(အပိုင်း တစ်)
ဒီနေ့အပြင်သွားတော့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း စာအုပ်ငယ်လေး(မြန်မာဘာသာပြန် -
အပြာရောင်အဖုံး) တစ်အုပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူလူထုလက်ထဲ
အရောက်ဖြန့်ဝေနေတဲ့အချိန်နဲ့တိုက်ဆိုင်ပြီးရရှိခဲ့ပါတယ်။ လူတိုင်း
လိုလိုသိရှိသင့်တယ် တချို့တွေကလည်း သိရှိပြီးသားဖြစ်မယ်။ ဘာပဲဖြစ်ဖြစ်
ကျွန်တော့်သူငယ်ချင်းတွေလည်း သိရှိစေဖို့ ပြန်လည်ဝေငှ မှာဖြစ်ပါတယ်။
စာအုပ်ကလေထဲမှာပါတဲ့စာသားတိုင်းကိုတော့ ကူးမပြတော့ပါဘူး။
အဓိကစာပိုဒ်တွေကိုပဲကူးယူဖော်ပြပါရစေ။
စုစုပေါင်း
စာပိုဒ် (၃၀) တိတိပါဝင်ပါတယ်။
၁၉၄၈ခုနှစ်
ဒီဇင်ဘာ ၁၀ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ညီလာခံအစည်းအဝေးကြီးက
လူ့အခွင့်အရေးကြေညာစာတမ်းကြီးကို အတည်ပြုကြေညာလိုက်ရာ ....
အပိုဒ်(၁)
လူတိုင်းသည်
တူညီလွတ်လပ်သော ဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့်လည်းကောင်း
မွေးဖွား လာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ်သော
ဥာဏ်နှင့်ကျင့်ဝတ်သိတတ်သောစိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း
မေတ္တာထား၍ဆက်ဆံကျင့်သုံးသင့်၏။
အပိုဒ်(၂)
လူတိုင်းသည်
လူ့အခွင့်အရေးကြေညာစာတမ်းတွင်ဖော်ပြထားသည့် အခွင့်အရေးအားလုံး၊
လွတ်လပ်ခွင့်အားလုံးတို့ကို ပိုင်ဆိုင်ခံစား ခွင့်ရှိသည်။
လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျား၊မ
သဘာဝအားဖြင့်ဖြစ်စေ၊ဘာသာစကားအားဖြင့်ဖြစ်စေ၊
ကိုးကွယ်သည့်ဘာသာအားဖြင့်ဖြစ်စေ၊နိုင်ငံရေးယူဆချက် သို့တည်းမဟုတ်
အခြားယူဆချက်အားဖြင့်ဖြစ်စေ နိုင်ငံနှင့်ဆိုင်သော၊ သို့တည်းမဟုတ်
လူမှုအဆင့်အတန်းနှင့်ဆိုင်သော ဇစ်မြစ်အားဖြင့်ဖြစ်စေ၊ ပစ္စည်းဥစ္စာ
ဂုဏ်အားဖြင့်ဖြစ်စေ၊မျိုးရိုးဇာတိအားဖြင့်ဖြစ်စေ၊ အခြားအဆင့်အတန်းအားဖြင့်ဖြစ်စေ၊
ခွဲခြားခြင်းမရှိစေရ။ ထို့ပြင် လူတစ်ဦးတစ်ယောက် နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ်
နယ်မြေ ဒေသ၏ နိုင်ငံရေးဆိုင်ရာဖြစ်စေ၊ စီရင်ပိုင်ဆိုင်ခွင့်ဆိုင်ရာဖြစ်စေ၊
တိုင်းပြည်အချင်းချင်း ဆိုင်ရာဖြစ်စေ အဆင့်အတန်းတစ်ခုခုကို အခြေပြု ၍လည်းကောင်း၊
ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နယ်မြေ သို့တည်းမဟုတ် ကုလသမဂ္ဂ
ထိန်းသိမ်း စောင့်ရှောက်ထားရသည့် နယ်မြေ စသဖြင့် သို့တည်းမဟုတ်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာတို့ တစ်စိတ်တစ်ဒေသလောက်သာရရှိသည့် နယ်မြေ စသဖြင့်
ယင်းသို့သော နယ်မြေများဖြစ်သည်၊မဖြစ်သည်ဟူသောအကြောင်းကို
အထောက်အထားပြု၍သော်လည်းကောင်း ခွဲခြားခြင်း လုံးဝမရှိစေရ။
အပိုဒ်(၃)
လူတိုင်း၌
အသက်ရှင်ရန် လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။
အပိုဒ်(၄)
မည်သူကိုမျှ
ကျေးကျွန်အဖြစ် သို့တည်းမဟုတ် အစေအပါးအဖြစ် နိုင်ထက်စီးနင်း စေခိုင်းခြင်းမပြုရ၊
လူကို ကျေးကျွန်သဖွယ် အဓမ္မ စေခိုင်းခြင်း၊ အရောင်းအ၀ယ်ပြုခြင်းနှင့်
ထိုသဘောသက်ရောက်သော လုပ်ငန်းဟူသမျှကို ပိတ်ပင်တားမြစ်ရမည်။
အပိုဒ်(၅)
မည်သူကိုမျှ
ညှင်းပန်းနှိပ်စက်ခြင်း သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန်စွာ
ဂုဏ်ငယ်စေသော ဆက်ဆံမှု မပြုရ သို့တည်းမဟုတ် အပြစ်ဒဏ်ပေးခြင်း မပြုရ။
အပိုဒ်(၆)
လူတိုင်းတွင်
ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦးအဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ်ပြုခြင်းကို
ခံယူပိုင်ခွင့်ရှိသည်။
အပိုဒ်
(၇)
လူအားလုံးတို့သည်
ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏ အကာအကွယ်ကို ခြားနားခြင်းမခံရစေဘဲ တူညီစွာ
ခံစားပိုင်ခွင့် ရှိသည်။ဤကြေညာစာတမ်းပါ သဘောတရားများကို ဖီဆန်၍
ခွဲခြားခြင်းမှလည်းကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှ လည်းကောင်း၊
ကင်းလွတ်စေရန် အကာအကွယ်ကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။
အပိုဒ်(၈)
ဖွဲ့စည်းပုံ အခြေခံဥပဒေကသော်လည်းကောင်း၊
အခြားဥပဒေကသော်လည်းကောင်း၊ လူတိုင်းအတွက် ပေးထားသည့် အခြေခံ အခွင့် အရေးများသည်
ချိုးဖောက်ဖျက်ဆီးခြင်း ခံခဲ့ရလျှင် ထိုသို့ချိုးဖောက်ဖျက်ဆီးသော ပြုလုပ်မှုကြောင့်
ဖြစ်ပေါ်လာသော နစ်နာချက် အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင်
ထိရောက်စွာ သက်သာခွင့် ရနိုင်စေရမည်။
အပိုဒ်(၉)
မည်သူမျှ
ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊
ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။
အပိုဒ်(၁၀)
အခွင့်အရေးများနှင့်
တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင် လည်းကောင်း၊ ပြစ်မှုကြောင့်
တရားစွဲဆိုစီရင်ဆုံးဖြတ်ခံရာတွင် လည်းကောင်း လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော
တရားရုံးတော်၏ လူအများရှေ့မှောက်တွင် မျှတစွာ ကြားနာစစ်ဆေး ခြင်းကို တူညီစွာ
ခံစားပိုင်ခွင့်ရှိသည်။
အပိုဒ်
(၁၁)
(၁)
လူအများရှေ့မှောက်၌ ဥပဒေအတိုင်း စစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု
ထင်ရှားစီရင်ခြင်းခံရသည့်အချိန်အထိ ပြစ်မှုနှင့် တရားစွဲဆို ခြင်း ခံရသူတိုင်းသည်
အပြစ်မဲ့သူဟူ၍ ယူဆခြင်းခံရထိုက်သည့် အခွင့်အရေးရှိသည်။ ထိုအမှုကိုကြားနာစစ်ဆေးရာဝယ်
စွပ်စွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ်သော အခွင့်အရေးများကို
ထိုသူအားပေးပြီး ဖြစ်စေရမည်။
(၂)
လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာဥပဒေအရဖြစ်စေ
ပြစ်မှုမမြောက်သော လုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ စွဲဆိုအပြစ်ပေးခြင်း မပြုရ။
ထို့အပြင် ပြစ်မှုကျူးလွန်စဉ်အခါက ထိုက်သင့်စေနိုင်သော အပြစ်ဒဏ်ထက် ပိုမိုကြီးလေး
သော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်း မရှိစေရ။
အပိုဒ်
(၁၂)
မည်သူမျှ
မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာ နေထိုင်ခြင်းကိုသော်လည်းကောင်း၊ မိမိ၏
မိသားစုကိုသော်လည်းကောင်း၊ မိမိ၏ နေအိမ် အသိုက်အ၀န်းကိုသော်လည်းကောင်း၊
စာပေးစာယူကိုသော်လည်းကောင်း၊ ဥပဒေအရမဟုတ်သော ၀င်ရောက်စွက်ဖက်ခြင်း မခံစေရ။
ထို့ပြင် မိမိ၏ဂုဏ်သိက္ခာကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်းမခံစေရ။
လူတိုင်းတွင်
ထိုသို့ဝင်ရောက်စွက်ဖက်ခြင်းမှသော်လည်းကောင်း၊ ပုတ်ခတ်ခြင်းမှသော်လည်းကောင်း
ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိ သည်။
အပိုဒ်
(၁၃)
(၁)
လူတိုင်းတွင် မိမိ၏နိုင်ငံနယ်နိမိတ်အတွင်း၌ လွတ်လပ်စွာ
သွားလာရွှေ့ပြောင်းပိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်။
(၂)
လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှလည်းကောင်း၊ အခြားတိုင်းပြည်မှလည်းကောင်း
ထွက်ခွာသွားပိုင်ခွင့်ရှိသည့်အပြင်၊ မိမိ၏ တိုင်းပြည်သို့ပြန်လာပိုင်ခွင့်လည်းရှိသည်။
အပိုဒ်(၁၄)
(၁)
လူတိုင်းသည် ညှင်းပန်းနှိပ်စက်ခံနေရခြင်းမှ လွတ်ကင်းရန်အခြားတိုင်းပြည်များ၌
အေးချမ်းစွာ ခိုလှုံနေနိုင်ခွင့်ရှိသည်။
(၂)
နိုင်ငံရေးနှင့် မပတ်သက်သည့် ပြစ်မှုများမှသော်လည်းကောင်း၊
ကုလသမဂ္ဂ၏ရည်ရွယ်ချက်နှင့် သဘောတရားမှုများကို ဖီဆန်သော အမှုများမှသော်လည်းကောင်း
အမှန်ပေါ်ပေါက်လာသော ပြစ်မှုကြောင့် တရားစွဲဆိုခြင်းခံရသည့် အမှုအခင်းများတွင် အထက်ပါ
အခွင့် အရေးကို အသုံးမပြုနိုင်စေရ။
အပိုဒ်(၁၅)
(၁)
လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည်။
(၂)
ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊
နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေး ကိုလည်း ငြင်းပယ်ခြင်းမခံစေရ။
စာကြွင်း
။ ။ အပြည်ပြည်ဆိုင်ရာ
လူ့အခွင့်အရေးကြေညာစာတမ်းမှာ
စာပိုဒ်စုစုပေါင်း (၃၀)ပါဝင်ပါတယ်။ ကျန်တဲ့ စာပိုဒ်တွေကို ဆက်လက်ဝေငှပါမယ်။
No comments:
Post a Comment