Friday, August 24, 2012

Electronic Transaction Law (Episode VII)


အခန်း (၁၂)
ပြစ်မှုနှင့် ပြစ်ဒဏ်များ
၃၃။ မည်သူမဆို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍အောက်ပါ ပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်ထိုသူအား ထောင်ဒဏ်အနည်းဆုံး (၇)နှစ်မှ အများဆုံး (၁၅) နှစ်အထိ ချမှတ်ရမည့်အပြင်

ငွေဒဏ်လည်း ချမှတ်နိုင်သည် 

(က) နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော် စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေသည့် ပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်ခြင်း၊

(ခ) နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုနှင့်စပ်လျဉ်းသည့် နိုင်ငံတော်၏ လျို့ဝှက်ချက်နှင့် သက်ဆိုင်သော သတင်းအချက်အလက် တစ်ရပ်ရပ်ကိုရယူခြင်း သို့မဟုတ် ပေးပို့ဖြန့်ချိခြင်း။

၃၄။ မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် ၅ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည် 

(က) အီလက်ထရောနစ် မှတ်တမ်း အီလက်ထရောနစ် အချက်အလက် သတင်းလွှာ (သို့)ကွန်ပျူတာ ပရိုဂရမ်တစ်ခုလုံးကိုဖြစ်စေ၊ ပရိုဂရမ်တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ မရိုးမဖြောင့်သောသဘောဖြင့် ပေးပို့ခြင်း၊ နှောင့်ယှက်ခြင်း၊ ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်း၊ ခိုးယူခြင်းသို့မဟုတ် ထိခိုက်ဆုံးရှုံးစေခြင်း၊

(ခ) မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့၏ ခွင့်ပြုချက်မရှိဘဲ ကွန်ပျူတာ ကွန်ရက်အတွင်း ဆက်သွယ်မှု တစ်ခုခုကို ကြားဖြတ်ခြင်း၊ ဆက်သွယ်မှု တစ်ခုခုတွင် ပါဝင်သည့်အချက်တစ်ရပ်ရပ်ကို အသုံးပြုခြင်း (သို့) အခြားသူတစ်ဦးဦးသို့ ထုတ်ဖော်ခြင်း၊

(ဂ) ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၏ ခွင့်ပြုချက် သို့မဟုတ် သဘောတူညီချက်မရှိဘဲ ထိုသူ၏လုံခြုံမှုအဆင့်ထားရှိသော အမှတ်၊ စကားဝှက် သို့မဟုတ် အီလက်ထရောနစ် ထိုးမြဲလက်မှတ်ဖြင့် အခြားပုဂ္ဂိုလ်တစ်ဦးဦးသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေဆက်သွယ် အသုံးပြု ခြင်း၊

(ဃ) အဖွဲ့ အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန်ဖြစ်စေ၊ ဂုဏ်သိက္ခာကျဆင်းရေန်ဖြစ်စေ သတင်းအချက် အလက်ကို အီလက်ထရောနစ်နည်းပညာဖြင့်ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း၊ သို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ ပြုလုပ်ခြင်း၊ပြုပြင်ခြင်း၊ သို့မဟုတ် ပြောင်းလဲခြင်း ပြုလုပ်ထားသည့် သတင်းအချက်အလက်ကို ဖြန့်ချိခြင်း၊

၃၅။ မည်သည့် သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူ၊ ယင်း၏အရာရှိ သို့မဟုတ် ၀န်ထမ်းမဆို ကြီးကြပ်မှုအဖွဲ့က ထုတ်ပြန်သော အမိန့်ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် ၃ နှစ်အထိ ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၃၆။ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာနှင့် အမိန့်များပါတားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် ၁ နှစ်အထိဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြာ်စေချမှတ်ရမည်။

၃၇။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် ၁ နှစ်ထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် 

(က) သက်သေခံလက်မှတ်ရရှိရန် လျှောက်ထားရာတွင်ဖြစ်စေ၊ သက်သေခံလက်မှတ်ကို ရပ်ဆိုင်းရန် သို့မဟုတ် ရုပ်သိမ်းရန် တင်ပြ ရာတွင်ဖြစ်စေ မိမိ၏ အထောက်အထား သို့မဟုတ်အသုံးပြုခွင့်ကို သက်သေခံ လက်မှတ်ထုတ်ပေး ပိုင်ခွင့်ရှိသူထံ သိလျက်နှင့် မမှန် မကန်တင်ပြခြင်း၊

(ခ) ဤဥပဒေနှင့်အညီ လုပန်ငန်းတာဝန်များ ဆောင်ရွက်သော ဗဟိုအဖွဲ့နှင့် ယင်းက တာဝန်လွှဲအပ်ခြင်း ခံရသည့်အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်ကို ဖြစ်စေ၊ ကြီးကြပ်မှုအဖွဲ့နှင့် ယင်းက တာဝန်လွှဲအပ်ခြင်း ခံရသည့်အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်ကိုဖြစ်စေ ဟန့်တား နှောင့်ယှက်ခြင်း၊ တားဆီးခြင်း၊လက်ရောက်မှု ပြုခြင်း သို့မဟုတ် ဤဥပဒေနှင့် အညီဆောင်ရွက်ရန် တောင်းဆိုချက်ကိုလိုက်နာရန် ပျက်ကွက်ခြင်း၊

၃၈။ မည်သူမဆို ဤဥပဒေပါ ပြစ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ရန် အားထုတ်လျှင်ဖြစ်စေ၊ ပူးပေါင်းကြံစည်၍ ပြစ်မှုမြောက်သော ပြုလုပ်မှုကို ပြုလုပ်လျှင်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီလျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ် ချမှတ်ခြင်းခံရမည်။

အခန်း (၁၃)
အထွေထွေ

၃၉။ အစိုးရဌာန၊ အဖွဲ့ အစည်းများသည် အောက်ပါ ကိစ္စရပ်များအတွက် အီလက်ထရောနစ်မှတ်တမ်း သို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာဖြင့် ပြုလုပ်ခြင်းကိုတရားဝင်အသိအမှတ်ပြု ဆောင်ရွက်ရမည် 

(က) စာတမ်းအမှတ်အသားများကို တင်သွင်းခြင်း၊ လက်ခံခြင်း၊ သို့မဟုတ် ထိန်းသိမ်းခြင်း၊

(ခ) ခွင့်ပြုချက်၊ လိုင်စင်နှင့် သဘောတူညီချက်များ ထုတ်ပေးခြင်း၊

(ဂ) ပေးချေရမည့် ငွေကြေးကို တောင်းဆိုခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်းနှင့် လက်ခံပြေစာထုတ်ပေးခြင်း။

၄၀။ အီလက်ထရောနစ် နည်းပညာဖြင့် ဆက်သွယ်ဆောင်ရွက်သူများသည် အီလက်ထရောနစ်မှတ်တမ်းနှင့် အီလက်ထရောနစ် အချက် အလက်သတင်းလွှာတို့၏ လိုအပ်သည့် လုံခြုံမှု အမျိုးအစားနှင့် အဆင့်တို့ကို သတ်မှတ်ပြီး မိမိတို့၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် နည်းလမ်းများကို ရွေးချယ်အသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်။

၄၁။ ၀န်ကြီးဌာနသည် သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူအဖြစ် ဆောင်ရွက်နိုင်ရန်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်နှင့် စပ်လျဉ်း၍ လိုင်စင်သက်တမ်း လိုင်စင်ခ နှင့်လိုင်စင်သက်တမ်း တိုးမြှင့်ခတို့ကို သတ်မှတ်ရမည်။

၄၂။ ကြီးကြပ်မှုအဖွဲ့သည် ဤဥပဒေအရ ရရန်ရှိသည့် အခကြေးငွေနှင့် ဒဏ်ကြေးငွေများပေးဆောင်ရန် ပျက်ကွက်သူထံမှ ထိုအခ ကြေးငွေနှင့် ဒဏ်ကြေးငွေများကို မြေခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့ အရကောက်ခံခွင့်ရှိသည်။

၄၃။ ၀န်ကြီးဌာနသည်
(က) အစိုးရ၀န်ထမ်းမဟုတ်သော ဗဟိုအဖွဲ့ အဖွဲ့ဝင်များအား ချီးမြှင့်ငွေ သတ်မှတ်ခံစားခွင့်ပြုနိုင်သည်။

(ခ) ဗဟိုအဖွဲ့၏ ရုံးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် စီစဉ်ပေးရမည့်အပြင် ကုန်ကျစရိတ်ကိုလည်း ကျခံရမည်။

၄၄။ ဤဥပဒေအရ တရားစွဲဆိုရာတွင် ဗဟိုအဖွဲ့ ၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်။

၄၅။ ဤဥပဒေပါ မည်သည့် ပြစ်မှုကိုမဆို မြန်မာနိုင်ငံရဲတပ်ဖွဲ့ က အရေးယူပိုင်ခွင့်ရှိသည်။

၄၆။ ဤဥပဒေအရ တရားစွဲဆို တင်ပို့သော ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် သက်သေခံပစ္စည်း သည် တရားရုံးရှေ့သို့ တင်ပို့ရန် မလွယ်ကူသော ပစ္စည်းဖြစ်ပါက ယင်းသက်သေခံ ပစ္စည်းကိုတရားရုံးရှေ့သို့ တင်ပို့ရန်မလိုဘဲ မည်ကဲ့သို့ ထိန်းသိမ်းထားကြောင်း အစီရင်ခံစာကိုသက်ဆိုင်ရာ အခြားစာရွက်စာတမ်းများ၊ အထောက်အထားများနှင့်အတူ တင်ပြနိုင်သည်။
ယင်းသို့တင်ပြခြင်းကို တရားရုံးရှေ့သို့ သက်သေခံပစ္စည်း တင်ပြဘိသကဲ့သို့ မှတ်ယူကာ သက်ဆိုင်ရာတရားရုံးက ဥပဒေနှင့်အညီ စီမံခန့်ခွဲခြင်းပြုနိုင်သည်။

၄၇။ သက်သေခံအက်ဥပဒေ ပုဒ်မ ၄၅ တွင် ရည်ညွှန်းသည့် ကျွမ်းကျင် သူများဆိုသည့် စကားရပ်တွင် ကြီးကြပ်မှုအဖွဲ့၊ ယင်းအဖွဲ့က တာဝန်ပေးအပ်ခြင်း ခံရသည့်အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်နှင့်သက်သေခံလက်မှတ်ထုတ်ပေးပိုင်ခွင့်ရှိသူတို့ ပါဝင်သည်ဟု မှတ်ယူရမည်။

၄၈။ မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့အကြား ဆက်သွယ်ဆောင်ရွက်သည့် သတင်းအချက်အလက်၊ အီလက်ထရောနစ် မှတ်တမ်း၊ အီလက်ထရောနစ် အချက်အလက်သတင်းလွှာ၊ အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ထားသည်ဆိုသည့် အကြောင်း ပြချက်တစ်ခုတည်းဖြင့် ဥပဒေအရ အကျိုးသက်ရောက်မှု၊ တရားဝင်မှု သို့မဟုတ် အတည်ဖြစ်မှုကိုငြင်းငယ်ခြင်း မပြုရ။

၄၉။ ဤဥပဒေအရ လုပ်ငန်းတာဝန်များကို သဘောရိုးဖြင့် ဆောင်ရွက်သော ဗဟိုအဖွဲ့နှင့် ယင်းကတာဝန်လွှဲအပ်ခြင်း ခံရသည့်အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်ဖြစ်စေ၊ ကြီးကြပ်မှုအဖွဲ့နှင့် ယင်းကတာဝန်လွှဲအပ်ခြင်းခံရသည့် အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်ဖြစ်စေ၊ သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူကို ဖြစ်စေ တရာမကြောင်းဖြင့် သော်လည်းကောင်း၊ ပြစ်မှုကြောင်းဖြင့်သော်လည်းကောင်း တရားစွဲဆိုခွင့်မရှိစေရ။

၅၀။ ၀န်ကြီးဌာနသည် ဤဥပဒေပါ နည်းပညာဆိုင်ရာ စကားရပ်တစ်ခုခု၏ အဓိပ္ပာယ်ကို ရှင်းလင်းပေးရန် လိုအပ်လျှင် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ရှင်းလင်းပေးနိုင်သည်။

၅၁။ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ညီညွတ်မှုမရှိသော သို့မဟုတ် ဆန့်ကျင်ကွဲလွဲသော ပြဋ္ဌာန်းချက်များကိုဤဥပဒေပါ ပြဋ္ဌာန်းချက်များက လွှမ်းမိုးစေရမည်။

၅၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်
(က) ၀န်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင် သည်။
(ခ) ဗဟိုအဖွဲ့နှင့် ၀န်ကြီးဌာနတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များကိုလည်းကောင်း၊ 
ကြီးကြပ်မှုအဖွဲ့ သည် လိုအပ်သော ညွှန်ကြားချက်များကိုလည်းကောင်း ထုတ်ပြန်နိုင်သည်။

(ပုံ) သန်းရွှေ………………………………….
ဗိုလ်ချုပ်မှူုးကြီး………………………….
ဥက္ကဋ္ဌ……………………………….
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ

 

No comments: