Wednesday, August 22, 2012

ပုစွန်ကြော်နဲ့ သရက်သီးထမင်းသုပ်


တရုတ်ဟင်းလျာတွေကို စားသောက်ရတာ ကျွန်တော်ကတော့ကြိုက်တယ်။ စားနေကြအသားတွေကိုချက်ပြုတ်ထားတဲ့ဟင်း အမယ် တွေကိုပေါ့လေ။ တခြား ထူးထူးဆန်းဆန်းဟင်းလျာတွေကိုတော့ ကျွန်တော်စားလေ့မရှိပါဘူး။ အစားအသောက်ကို အနုပညာတစ်ရပ်လို ချက်ပြုတ်စားသောက်တတ်တဲ့ သူ့တို့အလေ့ကို ကျွန်တော်ကတော့ သဘောကျတယ်။

ကဲအခု တရုတ်စတိုင် ပုစွန်ကြော်နဲ့ သရက်သီးထမင်းသုပ်ကို လုပ်စားကြည့်ရအောင်နော်။

ကျွန်တော်ချက်တာဟုတ်ဘူးနော်..ဟဲဟဲ  Corner of 26x65 Road, 02-74349 and No-146, Corner of 73 x 32 Road , 02-68756 တွေမှာရှိတဲ့ Cafe JJ မှာစားလို့ရမယ်။

တရုတ်စတိုင် ပုစွန်ကြော်
ပါဝင်သောပစ္စည်းများ
ပုစွန်(အလတ်စား) - ၂၅၀ဂရမ် (အခွံချွတ်ပြီး ကျောခွဲကာ ရေဆေးထားရန်)
ဆား - အနည်းငယ်
သကြား - အနည်းငယ်
ကြက်ဥအကာ - တစ်ဝက်
ဆီ - အနည်းငယ်
ရွှေပဲသီး - ၁၅၀ ဂရမ်
ကြက်သွန်ဖြူ - ၂မြွှာ (နုပ်နုပ်စင်းထားပါ)
ချင်း - အနည်းငယ်
ကြက်နားရွက်မှို - ၁၀ခုခန့် (ရေစိမ်ထားပါ။)
ပဲငံပြာရည် - စားပွဲဇွန်း ၁ဇွန်း
ခရုဆီ - စားပွဲဇွန်း တစ်ဝက်
တရုတ်ဆန်အရက် - စားပွဲဇွန်း တစ်ဝက်
ကော်မှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း

ချက်ပြုတ်ပုံ (လေးယောက်စာ)
- ပုစွန်ကို ဆား၊သကြား၊ကြက်ဥအကာရည်တို့နဲ့ သမအောင်နယ်ပါ။
- ခရုဆီ၊ တရုတ်ဆန်အရက်၊ ပဲငံပြာရည်၊ ကော်မှုန့်တို့ကို ပန်းကန်လုံးထဲမှာ ရောမွှေထားပါ။
- အိုးထဲဆီထည့်ပြီး ဆီကျက်တဲ့အခါ ပုစွန်ကို ဆယ်စက္ကန့်ခန့်ကြော်ကာ ပန်းကန်ထဲ ခဏထည့်ထားပါ။
- ရွှေပဲသီးကို ၁၅မိနစ်ခန့်ကြော်ပြီး နောက်ပန်းကန်တစ်လုံးမှာ ခဏထည့်ထားပါ။
- ကြက်သွန်ဖြူနဲ့ချင်းကို အနံ့မွှေးကြိုင်လာတဲ့အထိ ကြော်ပြီး ကြွက်နားရွက်မှို၊ ကြော်ထားတဲ့ပုစွန်တို့ကို ထည့်ကြော်ပါ။ ပြီးရင် တရုတ် ဆန်အရက်၊ ကော်မှုန့်၊ ပဲငံပြာရည်နဲ့ ခရုဆီတို့ကို ပန်းကန်တစ်လုံးထဲမှာ ရောမွှေပြီး ပုစွန်နဲ့မှိုကြော်နေတဲ့ အိုးထဲထည့်ကာ ဆူပွက်လာ တဲ့အထိတည်ပါ။
- နောက်ဆုံးအဆင့်အနေနဲ့ ကြော်ထားတဲ့ရွှေပဲသီးကိုထည့်ပြီးရင်တော့ ပူပူနွေးနွေးနဲ့ ထမင်းမြိန်စေမယ့် တရုတ်စတိုင်ပုဇွန်ကြော်ကို သုံးဆောင်နိုင်ပါပြီ။

သရက်သီး ထမင်းသုပ်
ပါဝင်သောပစ္စည်းများ
ကြက်သား - ၂၅၀ဂရမ် (ပါးပါးလှီးထားပါ)
ဆား - အနည်းငယ်
သကြား - အနည်းငယ်
ငရုတ်ကောင်း - အနည်းငယ်
ကြက်သားမှုန့် - အနည်းငယ်
ဆီ - စားပွဲဇွန်း ၇ဇွန်း
ပုစွန်ခြောက် - ၅၅ ဂရမ်
ပုစွန်ငပိ - အနည်းငယ်
ရှောက်ရွက် - အနည်းငယ်(ပါးပါးလှီးထားပါ)
ချင်း - အနည်းငယ်
ကြက်သွန်နီ(သေး) - ၁၀လုံးခန့်
ထမင်း - ၈၀၀ ဂရမ် (အအေးခံထားပါ)
သခွားသီး - - ၂၁၀ ဂရမ် (အစေ့ထုတ်ပြီး အတုံးသေးများလှီးထားပါ)
သရက်သီး(စိမ်း) - ၂၁၀ ဂရမ် (အခွံခွာပြီးပါးပါးလှီးကာ ဖွဖွလေးထောင်းထားပါ)
ငရုတ်သီး(နီ) - ၂တောင့် (ပါးပါးလှီးထားပါ)
ကြက်သွန်နီကြော် - စားပွဲတင်ဇွန်း ၂ဇွန်း

ချက်ပြုတ်ပုံ (လေးယောက်စာ)
- ကြက်သားကို ဆား၊ သကြား၊ ငရုတ်ကောင်း၊ ကြက်သားမှုန့်တို့နဲ့ သမအောင်နယ်ပြီး ငါးမိနစ်ခန့် နှပ်ထားပါ။
- ဆီကျက်တဲ့အခါ ပုစွန်ခြောက်ကို အနံ့မွှေးလာတဲ့အထိ ကြော်ပြီး ခဏဖယ်ထားပါ။ ကြက်သားကို အညိုရောင်သမ်းလာတဲ့အထိကြော်ပြီး ဆီစစ်ထားပါ။
- ကြက်သား၊ ပုစွန်ခြောက်၊ ကြက်သွန်နီ၊ ချင်း၊ ရှောက်ရွက်၊ ပုစွန်ငါးပိတို့ကို ထမင်းနဲ့ သမအောင်နယ်ပါ။ ပြီးရင် သခွားသီးနဲ့ သရက်သီးကိုထည့်ပြီး ပြန်နယ်ပါ။
- ပန်းကန်ထဲမှာ နယ်ထားတဲ့ထမင်းကိုထည့်ပြီး အပေါ်က ငရုတ်သီးစိမ်း၊ ကြက်သွန်နီကြော်တို့နဲ့ အလှဆင်ပေးပြီးရင်တော့ အသွင်ဆန်းတဲ့ သရက်သီးထမင်းသုပ်ကို သုံးဆောင်လို့ရပါပြီ။

No comments: