စာရေး ၀ါသနာ ပါသူတိုင်းကို ကျွန်တော်
ပြောဖြစ်တာကတော့ စာရေးခြင်းကို အသက် မွေးဝမ်းကျောင်း တစ်ခု အနေနဲ့ သဘော
မထားပါနဲ့ ဆိုတဲ့စကား ဖြစ်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ဒီ ခေတ်မှာ မဂ္ဂဇင်း၊
ဂျာနယ်တွေ ပေါများ လှတယ် ဆိုပေမဲ့ ရသစာပေကို အလေးထား နေရာပေးတဲ့ မဂ္ဂဇင်း၊
ဂျာနယ်က တဖြည်းဖြည်း ယုတ်လျော့လာလို့ ဖြစ်ပါတယ်။ စာရေးချင်သူကများ၊ ရသစာ
ပေထည့်တဲ့ မဂ္ဂဇင်းက နည်း၊ အချိုး အစား မညီမျှလေတော့ အတန်အသင့် နာမည်ရတဲ့
စာရေးဆရာ တစ်ယောက် အဖို့ မဂ္ဂဇင်း တစ်အုပ်မှာ တစ်နှစ်ကို ၃ ကြိမ်၊ ၎
ကြိမ်ထက် ပိုပြီး စာမူဖော်ပြ ခြင်း မခံရနိုင်ပါဘူး။ ဒါကြောင့် စာမူခနဲ့
အသက်မွေးဝမ်းကျောင်း ပြုမယ်ဆိုရင် မဖြစ်နိုင်တော့တဲ့ အခြေအနေမို့
ကျွန်တော်က လူငယ်များကို စာရေးတာ ၀ါသနာ ပါရင် အပျော်တမ်းသာ ရေးပါလို့
တိုက်တွန်းခြင်း ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလထုတ် The Writer မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ ဆောင်းပါး တစ်ပုဒ်ကတော့ စာရေးခြင်းကို အလုပ်တစ်ခုလို သဘော ထားပါလို့ စာရေးဆရာမ ကယ်လီဂျိမ်းစ်အင်ဂါက ဆိုတဲ့အတွက် သီးခြား အသက်မွေး ၀မ်းကျောင်းလုပ်ငန်း မလုပ်ဘဲ စာရေးခြင်း သက်သက်ကိုသာ လုပ်ဆောင်ချင် ကြတဲ့ ဆရာ၊ ဆရာမများ အတွက် သင့်တော်မယ် ထင်လို့ ဖော်ပြပေးလိုက်ပါ တယ်။
စာရေးခြင်း သက်သက်ကိုသာ အချိန်ပြည့် လုပ်ဆောင် နေကြတဲ့ ဆရာ၊ ဆရာမများအနေနဲ့ ၀င်ငွေ မလုံလောက် ဘူး၊ စာမူတွေလည်း ရွေးချယ် ဖော်ပြခြင်း မခံရဘူး ဆိုတဲ့ သတင်းတွေကို ကျွန်မ ကြားသိနေရပါတယ်။ ဒါဟာ စနစ်တကျ မလုပ်တတ်လို့၊ စနစ်တကျ မရေးတတ်လို့၊ လိုက်ဖက်ညီမယ့် နေရာ တွေကို မပို့တတ်လို့ ဖြစ်တာပါလို့ ကျွန်မ ပြောလိုက်ရင် အံ့သြသွားကြမယ် ထင်ပါတယ်။ တကယ်တော့ ကျွန်မ အတွေ့ အကြုံအရ ပြောရမယ် ဆိုရင် အဲဒီ လူတွေဟာ စာရေးဆရာ လုပ်မယ်လို့ စိတ်ရှိ ကြပေမဲ့ စနစ်တကျ မလုပ်တတ်ကြ သူတွေ ဖြစ်ပါတယ်။ အတိုချုပ် ပြောရ မယ်ဆိုရင်တော့ စာရေးခြင်းကို အလုပ် တစ်ခုလို သဘောမထားတတ်ကြသူ တွေ၊ ၀ါသနာ အလျောက် ရေးတဲ့သူတွေ သာ ဖြစ်နေခြင်းကြောင့် ဒီလိုအတွေ့ အကြုံတွေကို တွေ့ကြုံနေရတာပါ။
စာရေးခြင်း သက်သက်နဲ့ အသက် မွေးဝမ်းကျောင်း ပြုခဲ့တာ ၁၄ နှစ်ရှိခဲ့ပြီ ဖြစ်တဲ့ ကျွန်မ အတွေ့အကြုံများ အရ ပြောနိုင်တာကတော့ အောင်မြင်အောင် လုပ်မယ်ဆိုရင် လုပ်ယူလို့ ရနိုင်ပါတယ် ဆိုတာပါပဲ။ ကိုယ်ကိုယ်တိုင် လုပ်ယူလို့ ရနိုင်တဲ့အချက် ၁၀ ချက်ကို ကျွန်မပြော ပြချင်ပါတယ်။ လက်တွေ့လုပ်ဆောင် ကြည့်ပါလို့လည်း တိုက်တွန်း ချင်ပါတယ်။
၁။အလေ့အကျင့်ကို ပြုစုပျိုးထောင်ပါ
စာရေးခြင်းနဲ့ အသက်မွေးဝမ်း ကျောင်းပြုမယ့်သူတစ်ယောက်အနေနဲ့ နေ့စဉ်နေ့တိုင်း စာရေးတဲ့ အကျင့်ကို ပြုစု ပျိုးထောင်ရပါမယ်။ ဒီလိုပြောလိုက်လို့ နေ့တိုင်းရေးနေသမျှ စာတွေဟာ စာမျက် နှာများပေါ် ရောက်လာမယ့် စာများ ဖြစ်တယ်လို့ မယူဆ လိုက်ပါနဲ့။ နေ့တိုင်း ဟာ နေသာတဲ့နေ့တွေ မဟုတ်သလို ပန်း တိုင်းဟာလည်း နှင်းဆီပန်းများ မဖြစ်နိုင်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။ ကျွန်မက စာရေးခြင်းနဲ့ အသက်မွေးဝမ်း ကျောင်းလုပ်ရင်း တစ်ခါတလေမှာ ပုံ မှန်လခရတဲ့ အလုပ်တစ်ခုခုကို ၀င်လုပ် ချင်စိတ် ပေါက်ပါတယ်။ ၀န်ထမ်း လုပ်ရတဲ့ အလုပ်တွေက အချိန်တန်ရင် လစာ ရမယ်၊ လစာအပြည့်နဲ့ အနားယူခွင့် ရမယ်၊ နာမကျန်းရင် နားခွင့်ရှိတယ်၊ ကော်ဖီချိန်မှာ ကော်ဖီအလကားသောက် ရတယ် စသဖြင့် အကျိုး ခံစားခွင့်တွေ ရှိပါတယ်။ ဒါကြောင့် တစ်ခါတလေ မှာ ၀န်ထမ်းဘ၀တုန်းက လွတ်လပ်ပျော် မွေ့ခဲ့တာကို သတိရမိပါတယ်။
ဝန်ထမ်း ဘ၀မှာ တစ်ခါတလေတော့ အဆင်မပြေတဲ့ ရက်တွေ ရှိတတ်စမြဲပါ။ ဒါကလည်း တစ်ခါတစ်ရံမှ ဖြစ်တတ်တာကြောင့် ပြီးတော့လည်း ပြီးသွားတာပါပဲ။ စာရေးဆရာ ဘ၀ကို ခံယူ လိုက်တဲ့ အခါမှာတော့ ကိုယ့်ဘ၀တိုး တက်ရေး၊ အောင်မြင်ကျော်ကြားရေး အစရှိတဲ့ ဖိစီးမှုတွေရှိလာတဲ့အပြင် ကိုယ့် ၀တ္ထု အပေါ်မှာ အယ်ဒီတာက ဘယ်လို များမှတ်ချက်ချလိုက်မလဲဆိုတဲ့ သောက လည်း ရှိလာပါတယ်။ ဒါတွေကို ခံနိုင်ရည်ရှိဖို့ ကိုယ့်ကိုယ်ကို အလေ့ အကျင့်လုပ်ပြီး ပြုစုပျိုးထောင်ရပါမယ်။
၂။ပုံမှန်အချိန် သတ်မှတ်ပါ
စာရေးခြင်းနဲ့ အသက်မွေးဝမ်း ကျောင်းပြုတော့မယ်လို့ ဆုံးဖြတ်လိုက် ပြီဆိုရင် သဘောကျစရာ အကောင်းဆုံး ကတော့ ကိုယ့်အချိန်ကို ကိုယ် ပိုင်သွား ခြင်းပါပဲ။ အချိန်ပိုင်းပဲ စာရေးရေး၊ တစ် နေ့လုံးပဲ စာရေးရေး၊ ကိုယ်ကြိုက်တာ ဆုံးဖြတ်လို့ ရပါတယ်။ ဒါပေမဲ့ ကျွန်မ သတိပေးချင်တာတစ်ခုကတော့ ကိုယ် ကြိုက်သလို သတ်မှတ်လို့ ရပြီဆိုပြီး ရေး ချင်ရင် ရေးမယ်၊ မရေးချင်ရင် မရေး ဘူးဆိုတာမျိုးတော့ သဘောထားလို့ မရပါဘူး။
ကျွန်မ အကြံ ပေးချင်တာကတော့ စာရေးဖို့ အချိန်တစ်ခု သတ်မှတ်ပါ။ အဲဒီ သတ်မှတ်ချိန်က မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဖြစ်ဖို့မလိုပါဘူး။ ဒါပေမဲ့ တိကျတဲ့ အချိန်တစ်ခုတော့ သတ်မှတ်ထားဖို့ လိုပါတယ်။ ကျွန်မ စာစရေးတော့ တနင်္လာနေ့ကနေ သော ကြာနေ့အထိ မနက် ၇ နာရီက စပြီး ရေးပါတယ်။ မွန်းလွဲပိုင်း အထိ ရေးတာ ပါ။ အခုတော့ ကလေး အမေ ဖြစ်လာ ပြီဆိုတော့ ကလေးတွေရဲ့ ကျောင်းချိန်နဲ့ ကျွန်မ စာရေးချိန် ညှိရပါတယ်။ တနင်္လာ နေ့များမှာ မနက် ၈ နာရီကနေ မွန်းလွဲ ၃ နာရီအထိ ရေးပါတယ်။ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး နေ့များမှာတော့ မနက် ၈ နာရီကနေ မွန်းတည့်ချိန်အထိ ရေးပါတယ်။ ကျန်တဲ့အချိန်တွေမှာ ကျွန်မ လုပ်ရမယ့် အိမ်ရှင်မ အလုပ်တွေ ကို လုပ်ရပါတယ်။ ဒါတွေက ရုံးချိန်လို အတိအကျ သတ်မှတ်စရာ မလိုပါဘူး။
၃။တုံ့ပြန်တတ်တဲ့ အကျင့်ရှိပါ
ကျွန်မတို့က စာမူတွေကို အယ်ဒီ တာများထံ ပို့လိုက်တဲ့အခါမှာ သူတို့က ရက်သတ်္တပတ်များစွာ ကြာပြီးမှ ကျွန်မ တို့ရဲ့ စာမူများနဲ့ ပတ်သက်ပြီး တုံ့ပြန်မှု ပေးပါတယ်။ ဒါက သူတို့ဘက်မှာ စာရေးသူ အများအပြားနဲ့ ဆက်ဆံရခြင်း ကြောင့် တုံ့ပြန်မှု နှောင့်နှေးကြန့်ကြာခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ စာရေးသူတွေ ဘက်ကတော့ သူတို့နဲ့ ပြိုင်ပြီး အကြာကြီး နေမှ တုံ့ပြန်တာမျိုး မဖြစ်သင့်ပါ ဘူး။ ယုတ်စွအဆုံး တယ်လီဖုန်းထဲမှာ SMS ၀င်လာတာမျိုးကအစ E-mail ၀င်တာအဆုံး အတတ်နိုင်ဆုံး အမြန်ဆုံး တုံ့ ပြန်ဖို့ လိုအပ်ပါတယ်။
ကျွန်မက ရှေ့နေတစ်ယောက် အဖြစ်လည်း လုပ်ခဲ့ဖူးပါတယ်။ အဲဒီ တုန်းကဆိုရင် တစ်နေ့လုံး ဖုန်းခေါ်သမျှ ကို ကျွန်မ ပြန်ဖြေပါတယ်။ E-mail မှန်သမျှကို မပြန်ကြားနိုင်ပေမဲ့ နှစ်ရက်၊ သုံးရက်အကြာဆုံးကာလ အတွင်းမှာတော့ ပြန်ဖြစ်အောင်ပြန်ပါတယ်။တကယ်လို့ ရေးဖော်ရေးဖက် စာရေး ဆရာတစ်ယောက်ယောက်ဆီက အီး မေးလ်မျိုးဆိုရင်တော့ ကျွန်မ ချက်ချင်း အကြောင်း ပြန်ပါတယ်။
၎။ဝင်ငွေကို သတိပြုပါ
စာရေးခြင်းနဲ့ အသက်မွေးဝမ်း ကျောင်းပြုတော့မယ့်သူတစ်ယောက် အနေနဲ့ ရေးသမျှ စာတိုင်းဟာ ၀င်ငွေ ရှိတဲ့စာ ဖြစ်ရပါမယ်။ ဒီတော့ တစ်လ တစ်လမှာ ကိုယ်ဘယ်လောက်ဝင်သလဲ ဆိုတာကို သတိပြုရပါမယ်။ ကိုယ် ရေး ချင်တာချည်း ရေးနေရင် ကိုယ်ပို့နေကျ မဂ္ဂဇင်း၊ ဂျာနယ်များက သုံးရဲ့လား၊ တစ်ခါတလေမှာ သူတို့ရေးစေချင်တာ လေးတွေကို တာဝန်ပေးတဲ့အခါမှာ ကိုယ်က ရေးခြင်းအားဖြင့် ၀င်ငွေကို ရှာတတ်သူဖြစ်ရပါမယ်။ ဒီလိုပြော လိုက်တဲ့အတွက် ငွေကို ငမ်းငမ်းတက် ရှာရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ကိုယ်က စာရေးခြင်းကို အသက်မွေး ၀မ်းကျောင်း အနေနဲ့ လုပ်တဲ့သူ ဖြစ်တဲ့ အတွက် ရေးတဲ့စာတိုင်းဟာ ၀င်ငွေရတဲ့ စာဖြစ်ဖို့ သတိထားပါ။
၅။ထွက်ငွေကို ဂရုစိုက်ပါ
ဝင်ငွေရပြီဆိုတာနဲ့ တစ်ဖက်မှာ ထွက်ငွေ ဆိုတာလည်း ရှိလာမှာပါပဲ။ ဒါ ကြောင့် ကိုယ် သုံးတဲ့ အသုံးစရိတ်တိုင်း ဟာ ထိုက်တန်တဲ့ အသုံးစရိတ် ဖြစ်အောင် ဂရုစိုက်ရပါမယ်။ နှစ်စဉ်နှစ်တိုင်း နိုင်ငံတော်ကို ပေးဆောင်ရမယ့် အခွန်အခ ဆိုတာလည်း ရှိပါသေးတယ်။ ဒါကြောင့် ၀င်ငွေနဲ့ ထွက်ငွေမျှတအောင် သုံးတတ်ဖို့ လိုပါတယ်။
ကိုယ်က စာရေးတဲ့ အလုပ်ကို ၀ါသနာ အလျောက်ရေးတဲ့ ၀ါသနာရှင် အဆင့် မဟုတ်တော့ဘဲ အသက်မွေးဝမ်း ကျောင်းအတွက် ရေးတဲ့သူ ဖြစ်လာပြီ ဆိုရင် ကိုယ် သုံးမယ့် အသုံးစရိတ်တစ် ခုဟာ သာမန်အသုံးစရိတ်လား၊ လိုအပ် တဲ့ အသုံးစရိတ်လား၊ အကျိုးအကြောင်း ဆီလျော်စွာ သုံးကိုသုံးမှ ဖြစ်မယ့် အသုံး စရိတ်လားဆိုတာ ပိုင်းခြားတတ်ရပါ မယ်။ ဒါမှလည်း ထွက်ငွေက ၀င်ငွေ ထက်နည်းပြီး ကိုယ့်လုပ်ငန်းက အကျိုး အမြတ်ရှိတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာပါ မယ်။ ကိုယ်က စာရေးခြင်းကို အသက် မွေးဝမ်းကျောင်း အနေနဲ့ လုပ်ပြီဆိုရင် အောက်ပါအသုံးစရိတ်တွေ ရှိလာပါပြီ။ (မြန်မာ စာရေးဆရာများ အနေနဲ့တော့ တချို့တလေသာ လိုအပ်ပါမယ်။)
. စာရေးဖို့အတွက် ကွန်ပျူတာ
. အသုံးပြုရမယ့် ဆော့ဖ်ဝဲ
. ရုံးအသုံးအဆောင်ပစ္စည်း များ(ဥပမာ-စက္ကူ၊ ဘောပင်၊စာအိတ် စသဖြင့်...)
. ဆက်သွယ်လို့ ရမယ့် တယ်လီဖုန်း
. စာပို့ခ ကုန်ကျစရိတ်
. အင်တာနက်
. ခရီးသွားလာမှု အတွက် ကုန်ကျစရိတ်
မြန်မာ စာရေးဆရာများ အတွက်တော့ ဒီကုန်ကျစရိတ် တော်တော်များများက မပြောပလောက်ဘူးလို့ ထင်ပါတယ်။
၆။ကိုယ့်ကိုယ်ကို ဆန်းစစ်ပါ
တခြား အလုပ် မလုပ်တော့ဘဲ စာရေးခြင်း သက်သက်နဲ့ အသက် မွေးဝမ်းကျောင်းတော့မှာ ဖြစ်တဲ့အတွက် ကိုယ့် ဘ၀က ကိုယ့်လက်ထဲမှာပဲ ရှိတယ်ဆိုတာ သတိပြုပါ။ ဘယ်သူကမှ ကိုယ့်ကို တိုက်တွန်းနေမှာ မဟုတ်ပါဘူး။ မဂ္ဂဇင်းများမှာ ၀တ္ထု၊ ဆောင်းပါးများ ရေးနေရာကနေ လုံးချင်းလိုင်း ၀င်နိုင်အောင် ကြိုးစားမယ် ဆိုရင်လည်း ကိုယ် တိုင်ကြိုးစား အားထုတ်မှုရှိမှသာ တိုးတက်မှု ရမှာ ဖြစ်ပါတယ်။
စာပေ လောကကြီးက အစဉ်အမြဲ ပုံစံပြောင်းလဲ နေတာဖြစ်တာကြောင့် ထုတ်ဝေသူများက ပြောင်းလဲလာတဲ့ ခေတ်အခြေအနေအတိုင်း ထုတ်ဝေကြ သလို စာရေးသူဖြစ်သူ မိမိကလည်း ခေတ်နဲ့အညီ၊ ထုတ်ဝေသူရဲ့ လိုအပ်ချက် နဲ့အညီ ပြောင်းလဲနိုင်အောင် ကြိုးစား အားထုတ်ရပါမယ်။
ဥပမာအားဖြင့် ကျွန်မ ကိုယ်တွေ့ ကို တင်ပြချင်ပါတယ်။ မူလကတော့ ကျွန်မလည်း အစဉ်အလာထုံးစံအတိုင်း ထုတ်ဝေနေသူများနဲ့ ဆက်သွယ်ပြီး စာ အုပ်များ ရေးသားခဲ့တာပါပဲ။ ဒါပေမဲ့ မနှစ်ကတော့ ကိုယ်တိုင်ထုတ်ဝေသူဖြစ် အောင် ကြိုးစားခဲ့တဲ့အပြင် ဒီနေ့ခေတ် စားနေတဲ့ POD (Print On Demand) အမှာရှိမှ ပုံနှိပ်ထုတ်ဝေတဲ့ ပုံစံမျိုးကို လည်း လေ့လာရပါတယ်။ POD ကို ကျွန်မ ရက်သတ္တပတ်ပေါင်းများစွာ လေ့လာရပါတယ်။ POD ရဲ့အကျိုးက ဘာလဲ။ အားနည်းချက်ကဘာလဲဆိုတာ ကို သိအောင် လေ့လာခြင်းဖြစ်ပါတယ်။
၇။စာမူ အခြေအနေကို မေးမြန်းပါ
ကျွန်မ တွေ့ဖူးတဲ့ စာရေးဆရာ တော်တော်များများက ထုတ်ဝေသူထံ ကို စာမူပို့ကြပေမဲ့ သူတို့စာမူတွေရဲ့ အခြေအနေတွေကို နောက်ထပ် မေးမြန်း ကြဖို့ သတိမရကြတော့ဘူးဆိုတာပါပဲ။ ထုတ်ဝေသူကို ကိုယ့်စာမူဖတ်ဖို့ လုံလောက်တဲ့ အချိန်ပေးပြီးရင် စာတိုလေး တစ်ကြောင်းလောက်ဖြစ်ဖြစ် ပေးပို့ပြီး သတိပေးဖို့ လိုပါမယ်။ ဒါမှ ထုတ်ဝေ သူက ကိုယ့်စာမူအပေါ်မှာ စိတ်ဝင်စား မှု ရှိ၊ မရှိ သိနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့် စာမူကို ကိုယ်တိုင်က လေးလေးစားစား ရှိမှသာ ထုတ်ဝေသူကလည်း လေးစား မှုရှိမယ်ဆိုတာကို သတိပြုသင့်ပါတယ်။
၈။စာမရေးခင် တွေးပါ
အင်တာနက်နဲ့ အီးမေးလ် ပေါ်လာခြင်းက ဆက်သွယ်မှုကို အလွန်တရာ လျင်မြန်စေသလို စာရေးဖို့ကိုလည်း အင်မတန် လွယ်ကူစေပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ အဲဒီလို လွယ်ကူခြင်း ကြောင့် နောင်တရစေတာတွေ ဖြစ်နိုင် ပါတယ်။ လွယ်လွယ်ရေး လွယ်လွယ်ပို့ လို့ရတဲ့အတွက် မရေးသင့်တာ ရေးမိ သလို မပို့သင့်တဲ့သူဆီကို ပို့မိတာတွေ လည်း ဖြစ်သွားတတ်ပါတယ်။ မကြာ သေးမီက ကျွန်မထံကို စာရေးသူတစ် ယောက်က ကျွန်မနဲ့ အလုပ်လုပ်နေတဲ့ ထုတ်ဝေသူနဲ့ ဆက်သွယ်ပေးဖို့ တောင်း ဆိုလာပါတယ်။ ကျွန်မက ဒီထုတ်ဝေ သူနဲ့ ဆက်သွယ်ပေးဖို့ ၀န်မလေးပါ ကြောင်း၊ ဒါပေမဲ့ သူနဲ့ ပတ်သက်ပြီး ကျွန်မ အတွေ့အကြုံကလေးတွေကို တော့ ပြောပြချင်ပါသေးတယ်လို့ ပြန် ကြားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ဖက်က စာရေးဆရာ အနေနဲ့ ကိုယ့် ထုတ်ဝေသူနဲ့ မိတ်ဆက်ပေးဖို့ရာ ကျွန်မ ၀န်လေးတယ်လို့ ထင်သွားမှာစိုးလို့ပါပဲ။
၉။အောင်မြင်မှု
စာရေးခြင်း သက်သက်နဲ့ အသက် မွေးဝမ်းကျောင်းပြုသူ တစ်ယောက်အတွက် ကိုယ် ရေးလိုက်တဲ့စာအုပ်တစ်အုပ် အောင်မြင် သွားခြင်းဟာ အင်မတန်ချို မြိန်တဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ ဘယ် သူနဲ့ပဲ တွေ့တွေ့ ကိုယ့်ဝတ္ထုအကြောင်း အပြောခံရတယ် ဆိုရင် စာရေးဆရာ အတွက် အနှိုင်းမဲ့ ပီတိဖြစ်စရာပါ။
ဒါပေမဲ့ ဖြစ်လေ့ဖြစ်ထ ရှိတတ် တာကတော့ ရှေ့က အောင်မြင်သွားတဲ့ ၀တ္ထုရဲ့အရှိန်အ၀ါကို မီအောင် နောက် တစ်ပုဒ် ဖန်တီးနိုင်ပါ့မလားဆိုတဲ့ သောကစိတ်ပါပဲ။ ထုတ်ဝေသူ တစ်ယောက်က အောင်မြင်သွားတဲ့ ၀တ္ထုကို အကြောင်းပြုပြီး သူ့အတွက် ၀တ္ထုတစ်ပုဒ် ရေးပေးပါလို့ တောင်းဆိုလာရင် စာရေးဆရာ အနေနဲ့ အဲဒီလို သောကမျိုး ပိုပြီး ၀င်တတ်ပါတယ်။ အောင်မြင်မှုကို လူတိုင်း လိုချင်ကြတာချည်းပါပဲ။ ဒါ ကြောင့် စာရေးဆရာ အနေနဲ့ ကိုယ် ဖန်တီး မွေးထုတ်လိုက်တဲ့ ၀တ္ထုတိုင်းဟာ တန်းတူညီမျှ အရည်အသွေးရှိတယ်လို့ ခံယူ ထားသင့်ပါတယ်။
၁၀။ရည်မှန်းချက် ပန်းတိုင် ထားပါ
ကျွန်မ နောက်ဆုံးပြောချင်တဲ့ အချက်ကတော့ စာရေးဆရာမှာလည်း ရည်မှန်းချက်ပန်းတိုင်ဆိုတာ ရှိရပါမယ်။ ရည်မှန်းချက်ပန်းတိုင် မရှိဘဲ စာရေး နေခြင်းဟာ အိပ်မက်မက်နေတာနဲ့ အတူ တူပဲလို့ ရည်မှန်းချက်ပန်းတိုင်နဲ့ ပတ် သက်ပြီး ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တစ်ဦးက ကျွန်မကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက ပြောခဲ့ဖူးပါတယ်။ စာပေ ဆွေးနွေးပွဲများမှာ ကျွန်မ စကားပြော ခွင့်ရတဲ့အခါ ရည်မှန်းချက်ပန်းတိုင်ကို နှစ်မျိုးခွဲပြီး ပြောပါတယ်။ ပထမတစ် မျိုးက ခြုံငုံပြီး အောင်မြင်မှုရတဲ့ ပန်း တိုင်နဲ့ တစ်ခုချင်းအပေါ်မှာ အောင်မြင် မှုရတဲ့ ပန်းတိုင်တို့ ဖြစ်ပါတယ်။ ဒီရည် မှန်းချက်နှစ်ခုကို ပူးပေါင်းပေါက်မြောက် အောင် ဆောင်ရွက်နိုင်ပြီ ဆိုရင် ကိုယ့် လောကမှာ အောင်မြင်သူ ဖြစ်နိုင်ပါပြီ။
အသက်မွေးဝမ်းကျောင်း အလုပ် တခြား မလုပ်တော့ဘဲ စာရေးခြင်းတစ် ခုတည်းနဲ့သာ လုပ်တော့မယ်ဆိုရင် အနည်းဆုံး ထုတ်ဝေသူ လေးဦးလောက်နဲ့ သေသေချာချာ အချိတ်အဆက် ရပြီး မှသာ ပုံမှန်ဝင်ငွေရနေတဲ့ အလုပ်ကို ကျောခိုင်း သင့်ပါတယ်။ ထုတ်ဝေသူ များက ကိုယ့်ဝတ္ထုကို ဆက်တိုက်ထုတ် ဝေနေကြပြီဆိုရင်တော့ ကိုယ်ဟာ စာရေး ခြင်းသက်သက်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်ပြီဆိုတာ ယုံထားစေချင်ပါတယ်။
အထက် ဖော်ပြပါ ဆောင်းပါးက ကယ်လီဂျိမ်းစ်အင်ဂါရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ သူ့အယူအဆများ ထဲက ကျွန်တော်တို့နဲ့ ကိုက်ညီတာကို ထုတ်နုတ် သုံးစွဲခြင်းအားဖြင့် စာပေ ၀ါသနာ ရှင်များ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင် ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဝင်းငြိမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၂)
(ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၂)
No comments:
Post a Comment