Thursday, August 23, 2012

HIV ကုထုံးဆိုင်ရာ ဆွေးနွေးဖွယ်ရာ အဖြာဖြာ .. အပိုင်း(၂)


၁) လက်ရှိ အသုံးပြုနေတဲ့ ပထမတန်း ART (Anti-Retroviral Therapy) ဆေးတွေက ဘာတွေလဲ?
ဒီမေးခွန်းကို မဖြေခင်မှာ ART ဆေးတွေကို ဘယ်လိုအမျိုးစားခွဲထားလဲဆိုတာ ပြောပြချင်ပါတယ်။ ART ဆေးတွေရဲ့ အသုံးဝင်ပုံ၊ ကောင်းကျိုး/ဆိုးကျိုးနဲ့ အာနိသင်တွေကိုလေ့လာပြီးတဲ့ နောက်မှာ အမျိုးစား (၂) ခု ရှိပါတယ်။

အဲဒါတွေကတော့
က) ပထမတန်းဆေးများ First Line Drugs
ခ) ဒုတိယတန်းဆေးများ Second Line Drugs တို့ပဲဖြစ်ပါတယ်။

ဒီနေရာမှာ ပထမတန်းဆေးဆိုတာ ဈေးကြီးတာ၊ ပိုကောင်းတာလို့ သဘောမမှတ်စေချင်ပါဘူး။ ပထမတန်းဆေးဆိုတာ ဘယ်လူနာနဲ့မဆို အဆင်ပြေမယ့် ဆေးမျိုးပါ။ ပထမတန်းဆေးတွေက ဘေးထွက်ဆိုးကျိုးလည်း နည်းပါတယ်။ ပြီးတော့ ကုန်ကျစရိတ်လည်း သက်သာပါတယ်။ ပထမတန်းဆေးတွေကို သောက်ပြီး မသက်သာတဲ့ လူနာ၊ ဆေးမတိုးတဲ့ လူနာတွေကုမှ ဒုတိယတန်းဆေးတွေကို ပေးရတာပါ။ ဒုတိယတန်းဆေးတွေ ဆိုရင် ဈေးမြင့်သလို ဆိုကျိုးလည်း ပိုများတတ်ပါတယ်။ အခုဆောင်းပါးမှာ ပထမတန်းဆေးတွေကို အဓိကထားပြီး တင်ပြသွားမှာပါ။

လက်ရှိကုထုံးအသစ်က ဘယ်လိုညွှန်းသလဲဆိုတော့ ART ပေးရင် ဆေး (၃)မျိုးကို အမြဲတစေ ပူးတွဲပေါင်းစပ်သောက်ရမယ်လို့ ဖြစ်ပါတယ်။ ဒါဘာကြောင့်လဲဆိုတော့
က) ဆေးအာနိသင်တွေပိုမိုကောင်းမွန်ပြီး ရေရှည်ခံတဲ့ အာနိသင်တွေရစေဖို့၊
ခ) ဆေးယဉ်ပါးမှုအန္တရာယ်ကိုလျှော့ချစေဖို့နဲ့
ဂ) HIV ပိုးပမာဏ (viral load) ကို အနည်းဆုံး (စမ်းလို့မတွေ့နိုင်တဲ့အထိ) လျော့ကျစေဖို့ တို့ဖြစ်ပါတယ်။

လူနာတစ်ယောက်ကို ART စပေးတော့ မယ်ဆိုရင် အောက်ဖောပြပါ ဆေးအတွဲတွေထဲက တစ်ခုခုကို ပေးရပါမယ်။
1. AZT(azidothymidine or zidovudine 300 mg BD)+ 3TC (lamivudine 150mg BD)+ EFV (efavirenz 600mg HS)
2. AZT+ 3TC+ NVP (nevirapine 200mg)
3. TDF (tenofovir 300mg OD)+ 3TC 300mg OD or emtricitabine FTC 200mg OD)+ EFV (600mg HS)
4. TDF 300mg OD+ 3TC 300mg OD or (FTC)+ NVP 200mg BD

(မှတ်ချက် = ဒီဆေးတွေကို လူနာက မိမိသဘောနဲ့ ၀ယ်သောက်လို့မရပါဘူး၊ သက်ဆိုင်ရာ ဆ၇ာဝန်နဲ့ ပြသပြီးမှ ဆရာဝန်က သင့်တော်မယ့် ဆေးအတွဲကို ရွေးချယ်ပေးပါလိမ့်မယ်) အခုဆေးတွေထဲမှာ တစ်ချို့ကို ဖော်ပြလိုပါတယ်၊ ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိတတ်လို့ပါ။

Nevirapine က အသည်းကို ထိခိုက်ပျက်စီးစေတတ်ပါတယ်။ အရေပြားမှာလဲ ပျက်စီးတတ်ပါတယ်။ ဒါကြောင့် အသည်းရောဂါရှိသူတွေမှာ ဒီဆေးကိုပေးရင် အသည်းရောဂါပိုဆိုးစေပါတယ်။ တီဘီဆေးသောက်နေတဲ့ လူနာတွေကိုလဲ ဒီဆေးမပေးသင့်ပါဘူး။ ဘာလို့လဲဆိုတော့ တီဘီဆေးထဲက Rifampicin ဆိုတဲ့ ဆေးက အသည်းလုပ်ဆောင်မှုကိုမြန်စေပြီး သွေးထဲက Nevirapine အာနိသင်ကို ပိုမိုမြင့်တက်စေပြီး ဆေးယဉ်ပါးမှုကို အားပေးပါတယ်။  လူနာတွေမှာ Nevirapine ဆေးကိုယဉ်ပါးသွားရင် efavirenz ဆေးကိုပါ ယဉ်ပါးမှုမျိုး ရှိတတ်ပါတယ်။

၂) ART ဆေးတွေအကြောင်းပြောရင် ဈေးနှုန်းအကြောင်းလဲ ပြောမှ ပိုအဆင်ပြေမယ်၊ ပြောပြပါဦး။
ဟုတ်ပါတယ်။ လူနာတွေကိုယ်တိုင် ဆေးဝယ်သောက်ရရင် ကုန်ကျစရိတ်က အလွန်အရေးကြီးပါတယ်။ အန်ဂျီအိုတွေဆီက အထောက်အပံ့ မရဘူးဆိုရင် ဆေးစရိတ်က မိသားစု စားဝတ်နေရေးအတွက် စိုးရိမ်ဖွယ်ရာ အကြောင်းဖန်စေပါတယ်။ ဒီ့အပြင် ဆေးတွေကို ရွေးချယ်တဲ့အခါ ဈေးနှုန်းရော အာနိသင်အတွက်ပါ ထည့်စဉ်းစားရမှာပါ။ ဈေးတော်တိုင်း ဆေးကောင်းမဖြစ်နိုင်ပါဘူး။
အထက်ကပြောခဲ့တဲ့ ဆေးအတွဲတွေက ပုံမှန်အားဖြင့် လူနာတစ်ဦးအတွက် တစ်လကို ၄၀,၀၀၀ ကျပ်ကနေ ၇၀,၀၀၀ ကျပ်အထိ ကုန်ကျနိုင်ပါတယ်။ ဒီဆေးတွေက ပထမတန်းဆေးတွေပါ။ ဒုတိယတန်း ဆေးတွေဆိုရင် တစ်မျိုးတည်းကို တစ်လ ၁ သိန်းလောက် ကုန်ကျတတ်ပါတယ်။ ဒုတိယတန်းဆေး ၂ မျိုးပေါင်းရင်တော့ တစ်လကို ၂ သိန်းအထက်ကုန်ကျနိုင်ပါတယ်။
လူနာတွေအတွက် ပထမတန်းဆေးတွေက အကောင်းဆုံး အခွင့်ရေးနဲ့ ရွေးချယ်မှုပါပဲ။ ဒီပထမတန်းဆေးကို ညွှန်ကြားတဲ့အတိုင်း မသောက်ရင်တော့ ဆေးယဉ်ပြီး ဒုတိယတန်းဆေးကို သောက်ကြရမှာပါ။ ဒါကြောင့် ပထမတန်းဆေးဟာ လူနာတွေအတွက် ဈေးသက်သက်သာသာနဲ့ သောက်ရတဲ့ နောက်ဆုံးအခွင့်ရေးပါပဲ။

၃) ဟုတ်ကဲ့ပါ.. ဒါဆိုရင် ဆရာဝန်တွေအနေနဲ့ ဆေးသောက်နေတဲ့ လူနာတွေအတွက် ဘယ်လိုမျိုး ဆေးကုသမှုကို ထိန်းကြောင်းပေးသင့်ပါသလဲ?

သိပ်ကောင်းတဲ့ မေးခွန်းပါ။ ဆရာဝန်တွေအနေဲ့ လူနာအတွက် ART ဆေးစမတိုက်ခင်တည်းကလူနာကို သေသေချာချာပြောထားရမယ့် အချက်တွေရှိပါတယ်။ ဒါတွေကတော့ -
က) ART ဆေးဟာ တစ်သက်လုံးသောက်ရမယ့် ဆေးတွေဖြစ်ပါတယ်။ ဒီနေ့သောက် မနက်ဖြန် ရပ်လိုက်လို့မရပါဘူး။ အမြဲ ပုံမှန်သောက်သွားရမယ်ဆိုတာ ရှင်းပြထားရမှာပါ။


ခ) ART ဆေးကိုသောက်ရင် ဖြစ်သလို သောက်လို့ မရပါဘူး။ တိတိကျကျ သောက်ရပါမယ်။ ဆေးအရေအတွက်၊ ဆေးသောက်ချိန် စသဖြင့် အတိအကျသောက်ရမှာပါ။ ဆေးတွေကို အချိန်မှန်မှန်၊ အတိအကျ လိုက်နာဖို့ ပြောရပါမယ်။


ဂ) ဆေးသောက်ပြီး လူနာကို ဒီအတိုင်း ပစ်ထားလို့ မရပါဘူး။ လူနာအနေနဲ့ ဆရာဝန်နဲ့ ပုံမှန် တွေ့ဆုံရမှာပါ။ follow-up လို့ခေါ်ပါတယ်။ ပုံမှန် တစ်လတစ်ခါ သို့မဟုတ် ၂ လတစ်ခါ ဆရာဝန်နဲ့ပြပြီး ရောဂါ အခြေနေ၊ ဆေးတွေရဲ့ ကောင်းကျိုး/ဘေးထွက်ဆိုးကျိုး အခြေနေတွေကို စောင့်ကြည့်ရမှာပါ။


ဒါ့အပြင် ဆေးကုသစရိတ်နဲ့ ရေရှည် ဒီစရိတ်တွေကို လူနာအနေနဲ့ ဘယ်လို ဖြေရှင်းမလဲဆိုတာကိုပါ ဆွေးနွေးရမှာဖြစ်ပါတယ်။ ဒီလို အဆင့်ဆင့် ဆွေးနွေးမှုတွေပြုလုပ်ပြီး လူနာဘက်က ဆေးသောက်ဖို့ အစစ အရာရာ အဆင်သင့်ဖြစ်ပြီဆိုမှ ART ကို စသောက်ရမှာပါ။ လူနာက တစ်ခါ ဆေးခန်းကိုလာပြတာနဲ့ တစ်ခါတည်း ART ဆေးသောက်ဖို့ အလျင်စလို မပြုလုပ်သင့်ပါဘူး။ အားလုံး အဆင်သင့်ဖြစ်မှ စတာ အကောင်းဆုံးပါ။

ဒီတော့ ဆေးစသောက်ပြီဆိုရင် ဆရာဝန်အနေနဲ့လူနာကို နည်းလမ်း (၃)သွယ်နဲ့ စောင့်ကြည့်ထိန်းကြောင်းပေးနိုင်ပါတယ်။ ဒါတွေကတော့
ဆေးပညာအရစောင့်ကြည့်ခြင်း (Clinical Monitoring)
ကိုယ်ခံစွမ်းအားကို စောင့်ကြည့်ခြင်း (Immunological Monitoring)နှင့်
HIV ဗိုင်းရပ်စ်ပိုးကို စောင့်ကြည့်ခြင်း  (Virological Monitoring)တို့ ဖြစ်ကြပါတယ်။

ဆေးပညာအရစောင့်ကြည့်ခြင်း (Clinical Monitoring)

လူနာနဲ့တွေ့တဲ့အခါတိုင်း လူနာမှာ ခံစားနေ၇တဲ့ ရောဂါ ဝေဒနာတွေကို မေးမြန်းခြင်း စမ်းသပ်ခြင်း လုပ်တာမျိုးဖြစ်ပါတယ်။ စမ်းသပ်စစ်ဆေးချက်တွေကိုလဲ အမြဲတမ်းမှတ်တမ်းထား၇ပါမယ်။ လူနာရဲ့ ကိုယ်အလေးချိန် ကိုလဲ မှတ်သားထားသင့်ပါတယ်။ အထူးသဖြင့် နောက်ဆုံးအဆင့် ရောဂါကျွမ်းနေတဲ့ တီဘီလူနာတွေဆို ကိုယ်အလေးချိန်က အရေးကြီးပါတယ်။ ဒီလူနာတွေမှာ ကိုယ်အလေးချိန် တက်လာတယ်ဆိုရင် အလား လာကောင်းတဲ့ လက္ခဏာပါ။ လူနာမှာ နာတာရှည်ဖျားတာ၊ ချောင်းဆိုးတာ၊ ၀မ်းပျက်ဝမ်းလျှောကြာတာ၊ ကိုယ်အလေးချိန်လျော့လာတာနဲ့ တခြား အခွင့်ကောင်းစောင့်ရောဂါမျိုးတွေရှိနေတဲ့ လက္ခဏာတွေ ရှိလာ ရင်တော့ လူနာမှာ ဆေးကုတာ မအောင်မြင်ဘူးဆိုတာ သက်သေပြနေပါတယ်။


ကိုယ်ခံစွမ်းအားကို စောင့်ကြည့်ခြင်း (Immunological Monitoring)
ကိုယ်ခံစွမ်းအားကို တိုင်းတာခြင်းဆိုတာကတော့ စီဒီဖိုးဆဲလ် (CD4 cell) အရေအတွက်ကို စစ်ဆေးခြင်းဖြစ်ပါတယ်။ စီဒီဖိုးဆဲလ်ကို အလိုလျောက်စစ်ဆေးတဲ့ စက်နဲ့ စစ်ရတာပါ။ တစ်ခါစစ်ရင် ၁၅,၀၀၀ ကျပ်လောက် ကုန်ပါတယ်။ ပုံမှန်ဆို စီဒီဖိုးဆဲလ်က ၄၃၀ ကနေ ၁၆၀၀ ကုဗမီလီလီတာအထိ ရှိတတ်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦးကွာပါတယ်၊ လူတစ်ယောက်ထဲမှာတင် ၃ လတစ်ခါ သို့မဟုတ် ၄ လတစ်ခါ ပုံမှန်စစ်နေရင် အတက် အကျရှိတတ်ပါတယ်။ ရုတ်တရက် အပြင်းဖျားတာမျိုးရှိနေရင် စီဒီဖိုးအရေအတွက် ကျတတ်ပါတယ်။ ဒီတော့ စီဒီဖိုးဆဲလ် အတက်အကျ ပုံစံကို သတိထားရမှာဖြစ်ပါတယ်။ အရမ်းကျနေတာမျိုး တွေ့ရင်တော့ ပိုသေ ချာအောင် နောက်တစ်ခါ ထပ်စစ်သင့်ပါတယ်။ ဒါမှ လိုအပ်ရင် ကုသမှုပုံစံကို ပြောင်းလို့ရမှာပါ။


HIV ဗိုင်းရပ်စ်ပိုးကို စောင့်ကြည့်ခြင်း  (Virological Monitoring)
ART ဆေးကုထုံးရဲ့ အဓိက ရည်ရွယ်ချက်က HIV ပိုးတွေကို လုံးဝနီးပါး စစ်လို့မတွေ့ရှိရအောင် ထိန်းချုပ်ထားတာပါ။ ဆိုလိုတာက သွေးတစ်စက်မှာ ပိုးအကောင်ရေ ၅၀၀ ထက်နည်းတာမျိုး ဖြစ်နေရမှာပါ။ တစ်ခါ စစ်ရင် ငွေ ၅၀,၀၀၀ကျပ်ကနေ ၁ သိန်းဝန်းကျင်ကုန်ကျပါတယ်။ ပိုကောင်းတဲ့ စက်တွေမှာဆိုရင်တော့ ဈေးပိုများတယ်။ ရောဂါဆိုးနေတဲ့ လူနာတွေမှာတော့ သွေးတစ်စက်မှာ ပိုးကောင်ရေ ၁ သန်းကနေ ၁၀ သန်းအထိတွေ့ရတတ်ပါတယ်။


လမင်းကို

No comments: