Saturday, August 11, 2012

ဝက်သားဆေးဘဲဥပေါင်း၊ မှိုကော်ရည်ချိုစပ်၊ ၀က်နံရိုးကြံမဆိုင်ဟင်းရည်


ဒီလတော့ ဆရာမလမင်းမိုမိုက ချက်နည်းအဆန်းလေးတွေနဲ့ သွားရည်ယိုအောင် လက်စွမ်းပြထားပါတယ်။ ဆေးဘဲဥဆိုတာ ကြက်သွန် နီနဲ့သုပ်တာပဲစားဖူးတဲ့ကျွန်တော့်အတွက်တော့ သူချက်ပြတာက ပိုအရသာကောင်းတယ်ပေါ့နော်။ မှိုကော်ရည်ကိုလည်း ချိုစပ်လေး ကြော်ပေးတယ်၊ ပြီးတော့ ၀က်နံရုံးကိုမအီအောင် ကြံမဆိုင်နဲ့ဟင်းချိုချက်ပေးထားပြန်ပါတယ်။

သူငယ်ချင်းတို့ ချက်စားကြည့်ကြပါဦး ခင်ဗျာ့။

(၁) ၀က်သားဆေးဘဲဥပေါင်း
လိုအပ်သောပစ္စည်းများ
ဝက်မိုးခိုသားနုနု ၄၀သား၊ ဆေးဘဲဥ လေး-ငါးလုံး၊ ကြက်သွန်နီ သုံးဥ၊ ကြက်သွန်ဖြူ ငါးမြွှာ၊ မုန်ညင်းထုပ်အရွက် ငါး-ခြောက်ရွက်၊ ကြက်ဥ တစ်လုံး၊ ချင်း တစ်လက်မအတုံးခန့်၊ ခရုဆီ ထမင်းစားဇွန်း နှစ်ဇွန်း၊ ပဲငံပြာရည်အပျစ် ထမင်းစားဇွန်း တစ်ဇွန်း၊ ကော်မှုန့် ထမင်းစားဇွန်း တစ်ဇွန်းခွဲ၊ ဆား/သကြား/ဟင်းခတ်မှုန့် အနည်းငယ်စီ။

ချက်ရန်ကြာမြင့်ချိန် - ၃၀-၄၀မိနစ်ခန့်
- နုသော ၀က်မိုးခိုသားကို တောက်တောက်စဉ်းပါ။
- ကြက်သွန်နီ၊ကြက်သွန်ဖြူတို့ကို တောက်တောက်စဉ်းပါ။
- မုန်ညင်းထုပ်နဲ့ တခြားမိမိနှစ်သက်ရာ ဟင်းသီးဟင်းရွက်တို့ကို တောက်တောက်စဉ်းပြီးထည့်နိုင်ပါတယ်။
- ကြက်ဥတစ်လုံးခေါက်မွှေထားပါ။ ချင်းကို ညက်ညက်ထောင်းကာ အရည်ညှစ်ယူထားပါ။
- အားလုံးရောနှောကာ ချင်းရည်၊ ငရုတ်ကောင်းမှုန့်၊ သကြား၊ခရုဆီ၊ ပဲငံပြာရည် အပျစ်၊ ဆား၊ဟင်းခတ်မှုန့်၊ကော်မှုန့်တို့ သင့်တော်ရုံ ထည့်ပြီး ရေလေးစွတ်ရုံမျှနဲ့ သမအောင်နယ်ပါ။
- အပူခံဖန်အုပ်ထဲထည့်ပါ။ ဆေးဘဲဥတွေကို အခွံနွှာပြီး အသားတွေပေါ်က ဖိနှစ်၍ နေရာချပါ။ အပေါ်မှ ရေလေးအနည်းငယ်ဆွတ်ဖျန်းပြီး ပေါင်းအိုးအတွင်း ရေနဲ့မထိအောင် နေရာချကာ ၂၅မိနစ်၊ မိနစ် ၃၀ခန့်ပေါင်းပါ။
- ကြာချိန် ၀က်သားအနုအရင့်ပေါ်မူတည်ပြီး အနည်းငယ် ကွဲပြားတတ်ပါတယ်။ အိုးမချခင်ကပင် မွှေးပျံ့နေပါပြီ။ အရသာရှိလှပါတယ်။

(၂) မှိုကော်ရည်ချိုစပ်
လိုအပ်သောပစ္စည်များ
ကောက်ရိုးမှို အရွယ်တော် ၂၀သားခန့်၊ ငရုတ်သီးအရှည်ပွ အနီရောင် နှစ်တောင့်၊ ကြက်သွန်ဖြူ လေးမြွှာ၊ ခရုဆီ ထမင်းစားဇွန်း တစ်ဇွန်းခွဲ၊ ခရမ်းချဉ်သီးဆော့စ်အချို ထမင်းစားဇွန်း နှစ်ဇွန်း၊ ကော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ၊ ဆား/ဟင်းခတ်မှုန့် အနည်းငယ်စီ။

ချက်ရန်ကြာမြင့်ချိန် - ၁၅မိနစ်ခန့်
- ကောက်ရိုးမှိုအရွယ်တော်လေးတွေကို သန့်စင်ပါ။
- ငရုတ်သီးအနီရောင်အပွရှည်တောင့်များကို စောင်းစောင်းလှီးဖြတ်ထားပါ။
- ကြက်သွန်ဖြူ ဓားပြားရိုက်ပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူ မွှေးလာရင် မှိုတွေကိုထည့်ပါ။
- ရေလေးနည်းနည်းတောက်ပြီး ခဏကြော်ပါ။
- ငရုတ်သီးတောင့်တွေထည့်ပါ။ ခရုဆီ ထည့်ပါ။ ခရမ်းချဉ်သီးဆော့စ်(အချို)နည်းနည်းထည့်ပါ။
- မှိုနူးတဲ့အထိ ရေလေးနည်းနည်း ဇွန်းနဲ့ထည့်ပါ။ မှိုနူးရင် ဆား၊ဟင်းခတ်မှုန့်ထည့်ပြီး အရသာမြည်းပါ။
- အရသာအနေတော်ရင် ကော်မှုန့်အနည်းငယ်ကို ရေအေးနဲ့ အပြင်မှာဖျော်ပြီး အိုးထဲထည့်မွှေလိုက်ပါ။ နှံ့အောင်မွှေပြီးရင် အိုးချနိုင်ပါပြီ။

(၃) ၀က်နံရိုးကြံမဆိုင်ဟင်းရည်
လိုအပ်သောပစ္စည်းများ
ဝက်နံရိုး ၁၅ကျပ်သားခန့်၊ ကြက်သွန်နီ နှစ်ဥ၊ ကြက်သွန်ဖြူ သုံးမြွှာ၊ ချင်း နှစ်လက်မခန့်အတုံး၊ ကြံမဆိုင် ၁၅ကျပ်သားခန့်၊ ငရုတ်နီပွ သုံး-လေးတောင့်၊ ဆား/ဟင်းခတ်မှုန့်အနည်းငယ်စီ။

ချက်ရန်ကြာမြင့်ချိန် - ၃၀မိနစ်
- ကြံမဆိုင်ကို အချဉ်၊ အငန်နှင့် အနံ့အသက်လျော့အောင် ရေနွေးပူနဲ့ သန့်စင်ပါ။ အချဉ်၊အငန်ကြိုက်ရင် ရေအေးနဲ့ပဲသန့်စင်ပါ။
- ၀က်နံရိုးကို ဆား၊ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ချင်းပါးပါးလှီးတို့နဲ့ပြုတ်ပါ။ ဆူပွက်ရင် အပေါ်ယံဝေ့နေတဲ့ အမြှုပ်တချို့ကို ခပ်ဖယ်ပစ်ပါ။
- အနည်းငယ်နူးလျှင် ကြံမဆိုင်ကို နှစ်သက်သလို လှီးဖြတ်ပြီး ထည့်ပါ။
- ကြံမဆိုင်ဖတ်နူးရင် ငရုတ်တောင့်တွေ ခွဲခြမ်းပြီးထည့်ပါ။
- အရသာမြည်းပြီး ဆား/ဟင်းခတ်မှုန့် လိုအပ်သလိုဖြည့်စွက်ပါ။ ငရုတ်ကောင်းကြိုက်တတ်ရင် ထည့်နိုင်ပါတယ်။

Ref: The Chic Magazine (No.22, August 2012)

No comments: