Thursday, October 25, 2018

လုပ်ငန်းခွင်အတွင်း ချစ်ကြိုက်ခြင်းကို စီမံခန့်ခွဲခြင်း



လုပ်ငန်းခွင်အတွင်း ချစ်ကြိုက်ခြင်းကို စီမံခန့်ခွဲခြင်း
---------------------------------------------------------
အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းညိ ဆိုတဲ့ စကားပုံဟာ စာရေးသူတို့ မြန်မာလူမျိုးများအကြားရေးပန်းစားတဲ့ စကားပုံတစ်ခုပဲဖြစ်ပါတယ်။ ဒီစကားပုံဟာ တကယ့်ဖြစ်ရပ်တွေနှင့် အများအားဖြင့် မှန်ကန်လေ့ရှိပါတယ်။ လုပ်ငန်းခွင်အတွင်းမှာ ရှိတဲ့ ၀န်ထမ်းတွေဟာ ပုံမှန်အားဖြင့် တစ်နေ့ကို (၈) နာရီ နှင့် အနည်းဆုံး တစ်ပတ်ကို (၅) ရက် လုပ်ငန်းခွင်အတွင်းမှာ ပဲ အချိန်တွေကို မြှုပ်နှံထားရပါတယ်။ ရက်၊လ၊ နှစ်တွေ ကြာလာတာနှင့်အမျှ လုပ်ငန်းခွင်ဟာ Second Home သဖွယ်ဖြစ်လာပါတယ်။ မနက်အိပ်ယာထပြီဆိုတာနှင့် ရုံးသွားဖို့အတွက် ပြင်ဆင် တစ်နေကုန်ရုံးမှာ အလုပ်လုပ် ညနေမိုးချုပ်မှ အိမ်ပြန်ရောက်ကြတဲ့အခါမှာ ၀န်ထမ်းတွေဟာ ဒီအလုပ်ကို Second Home လို့ မသတ်မှတ်ဘဲ ရှိပါဦးမလား။

အလားတူပဲ ၀န်ထမ်းတွေဟာ လုပ်ငန်းခွင်အတွင်းမှာ အနေကြာလာတဲ့အမျှ တစ်ဦးနှင့်တစ်ဦး ချစ်ကြိုက်မှုတွေ ရှိလာနိုင်ပါတယ်။ လူ့သဘာဝအရ ၀န်ထမ်းတစ်ဦးနှင့်တစ်ဦးချစ်ကြိုက်တာ ဘာဖြစ်လဲဆိုတဲ့ မေးခွန်းတွေ ရှိလာမှာပါ။ ဒီလိုမေးခွန်းကိုစာရေးသူ အနေနဲ့ ဘာမှမဖြစ်ရင် ဘာမှ မဖြစ်ဘူး၊ ဖြစ်ရင်တော့ ဖြစ်တာပေါ့ ဆိုတဲ့ အဖြေနဲ့ပဲ ဖြေလိုပါတယ်။ ဥပမာ၊ မိန်းမရှိတဲ့ Managing Director နဲ့ သူ့ရဲ့ အတွင်းရေးမှူး Secretary မလေး၊ ဌာနမှူး မန်နေဂျာနဲ့ သူ့လက်အောက်က ၀န်ထမ်းတစ်ဦး ချစ်ကြိုက်တယ်ဆိုကြပါစို့။

HR Manager တွေဘယ်လိုလုပ်ကြမလဲ၊။ ဒီအတိုင်း မသိချင်ယောင်ဆောင်နေမှာလား၊ ဒါမှမဟုတ် MD နဲ့ ကြိုက်နေတဲ့ အတွင်းရေးမှူးမလေးကို ခေါ်ပြောမှာလား၊ လက်အောက်က ၀န်ထမ်းနဲ့ချစ်ကြိုက်နေတဲ့ မန်နေဂျာကို ခေါ်ပြောမှာလားဆိုတဲ့ လားမေးခွန်းတွေ များစွာနဲ့ ကြုံရပါလိမ့်မယ်။ ခေါ်ပြောမယ်ဆိုရအောင်လည်း ၀န်ထမ်းအချင်းချင်းမချစ်ကြိုက်ရဘူးဆိုတာ ဘယ်မူဝါဒမှာ ရှိတာလဲ၊ အလုပ်စ၀င်တုန်းကလည်းအဲလိုမပြောထားပါဘူး၊ ကိုယ့်သဘောနဲ့ကိုယ် ကြိုက်လည်းရတယ် မကြိုက်လည်းရတယ် HR Manager နဲ့ဆိုင်လို့လားဆိုရင်တော့ HR Manager တွေအခက်တွေ့ပြီ။ တချို့လုပ်ငန်းတွေမှာတော့ ၀န်ထမ်းအချင်းချင်း၊ အထက်အောက်သာမက၊ Level တူ အချင်းချင်း ချစ်ကြိုက်တာကို လုံးဝလက်မခံတဲ့ မူဝါဒတွေချမှတ်ထားကြပါတယ်။

မူဝါဒအထဲမှာလည်း တကယ်လို့သာ ဒီလိုချစ်ကြိုက်တယ်ဆိုတာကို ဖေါ်ထုတ်သိရှိခဲ့ရင်အလုပ်မှ ထုတ်ပယ်မယ်ဆိုတာမျိုးတွေအထိရှိပါတယ်။ စာရေးသူရဲ့ တစ်ဦးတည်း အမြင်အရဆိုရင် ဒီလို လုပ်ငန်းခွင်အတွင်းချစ်ကြိုက်တာကို တားမြစ်တဲ့ မူဝါဒကိုက စလွဲတယ်လို့ မြင်ပါတယ်။ လုပ်ငန်းခွင်အတွင်းချစ်ကြိုက်တဲ့ Workplace Romances မရှိအောင်လုပ်ဖို့မလွယ်ပါဘူး။ Workplace Romances ဟာ ၀န်ထမ်းတွေရဲ့ ကုန်ထုတ်စွမ်းအား Productivity ၊ မျှမျှတတ စီမံခန့်ခွဲမှု အလေ့အထနဲ့ စိတ်ဓါတ်ရေးရာ ပျက်ပြားမှုတွေအထိ  ထိခိုက်လာ ရင်တော့ လုပ်ငန်းအတွက် ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ စောစောကပြောခဲ့သလို MD နဲ့ Secretary၊ Head of Department (HOD) နဲ့ လက်အောက်က ၀န်ထမ်း ချစ်ကြိုက်တာတွေ ဖြစ်လာပြီဆိုရင် HR Manager တွေဘာလုပ်မလဲဆိုတဲ့ အခြေအနေတွေကြုံလာခဲ့ရင်အသုံးတည့်နိုင်မည့် နည်းလမ်းအချို့ဖေါ်ပြလိုပါတယ်။

• Respect individual’s rights. လုပ်ငန်းခွင်အတွင်းချစ်ကြိုက်နေသူတစ်ဦးချင်းရဲ့အခွင့်အရေးကိုအလေးထားပါ။ လုပ်ငန်းခွင်အတွင်းမှာ မချစ်ကြိုက်ရဘူးလေလို့သွားပြောလို့မရပါဘူး။ အရွယ်ရောက်ပြီးသူတိုင်း မိမိဆုံးဖြတ်ချက်နဲ့မိမိ ဘယ်သူကိုမဆို ချစ်ကြိုက်ပိုင်ခွင့်ရှိပါတယ်။ စီမံခန့်ခွဲသူတွေဟာ လူ့အခွင့်အရေး ကိုချိုးဖောက်ဖို့အထိမဖြစ်သင့်ပါဘူး။ လိုအပ်လာလို့ သက်ဆိုင်သူတွေကို တွေ့ဆုံဆွေးနွေးရတဲ့အခါမှာလည်း လူ့အခွင့်အရေးဆိုတာကို အမြဲခေါင်းထဲ ထည့်ထားဖို့လိုအပ်ပါတယ်။

• Consider possible scenarios. ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတွေကို ကြိုတင် စဉ်းစားထားပါ။ လုပ်ငန်းခွင်အတွင်း တစ်ဦးနဲ့တစ်ဦးချစ်ကြိုက်နေကြပြီဆိုရင် အများအားဖြင့် အလုပ်ကိုထိခိုက်တယ်လို့ ယူဆတတ်ကြပါတယ်။ လုပ်ဖေါ်ကိုဘက်အချင်းချင်းအကြား လုပ်ငန်းနဲ့ပတ်သက်ပြီး လုပ်ကိုင်ဆက်ဆံ ရတဲ့အခါမျိုးမှာ ချစ်ကြိုက်သူတွေရဲ့ Romance ဖြစ်စေတဲ့အပြုအမူတွေကြောင့်ဝန်ထမ်းတွေဟာ တခါတလေမှာ စိတ်မသက်မသာအခြေအနေတွေဖြစ်ပေါ်တတ်ပါတယ်။

အဓိကကြုံတွေ့ရနိုင်တဲ့အခြေအနေ (၃) မျိုးရှိပါတယ်။

ပထမအခြေအနေကတော့ ဒီလိုလုပ်ငန်းခွင်အတွင်းချစ်ကြိုက်တာတွေဟာ သက်ဆိုင်သူ တစ်ဦးချင်းရဲ့ လုပ်ငန်းစွမ်းဆောင်ရည် ဒါမှမဟုတ် လုပ်ငန်း တစ်ခုလုံးရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေကို သက်ရောက်မှုရှိနိုင်မလားဆိုတဲ့
အခြေအနေဖြစ်ပါတယ်။

 နောက်တစ်ခုက ဒီလိုချစ်ကြိုက်ခြင်းမျိုးဟာ လုပ်ငန်းခွင် အတွင်းမှာ ရှိတဲ့ ၀န်ထမ်းတွေရဲ့ စိတ်ဓါတ်ရေးရာတွေကို သက်ရောက်မှုရှိ နေမလားဆိုတာဖြစ်ပါတယ်။

တတိယမြောက်တစ်ခုကတော့ Workplace Romance ဟာ Sexual Harassment နဲ့ပတ်သက်တဲ့ အရေးဆိုမှုတွေဆီကို ဦးတည်မလားဆိုတာပဲဖြစ်ပါတယ်။

ဒီဖြစ်နိုင်ခြေရှိတဲ့ အခြေအနေ (၃) ခုအတွက်
မေးခွန်းတွေကို ဖြေကြည့်လို့ မိမိလုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး အဆုံးဆုံးဖြစ်မယ့်
အခြေအနေတစ်ခုကဘယ်ဟာလဲဆိုတာ သိပါလိမ့်မယ်။ သိပြီးတဲ့ အဆုံးဆုံး အခြေအနေတစ်ခုဖြစ်လာခဲ့လို့ ဘယ်လိုဆောင်ရွက်မှုမျိုးမှ မလိုက်လာဘဲ နေမယ်ဆိုရင် Workplace Romance နဲ့ပတ်သက်ပြီး ဘာအကြောင်းမှ စဉ်းစားမနေပါနဲ့တော့။ လုပ်ငန်းခွင်အတွင်း ချစ်ကြိုက်ခြင်းကို စီမံခန့်ခွဲဖို့လည်း
ကြွေးကြော်မနေပါနဲ့တော့။

• Manage rather than ignore the situation. တကယ့်တကယ်တော့ လုပ်ငန်းခွင်အတွင်းချစ်ကြိုက်နေတာကို သိရက်နဲ့ မျက်ကွယ်မပြုသင့်သလို၊ လူ့အခွင့်ရေးချိုးဖောက်ပြီးတော့လည်း မချစ်ကြိုက်ရဘူးလို့ မလုပ်သင့်ပါဘူး။ ဒါတွေအစား စီမံခန့်ခွဲ့ရမှာပါ။ HR တွေအနေနဲ့ အဓိကဖန်တီးပေးရမှာက ဆိုးအတူကောင်းဖက်၊ စွမ်းဆောင်ရည်ပြည့်ဝပြီးပျော်ရွှင်စည်းလုံးတဲ့ လုပ်ငန်းခွင်အခြေအနေတစ်ခုဖြစ်အောင်လို့ပါ။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့
ပုဂ္ဂိုလ်ရေးကို စွက်ဖက်ဖို့မဟုတ်ပါဘူး။ အဲဒီတော့ HR တွေအနေနဲ့ Workplace Romance နဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေတွေကိုတော့ မိမိတို့လုပ်ငန်းခွင် အတွင်း လက်ခံနိုင်ဖွယ်ရှိပြီး ဘယ်လို ကိစ္စမျိုးမှာတော့ လက်ခံနိုင်ဖွယ်မရှိဘူး ဆိုတဲ့ နည်းလမ်းတွေကို ကြိုတင်စဉ်းစားထားဖို့လိုအပ်ပါတယ်။

• Consider establishing a policy. လုပ်ငန်းခွင်အတွင်းချစ်ကြိုက်မှုတွေနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲမယ့် မူဝါဒတစ်ခုကို တိတိကျကျ ရေးဆွဲထားဖို့ လိုအပ်ပါတယ်။ စာရေးသူ လက်လှမ်းမီသလောက် လုပ်ငန်းတွေမှာတော့ Workplace Romance နဲ့ပတ်သက်ပြီး အတိအလင်းရေးဆွဲထားတဲ့ မူဝါဒတွေ မရှိသလောက်ရှားကြပါတယ်။ ဘာမှ မဖြစ်ရင်တော့ ဘာမှ မဖြစ်ဘူး၊ ဖြစ်ရင်တော့ ဖြစ်တာပေါ့ ဆိုတဲ့ စကားလိုပါပဲ။ IT ဌာနက လူပျိုဝန်ထမ်း တစ်ယောက်နဲ့ Finance က အပျိုဝန်ထမ်းတစ်ယောက်ကြိုက်တာဟာ လုပ်ငန်းစွမ်းဆောင်ရည်ကို မထိခိုက်ဘူး၊ လုပ်ဖေါ်ကိုင်ဘက်ဝန်ထမ်းတွေရဲ့ စိတ်ဓါတ်ရေးရာတွေကို မထိခိုက်နိုင်ဘူးဆိုရင် အဆင်ပြေနိုင်ပေမယ့် မိန်းမရှိတဲ့ Admin Manager တစ်ယောက်နဲ့ သူ့လက်အောက်ငယ်သား ၀န်ထမ်းအပျိုလူလွတ်တစ်ယောက် နဲ့ ချစ်ကြိုက်တယ်ဆိုပါစို့။ Admin Manager ရဲ့မိန်းမက သူ့ယောက်ျားနဲ့ ကြိုက်နေတဲ့ ၀န်ထမ်းမိန်းကလေးကို ရုံးဆင်းချိန်မှာ စောင့်ပြီး ဘာညာပြောဆိုတာမျိုး၊ လုပ်ငန်းခွင်အထိ လိုက်လာပြီး သက်ဆိုင်ရာ စီမံခန့်ခွဲသူတွေကို ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘာဖြစ်တယ် ညာဖြစ်တယ် ပြောဆိုတယ်ကြပါစို့။ အတိအကျ သတ်မှတ်ထားတဲ့ မူဝါဒတစ်ခု မရှိဘူးဆိုရင်  HR Manager တွေအတွက် အခက်မဟုတ်ပါလား။

ပိုင်စိုး (Management)

Certified Change Management Specialist (MSI, USA)

Ref; The Management Biblie by Neil Flanagan & Jarvis Finger


ချစ်​သူအတွဲများအား HR အမြင်​နဲ့ ချိန်​ကြည့်​ရာဝယ်
---------------------------------------------
(HR Function တွေနဲ့ RS အခြေအနေချိတ်ပြထားပုံ)

✅၀န်ထမ်းအသစ်တွေရှာဖို့ ၀န်ထမ်းရှာဖွေရေးနည်းလမ်းတွေဖြစ်တဲ့ ငွေကြေးအကုန်အကျခံပြီး ကြော်ငြာတာတွေ၊ အေဂျင်စီအပ်တာတွေ၊ အလုပ်အကိုင်ပြပွဲတွေမှာပါဝင်တာတွေ လုပ်ပြီး ၀န်ထမ်းလောင်းတွေအလုပ်လာလျှောက်အောင်အမျိုးမျိုးကြိုးစားရပါတယ်။

❤️တစ်ယောက်နဲ့တစ်ယောက်ချစ်သူဖြစ်ဖို့ သူ့အကြောင်းကိုယ်သိ၊ ကိုယ့်အကြောင်းသူသိ အောင်လုပ်တာတွေ၊ အခြားစုံစမ်းတာတွေလုပ်ရသလိုပဲ ချစ်သူဖြစ်လာအောင် စိတ်ဝင်းစားလာအောင်အမျိုးမျိုးကြိုးစားကြရတယ်။

✅၀န်ထမ်းလောင်းတွေဟာ လုပ်ငန်းရဲ့သဘောသာဝနဲ့ကိုက်ညီမှုရှိမရှိ အနီးစပ်ဆုံး သိရှိခန့်မှန်း နိုင်အောင် အင်တာဗျူးတာတွေ၊ လိုအပ်တဲ့ စစ်ဆေးတာတွေလုပ်ရသလို အပြန်အလှန် မေးခွန်းမေးကြရပြီးလိုအပ်တာတွေကို ညှိနှိုင်းဆွေးနွေးရပါတယ်။

❤️တစ်ယောက်နဲ့တစ်ယောက်ရင်ဘတ်ချင်းနီးစပ်နိုင်ဖို့ ဖုန်းဆက်တာတွေ၊ messenger, viva တို့မှာစကားပြောတာတွေ၊ ရံဖန်ရံခါဆိုင်တစ်ဆိုင်ဆိုင်မှာ တစ်ခုခုစားရင်း စကားပြောရ တာတွေလုပ်ကြသလို တစ်ယောက်နဲ့တစ်ယောက်နဲ့သိချင်တာတွေနဲ့ အမေးအဖြေကဏ္ဍတွေရှိပါတယ်။

✅အလုပ်လျှောက်ထားသူနဲ့အလုပ်ခန့်အပ်သူ နှစ်ဦးနှစ်ဘက် ဆွေးနွေးညှိနှိုင်းတာတွေကြောင့် သဘောတူညီမှုတစ်ခုနဲ့ အလုပ်ခန့်အပ်တဲ့လုပ်ငန်းစဉ်စတင်ပါတော့တယ်။

❤️တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေ၊ မေတ္တာတွေ၊ သံယောဇဉ်တွေနဲ့ သဘောတူညီမှု တစ်ခုရပြီး ချစ်သူတွေဖြစ်သွားကြပါတယ်။

✅၀န်ထမ်းအသစ်တစ်ယောက်ခန့်အပ်ပြီးရင် လုပ်ငန်းခွင်ရဲ့သဘောသဘာဝနဲ့ ရင်းနီးအောင်၊ အနေမစိမ်းနေအောင် လုပ်ငန်းခွင်မိတ်ဆက်လိုသင်တန်းတွေလုပ်ကြပါတယ်။

❤️ချစ်သူတွေဖြစ်သွားတဲ့အချိန်မှာ နှစ်ဦးနှစ်ဘက်လုံးရဲ့ သဘောသဘာဝတွေနဲ့ရင်းနီးအောင် အနေမစိမ်းအောင် အသိမိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ အပြန်အလှန်မိတ်ဆက်တာတွေ လုပ်ကြပါတယ်။

✅၀န်ထမ်းအဖြစ်ခန့်အပ်လိုက်ပေမဲ့ အမြဲတမ်းဝန်ထမ်း (Permanent) မဖြစ်သေးဘဲ အစမ်းခန့်ဝန်ထမ်း (Probation) အဖြစ်နဲ့ အလုပ်ရှင်အလုပ်သမားနှစ်ဘက်စောင့်ကြည့် နေကြပြီး နှစ်ဦးနှစ်ဘက် အဆင်ပြေရင် အမြဲတန်းဝန်ထမ်း (Permanent) အဖြစ် အတည်ပြုခန့်ထားတဲ့ (Confirmation) လုပ်ပြီး အလုပ်ရှင်ဘက်ကသဘောမကျရင် လုပ်ငန်းတာဝန်မှရပ်စဲတဲ့ (Termination) လုပ်သလို ၀န်ထမ်းဘက်ကသဘောမကျရင်လည်း အလုပ်မှနှုတ်ထွက်တဲ့ (Resignation) လုပ်ပါတယ်။ Resignation တို့ Termination တို့ဖြစ်သွားပါတယ်။ တကယ်လို့ ၀န်ထမ်းထပ်မခန့်လို့မရတာဆို  ၀န်ထမ်းရှာဖွေရေး လုပ်ငန်းစဉ်က အစကပြန်စရပြီး ထပ်ခန့်ဖို့မလုပ်တော့ဘူးဆိုရင် ၀န်ထမ်းရှာဖွေခန့်ထားရေး လုပ်ငန်းစဉ်ကပြီးသွားပါပြီ။

❤️ချစ်သူတွေဖြစ်လာတဲ့အချိန်မှာ ချစ်စခင်စကြင်နာစတွေရဲ့သဘာဝအရ နှစ်ဘက်စလုံးက အစွမ်းကုန်ချစ်ပြနေကြပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်မြတ်နိုးတဲ့အနေအထားကို စောင့်ကြည့်ပြီး တချို့အတွဲတွေက ဘ၀အတွက်လက်တွေဖေါ်အဖြစ် (Permanent) ကို အတည်ပြု (Confirmation) လုပ်ကြတာရှိသလို တချို့အတွဲတွေကတော့ နှစ်ဦးသဘောတူ ပြတ်ဆဲတာတွေ၊ တစ်ယောက်ယောက်ကလမ်းခွဲတာတွေ Termination တို့ Resignation တို့ဖြစ်သွားပါတယ်။ တချို့တွေက နောက်ထပ်ကြင်သူတစ်ယောက်ထပ်ရှာကြပြီး တချို့က ချစ်သူထပ်မရှာတော့ဘဲ အရိုးထုတ်သွားကြတော့တယ်။

✅အတည်ပြုခန့်ထားပြီးတဲ့ ၀န်ထမ်းတွေကို လုပ်ငန်းခွင်မှာကြာလာတာနဲ့အမျှ ၀န်ထမ်းရဲ့ လိုအပ်ချက်နဲ့ လုပ်ငန်းရဲ့လိုအပ်ချက် (၂) ကိုခု ညှိနှိုင်းဆောင်ရွက်ရပြီး လိုအပ်ရင် ၀န်ထမ်းရော လုပ်ငန်းပါတိုးတက်စေဖို့အတွက် သင်တန်းတွေပေးရပါတယ်။

❤️ချစ်သူတွေဖြစ်လာပြီးနောက် တစ်ယောက်ရဲ့ လိုအပ်ချက်နဲ့ တစ်ယောက်ရဲ့လိုအပ်ချက် အခြေအနေတွေကို နားလည်မှုတွေထားကြသလို လိုအပ်ရင်လည်း ချစ်သူ (၂) ဦး အတူတကွ လက်တွဲသွားဖို့အရေး လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်ရပါတယ်။

✅၀န်ထမ်းတွေဟာ အလုပ်မှာ အနေကြာလာတာနဲ့အမျှ လုပ်ငန်းခွင်နေပျော်မှုနဲ့ စိတ်ဓါတ်ခွန်အားရှိမှုဆိုတာတွေ မရှိတတ်တော့တဲ့အတွက် ၀န်ထမ်းတွေ လုပ်ငန်းခွင်မှာ တက်တက်ကြွကြွအလုပ်လုပ်ချင်စိတ်ရှိလာအောင် နည်းလမ်းအမျိုးမျိုးနဲ့ Motivate လုပ်ရပါတယ်။

❤️ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ ချစ်စခင်စကြင်နာစကလိုမဟုတ်ဘဲ ချစ်သူ (၂) ဦးရဲ့ ပျော်ရွှင်ဖွယ်အိပ်မက်ကမ္ဘာလေးတည်တံ့နေဖို့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်နားလည်မှုတွေ တည်ဆောက်ကြပါတယ်။

✅၀န်ထမ်းတွေလုပ်သက်ကြာလာတဲ့အမျှ လုပ်ငန်းခွင်မှာပျော်ရွှင်တက်ကြွနေရအောင်လုပ်ရ သလို၊ ဗဟုသုတ၊ အရည်းအသွေးတွေတိုးတက်အောင်လည်း သင်တန်းတွေပေး၊ ရာထူးတွေတိုးရတာတွေရှိပါတယ်။

❤️ချစ်သူ (၂) ဦးအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေပြုလုပ်ကြသလို (၂) ဘက်မိဘတွေကိုလည်း အသိပေးတာတွေလုပ်ကြပါတယ်။

✅၀န်ထမ်းတွေဟာ အားကိုးအားထားနေရပြီး လုပ်ငန်းနဲ့တသားတည်းကြနေပြီဖြစ်လို့ အခြားအလုပ်ကို ပြောင်းမသွားအောင် အလုပ်မထွက်သွားအောင် ၀န်ထမ်းထိန်းသိမ်းရေး မဟာဗျူဟာနည်းလမ်းတွေ နဲ့ အမျိုးမျိုးထိန်းကြပါတယ်။

❤️ချစ်သူ (၂) ဦး ချစ်သက်ကြာလာကြသလို (၂) ဘက်မိဘတွေကိုလည်း အသိပေးထားပြီ ဖြစ်သော်လည်း အချစ်တွေအမြဲတမ်းရှင်သန်ဖွံ့ဖြိုးနေအောင်၊ တစ်ယောက်အပေါ်မှာပဲ တစ်ယောက်က အမြဲချစ်ခင်မြတ်နိုးမှုတွေရှိအောင် ပုံစံအမျိုးမျိုးနဲ့ဖန်တီးယူကြပါတယ်။

✅တချို့ဝန်ထမ်းတွေ အလုပ်ထွက်သွားကြသလို၊ တချို့ဝန်ထမ်းတွေ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ထုတ်ခံလိုက်ရတယ်။ တချို့ကတော့ ဒီအလုပ်မှာပဲ နှစ်တွေအကြာကြီး အလုပ်လုပ်သွား ကြတယ်ပေါ့။

❤️တချို့ချစ်သူအတွဲတွေ အကြောင်းအမျိုးမျိုးကြောင့် ကွဲသွားကြသလို၊ တချို့တွေရဲ့ မင်္ဂလာဆောင်တွေကတော့ Sunday တိုင်းမှာရှိနေတော့တယ်။

လေးစားစွာဖြင့်

ပိုင်စိုး (Management)

No comments: