ပရဟိတ
လုပ်ကိုင်နေသူများသည် သူတစ်ပါး အကျိုးပြု လုပ်ငန်းများကို
လုပ်ကိုင်ပေးနေသူများ ဖြစ်ကြသည်။ ပရဟိတ လုပ်ငန်း လုပ်ကိုင်သူများ ဆိုရာတွင်
ရဟန်းရှင် လူ ပုဂ္ဂိုလ် အားလုံးကို အကျုံးဝင်စေသည်။
ထိုကဲ့သို့သော လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ပေးနိုင်ဖို့ရန် တော်ရုံတန်ရုံ စိတ်ဓာတ်ဖြင့် မဖြစ်နိုင်ပေ။ အဘယ်ကြောင့် ဆိုသော် ပရဟိတ လုပ်ငန်းလုပ်ကိုင်သူသည် ကာယကံ အားဖြင့်လည်း အပင်ပန်းခံရသည်။ ၀စီကံအားဖြင့်လည်း အနားမနေရ။ မနောကံအားဖြင့်လည်း စီစဉ်နေရသည်။ လူအားကိုလည်း ရင်းနှီးရသည်။ အချိန်အားကို စိုက်ထုတ်ရသည့်အပြင် တစ်ခါတစ်ရံ ငွေအားကိုပါ အကုန်ကျ ခံရသေးသည်။ ထို့အပြင် ပတ်ဝန်းကျင်မှ အဝေဖန်ပင် ခံရတတ်သေးသည်။
ထိုထိုသော အဆင့်များစွာကို ကျော်ဖြတ်နိုင်မှ သာလျှင် ပရဟိတ လုပ်ကိုင်နိုင်သော အဆင့်သို့ ရောက်ရှိရသည်။ မြတ်စွာဘုရားသည် ပါရမီ ဖြည့်စဉ် ဘ၀များစွာတွင်လည်း ပရဟိတ လုပ်ငန်းများစွာကို လုပ်ကိုင်ခဲ့သည်။ ဘုရားဖြစ်တော်မူပြီး နောက်တွင်လည်း သတ္တ၀ါများအကျိုးအတွက် ပရဟိတ လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ သတ္တ၀ါများစွာကို နိဗ္ဗာန် အထိပင် ပို့ဆောင်ပေးခဲ့ပေသည်။ ကျေးဇူးကြီးမားလှပေစွ။
အများအကျိုး ပရဟိတ လုပ်ကိုင်ရင်း မိမိ အတ္တအကျိုးအတွက် ဦးစားပေး ပြုလုပ်သွားကြသော ပုဂ္ဂိုလ်များလည်း ရှိသည်။ ပရဟိတ ဟု အမည်ခံကာ မိမိအတွက် အကျိုးစီးပွား ဖြစ်ထွန်းရေးကိုသာ လုပ်ဆောင်သွားတတ် သောကြောင့် ထိုသူကို ပရဟိတ ပုဂ္ဂိုလ်ဟု ခေါ်ဆို၍ မရနိုင်ပေ။ အတ္တဟိတ ပုဂ္ဂိုလ် သာလျှင် ဖြစ်သည်။
ထိုကြောင့် ပရဟိတ လုပ်ကိုင်နေသူများသည် ထိုအချက်ကိုလည်း သတိကြီးစွာ ဂရုပြုသင့်ပေသည်။
ပရဟိတ လုပ်ကိုင် ကူညီနေကြသော ပုဂ္ဂိုလ်များသည် အခြေခံ အားဖြင့် အောက်ပါ အချက်များကို လေ့လာပြီး မိမိ၏ စိတ်သန္တာန်ကို စိစစ်ပေးနေရမည် -
(၁) သာသနာကို ကြည်ညိုမြတ်နိုး ယုံကြည်သော သဒ္ဓါအား ထက်သန်ရမည်။
(၂) အများအကျိုးအတွက် ဆန္ဒ ပြင်းပြရမည်။
(၃) ဒေါသ မကြီးရ။
(၄) စိတ်ရှည်၊ သည်းခံနိုင်ရမည်။
(၅) လူသားများကို မေတ္တာဓာတ်ဖြင့် ကြည့်နိုင်အောင် ကြိုးစားရမည်။
(၆) မိမိ လုပ်တာသာလျှင် အမှန်ဟု မဖြစ်စေရ။
(၇) အဖွဲ့တွင် လုပ်ကိုင်နေသူ ပုဂ္ဂိုလ်များနှင့် တိုင်ပင်ရမည်။
(၈) အဖွဲ့ဝင် အချင်းချင်း လုပ်ငန်းနှင့် ပတ်သက်၍ လျှို့ဝှက်ချက် မထားရ။
(၉) အဖွဲ့ဝင်အားလုံး ရိုးသားမှုနှင့် ပွင့်လင်းမှုကို အခြေခံထားရမည်။
(၁၀) တစ်ဦးနှင့် တစ်ဦး မာန မရှိစေဘဲ အပြန်အလှန် လေးစားမှု ရှိရမည်။
(၁၁) အဖွဲ့အစည်း အထဲတွင် သူ့လူ၊ ငါ့လူ ဟူ၍ မရှိစေရ။
(၁၂) မိမိကိုယ်တိုင်လည်း အဖွဲ့အစည်းတွင် အရေးကြီးသော လုပ်ငန်းနေရာ ယူတတ်ရသလို သူတစ်ပါးကိုလည်း နေရာ ပေးနိုင်ရမည်။
(၁၃) အလုပ်နှင့် ပုဂ္ဂိုလ် နှစ်ခုတွင် ပုဂ္ဂိုလ်ထက် အလုပ်ကိုသာ ဦးစားပေး ကြည့်ရမည်။
(၁၄) အလှူရှင် လှူဒါန်းထားသော အလှူငွေကို သော်လည်းကောင်း၊ အလှူပစ္စည်း ကိုသော်လည်းကောင်း ရည်ရွယ်ချက် မှန်မှန်ဖြင့် ပြီးမြောက်အောင် အချိန်နဲ့ တပြေးညီ လုပ်ဆောင်ပေးရမည်။
(၁၅) ငါ့ နာမည်အတွက် မဖြစ်စေရဘဲ အဖွဲ့နာမည်အတွက်၊ သာသနာ အတွက်သာ ဖြစ်ရမည်။
(၁၆) ရှေ့လုပ်ငန်းစဉ်များအတွက် ကြိုတင် စီမံချက် ဆွဲထားရမည်။
(၁၇) မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရား လေးပါးကို လက်ကိုင်စွဲထားရမည်။
(၁၈) အဖွဲ့ဝင် အားလုံးသည် ကောင်းသည့် စေတနာဖြင့် လုပ်ဆောင် ပေးနေကြသည် သာ ဖြစ်သည့်အတွက် တစ်ဦးနှင့် တစ်ဦး နားလည်မှု အပြည့်အ၀ ပေးရမည်။
(၁၉) မိမိ လုပ်ကိုင်နေသော အလုပ်သည် အများအကျိုးအတွက် လုပ်ကိုင်ရင်း ကုသိုလ်အရေး ဖြစ်သောကြောင့် အကုသိုလ် ဖြစ်စေမည့် ကိစ္စရပ်များကို ရှောင်ရှားရမည်။
(၂၀) ငါကတော့ အဲဒါကို လုပ်ထားတယ်၊ သူကတော့ ငါ့လောက် မလုပ်ဘူး ဆိုသည့် အတွေးမျိုးထက် ငါကလည်း ဒီလို လုပ်ထားတယ်၊ သူကိုလည်း ငါ့လို လုပ်နိုင်အောင် ကူညီ တွန်းအားပေးသွားမယ် စသည့်ဖြင့် အချင်းချင်း လက်တွဲ ခေါ်ဆောင်သွားရမည်။
(၂၁) အချို့သော အခြေအနေမျိုးတွင် အလုပ်ပြီးစီးဖို့သာ အဓိက ဖြစ်သည့်အတွက် သူ့အလုပ်၊ ငါ့အလုပ် ဟု မခွဲခြားဘဲ အချင်းချင်း ကူညီကြရမည်။
(၂၂) အလုပ်လုပ်ရာတွင် တစ်စုံတစ်ဦးမှ တိုက်တွန်းစရာ မလိုဘဲ မိမိ၏ ဆန္ဒနှင့် လုပ်ကိုင်နိုင်အောင် ကြိုးစားရမည်။
(၂၃) သူတစ်ပါး ထိခိုက်စေသော ကိစ္စရပ်များကို ရှောင်ကြဉ်နိုင်၍ အသိ ဉာဏ်ပညာဖြင့် နှိုင်းဆ ချင့်ချိန်ကာ အလုပ်လုပ်တတ်ရမည်။
(၂၄) ကိုယ်ကျင့်တရား ပြည့်စုံအောင် ကြိုးစားနေရမည်။
(၂၅) ပေးဆပ်ခြင်းမှာ ပျော်မွေ့နေသူများ ဖြစ်နေရမည်။
အထက်ပါ အရည်အချင်းများကို အတတ်နိုင်ဆုံး ပြည့်စုံအောင် ကြိုးစားလာနိုင်ပါက ပရဟိတ စိတ်ဓာတ် ပြည့်ဝသော အရည်အချင်းရှိသည့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်လာပေမည်။ ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးလုံးဖြင့် ကုသိုလ်များ ရရှိနေသည်။ ထိုကဲ့သို့ စိတ်ထား ရှိသည့် ပုဂ္ဂိုလ်များသည် ဒါန ပါရမီအစ၊ ဥပေက္ခာ ပါရမီ အဆုံး အစရှိသည့် ပါရမီ ဆယ်ပါးကို ဖြင့်ကျင့်ခြင်းဖြင့်ပင် တူပေသည်။ ဘုရားအလောင်းတော် တို့၏ စိတ်ဓာတ်ပင် ဖြစ်သည်။ နိဗ္ဗာန်သို့လည်း လွယ်ကူစွာ ဆိုက်ရောက်နိုင်သည်။
ထိုကြောင့် ပရဟိတ လုပ်ကိုင်နေသူတို့ လျှောက်လှမ်းနေသော ခြေလှမ်းများသည် နိဗ္ဗာန်သို့ဦးတည် လျှောက်လှမ်းနေ ကြသော ခြေလှမ်းများပင် ဖြစ်နေသည်ဟု ဆိုချင်ပေတော့သည်။
အရှင်ဉာဏဒီပ (ဓမ္မရတနာ) ၏ ပရဟိတလုပ်ဆောင်သူအတွက်ဆုံးမသြ၀ါဒ

No comments:
Post a Comment