Wednesday, October 31, 2018

"စိတ်ရှုမှတ်ခြင်း နှင့် သိပ္ပံပညာ"


****************
အေးထွန်းမင်း
****************
လွန်ခဲ့သောနှစ်များအတွင်း စိတ်ရှုမှတ်ခြင်း သို့မဟုတ် တရားထိုင်ခြင်းကို ကမ္ဘာနှင့်အဝန်း စိတ်ဝင်စား လာကြသည်။ ၂၁ ရာစုတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့ ရှင်းမရအောင်ရှုပ်ထွေး ပွေလီလာခြင်းနှင့် စိတ်ဖိစီးမှုကြီးမား လာခြင်းမှ လွတ်မြောက်ရာ လမ်းကြောင်းရှာကြရာတွင်  တရားထိုင်ခြင်းကို ငြိမ်းအေးစွာ ခိုလှုံရာအဖြစ်တွေ့ရှိလာခြင်းဖြစ်သည်။

စိတ်ကိုရှုမှတ်ခြင်းသည် ကျန်းမာရေးအပေါ်သက်ရောက်မှု မည်သို့ ရှိသည်ကို ၂ဝဝဝ ပြည့်နှစ်တွင် သုတေသနပြုထားသော စာတမ်းပေါင်း ၈ဝဝ သာရှိခဲ့သော်လည်း ၂ဝ၁၅ ခုနှစ်တွင် စာတမ်းပေါင်း ရှစ်ထောင်ကျော်ရှိလာ သည်။

စိတ်ကိုတည်ငြိမ်အောင်လုပ်ခြင်း၊ ရှုမှတ်ခြင်း(meditation) ဆိုသည်မှာ အမျိုးမျိုးအဖုံဖုံ မူကွဲများဖြင့် ကျယ်ပြန့်စွာ ကမ္ဘာနှင့်အဝန်းလိုက်စားလာသော ကျင့်စဉ်ဖြစ်သည်။ အများအားဖြင့် ဗုဒ္ဓဘာသာမှ ဆင်းသက်လာပြီး မူကွဲအမျိုးမျိုးဖြင့် ကျင့်သုံးနေကြစေကာမူ ရည်ရွယ်ချက်မှာ စိတ်အလျဉ်ကို တိကျသော ရည်ရွယ်ချက်ဖြင့် ထိန်းချုပ်ရန် ကြိုးစားမှု ဖြစ်သည်။

စိတ်ကိုရှုမှတ်ခြင်းဆိုသည်မှာ မည်သည်ကို ဆိုလိုသည်ဟု ခေတ်ပြိုင် သုတေသီများ တညီတညွတ်တည်း လက်ခံနိုင်သည့် အဓိပ္ပာယ် သတ်မှတ်မှု မရှိသေးပေ။ စိတ်ကို ပစ္စုပ္ပန်တည့်တည့်တွင် စူးစိုက်ထားခြင်းဟု ယေဘုယျ အားဖြင့် လက်ခံထားကြသည်။
မော်လီကျူးဇီဝဗေဒပညာရှင် ဒေါက်တာဂျွန် ကဘတ်ဇင်း (Jon Kabat Zinn) သည် မက်ဆာချူးဆက်ဆေး ကျောင်း၏ ရာသက်ပန် ပါမောက္ခဖြစ်သည်။

စိတ်တည်ငြိမ်မှုကို အခြေခံလျက် စိတ် ဖိစီးမှုလျော့ကျစေသော နည်းလမ်း တစ်ခု (Mindfulness-Based Stress Reduction) ကို သူက ဖော် ထုတ်လိုက်သည်။ ဗုဒ္ဓဓမ္မလာနည်း နိဿယနှင့် ကျင့်စဉ်များကို ကျင့်သုံး လျက် ဆေးသိပ္ပံပညာနှင့် ဆက်စပ် ပေးသော ကြိုးပမ်းမှုဖြစ်သည်။ ထို နည်းလမ်းကို ယခုအခါ  သိပ္ပံသုတေ သနများ၌ စံအဖြစ် တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။
အသက်ရှူမှု၊ ခန္မာကိုယ်က ထိ တွေ့ခံစားမှု၊ စိတ်အလျဉ်နှင့် ဖြစ်ပေါ်လာသော ခံစားမှုတို့ကို အာရုံစိုက်ပြီး ရှုမှတ်သောနည်းဖြစ်သည်။ ရှုမှတ်နေ စဉ်အတွင်းဖြစ်ပေါ်လာသော ရောက် တတ်ရာရာ အတွေးများကို ဂရုစိုက် ဖယ်ထုတ်ခြင်း မဟုတ်ဘဲ အတွေး များကို သူ့ဘာသာ ရွေ့လျောပျောက် ကွယ်သွားစေသည့်နည်းဖြစ်သည်။ စိတ်ကို ဖွင့်ထားပြီးပေါ်လာသော အတွေးများကို ဆက်လက်လွင့်မျော သွားခိုင်းသည်။ ပေါ်လာသော အ တွေးနှင့် ခံစားမှုများနောက်သို့ လိုက် မသွားဘဲ နေလိုက်ရုံသာဖြစ်သည်။ နာကျင်သော၊ ပျော်ရွှင်သော ခံစားမှု အဖုံဖုံကို လိုက်ပါခံစားခြင်းမရှိဘဲ သူ့ သဘောသူဆောင်ကာ လွင့်ပါးပျောက် ကွယ်သွားစေခြင်းဖြစ်သည်။
ထွက်သက် ဝင်သက်ဖြင့် ပိန်လိုက်ဖောင်းလိုက်ဖြစ်နေသည်ကို အာရုံစိုက်နေရင်း စိတ်ပျံ့လွင့်ကာ ဟိုရောက်သည်ရောက်ဖြစ်နေသော စိတ်ကို မကြာခဏပြန်လည် စုစည်းရ သည်။ လက်ရှိ ဝင်သက်ထွက်သက် ကို စူးစိုက်ထားရခြင်းသည်ပင် စိတ်ကို ရှုမှတ်ခြင်း ဖြစ်သည်။

စိတ်ကို ရှုမှတ်ခြင်းနှင့် ပတ်သက်သော သုတေသနများသည် ထောင်ဂဏန်းအထိရှိကြသည်။ ထို သုတေသနများမှ ရရှိသော အချက် အလက်များမှ ကောက်ချက်ဆွဲနိုင်ခဲ့ သည်မှာ စိတ်ရှုမှတ်မှုသည် ခန္ဓာကိုယ် အပေါ် သက်ရောက်မှုရှိသည်ဆိုသော အချက်ဖြစ်သည်။ အထူးသဖြင့် စိတ် ကျရောဂါ၊ သောကပွားခြင်းနှင့် နာ တာရှည် ကိုက်ခဲနာကျင်မှုတို့ကို လျော့ နည်းသက်သာစေကြောင်း အခိုင်အ မာ တွေ့ရှိရသည်။ အခြားသက် ရောက်မှုများ ရှိကြောင်းကို တွေ့ရ သော်လည်း ခိုင်မာစွာ သက်သေမပြ နိုင်သေးပေ။

သုတေသနအပြုခံများကို အုပ်စု ခွဲလျက် စိတ်ရှုမှတ်ပြု တစ်ခုတည်း သာပြုသူအုပ်စု၊ စိတ်ငြိမ်ဆေးသောက် နေသူများအုပ်စု၊ စိတ်ဖြေလျော့ကုသ မှုခံယူသူ အုပ်စု၊ စိတ်ငြိမ်ဆေးမ သောက်သူများ အုပ်စုစသဖြင့် ခွဲခြား လျက် သုတေသပြုချက်များကို သုံးသပ်လျက် အစီရင်ခံစာထုတ်ပြန်ခဲ့ပါ သည်။ အဆိုပါ အစီရင်ခံစာအရ စိတ်ကိုရှုမှတ်ခြင်းသည် စိတ်ကျ ရောဂါ၊ စိတ်ဖိစီးမှုရောဂါ၊ နာတာရှည် နာကျင်ခိုက်ခဲမှုရောဂါတို့ကို လျော့ပါး စေကြောင်း သိရှိလာရသည်။

ရက်သတ္တပတ် ရှစ်ပတ်ကြာ စိတ်ရှု မှတ်ခြင်း (တရားထိုင်ခြင်း) ကို ကျင့် ကြံ ဆောင်ရွက်ခဲ့သူများသည် စိတ် ဖိစီးမှုနှင့် စိတ်ကျရောဂါ ခံစားရမှု သက်သာလာသည်ကို တွေ့ရသည်။ ယင်းသို့ သက်သာလာမှုသည် သုံးလ မှ ခြောက်လအထိ တည်မြဲနေသည် ကို တွေ့ရသည်။ ထို့ပြင် စိတ်ငြိမ် ဆေး ရှစ်ပတ်ကြာ သောက်သုံးထား သည့် စိတ်ကျရောဂါသည်များထက် အခြေအနေများစွာ ကောင်းမွန်သာ လွန်သည်ကို လည်းတွေ့ရသည်။
လူပေါင်း တစ်သောင်းနှစ်ထောင် ကို သုတေသနပြုပြီး ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ပြန်သည့် Clinical Pyschological Review  ၏ စာတမ်းတွင်လည်း အလားတူ ရလဒ်ကို တွေ့ရှိရသည်။

စိတ်ကိုရှုမှတ်သည့် ကုထုံးသည် စိတ်ရောဂါဆိုင်ရာ ဆေးဝါးများဖြင့် ကုသသည်ထက် သာလွန်သည်ဆို သည့်အချက်ကို အငြင်းပွားသူများ ရှိနေသည်။ သို့စဉ်တိုင် စိတ်ကိုရှုမှတ် သည့် ကုထုံးသည် ဆေးဝါးထက်မသာ လွန်သည့်တိုင် ဆေးဝါးနည်းတူ သက် ရောက်မှုရှိသည်ကို လက်ခံလာကြ သည်။ ဆေးဝါးဖြင့် ကုသခြင်းတွင် ဆေး၏ ဘေးထွက်ဆိုးကျိုးရှိနိုင်သည်။ စိတ်ရှုမှတ်ကုထုံးမှာမူ ဘေးထွက်ဆိုး ကျိုးမရှိပေ။

စိတ်ဖိစီးမှုနှင့် စိတ်ကျရောဂါ များကို စိတ်ရှုမှတ်ခြင်းသည် မည် သည့်နည်းဖြင့် လျော့နည်း သက်သာ စေသည့် အကြောင်းရင်းကို မသိရှိရ သေးပေ။ သို့သော် စိတ်အာရုံစူးစိုက် ခြင်းနှင့် အများဆုံးသက်ဆိုင်လိမ့်မည် ဟု ယူဆကြသည်။

စိတ်ကျရောဂါသည် တစ်ခုတည်း ကို အဖန်တလဲလဲ အတွေးရောက်နေ ခြင်း (Ruminative Thinking) နှင့် ဆက်စပ်နေသည်ဟု သုတေသီများက ယူဆထားသည်။ အတိတ်နှင့် သော်လည်းကောင်း၊ အနာဂတ်နှင့် သော်လည်းကောင်း ဆက်စပ်နေသည့် တစ်စုံတစ်ခုကို ရည်ရွယ်ရင်း မရှိပါ ဘဲလျက် အလိုလိုစဉ်းစားနေမိခြင်း၊ ထို အတွေးက ခြောက်လှန့်နေခြင်းတို့က ဦးနှောက်၏ အလေ့အကျင့်ဖြစ် လာခြင်း (Ruminative Thinking) ဖြစ်သည်။ မရည်ရွယ်ပါဘဲ အလိုလို အတွေးရောက်သွားခြင်း ဖြစ်သည်။

စိတ်ကိုရှုမှတ်နေခြင်းသည် ထွက် သက်ဝင်သက်ကိုသာ အာရုံစူးစိုက် ထားသဖြင့် ဝင်လာသော အတွေးများ ကို သူ့ဘာသာ လွင့်မျောပျောက် ကွယ်စေသည်။ ဝင်လာသော အတွေး အပေါ်ကောင်းသည်ဆိုးသည် မဆုံး ဖြတ်ဘဲထားလိုက်ပြီး ဝင်သက်ထွက် သက်ကိုသာ အာရုံစူးစိုက်စေခြင်းသည် စိတ်ဖိစီးမှုကြောင့်ဖြစ်နေသည့် ဦး နှောက်၏ အလေ့အကျင့်ကို တိုက် စားလျော့ပါးစေခြင်းဖြစ်နိုင်သည်ဟု ယူဆရသည်။ တစ်နည်းဆိုရပါက ဦးနှောက်တွင် ရှိနေသည့် အကျင့်ဆိုး ကို စိတ်ကိုတည်ငြိမ်စွာရှုမှတ်ခြင်းဖြင့် တိုက်ဖျက်လိုက်ခြင်း ဖြစ်သည်။

ဦနှောက်အတွင်း နျူရွန်ကွန် ရက်များ (Neural Network) နှင့် စိတ်မတည်မငြိမ်ဖြစ်မှု သို့မဟုတ် စိတ်က ထင်ရာစိုင်းနေမှုတို့ အဆက် အစပ်ရှိနေသည့် အထောက်အထားများက သုတေသန ရလဒ်များအရ တဖြည်းဖြည်းထင်ရှားလာသည်။ စိတ် ကိုရှုမှတ်သည့် အလေ့အကျင့် ကြိမ် ဖန်များစွာပြုလုပ်လျှင် စိတ်ဖိစီးမှုနှင့် သောကပွားမှုတို့ကို လျှော့ချနိုင်သည် ဆိုသော အချက်မှာ သိသာလာသည်။

စိတ်ကိုရှုမှတ်ခြင်းဖြင့် နာတာ ရှည် နာကျင်ကိုက်ခဲမှုကို လျှော့ချနိုင်ကြောင်း သုတေသန အထောက်အ ထားများ တွေ့လာရသည်။
အမျိုးမျိုးသော ကြွက်သား အဆစ်အမြစ် နာကျင်ကိုက်ခဲမှုများ (fibromyalgia,rheumatoid arthritis, and chronic musculoskeletalpain) ကို စိတ်ရှုမှတ်ခြင်းက လျော့နည်း သက်သာစေနိုင်ကြောင်း သုတေသနပြုချက်များအရ သိရ သည်။ ၂ဝ၁၅ ခုနှစ် ပြုလုပ်ခဲ့သော သုတေသန ၁၁ ခုမှ အချက်အလက် များကို ကောက်ချက်ဆွဲခြင်းမှ အ ထောက်အထားများ ရရှိခဲ့ခြင်းဖြစ် သည်။ စိတ်ရှုမှတ်ခြင်းသည် နာကျင် ကိုက်ခဲမှု အပြင်းအပျော့အပေါ်တွင် သာမက နာကျင်မှု အပေါ်စိတ်ခံစား မှုကို ပြုပြင်ပေးနိုင်သည်ကိုပါ တွေ့ လာရသည်။

၂ဝ၁၆ ခုနှစ်တွင် ထုတ်ဝေသည့် Journal of Neuroscience ၌ ဖော်ပြချက်အရ နာကျင်ကိုက်ခဲမှု လျော့နည်း သက်သာလာခြင်းသည် ခန္ဓာကိုယ်တွင် သဘာဝအလျောက်ရှိ နေသည့် နာကျင်မှု သက်သာစေသော စနစ် (body’s natural opioid system)  က နာကျင်ကိုက်ခဲမှု သက် သာစေရန် ဟိုမုန်းများ (endogenous opioids,like endorphins, that bind to opioid receptors in the brain) ထုတ်လွှတ်ပေးခြင်းကြောင့် မဟုတ်။ စိတ်ရှုမှတ်ခြင်းက နာကျင်ကိုက်ခဲမှုအပေါ် (စိတ်၏)  ခံနိုင်ရည် ကို ပြုပြင်ပေးလိုက်သည် ဟု ယူဆရ သည်။ နာကျင်သည်ဆိုသော အတွေး ကို လိုက်ပါခံစားခြင်းမရှိဘဲ သူ့ဘာ သာ လွင့်မျောသွားစေသည့် အလေ့ အကျင့်ရလာခြင်းကြောင့်ဟု ဆိုနိုင် သည်။ ခံစားမှုအပေါ် တုံ့ပြန်ခြင်း၊ အကောင်းအဆိုး ဆုံးဖြတ်ခြင်း မပြုဘဲ ဆက်လက်ရွေ့လျောသွားစေခြင်းဖြစ် သည်။

တဒင်္ဂ ဖြစ်ပျက်နေသည့် ပစ္စုပ္ပန် တွင် စူးစိုက်လျက် ဖြစ်ပျက်နေသမျှ ကို တုံ့ပြန်ခြင်း၊ ကောင်းသည်ဆိုး သည် မဆုံးဖြတ်သည့် အလေ့အကျင့် ကို စိတ်ရှုမှတ်ခြင်းက ရရှိစေသည်။ နာကျင်ကိုက်ခဲမှု ပျောက်ဆေးများ သည် ဘေးထွက်ဆိုးကျိုးရှိသဖြင့် ဆေးဝါးမပါဘဲ ကုသနိုင်မည်ဆိုလျှင် အတိုင်းထက်အလွန် ကောင်းမွန်မည် ဖြစ်သည်။

သုတေသနပြုချက်မှ ထွက်ပေါ် လာသော  ရလဒ်များသည် အားရ ဖွယ်ဖြစ်သော်လည်း လူမျိုးနွယ်၊ အ သက်အရွယ်၊ မျိုးရိုးဗီဇ အဖုံဖုံတို့ အပေါ် လွှမ်းခြုံနိုင်သည့် ရလဒ်လို အပ်နေသည်။ ထို့ကြောင့်အားလုံးကို လွှမ်းခြုံမည့် သုတေသနလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေကြသည်။

စိတ်ကျရောဂါ၊ သောကဖိစီးမှု နှင့် နာတာရှည် နာကျင်ကိုက်ခဲမှု ဝေဒနာများအပြင် အခြားသော ရောဂါ ဝေဒနာများကိုလည်း စိတ်ရှုမှတ်ခြင်း ဖြင့် ကုသနိုင်မည်ဟု မျှော်လင့်လာ ကြသည်။ ခေါင်းကိုက်ခြင်း၊ သွေးဆုံး ကိုင်ခြင်း၊ လေအောင့်လေနာ၊ အစာမ ကြေလေအောင့်၊ အိပ်မပျော်ခြင်း၊ သွေးတိုးရောဂါတို့ကို စိတ်ရှုမှတ်ခြင်း ဖြင့် ကုသနိုင်မည့် အလားအလာရှိ သည် ဟုဆိုသည်။ ထို့ပြင် ကင်ဆာ ရောဂါသည်တို့အားလည်း စိတ်သက် သာရစေရန် ဖြေသိမ့်ပေးနိုင်မည်ဟု မျှော်လင့်ထားသည်။ စိတ်ဖိစီးခြင်း သည် နှလုံးရောဂါနှင့် ဆက်စပ်နေ တတ်သဖြင့် နှလုံးရောဂါ အပေါ်တွင် လည်း အကျိုးသက်ရောက်မှုရှိမည် ဟု ခန့်မှန်းပြောဆိုနေကြသည်။
 စိတ်ရှုမှတ်ခြင်းကြောင့်ရရှိသော အကျိုးကျေးဇူးကို မီဒီယာများက အလွန်အကျွံ ချီးကျူးရေးသား ပြောဆို နေခြင်းကြောင့် သုတေသီများက စိတ်ရှုမှတ်ခြင်း သုတေသနနှင့် ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်း သတိထားပြောဆိုကြသည်။

ဒေါက်တာ ဒေးဗစ် ဗက်ဂို (Dr.David Vago)သည် (Osher Center for Intergrative Medicine and director of the Contemplative Neuroscience)  မှ ညွှန်ကြားရေးမှူး ဖြစ်သည်။ သူက '' စိတ်ကိုရှုမှတ်ခြင်း ဟာ အဆစ်အမြစ်ရောင်ခြင်းကို လျှော့ချပေးတယ်ဆိုတဲ့ အထောက်အ ထားတွေကို တွေ့ရတယ်။ လူပေါင်း ၁၆ဝဝ မှာ အဆစ်အမြစ်ရောင် တော့မယ့် ကနဦး အခြေအနေကို စိတ် ရှုမှတ်ခြင်းက တန့်နေစေတာတွေ့ရ တယ်။ အဆစ်အမြစ်ရောင်တယ်ဆို တာ အိုမင်းခြင်းရဲ့ ရှေ့ပြေး နမိတ် လက္ခဏာပဲ။ ဒီလိုဆိုရင် အိုမင်းခြင်း ဖြစ်စဉ်ကို စိတ်ရှုမှတ်ခြင်းက နှေးကွေး စေမလားလို့ တွေးစရာဖြစ်လာတယ်။စိတ်ကို ရှုမှတ်ခြင်းကြောင့် စိတ်ဖိစီး မှုကို လျှော့ချနိုင်တဲ့ အထောက် အထားတွေကို အခိုင်အမာတွေ့ လာရတယ်။ စိတ်ဖိစီးမှု လျော့ကျ လာ တာဟာ အဆစ်အမြစ်ရောင်ရမ်း တာ၊  ဆဲလ်တွေအိုမင်းလာမှု လျော့ ကျလာတာနဲ့ ဆက်စပ်နေတယ်'' ဟု ဆိုသည်။

စိတ်ရှုမှတ်သည့် လေ့ကျင့်ခန်း လုပ်ဆောင်နေသူများ၏ Telomeres ကို အထူးပြုလေ့လာနေသော သုတေ သီများလည်း ရှိသည်။ Telomeres သည် ဆဲလ်များ သက်တမ်းကို တိုင်းတာသော အမှတ်လက္ခဏာဖြစ်သည်။ ဆဲလ်သက်တမ်းအတိုအရှည်သည် နေထိုင်ပုံနှင့် များစွာဆက်စပ်နေသည်။ ဆေးလိပ်၊ အရက်၊ စိတ် ဖိစီးမှုတို့သည်  ဆဲလ်သက်တမ်းကို တိုစေသည်ကို တွေ့ရသည်။ ဆဲလ်က်တမ်းတိုသည်နှင့်အမျှ အိုမင်း ခြင်းကြောင့်ဖြစ်လာသော ရောဂါများ ဖြစ်သည့် ကင်ဆာ၊ နှလုံး၊ ဆီးချို၊ နှလုံး သွေးကြောကျဉ်းရောဂါများကို စွဲကပ် စေသည်။

အိုမင်းလာသည့်အခါ ဦးနှောက်အပြင်လွှာပါးလျား (cortical thinniing) လာခြင်းသည် မှတ်Óဏ်ကို ချို့ယွင်း စေသည့် အချက်ဖြစ်သည်။ စိတ်ကို ရှုမှတ်သည့် အလေ့အကျင့်သည် ဦးနှောက်အပြင်လွှာ ပါးလျား လာခြင်းကို လျော့နည်းစေသည်။
ဦးနှောက်အတွင်း ဖြစ်ပျက်နေသည်များကို  ပုံဖော်ကြည့်ရှုနိုင်သည့်  နည်းပညာ (neuroimaging) ဖြင့် စိတ်ရှုမှတ်မှု၏ အကျိုးသက်ရောက်မှုကို သိရှိလာရသည်။ သို့စဉ်တိုင် စိတ်ရှုမှတ်ခြင်းသည် မည်သို့မည်ပုံ အကျိုး သက်ရောက်စေသည်ကိုမူ မသိရသေး ပေ။

''ဦးနှောက်ရဲ့ ဖွဲ့စည်းဖြစ်ပေါ်မှုနဲ့ အပိုင်းအလိုက်တာဝန်ထမ်းဆောင် မှုတွေ ပြောင်းလဲသွားတာကို တွေ့ရ တယ်။ ဦးနှောက်ရဲ့ အပြင်လွှာ တချို့ နေရာတွေမှာ အထူအပါး ပြောင်းလဲ သွားတာကို တွေ့ရတယ်။ ဦးနှောက် ရဲ့ အချို့အပိုင်းတွေမှာ လှုပ်ရှားမှု လျော့ကျသွားတာရှိသလိုနဲ့ တိုးလာ တာတွေလည်းတွေ့ရတယ်'' ဟု  အာရုံ ကြောသိပံ္ပ ပညာရှင် ဝင်ဒီဟက်စ်စန်ကင့်  (Wendy Hasenkamp,Ph.D) က ပြောသည်။

သုတေသီများသည် ဦးနှောက်၏ မရေမတွက်နိုင်အောင်များပြားသော လုပ်ငန်းဆောင်တာများကို လွှမ်းခြုံ လေ့လာသည့် စမ်းသပ်မှုများ ဆောင်ရွက်ကြသည်။ လူ၏ သိမှတ်မှု၊ စိတ်ခံစားမှု၊ ခန္ဓာ ကိုယ်တွင်း ဖြစ်ပျက်နေသည်များကို ခံစားမှု၊ အကြောင်းအရာ အသစ်များ ကို လေ့လာသင်ယူခြင်းနှင့် မိမိကိုယ် ကိုယ်ကိုယ် သိရှိခြင်း စသည့် မြားမြောင်လှသော ဦးနှောက်၏ လုပ်ငန်းဆောင်တာများကို သုတေသီများက လေ့လာသည်။

စိတ်ရှုမှတ်သူ သို့မဟုတ် တရားထိုင်သူ အယောက် ၃ဝဝ ကို ၂ဝ၁၄ ခုနှစ်တွင် လေ့လာရာတွင် ဦးနှောက် ၏ အစိတ်အပိုင်းရှစ်ခုအပေါ် တညီ တညွတ်တည်း သက်ရောက်မှုရှိသည် ကို တွေ့ရသည်။ မြင့်မားစွာ သိမှတ်မှု (meta-awareness)၊ နက်နဲစွာ တွေး တော ဆင်ခြင်မှု (introspection)၊ ခန္ဓာကိုယ်တွင် အာရုံသိမှု၊ မှတ် ဥာဏ်၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ခြင်း၊ ဦးနှောက်ယာဘက်နှင့် ဝဲဘက် ခြမ်း ဆက်သွယ်မှု တိုးတက်လာခြင်းတို့ ဖြစ်ပေါ်ကြောင်း တွေ့ရှိရသည်။

ဦးနှောက်၏ အာရုံကြောကွန် ရက်များအတွင်း  အလေးအနက်ဆင်ခြင်မှုကို ထောက်ကူပေးသည့်အပိုင်း (frontopolar cortex)သည် ပြောင်းလဲမှုအများဆုံး ဖြစ်ပေါ်နေသည့် အပိုင်းဖြစ်သည်။ အလေးအနက် ဆင်ခြင်ရာတွင် စိတ်သည်လက်ရှိ အခိုက်အတန့်တွင် မည်သည့်နေရာသို့ ရောက်နေသည်ကိုလည်းကောင်း၊ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသမျှ ကိုလည်းကောင်း၊ မိမိအတွေးကို လည်းကောင်း သိမှတ်နေခြင်းဖြစ် သည်။

စိတ်ကိုအကြိမ်ကြိမ် ရှုမှတ်ခြင်းဖြင့် ထိုအပိုင်း (frontopolarcortex) သည် များစွာဖွံ့ဖြိုးလာသည်။
အသက်အရွယ်ကြီးရင့်လာသည့်အခါ ဦးနှောက်၏ မီးခိုးရောင် အပိုင်းများလျော့ပါးလာသည်။ စိတ်ကို ရှုမှတ်သည့် လေ့ကျင့်ခန်းဖြင့် ထိုသို့ လျော့ပါးလာခြင်းမှ အကာအ ကွယ်ပေးနိုင်သည်ဟု ပညာရှင်များက ယူဆထားသည်။

စိတ်ရှုမှတ်ခြင်းဖြင့် ဦးနှောက်၏ အချို့အစိတ်အပိုင်း လှုပ်ရှားမှုများ နှေးကွေးသွားသည်ကို တွေ့ရသည်။ အထူးသဖြင့် စိတ်လှုပ်ရှားမှုကို ချုပ်ကိုင်ထားသည့်အပိုင်း (frontopolarcortex)  သည်လှုပ်ရှားမှုနည်းသွား သည်ကို တွေ့ရသည်။

ထိုအပိုင်းသည် ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း၊ သောကရောက်ခြင်း၊ ဒေါသထွက်ခြင်းနှင့် ကြောက်ရွံ့ခြင်း တို့နှင့် ဆက်စပ်နေသည်။ လောကဓံ တရားနှင့် ရင်ဆိုင်ရာတွင် အပြင်းအထန် မတုံ့ပြန်တော့ခြင်းကို စမ်းသပ် မှုများက ညွှန်ပြနေသည်။ စိတ်ဆိုး မာန်ဆိုး တစ်ဇွတ်ထိုး တုံ့ပြန်ခြင်းမရှိ တော့ပေ။

စိတ်ရှုမှတ်ခြင်းသည် သွေးပေါင် ကျစေသည်ကိုလည်း တွေ့ရသည်။ တရားထိုင်သူများ၏ သွေးဖိအား သည်ရှိသင့်သည့် အနေအထားထက် အနည်းငယ်လျော့သည်ကို တွေ့ရ သည်။ သူတို့ စိတ်သည် ကြည်လင် အေးချမ်းနေသဖြင့် သောကဖိစီးမှု လျော့နည်းလာသည့်အတွက်ကြောင့် လည်း သွေးပေါင်ကျလာခြင်းဖြစ် နိုင်သည်။ စိတ်ကြည်လင်သူများ သည် ကာယလေ့ကျင့်ခန်း ပိုမိုလုပ် ဆောင်လာလေ့ရှိသည်။ ထို့ကြောင့် လည်း သွေးပေါင်ကျခြင်း ဖြစ်နိုင် သည်ဟု အချို့သုတေသီများကဆို သည်။

စိတ်ရှုမှတ်ခြင်းသည် ၉၆ ပါး ရောဂါပျောက်ဆေးဟု မမှတ်ယူကြ ရန် သုတေသီများက သတိပေး သည်။ စိတ်ရှုမှတ်ခြင်းကြောင့် ဦးနှောက်အတွင်း ပြောင်းလဲမှုများ ဖြစ်သည် မှန်သော်လည်း အချို့က များစွာပြောင်းလဲပြီး အချို့က အနည်းငယ်သာ ပြောင်းလဲသည်ကို တွေ့ရသည်။ ဦးနှောက်သည် အ တွေ့အကြုံကို လိုက်လျက်ပြောင်းလဲ လွယ်သော ခန္ဓာကိုယ် အစိတ်အ ပိုင်းတစ်ခုဖြစ်သည်။ ဦးနှောက်၏ ရုပ်ပိုင်းသာမက လုပ်ငန်းဆောင်ရွက် မှုလည်း ပြောင်းလဲသွားနိုင်သည်ကို တွေ့ရသည်။

ထိုကဲ့သို့ ပြောင်းလဲမှုသည် သိပ္ပံပညာရှင်များ ယူဆထားသည်ထက် အချိန်တိုအတွင်း ပြောင်းလဲသည်ကို တွေ့ရသည်။
တရားထိုင်ခြင်းဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်း၏ ဆောင်ရွက်မှုများ ကို ပြောင်းလဲပစ်နိုင်သည့် အဖြစ်အ ပျက်များကို အိန္ဒိယ ယောဂီကြီးများ နှင့် တွေ့ကြုံရသည့် အင်္ဂလိပ်လူမျိုး များ၏ မှတ်တမ်းများတွင် တွေ့ရ သည်။ မျက်တောင်ခတ်ခြင်း၊ အသက် ရှူခြင်း၊ နှလုံးခုန်ခြင်းတို့သည် သိစိတ် ဖြင့် ခိုင်းစေဖြစ်ပေါ်စေနိုင်သည် မဟုတ်ပေ။ ထို့အတူ ခန္ဓာကိုယ်အ တွင်း သွေးလှည့်ပတ်သွားလာနေခြင်း ကိုလည်း မထိန်းချုပ်နိုင်ပေ။ အိန္ဒိယ ယောဂီကြီးများသည် ၄င်း၏ ခန္ဓာရှိ ဒဏ်ရာမှ သွေးထွက်နေသည်ကို ရပ် တန့်ပစ်နိုင်သည်။ စိတ်၏ စွမ်းပကား ဖြင့် ခန္ဓာကိုယ်တွင် ဖြစ်ပျက်နေသော ဇီဝကမ္မဖြစ်စဉ်များကို လိုသလိုစေစား နိုင်သည့် အနေအထားဖြစ်သည်။ နှစ်ပေါင်းများစွာ တရားထိုင်လာသည့် အတွက် ထိုကဲ့သို့ စွမ်းအားကို ရရှိ နေခြင်းဖြစ်သည်။ နှလုံးခုန်နှုန်းကို လည်း လိုသလိုပြောင်းလဲနိုင်သည့် အ တွက် ၄င်းတို့သည် နှလုံးခုန်နှုန်းကို အသက်ရှင်ရုံမျှ အနေအထားအထိ လျော့ချထားနိုင်သည့်အတွက် သူတို့ သည် နှစ်ပေါင်းရာချီလျက် အသက် ရှင်နေခြင်းဖြစ်သည်ဟူသော မှတ် တမ်းများကလည်း ရှိနေသည်။

စိတ်ရှုမှတ်ခြင်းကြောင့် လူ၏ခန္ဓာအပေါ်မည်သို့ သက်ရောက်သည်ဆိုသည့် သုတေသနလုပ်ငန်းမှာ အစဦးမျှသာရှိသေးသည်။မည် သို့သော ရလဒ်များရရှိလာမည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။


No comments: