စာရေး ကိရိယာ ဆိုင်များသို့ ရောက်တိုင်း ခဲဖျက်ကလေးများကို ကျွန်မ မမေ့မလျော့ ကိုင်ကြည့်လေ့ ရှိသည်။
ခဲဖျက်
အတုံးကြီးကြီးတွေ၊ ရောင်စုံရေမွှေး ခဲဖျက်လေးတွေ၊ အသီးပုံနှင့် အရုပ်ပုံ၊ အကောင်
ပုံလေးတွေနှင့် ခဲဖျက်လေးတွေမှ စ၍ အို နောက်ဆုံး ကုန်ကုန် ပြောရလျှင် ခဲတံ
နောက်မှာ ခနော်နီခနော်နဲ့ တွဲလျက် ပါတတ်သော ခဲဖျက်များအဆုံး ခဲဖျက် မှန်သမျှကို
ကျွန်မ စိတ်ဝင် စားတတ်ခဲ့၏။ ကျွန်မမှာ ရှိသော ခဲဖျက်နှင့် ပုံစံ မတူသော ခဲဖျက်
အသစ်ကလေး တစ်ခုကို တွေ့တိုင်း တွေ့တိုင်းမှာပင် ထိုခဲဖျက်ကလေးများကို ကျွန်မ
ဝယ်သိမ်း မိခဲ့သည်။
ကျွန်မထံတွင် စိတ်ခံစားချက် အမျိုးမျိုးတို့ဖြင့် စုဆောင်း ထားခဲ့သော ခဲဖျက် ကလေးများ တော်တော် များပါသည်။ နာကျင်မှုဖြင့် ခဲဖျက်ကလေးများကို ကျွန်မ စုဆောင်းဖူးသည်။ ပျော်ရွှင်မှုဖြင့် စုဆောင်းဖူးသည်။ အောင်မြင်မှု တစ်ခုဖြင့်လည်း စုဆောင်းဖူးသလို၊ လူမသိ သူမသိ မှားယွင်း ခဲ့ဖူးသော ဆုံးဖြတ်ချက်များ အတွက်လည်း ထိုခဲဖျက်လေးများကို ကျွန်မ စုဆောင်းခဲ့မိ၏။ ဘ၀မှာ မထင် မှတ်ပါဘဲနှင့် ခလုတ်တိုက် ချော်လဲ ခဲ့ရသည့် အခါမှာလည်း ကျွန်မသည် ခဲဖျက် ကလေးများကိုသာ သတိရ စုဆောင်းမိမြဲ။ ကျွန်မ၏ ခဲဖျက်ကလေး များသည် စက္ကူဘူးလေးထဲမှာ ခံစား ချက်မျိုးစုံကို သိုသိုသိပ်သိပ် ထိန်းသိမ်း ရင်းဖြင့် တိတ်တိတ်ဆိတ်ဆိတ် ရှိနေခဲ့ပါသည်။
ခဲဖျက်ကလေးများကို မကြာခဏ ဆိုသလိုပင် မျိုးမည် မသိသော ခံစားချက် တစ်မျိုးဖြင့် ကျွန်မ ထုတ် ထုတ်ကြည့်ဖြစ်၏။ ကျွန်မ သွေးတို့ မနီရဲနိုင်တော့သည့် အခါ၊ ကျွန်မ ကိုယ့်ထံပါးမှာ ကိုယ့်ဘာသာ လဲပြို ရှုံး နိမ့်လုနီးနီး ဖြစ်သည့် အခါ ခဲဖျက်လေး များကို ဆုပ်ကိုင် ကြည့်ရှုရင်းဖြင့် ကျွန်မ အားယူ ခဲ့ရသည်။ ထိုအခါတိုင်း ခဲဖျက်တို့သည် ရဲရင့်သော ခံစားချက် တစ်မျိုးဖြင့် ကျွန်မ ကိုယ်ထဲသို့ အရှိန်ပြင်းပြင်း စီးဝင်လာကာ ကျွန်မ၏ မာနနှင့် အတ္တတို့ကို တရွေ့ချင်း ပွတ်တိုက်တွန်း ဖြတ်တော့သည်။ ဘ၀၏များပြားလှ သော အလျင်တောထဲက စီးမျောလာသော ကျွန်မ၏ ဆုံးဖြတ်ချက်အမှား၊ အတွေ့အကြုံအမှား၊ ဆန္ဒအမှား၊ အတ္တ အမှား၊ သိက္ခာအမှား၊ လောဘအမှား၊ ဒေါသအမှား၊ စေတနာ အမှားတို့ကို ရဲတင်းတည်ငြိမ်စွာ တာဝန်ယူရဲဖို့ ခဲဖျက်ကလေးများထံမှ တိတ်တဆိတ် ကျွန်မ သင်ယူခဲ့ရပါသည်။
တကယ်တော့ ခဲဖျက်ကလေး များနှင့် ကျွန်မ တစ်သားတည်း ကျွမ်းဝင် ရင်းနှီးသွားဖို့ ဆိုသောကိစ္စသည် ကျွန်မအတွက်တော့ တော်တော်ခက်ခဲ ခဲ့ပါသည်။ ခဲဖျက်ဆိုသော အရာနှင့် စသိသော အချိန်က-တခြား အက္ခရာ များကို ဘာဆိုဘာမှ မရေးတတ်သေးသော ၀လုံးရေးစ အရွယ်။ လေးကြောင်း မျဉ်းထဲမှာ ၀လုံးကလေးကို ၀င်အောင် ရေးဖို့နှင့် ၀ိုင်းအောင်ရေးဖို့ ဆိုသောကိစ္စ သည် ကျွန်မအတွက်တော့ သိပ်ကိုမှ ခက်ခဲပင်ပန်းလွန်းခဲ့သည်။ ကျောင်း မနေခင်က စာရွက်လွတ်ပေါ်မှာထင် သလို ရေးခဲ့သော ၀လုံးများကို လွမ်းရင်း ခဲဖျက်များနှင့် ကျွန်မ ဆုံတွေ့ ခဲ့ရသည်။ ထိုအခါ ခဲတံနောက်က တွဲလျက် ပါလာသော ခဲဖျက်မည်းမည်း လေးကို ကျွန်မ မုန်းမိတော့သည်။ သူက ကျွန်မ ရေးသမျှကို လိုက်ဖျက် နေသည်ပဲ။ ကျွန်မ ကြိုးစားပမ်းစား ရေးထားသော ၀လုံးလေးများကို မ၀ိုင်းသေး ဘူးဆိုကာ ရက်စက်စွာဖြင့် အဖျက် ခံလိုက်ရတိုင်း ကျွန်မသည် မ၀ိုင်းသော ၀လုံးများကို အတ္တအမှားဖြင့် ၀ိုင်းသည် ထင်ကာ မျက်ရည်အ၀ိုင်းသားဖြင့် အံကြိတ်ရင်း ခဲတံနောက်မှ ခဲဖျက်တို့ကို မုန်းမိရပြန်သည်။ ပိန်ရှုံ့ရှုံ့၊ သေးကျစ်ကျစ် ၀လုံးလေးတွေက ကျွန်မရေးသည်မို့ ကျွန်မ မျက်လုံးထဲ တွင်တော့ သိပ်လှ နေခဲ့သည်ပေါ့။
သို့သော် ရက်စက်စွာ ဖျက်ပစ်လိုက် သော ခဲဖျက်တို့၏ ဖျက်ရာ နောက်မှာ ကျွန်မ ၀လုံးတို့ ပိုပိုဝိုင်းလာသည့်အခါ ကျွန်မသည် ၀လုံးတို့ ထင်သလောက် မ၀ိုင်းတိုင်း ခဲဖျက်လေးဖြင့် ရဲရင့်စွာ ဖျက်ရဲ လာခဲ့ပါသည်။ မှားယွင်းသွား သည့် နေရာလေးမှာ ခဲဖျက်ရာတို့ စွန်းထင်း ကျန်ရစ် ခဲ့သော်လည်း ပိုဝိုင်း သော ပိုလှသော ၀လုံးလေးများကို ပြန်ရေးဖို့အတွက် ခဲဖျက်လေးများကို ကျွန်မ ရဲဝံ့စွာ သုံးရဲလာခဲ့သည်။ ခဲဖျက် လေးများသည် ကျွန်မပုံဆွဲသည့်အခါ.. တောအုပ်ကလေးများကို ပိုမိုစိမ်းမြ စေဖို့အတွက် ကူညီပေးနိုင်သလို၊ သချာင်္ တွက်သည့်အခါမှာလည်း မသိကိန်း များကို အချိုးညီညီ ပေါင်းစပ်စေ နိုင်ဖို့အတွက် ရဲရင့်ဖော်ဖြစ်ခဲ့သည်။
သို့သော် ကျောင်းစာအုပ်ထဲမှာ မဟုတ်သည့် တကယ့်ဘ၀ကို ကျွန်မ ဖြတ်သန်းလာရချိန်မှာတော့ ကျွန်မ သည် ခဲဖျက်လေးများကို ဖျက်ဖို့ အတွက် မရဲရင့်ချင်တော့ပြန်ပေ။ ကျွန်မ ထင်သလိုရေးသော ၀လုံးအရွဲ့အစောင်း များကို ၀ိုင်းသည်ဟု ခေါင်းမာစွာ ငြင်းဆန်ချင်လာခဲ့သည်။ စာရွက်ထဲက ၀လုံးတို့ကို ဖျက်ဖို့လွယ်သော်လည်း တကယ့် ဘ၀ထဲမှ ၀လုံးတို့ကိုခဲဖျက်နှင့် ဖျက်ပစ်လိုက်ဖို့၊ အဖျက်ခံရဖို့ ဆိုသော ကိစ္စသည် သိပ်ကို စွန့်စား လွန်းရာကျ လွန်းသည်ဟု ကျွန်မထင်ခဲ့မိသည်။ ထိုအခါ ခဲဖျက်တုံးလေးများကို မြင် တိုင်းမျက်နှာတို့ နွေးပူကာ ကျွန်မသည် ခဲဖျက်များကို မမြင်ချင်ယောင်ဆောင် မိမြဲ။ ခဲဖျက်တုံးလေးများကို ကိုင်ဆောင် လာသော သူများကို တွေ့တိုင်း ဝေးဝေး မှ ပြေးပုန်းချင်လာမြဲ။ ထိုသို့ဖြင့် ကျွန်မ၏ အတ္တမျှော်စင်ထဲသို့ ကျွန်မ၏ အမှားတချို့ကို သိုသိုဝှက်ဝှက်ဖြင့် လူမမြင်အောင် သိမ်းဆည်းကာ ကျွန်မ ၏ ၀ိညာဉ်တို့သည်လည်း လေးလံ ညစ်ထေး လာခဲ့ရတော့သည်။
တကယ်တော့ မာနနှင့် အတ္တတို့ကို အထိပါး ခံကာ ကျွန်မ၏ ညစ်ထေးထေး အမှား များကို ရဲဝံ့စွာ ဖျက်ပစ်လိုက်ဖို့ ခဲဖျက် တုံးလေးများသည် သစ္စာရှိစွာဖြင့်ပင် ကျွန်မ လက်တစ်ကမ်းမှာ ရှိနေကြပါ သည်။ ကျွန်မ လှမ်းယူလိုက်ရုံပင်။ သို့သော် ထိုခဲဖျက်တုံးလေးများကို လှမ်း ယူလိုက်ဖို့အတွက် ကျွန်မသည် ကျွန်မ ကိုယ်မှ နာကျင်စွာ ရုန်းထရပါမည်။ ထိုအခါ ခဲဖျက်တို့သည် ကျွန်မ၏ တည်ရှိခြင်းကိုပါ တစ်စစီ ပျောက်ပျက် သွားအောင်လို့ ဖျက်ပစ်လိုက်ကြမည် လား။ ခဲဖျက်တို့နှင့် တရွေ့ချင်း အဖျက် ခံလိုက်မည်ကို ကျွန်မစိုးရွံ့သည်။ ကျွန်မ နာကျင်သည်။ ကျွန်မ ၀မ်းနည်းရပါ သည်။ ခဲဖျက်တို့သည် ကျွန်မ၏ အမှားများကို လူတကာ ရယ်ပွဲဖွဲ့လှောင်ပြောင် စေဖို့အတွက် တန်ဖိုးကြီးသောသက်သေ တစ်ခုဖြစ်မည်ကို စိုးရိမ်မိပြန်သည်။
သို့သော် ကမ္ဘာ့သမိုင်း မှတ်တိုင် တချို့မှ ခဲဖျက်တို့ကို မထီမဲ့မြင် လုပ်ခဲ့ သော အမှားရာ ဗရာပွနှင့် ကိုယ်တိုင် ရေး စာမျက်နှာ တချို့တို့ကို မြင်ရသည့် အခါမှာတော့ ကျွန်မသည် ခဲဖျက်တို့ကို ကြောက်လန့်တကြားဖြင့် ကောက်ကိုင် မိရတော့သည်။ မှားသွားသည်ဟု သိလိုက်သည်နှင့် တစ်ပြိုင်နက်တည်း တစ်ချက်နောက်မတွန့်ပါဘဲ ရဲရင့်စွာဖြင့် ဆိုးခနဲ ဆတ်ခနဲ ဖျက်ရဲသော သမိုင်း ဖြူစင်သူ သူရဲကောင်းများ၏ ခဲဖျက် ဖျက်ပုံဖျက်နည်းများကို ကျွန်မသည် တိတ်တဆိတ် အားကျကြည်ညိုမိရ သလို သမိုင်း မှတ်တိုင်ထဲမှ ကဒါဖီနှင့် ဟစ်တလာတို့နှင့် ခဲဖျက်တုံးများကို တစ်စစီ ခြေမွှပစ်ပုံများက ကျွန်မကို လန့်ထိတ်စရာ ကောင်းအောင် ခြောက်လှန့် နေခဲ့ပြန်သည်။ ခဲဖျက်တို့ကို ငြင်း ဆန်ခဲ့သော ကဒါဖီ၏ နောက်ဆုံးနေ့ များသည် ကျွန်မကို ကြောက်လန့်စေ နိုင်ခဲ့သည်။ တန်ခိုးနှင့် အာဏာတို့သည် ခဲဖျက်တို့၏ စွမ်းရည်ကို သေးကျုံ့သိမ် ငယ်သွားစေဖို့ မစွမ်းဆောင်နိုင်သည်က သေချာပါသည်။ ခဲဖျက်တုံးများကို မထီမဲ့မြင် ပြုဝံ့သူများ၏ သွားရာလမ်း တို့က မည်းညစ်လွန်းလှသည်ကော။ သမိုင်းထဲမှာ တရားခံအဖြစ် ရာဇ၀င် တွင်ရစ်စေဖို့ အမှားခြေရာတို့ကို အထင်း သားကျန်ရစ်ရအောင် ချန်ရစ်ခဲ့သူတော့ ကျွန်မ မဖြစ်လိုပါ။
သို့သော် လောက၌ လူမိုက်တို့ ပေါလွန်းလှသည်ဟု ဗုဒ္ဓခေတ်က ဗုဒ္ဓနှင့် ခေတ်ပြိုင် ပရိဗိုဇ်ကြီးတစ်ဦးက ဆိုခဲ့ သည်။ နိဗ္ဗာန်ကို ငြင်းဆန်အာခံဝံ့သော၊ ပရိသတ် အခြံအရံနှင့် အောင်မြင် ကျော်ကြားမှုတို့ကို မက်မောသော၊ ထို ပရိဗိုဇ်ကြီးကတော့ လောကမှာ ပေါလှ သော လူမိုက်တို့ သူ့ဆီလာလိမ့်မည်ဟု ခနိုးခနဲ့ဆိုရင်း ခဲဖျက်တို့အား လှောင် ပြောင်ခဲ့သည်။ ဆရာအဖြစ် ကိုးကွယ် ခံရမှု နေရာကလေးမှ တစ်ချက်လေး ဆင်းမပေးချင်သူပေမို့ အမှားရာကို အမှားရာ အတိုင်းထားကာ ခဲဖျက်ဖျက်ဖို့ ဗုဒ္ဓကိုရဲဝံ့စွာ ငြင်းဆန်ခဲ့၏။
မှားနေသည် ကို သိလျက်နှင့်ပင် အမှားကို သံသရာ အထိ မျောယူခေါ်ဆောင်သွားဦးမည်ဟု သူဆိုခဲ့သည်ပဲ။ မိုက်မဲသူတို့ ပေါသော လောကမှာ လူကြိုက်များဖို့အတွက် ကျွန်မတို့တွေလည်း ထိုပရိဗိုဇ်ကြီး ကဲ့သို့ပင် ခဲဖျက်တွေကို မလွဲမရှောင် သာ ငြင်းဆန်နေကြရလေသလား။ ဘ၀ လမ်းခရီး၌ ကျွန်မတို့သည် များလှသော ပရိဗိုဇ်ကြီး၊ ပရိဗိုဇ်လတ်၊ ပရိဗိုဇ်ငယ်၊ ပရိဗိုဇ်အလောင်းအလျာတွေကို အများ ကြီး တွေ့နေရသလို ကျွန်မ ကိုယ်တိုင်ပင် တစ်ခါတစ်ရံ ကိုယ်တိုင်မသိလိုက် ရပါဘဲနှင့် ပရိဗိုဇ်ကြီး ဖြစ်ရပြန်ပါသည်။
သို့သော် ခဲဖျက်တုံးများကို ကိုင်ခဲ့ သော၊ ဖျက်ရဲသော သတ္တိရှိသူ သူရဲ ကောင်းတို့ကဖြင့် ခဲဖျက်ရာမှုန်များဖြင့် ခင်းသော သစ္စာလမ်းမထက်၌သူတို့၏ ခြေရာများကို ထင်ရှားစေခဲ့သည်။ ဒုက္ကရစရိယာတရားကို တပည့်ငါးဦး၏ အခြံအရံဖြင့် ခြောက်နှစ်တိုင်တိုင် ကျင့်ပြီးကာမှ ထိုလမ်းသည် မှားယွင်း သော လမ်းမှန်း သိကာ ချက်ချင်း ပြင် ဆင်ဖို့ဆုံးဖြတ်ခဲ့သော၊ ပဉ္စ၀ဂ်္ဂီ ငါးဦး၏ စွန့်ခွာခြင်းကို မတုန်မလှုပ် ခံယူခဲ့သော သိဒ္ဓတ္ထ မင်းသား၏ ဂန္ထ၀င်ခဲဖျက်ရာ။ မှန်သော လမ်းပေမို့ လက်ခုပ်သံတစ်စုံ တစ်ရာ မကြားမနာ ရလောက်အောင် ခြောက်သွေ့ တိတ်ဆိတ် လွန်းလှသည်။ မှန်သောလမ်းသည် ဆူးခက်တို့ပေါ သည်မို့ လူကြိုက် နည်းလွန်းသည်လား။
သို့သော် တပည့်ငယ်သားလေး ပေးသော ခဲဖျက်အား ရဲရဲဝံ့ဝံ့ယူလျက် မိမိထုတ်သော အမိန့်ပေါ်တွင် တည် ကြည် ရိုးသားစွာ လိုက်နာခဲ့သူ ကျွန်မ တို့၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ခဲဖျက် ဖျက်ဝံ့ သော စိတ်ဓာတ်ကား အံ့သြ လေးစားစရာ ကောင်းလှပါသည်။ ခဲဖျက်ပေးသူ နှင့် ယူသူတို့၏ ဟန်ချက်ညီညီ ခတ်လိုက်သော သစ္စာ မီးခတ်ပွင့်သည် ခေတ် သမိုင်းအဆက်ဆက်၌ မငြိမ်းသော အလင်းဖြင့် တောက်ပနေခဲ့သည်။ မိသားစုနှင့် အိမ်မှအထွက် မိမိကားမှာ တပ်ဆင်ထားသော နိုင်ငံတော်အလံကို ဖြုတ်ပစ်ဖို့ မေ့လျော့ခဲ့သော ဗိုလ်ချုပ် အား ကားကို တားကာ အလံဖြုတ်ခိုင်း ၀ံ့သော စစ်အမူထမ်းတစ်ဦး၏ ခဲဖျက် ရာက လေးစားစရာကောင်းလှသလို၊ ထိုတာဝန်ကျေမှုကို တစ်ချက် အမျက် မသိုပါဘဲနှင့် ကြည်ဖြူ နှစ်ခြိုက်စွာ ဖြင့်ပင် ကားမှအလံကို ဖြုတ်ချခွင့်ပြု ခဲ့သော ဗိုလ်ချုပ်၏ ခဲဖျက်ကို မြတ်နိုး သော စိတ်သည် ခဲဖျက်ရာတို့ကို တန်ဖိုး ထားမိတတ်စေဖို့ ကျွန်မအတွက် စိတ်သင်ရိုး တစ်ခုဖြစ်ခဲ့၏။ ဗိုလ်ချုပ်ကို လူတွေချစ်ခြင်း၊ သမိုင်း တစ်လျှောက် လုံး ကျွန်မတို့ အားလုံး၏ ရင်ထဲမှာ ဗိုလ်ချုပ် ခမ်းနားကြီးကျယ် စေခဲ့ခြင်းသည် ဗိုလ်ချုပ်၏ သမိုင်းတစ်လျှောက်မှ ခဲဖျက်ရာတွေကြောင့်သာဟု ကျွန်မဆိုချင် သည်။
အမှားကို ၀န်ခံဖို့နှင့် မှားနေသော အမှားကို မှားမှန်း သိသည်နှင့် ချက်ချင်း ရပ်ကာ အမှန်ကို ပြင်လိုက်ဖို့ ဆိုသော အရာသည် နည်းနည်းကလေးတော့ဖြင့် နာကျင်ပင်ပန်းပါလိမ့်မည်။ မှားယွင်းမှု ပေါ်မှာ ခေါင်းမာမာဖြင့် ခြေစုံရပ်ရင်း၊ ပုံပြင်ထဲက မျက်လှည့် တုတ်တံလိုမျိုး၊ တန်ခိုးတုတ်တံ အမျိုးမျိုးတို့ကို ကိုင် ဆောင်သူ၊ အမှားအယွင်းတို့ကို တန်ခိုး တုတ်တံလေး တစ်ချက် သုံးလိုက်ရုံနှင့် ပုံဖျောက် အရောင်သွင်းနိုင်သူ ပရိဗိုဇ် ကြီးများက ပေါများ လွန်းလှသည်။ ဘ၀တစ်လျှောက်လုံး ခဲဖျက်ကိုတစ်ခါ မှ မသုံးခဲ့ဖူးသူများက ပေါများလွန်း နေခဲ့ပြီ။ ထို့ကြောင့်လည်း စာသင်ခန်း တို့တွင် ခဲဖျက်တုံးများ ကျပျောက် ခဲ့ရသလို၊ ဆေးရုံဆေးခန်းတို့တွင် လည်း ခဲဖျက်တုံးတို့ လွင့်စဉ်ခဲ့ရပါ သည်။ တရားရုံးမှာ...၊ အိမ်မှာ...၊ ချစ်သူချင်းမှာ..၊ မိတ်ဆွေချင်းမှာ... ခဲဖျက်တုံးများ ပုံပျက်ကျပျောက်ခဲ့ကြ သလို ပရိဗိုဇ်ကြီးများနှင့်လည်း ကျွန်မ တို့ မကြာခဏဆိုသလို ခလုတ်တိုက်မိ ကြရသည်။
ထိုသို့ဖြင့် ရေးချင်သလို ရေးနေကြ၍ ၀လုံး မမည်သော ၀လုံးများက လောကစာမျက်နှာများမှာ ပိန်လိမ်ရွဲ့ စောင်းကာ၊ လေးကြောင်းမျဉ်းတို့သည် လည်း ၀လုံးလေးများကို ၀ိုင်းအောင်လို့ အနား မသတ်နိုင်တော့ပြန်ချေ။ အသက် မ၀င်တော့သော လေးကြောင်းမျဉ်း ဥပဒေထဲ၌ ၀လုံးတို့သည် ၀လုံး ပုံပျက်ကာ လောကကို သရော်လှောင်ပြောင် တော့သည်။ ရွဲ့စောင်းပုံပျက်နေသော ၀လုံးတွေကြားထဲမှာ လေးကြောင်း မျဉ်းထဲဝင်အောင် ရေးထားသော ၀လုံးဝိုင်းဝိုင်းလေး တစ်လုံးတလေ လောက်များ တွေ့မလားရယ်လို့ ကျွန်မ အမောတကောဖြင့်လိုက်ရှာမိသည်။ အတ္တဖြင့် စောင်းရွဲ့နေသောဝလုံး၊ မာန ကြောင့် စောင်းရွဲ့နေသော ၀လုံးများ၊ မိုက်မဲသူတို့ အကြိုက်ညီစေဖို့ ရွဲ့လိုက် ရသော ၀လုံးများ၊ ၀လုံးအပိန် အလိမ်၊ အရွဲ့အစောင်းတွေ ကြားထဲမှာမှ မခံနိုင် တော့၍ ရွဲ့သွားရသော ၀လုံးများ။ ထိုအပဲ့အရွဲ့ ၀လုံးများကို ၀လုံးရယ်ပါ ဟု တစ်ညီတည်း ဆိုကြလေသော အခါ ကျွန်မကိုယ်တိုင် လေးကြောင်းမျဉ်းများ ကို သံသယ၀င်လာရတော့သည်။
တစ်ခါက ဗုဒ္ဓ၏ မှားယွင်းခဲ့ဖူး သော ဒုက္ကရစရိယာ ကျင့်စဉ်၊ ဗိုလ်ချုပ် ကားမှ ဖြုတ်ချခံခဲ့ရသော အလံ၊ ကျွန်မ ၏ လေးကြောင်းမျဉ်း စာအုပ်များထဲမှ ၀လုံးပိန်ရွဲ့ရွဲ့စောင်းစောင်းများက ကျွန်မဆီသို့ တိုးဝင်ရောက်ရှိ လာတော့ သည်။ ဘယ်တော့မှ၊ တစ်ခါမှ မမှား ဖူးပါဘူး ဆိုသောသူတို့က သူတို့ ကိုယ် သူတို့ သေချာနိုင်လေသည်လား။ တကယ်တော့ဖြင့် စိတ်နေရင့်ကျက် သော ရဲဝံ့သူတို့သည်သာလျှင် ခဲဖျက် ကို လှမ်းယူရဲ၏။ ခဲဖျက်တို့ဖြင့် ကိုယ့် အမှားကိုယ် ရဲဝံ့စွာ တာဝန်ယူဖျက်ရဲ ပြင်ရဲပါသည်။ ထိုခဲဖျက်ရာတို့ဖြင့် လူတို့၏ သမိုင်းကို ဖြူစင်စေခဲ့သည်။ လောကကို ခမ်းနားစေခဲ့သည်။ ပိန်လိမ် ရွဲ့စောင်းသော မညီမညာ ၀လုံးများအား ၀ိုင်းစက်စေခဲ့သည်။ အတိတ်သမိုင်းမှ ၀လုံးပိန်၊ ၀လုံးစောင်း၊ ၀လုံးရွဲ့များဖြင့် ၀လုံးမမည်သော ၀လုံးများကို ခဲဖျက် ရာတို့ဖြင့် ၀လုံးဝိုင်းဝိုင်းစက်စက်လေး များ ဖြစ်လာသည်အထိ ပုံဖော်နိုင်မည် လား။ ကျွန်မမျှော်လင့်ချင်ပါသေး သည်။ ဟစ်တလာလို၊ ကဒါဖီလို၊ ပရိဗိုဇ်ကြီးလို..ခဲဖျက်ရာကို ငြင်းဆန် သော သူများဖြင့်တော့ နိုင်ငံကို၊ လူ့ရွာ ကို၊ ကမ္ဘာကို မရွဲ့စောင်းစေချင်တော့ပါ။ ကျွန်မထံတွင် ခဲဖျက်ရောင်စုံတို့ ရှိနေပါ သေးသည်။ ကျွန်မတို့၏ အတ္တ၀လုံး လေးတို့ ၀ိုင်းစက်လာစေဖို့ ကျွန်မတို့သိ သည် ဖြစ်စေ၊ မသိသည်ဖြစ်စေ လက် တစ်ကမ်းအကွာမှာ တည်ရှိနေသော ရောင်စုံခဲဖျက်တို့ဖြင့် ကျွန်မတို့ရဲ့ စိတ် နှလုံးများကို အနာကျင်ခံကာ ပွတ်တိုက် ရပါဦးမည်။
ပန်းရိပ်ဖြူကျွန်မထံတွင် စိတ်ခံစားချက် အမျိုးမျိုးတို့ဖြင့် စုဆောင်း ထားခဲ့သော ခဲဖျက် ကလေးများ တော်တော် များပါသည်။ နာကျင်မှုဖြင့် ခဲဖျက်ကလေးများကို ကျွန်မ စုဆောင်းဖူးသည်။ ပျော်ရွှင်မှုဖြင့် စုဆောင်းဖူးသည်။ အောင်မြင်မှု တစ်ခုဖြင့်လည်း စုဆောင်းဖူးသလို၊ လူမသိ သူမသိ မှားယွင်း ခဲ့ဖူးသော ဆုံးဖြတ်ချက်များ အတွက်လည်း ထိုခဲဖျက်လေးများကို ကျွန်မ စုဆောင်းခဲ့မိ၏။ ဘ၀မှာ မထင် မှတ်ပါဘဲနှင့် ခလုတ်တိုက် ချော်လဲ ခဲ့ရသည့် အခါမှာလည်း ကျွန်မသည် ခဲဖျက် ကလေးများကိုသာ သတိရ စုဆောင်းမိမြဲ။ ကျွန်မ၏ ခဲဖျက်ကလေး များသည် စက္ကူဘူးလေးထဲမှာ ခံစား ချက်မျိုးစုံကို သိုသိုသိပ်သိပ် ထိန်းသိမ်း ရင်းဖြင့် တိတ်တိတ်ဆိတ်ဆိတ် ရှိနေခဲ့ပါသည်။

(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)
No comments:
Post a Comment