Monday, October 29, 2018

`Digital Camera မှ Sensor များအကြောင်း တစေ့တစောင်း´



Digital camera ကင်မရာအကြောင်း ပြောတော့မယ်။ ရေးတော့မယ်ဆိုရင် ဖလင်ခေတ်က ကင်မရာအကြောင်း ပြန်ပြောင်းပြော ပြန်ပြောင်းရေးနေရတယ်။ အဲဒါဟာလည်း ကျနော့်အနေနဲ့ ကင်မရာစကိုင်ကတည်းက ဖလင်ကင်မရာနဲ့ စကိုင်ခဲ့လို့ ဖလင်ကိုပဲ တမ်းတနေလို့ မဟုတ်ပါဘူး။ ဒီဂျစ်တယ်ကင်မရာဆိုတာ ဖလင်ကင်မရာကနေ မျိုးဆက်မြင့်သွားတဲ့ သဘောတရားရှိနေလို့ ဒီဂျစ်တယ်ကင်မရာအကြောင်း ရှင်းပြမယ်ဆိုရင် ဖလင်ကင်မရာနဲ့ နှိုင်းယှဉ်ပြီး ပြောနေရတာပါ။

အခုလည်းပဲ Sensor အကြောင်းပြောတဲ့အခါမှာ ဖလင်ကင်မရာနဲ့ပဲ ပြောရမှာပါပဲ။ ကျနော် ရေးခဲ့တဲ့ အရင်တစ်ပုဒ်က ကင်မရာ Level များအကြောင်းမှာ ကင်မရာ Level အနေနဲ့ Point & Shoot, Bridge, DSLR ( Entry, Semi Pro & Pro) , Mirror Less, Medium Format စတဲ့ ဒီဂျစ်တယ်ကင်မရာတွေ မဆိုထားပါနဲ့ ဟန်းဆက်က ကင်မရာမှာတောင် ပုံရိပ်ကို ဖမ်းယူပေးတာဟာ Sensor ဖြစ်ပါတယ်။ (ပုံ ၁)


Sensor ဆိုတာဘယ်လိုလုပ်ဆောင်သလဲ
ဖလင်ကင်မရာတုံးက Lens ကနေ၀င်လာတဲ့ ပုံရိပ်တွေကို ဖလင်ကော်ပြားက ဖမ်းယူပြီး ဓါတ်ပြုဆေးတို့နဲ့ ပုံဖော်ရပါတယ်။ ဒီဂျစ်တယ်ခေတ်ရောက်လာတော့ ဖလင်ကော်ပြားအစား Lens ကနေ၀င်လာတဲ့ပုံရိပ်တွေကို Camera က Image Sensor ကနေ ဖမ်းယူပြီး Electronic Signal အဖြစ် ပြောင်းလဲပေးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

အဲ့သည်လို Image Sensor ကနေ Electronic Signal ပြောင်းလဲပေးတဲ့ Sensor များထဲမှာ အမျိုးအမည်များစွာနဲ့ရှိပြီး ဒီဂျစ်တယ်ကင်မရာတွေမှာ အဓိက အသုံးများတဲ့ Sensor တွေကတော့ CCD ( Charge- Coupled Device )Sensor, CMOS ( Complementary Metal Oxide Semiconductor) Sensor လို့နှစ်မျိုးဖြစ်ပါတယ်။ (ပုံ ၂)

CCD Sensor
CCD Sensor ဆိုတာက Analog Device ဖြစ်ပြီး သူ့အပေါ်ကျရောက်လာတဲ့ အလင်းရောင်တွေကို Electric Charge အဖြစ်လက်ခံထားပြီး Electric Charge ကို Voltage ပြောင်းပေးပြီး ကင်မရာထဲက လျှပ်ပတ်လမ်းထဲမှာ အချက်အလက်အဖြစ် ပြောင်းလဲပေးတာပါ။ ဒီ CCD Sensor နည်းပညာရပ်က ဒီဂျစ်တယ်ကင်မရာမှာတင် မဟုတ်ပါဘူး ဆေးဘက်ဆိုင်ရာ၊ သိပံပညာရပ်ဆိုင်ရာ၊ နည်းပညာရပ်ဆိုင်ရာတို့မှာ အဆင့်မြင့်ပုံရိပ်တွေ ဖော်ထုတ်တဲ့ နေရာမှာလည်း အသုံးချကြပါတယ်။

CMOS Sensor
ဒီနည်းပညာကလည်း CCD Sensor နည်းပညာနဲ့ အခြေခံလုပ်ဆောင်ချက် အတူတူပါပဲ။ ဒါပေမယ့် CMOS မှာက Metal Oxide Semiconductor တစ်စုံကို အသုံးပြုပြီး အလင်းပုံရိပ်တွေ ဖမ်းယူပေးတာပါ။

CCD Sensor နဲ့ CMOS Sensor ဘာကွာသလဲ 


CCD Sensor နဲ့ CMOS Sensor ဘယ်ဟာကသာသလဲလို့ မေးလာရင် ကျနော့်အမြင်နဲ့ရော နည်းပညာအနေနဲ့ရော ပြောရခက်ကြီး ဖြေရခက်ကြီးပါ။ Camera လောကသားတွေကို Canon နဲ့ Nikon ဘယ်ဟာက ကောင်းသလဲလို့မေးရင် (တတိယကမ္ဘာစစ် ဖြစ်စေမည့်အကြောင်းအရင်းက နယ်မြေပိုင်ဆိုင်မှုကြောင့် အငြင်းပွားမှုကြောင့်မဟုတ် Canon User နဲ့ Nikon User တွေကြောင့် ဖြစ်မှာလို့ နောက်ပြောင် ဆိုရိုးစကားရှိတာကြောင့်) လွှဲလှီးပြီး ဖြေကြသလိုပဲ သူ့ဟာနဲ့သူတော့ အားနည်းချက် အားသာချက် ရှိတာပါပဲလို့ နှာစေးပြရမှာပဲ။ ဒါပေမယ့် မမြ၀င်းလို လှေနံနှစ်ဖက်မနင်းပဲ တစ်ဖက်ကို ခပ်ပါပါနဲ့ပြောရရင် COMS Sensor နည်းပညာကစွမ်းအင်သုံးစွဲမှု ပိုနည်းသလို DATA ဖတ်တာလည်း ပိုမြန်တယ်လို့တော့ ဆရာ့ဆရာတွေ ပြောကြားချက် မှတ်သားထားဘူးကြောင်းပါ။ နီကွန်ထဲက DSLR Entry အဆင့်ထဲက ကင်မရာတွေပဲကြည့်ပါ။ D3000 တုံးက CCD Sensor ကို အသုံးပြုကြပြီး နောက်ပိုင်းထွက်လာတဲ့ D3300 လောက်ကနေစပြီး CMOS Sensor ကို အသုံးပြုလာကြပါတယ်။ ဟန်းဆက်ပါ ကင်မရာတွေတောင်မှ CMOS Sensor ထည့်သွင်းအသုံးပြုထားကြောင်း တခုတ်တရ ကြော်ငြာလာပါပြီ။

DSLR မှာ Full Frame & Crop Frame ဆိုတာဘာလဲ
Digital Camera ကနေ ပုံတွေရိုက်ယူတဲ့အခါမှာ ပုံအရည်အသွေး ကောင်းမှုဟာ Sensor ရဲ့ အရွယ်အစားနဲ့ တိုက်ရိုက်ကျတယ်လို့ ဆိုလိုချင်ပါတယ်။ စောစောက ပြောထားတဲ့အတိုင်းပါပဲ မှန်ဘီလူးက ၀င်လာတဲ့ ပုံရိပ်တွေကို ဖလင်ခေတ်က ဖလင်ကော်ပြားကနေ မှတ်သားပေးထားသလို ဒီဂျစ်တယ်ခေတ်မှာ ပုံရိပ်ကို ဖမ်းယူပေးတာဟာ Sensor ပါလို့ ဆိုထားပြီးသားပါ။ ဒါကြောင့် Sensor Size ကြီးလေလေ ပုံအရည်အသွေး ပိုကောင်းလေလေ။ ကင်မရာရဲ့ ဈေးနှုန်းလည်း တော်ဝင်သဇင် ဖြစ်လေလေပေါ့ဗျာ။

ဖလင်ခေတ်တုံးက ကျနော်တို့ ခင်ဗျားတို့ အလွယ်တကူ ၀ယ်ပြီးရိုက်နေတဲ့ ၃၆ကွက် ဖလင်လိပ်၊ (ခရီးဆောင် အော်တိုကင်မရာနဲ့ အများစုသုံးစွဲနေကြသော တစ်လိပ်(၃၆)ကွက်ထွက် ဖလင်) ဒါမှမဟုတ် နယ်တွေဘက်မှာ (ဒါမှမဟုတ်) ဆူးလေအ၀ိုင်းဘက်က ဓါတ်ပုံဆိုင်တွေမှာ လိုင်စင်သွားရိုက်တော့ ဆိုင်က ပြန်ပေးလိုက်တဲ့ နဂ္ဂတစ် ဖလင်ကွက်ကလေးတွေ တွေ့ဘူးတယ် ရဘူးတယ် မဟုတ်လား။ ( သာမာန်အလှပုံ၊ မှတ်တမ်းပုံ၊ ဘွဲ့ပုံ အတွက်သာဆိုပါသည်။ ဖလင်ပြားကြီးမားသော တစ်ကယ့် စီပွားရေးကြော်ငြာသုံးဖြစ်သည့် ဆလိုက်ကင်မရာသုံး ဖလင်ကော်ပြားကို မဆိုလို) အဲ့သည့် ဖလင်ကို ဓာတ်ပုံဆရာတို့က ဓါတ်ပြုဆေးရည်နဲ့ ပုံဖော်ပြီး နေရောင်သို့ အလင်းရောင်ထဲ ထောင်ကြည့်ချိန်မှာ မြင်ရတဲ့ ဓါတ်ပုံတစ်ပုံစာ အကွက်ကိုပေါ့။ အဲ့သည့် တစ်ကွက်စာကို တိုင်းတာကြည့်ပါ။ ထောင့်ဖြတ်တိုင်းကြည့်က 35mm အရွယ်ရှိပါလိမ့်မယ်။ အဲ့သည့်ဖလင်တစ်ကွက်စာ အရွယ်ကို စံထားပြီး DSLR တွေမှာ Full Farme & Crop Frame လို့ခေါ်ကြတာဖြစ်ပါတယ်။

DSLR ကင်မရာတွေမှာလဲ ဒီအတိုင်းပါပဲ။ ဖလင်အစား ပုံရိပ်ဖမ်းယူဖို့ လုပ်ဆောင်တဲ့ Sensor အရွယ်အစားဟာ 35mm အရွယ်အစားနဲ့အထက်ကို Full Frame ကင်မရာ၊ Sensor အရွယ်အစားဟာ 35mm အရွယ်အစားရဲ့အောက်ဆိုရင် Crop Frame ကင်မရာလို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။ Sensor မှာ အရွယ်အစား အခေါ်အဝေါ်တွေလည်း ရှိပါသေးတယ်။ Sensor Size ကြီးလေလေ ဓါတ်ဆရာတွေ ကြိုက်လေလေမို့ ဒီအချိန်မှာ မင်းဘယ်ကင်မရာကြိုက်လဲ လာနောက်ပြီး မမေးနဲ့ Full Frame ကင်မရာထက် Sensor Size ပိုကြီးမားသော Medium Format ကင်မရာတွေ ကြိုက်ပါတယ်လို့ အတည်ပြန်ဖြေမှာ။ (သို့ပေမယ့်လည်း Medium Format ဆိုတာကြီးက မင်းကြိုက်စိုးကြိုက် ကျနော်တို့လို ကာလသားများနဲ့ လားလားမှမထိုက်သေးတဲ့ဟာကြီး။ ကျနော်တို့ ဖလင်ကင်မရာစကိုင်တုံးက 35mm ကင်မရာတွေ လက်ထဲကိုင်သုံးနေတုံးက ဖလင်ကော်ပြား ကြီးကြီး ထည့်ရိုက်ရတဲ့ ဆလိုက်ကင်မရာကို အဝေးကနေမြင်၊ မြင်သာမြင်ရ မကြင်ရ ဆိုတာမျိုးကြီး)

Sensor အခေါ်အဝေါ်များ များနှင့် အရွယ်အစား
Full Frame = 36mm x 24mm, ASP-H= 28.1mm x 18.7mm, ASP-C= 23.6mm x 15.6mm, Four Third = 17.3mm x 13mm, 1/1.7IN= 7.6mm x 5.7mm, 1.2.3IN (or) 1/3.2= 5.7mm x 4.2mm ( 1.2.3IN (or) 1/3.2= 5.7mm x 4.2mm ကတော့ ခင်ဗျားတို့ ကိုင်ဆောင်နေတဲ့ ဟန်းဆက်အများစုက ကင်မရာတွေထဲက Sensor အရွယ်အစား) ဖြစ်ကြပါတယ်။ (ပုံ ၃) Medium Format Camera က Sensor အရွယ်အစားတွေကတော့ Full Frame ထက်ကြီးမားပါတယ်။ ဥပမာ Pentax 645Z မှာ Sensor အရွယ်အစားက 43.8mm x 32.8mm သုံးထားပြီး Hasselblad H6D-100C မှာကတော့ Sensor အရွယ်အစား 53.4mm x 40mm ရှိပါတယ်။

Sensor အရွယ်အစားနဲ့ Crop Factor


Crop Factor ဆိုတာဘာလဲဆိုတာပါ ရှင်းပြဖို့လိုလာပါပြီ။ အတိုဆုံးပြောရရင် Crop Factor ဆိုတာ ပုံရိပ်ဖမ်းမှန်ဘီလူး Lens ကနေ ပုံရိပ်တွေSensor ပေါ်ကျလာပြီး Sensor ကနေ ဖမ်းယူပြီး ထင်လာတဲ့ပုံရိပ်ကို ပုံအရွယ်အစားကို ကင်မရာကနေဖမ်းယူပေးမယ့် ပုံရိပ်မြင်ကွင်း အနေအထား ဖြစ်ပါတယ်။ (ဒီထက်ရှင်းအောင် မရှင်းပြနိုင်၍ ခွင့်လွှတ်ပါ ပုံ၎ ကိုကြည့်ပါက အလွယ်တကူ သဘောပေါက်နိုင်သည်) သူကလဲ မိမိကိုင်ဆောင်တဲ့ ကင်မရာပါ ဆန်ဆာအရွယ်အစားနဲ့ တိုက်ရိုက်ပတ်သတ်ပါသေးတယ်။



အနီးစပ်ဆုံး အမြင်သာဆုံးကို ပြောရမယ်ဆိုပါက ကျနော်လက်ရှိကိုင်ဆောင်နေသော Nikon D800 သည် Full Frame Size ဖြစ်၍ မှန်ဘီလူးဆုံတာ 50mm ရှိသော Prime Lens တပ်ရိုက်မည်ဆိုပါက ဆုံတာ 50mm မြင်ကွင်းအတိုင်း အပြည့်အ၀ ရိုက်ယူနိုင်သော်လည်း Crop Frame ထဲမှ Nikon D7200 ကင်မရာနှင့် ရိုက်မည်ဆိုပါက ASP-C Sensor ဖြစ်တဲ့အတွက် Full Frame Size ကင်မရာထဲက မြင်ကွင်းအတိုင်း ပါလိုပါက Crop Frame ကင်မရာသမားက ခြေနှစ်လှမ်းနီးပါးစားမျှ ဆုတ်၍ရိုက်ပါမှ ပေါ်လွင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် Full Frame ကင်မရာဆရာက သူ့ကင်မရာတွင် မှန်ဘီလူးဆုံတာ 50mm ရှိသော Prime Lens တပ်ထားလျှင်မြင်ရသော မြင်ကွင်းနဲ့ Nikon D7200 ကင်မရာဆရာ က သူ့ကင်မရာတွင် မှန်ဘီလူးဆုံတာ 35mm ရှိသော Prime Lens တပ်ထားလျှင်မြင်ရသော မြင်ကွင်းနဲ့ အကွာအဝေးချင်းတူသည်ကို ဆိုလိုသည်။
ထိုနည်းတူစွာပင် Full Frame Camera တွင် အဝေးရိုက် Tele Lens 300mm နဲ့ ရိုက်မည်ဆိုပါက မှန်ဘီလူးဆုံတာ 300mm မြင်ကွင်းအတိုင်းပေါ်မှာဖြစ်ပြီး Crop Frame Camera ( APS-C Sensor) နဲ့လည်း အဆိုပါ အဝေးရိုက် Tele Lens 300mm နဲ့ရိုက်ပါက မှန်ဘီလူးဆုံတာ 450mm မြင်ကွင်းကိုရရှိမှာဖြစ်ပါတယ်။

အကြမ်းဖျင်း ပြောရရင် အသုံးပြု Sensor ကင်မရာက Full Frame ဆိုလျှင် မှန်ဘီလူးဆုံတာ mm ကို 1.0 နဲ့မြှောက်၊ ASP-Hဆိုလျှင် မှန်ဘီလူးဆုံတာ mm ကို 1.2 နဲ့မြှောက်၊ ASP-Cဆိုလျှင် မှန်ဘီလူးဆုံတာ mm ကို 1.5 နဲ့မြှောက်၊ Four Third ဆိုလျှင် မှန်ဘီလူးဆုံတာ mm ကို 2.0 နဲ့မြှောက်၊
ဒီနည်းအတိုင်းပါပဲ အနီးစပ်ဆုံး ဥပမာထပ်ပေးရရင် ကင်မရာကနေ မျက်မြင်အတိုင်း Eye Level အတိုင်း အကွာဝေးညီ မြင်ချင်တယ်ဆိုရင် အကြမ်းဖျင်းအားဖြင့် Crop Frame ( ASP-C) ကင်မရာမှာ 35mm ဆုံတာရှိ မှန်ဘီလူး ၊Full Frame Camera မှာ 50mm ဆုံတာရှိ မှန်ဘီလူး တပ်ဆင်မှ ကွက်တိနီးပါးမြင်နိုင်ပါတယ်။ ကျနော်အခုလော ဓာတ်ကျနေပြီး လက်လှမ်းမမှီသေးတဲ့ Fuji Film က Medium Format ကင်မရာဆိုရင် 80mm ဆုံတာရှိတဲ့ ပုံရိပ်ဖမ်းမှန်ဘီလူးလောက်နဲ့မှ မျက်မြင်အတိုင်း Eye Level အကွာဝေးကို ကြည့်နိုင် ရိုက်နိုင်မှာပါတဲ့ဗျာ။

Sensor ကျန်းမာရေး အထူးဂရုစိုက်ပေး
ကင်မရာတစ်လုံးရဲ့ တန်ကြေးဟာ Sensor Size အပေါ် မှာမူတည်နေသလို၊ ပုံရိပ်ကောင်းကောင်းဖမ်းဖို့၊ ပုံအရည်အသွေးကောင်းဖို့ကလဲ Sensor က လုံးဝ အခရာကျပါတယ်။ ဒါကြောင့် သူ စိတ်မကောက်သွားအောင် ခင်ဗျားတို့ အထိမ်းအသိမ်းတတ်ဖို့လိုပါတယ်။ အခမ်းနား သွားရိုက်တဲ့သူတွေ ကိုယ်လွယ်ထားတဲ့ ကင်မရာကို Aircon မထိတွေ့စေဖို့။ နိုင်ငံကြီးတွေမှာ Camera Sensor ကို အသစ်လဲလှယ်နိုင်တယ်လို့ကြားဖူးပေမယ့် ဒီမှာတော့ မတွေ့ဖူးသေးပါဘူး။ အဝေးပြေးကားကြီး Air-con Bus တွေနဲ့ ခရီးသွားတဲ့အခါမှာ ကိုယ့်ကင်မရာအိတ်ကို မိမိခေါင်းပေါ်က ပစ္စည်းထည့်တဲ့ ခရီးဆောင်အိတ်ထည့်တဲ့ အခန်းငယ်ထဲ ယောင်မှားလို့တောင် ထည့်မသယ်မိစေနဲ့။ (ကိုယ်တွေ့ဗျာ ရေခဲသေတ္တာထဲ သိမ်းထားမိတဲ့အတိုင်း ရေခဲရိုက်ဖြစ်သွားပြီး Sensor မကဘူး ကျန်တဲ့အစိတ်အပိုင်းပါ ထိခိုက်နိုင်)၊ ပင်လယ်ကမ်းစပ်တွေဘက်သွားရင် ဆားငွေ့ပါတဲ့ လေထု သတိ၊ ပြီးတော့ Lens အဖြုတ်အတပ် အလဲအလှယ်သုံးသူများ ဖုန်ထူသောနေရော ရေငွေ့လေထုထဲများနေသော အချိန် Lens အဖြုတ်အတပ် မလုပ်နဲ့။ အိမ်မှာ ကင်မရာသိမ်းထားချိန်တွင် Dry Box မှာသိမ်း၊ ဈေးကြီးမြင့်လို့ Dry Box မ၀ယ်သေးဘူးဆိုရင်လဲ အစားသုံး လျှပ်စစ်အားမလို ကော်ပုံးအလုံပိတ်လေးတွေလည်း ဈေးကွက်ထဲမှာ ချိုချိုသာသာ ၀ယ်နိုင်ပါတယ်။ ပိုပြီးစိတ်ချချင်ရင်တော့ ဆေးဆိုင်က ဆီလီကွန်အထုပ်ကလေးတွေပါ အဲ့ပုံးထဲ ထည့်ထားပေါ့။

ဓါတ်ပုံရိုက်လိုက်တိုင်း မိမိရိုက်လိုက်တဲ့ ပုံရိပ်တွေမှာ အစက်အပျောက်တွေ ပါလာပြီဆိုရင်တော့ ပုံရိပ်ဖမ်းမှန်ဘီလူးကလား၊ ဆန်ဆာကလား စစ်ဆေးပါ။ ပုံရိပ်ဖမ်းမှန်ဘီလူးကို သန့်ရှင်းပြီး (သို့) ပြောင်းတပ်ပြီးရိုက်လဲ ဒီနေရာမှာပဲ အစက်အပျောက်က ပါနေတယ်ဆိုရင်တော့ သေချာပြီ Sensor မှာ ဖုန်မှုန့်(သို့) မှိုကပ်နေလို့ပါပဲ။

ကင်မရာအသစ်မှာ အဲ့သည့်ပြဿနာတွေ မရှိသလောက်ဖြစ်ပေမယ့် မိမိကိုင်ဆောင်တဲ့ ကင်မရာဟာ နှစ်ကြာလာတဲ့အမျှ အဲ့ပြဿနာက ၀င်လာပါပြီ။ ကင်မရာ အဟောင်းတွေက Sensor မှာ မှိုကပ်တာတို့ ဖုန်ကပ်တာတို့ စစ်ဆေးချင်ရင် နေ့ခင်းအလင်းကောင်း ရာသီဥတု သာယာချိန်မှာ မိမိရဲ့ DSLR Camera က ပုံရိပ်ဖမ်းမှန်ဘီလူးနဲ့ ဘော်ဒီက Focus စနစ်ကို Manual မှာထား ( Focus က ဗလာဆိုရင် ဖြတ်တောက်ရှာဖွေချိန်ကြာလို့) Shutter Speed ကို 125 အထက် aperture ကို F 16 လောက်အနည်းဆုံး ကျဉ်းပေးပြီး ကောင်းကင်ပြာပြာကို Focus စနစ် Manual နဲ့ရိုက်ပြီး အဲ့ပုံကို Zoom ချဲ့ပြီး စစ်ဆေးပါ။ အမှုန်အမွှားများ ပေါ်နေပါရင် အဲ့ဒါတွေဟာ ဖုံတွေ မှိုတွေပါပဲ။ စိတ်အနှောက်အယှက်ဖြစ်အောင် ပုံရိပ်ထိခိုက်လောက်အောင် များနေတယ်ဆိုရင်တော့ Sensor ဆေးကြောဖို့ လိုအပ်နေပါပြီ။ DSLR Camera တွေမှာ Sensor ဆေးကြောနည်းကို You Tube မှာ အလွယ်တကူ ရှာဖွေလေ့လာနိုင်ပေမယ့် လက်တွေ့လိုက်မလုပ်ပါနဲ့။ ကျွမ်းကျင်တဲ့ ကင်မရာပြင်ဆရာတွေဆီမှာပဲ အပ်ပြီး ဆေးခိုင်းသင့်ပါတယ်။

ကိုကျော်ဇေယျ (Internet Journal)

No comments: