆိုင်မှာတော့ လှလှပပပြင်ဆင်ထားတဲ့ ထမင်းသုပ်ကို ကျောက်ဆုံအိုးနဲ့ အပူထပ်ပေးပြီးမှ တည်ခင်းလေ့ရှိပါတယ်။ ကိုယ်တိုင်ချက်ပြီး ကိုယ်တိုင်စားမယ်ဆိုရင်တော့ ထမင်းဖြူပေါ်မှာ အသီးအရွက်နဲ့ ကြက်ဥတွေကို စီစီရီရီနေရာချစရာမလိုဘဲ အားလုံး ရောနယ်ပြီး နှမ်းဆီအနည်းငယ်နဲ့ ငရုတ်သီးဆော့စ်ထည့်နယ်လိုက်ရုံပဲဖြစ်ပါတယ်။

(စကားမစပ်ပြောရရင် ဟိုတယ်က ဒေါ့ဘူဂီ၊ထမင်းသုပ်ပွဲတွေဘေးမှာ အရံအဖြစ် ကင်ချီတို့၊ ငရုတ်ဆီအနှစ်တို့၊ အချိုတည်းဖို့ အသီးအနှံစိတ်လေးတွေ၊ စားသောက်ပြီးရင် သောက်ဖို့မုန်လာဥဟင်းရည်လားမသိ ပန်းကန်လေးတွေနဲ့ချပေးတာပါပါတယ်။)

Ref: Eating In Style

No comments: