Sunday, October 21, 2018

❆ ပဲ့ကြွေသံ ❆

ခေတ်ရနံမဂ္ဂဇင်း၊ အမှတ် (၅၄) အောက်တိုဘာလထုတ်မှ ဆရာနေဘုဏ်းဝေ၏ ၀တ္ထုတိုကို တင်ပေးလိုက်ပါတယ်။


----------
ကျွန်မမှားယွင်းမှုက သူတစ်ပါး အတွက် အမှန်တရားဖြစ်လျှင် ကျွန်မပျော် ရွှင်ရမှာပါ။ ဒါပေမဲ့ သူတစ်ပါးက ကျွန်မ မှားယွင်း မှုကိုကြည့်၍ လှောင်ပြောင်နေခဲ့ လျှင် ၀မ်းနည်းစရာက ကျွန်မအတွက် ထာဝရလက်ဆောင်အဖြစ်သာ မှတ်ယူ လိုက်မည် ဟု တွေးတောနေမိသည်။

တကယ်တော့ ဒီအရပ် ဒီနယ်မြေကို မောင်ပြန်မလာသင့်သည်ကတော့ အမှန်။ ကျွန်မ အိမ်ထောင်ပြုပြီး ကာလများစွာ ကြာမှ မောင် ဘာကြောင့် ပြန်ရောက်လာ သလဲ။ ဘယ်လိုပြန်ရောက် လာသလဲ။ ပြန် ရောက်လာတော့လည်း ကျွန်မ မသိရ။ သိရတော့လည်း မောင့်နံဘေး၌ အဖော် တစ်ယောက်ဖြင့် ကလေးနှစ်ယောက်ကို လက်တွဲ၍ ရွှေတိဂုံဘုရားရင်ပြင်တွင် ကြည် နူးနေသည်ကို ကျွန်မ မျက်ဝါးထင် ထင် တွေ့မြင်လိုက်ရလေ သည်။ ထိုနေ့က ကျွန်မ ကိုယ်တိုင်လည်း ခင်ပွန်းသည်နှင့်အတူ သမီးလေးနှစ်ယောက်ဖြင့် ရွှေတိဂုံဘုရားရင် ပြင်တော်၌ ပျော်ရွှင်နေခဲ့ခြင်းဖြစ်သည်။ ကံ ကြမ်္မာက ဆုံစည်းစေဖို့ ထိုနေရာသို့ စေ လွှတ်လိုက်ခြင်း လား။ ကျွန်မခွဲခြားမသိနိုင် ခဲ့။ မောင့်မျက်ဝန်းနှင့်ဆုံမိသည့်အခါတွင် ထိုပျော်ရွှင်မှုတို့သည်လည်း ကျွန်မဆီမှ ဝေး ရာအရပ်သို့ ပျံသန်းသွားလေသည်။ ကျွန်မ ကိုလည်း မောင်လှမ်းကြည့်၍ ပြုံးနေ သည်။ ထိုအကြည့်ကို ဥပေက္ခာပြုဖို့ကြိုးစား လိုက်ချိန်တွင် ကျွန်မမျက်ရည်မကျမိအောင် ထိန်းထားလိုက်ရသည်။

ဟိုတစ်ချိန်တုန်းက၊ မောင်ပြန်မလာ မှန်းသိသော  တစ်ချိန်က ချစ်ခြင်းမေတ္တာ၏ ဗိသုကာအဆောက်အအုံတွင်းမှ မျှော် လင့်ခြင်း အထီးကျန်မှုကို စွန့်လွှတ်၍ ကျွန်မ အိမ်ရာသစ်ထူထောင်ရန် ဆုံးဖြတ်ချက်ချ လိုက်ရသည်။ ထိုဆုံးဖြတ်ချက်၏ နောက် ကွယ် တွင် စောင့်ဆိုင်းခြင်း၊ မျှော်လင့်ခြင်း၊ သတိတရရှိခြင်းဆိုသည့် အရာတို့အား အိမ် ထောင်ရှင်မတစ်ယောက်အနေဖြင့် မထား သင့်တော့ဟု ကျွန်မထင်သည်။ အိမ်ထောင် ရေးစည်းမျဉ်းစည်း ကမ်းတို့သည်က လင့် ၀တ်္တရားနှင့် မယားဝတ်္တရားတို့၏ ဆုံစည်းရာ သစ်္စာရှိမှု၏ နယ်ပယ်တစ်ခုဟုလည်း ကျွန်မ ထင်သည်။ ထို့ကြောင့် မောင့်ကိုကျွန်မ မစောင့်ဆိုင်းလိုတော့။ ကံကြမ်္မာရေးဖွဲ့သည့် အတိုင်း ဆက်လျှောက်တော့မည်ဟုလည်း ဆုံးဖြတ်ချက်လိုက်တော့ သည်။

တကယ်တော့ မောင်ပြန်ရောက်သင့် သည့်အချိန် ထက် ကျော်လွန်စွာစောင့်ဆိုင်း ခဲ့ပါသော်လည်း ပြန်မရောက်နိုင်ခဲ့ခြင်း သည်က မောင်ဘာဖြစ်နေခဲ့ပြီလဲ။ မောင် ပြည်ပနိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးအရ ခိုလှုံ သွားပြီလား။ ဒါမှမဟုတ် တောတွင်းတစ် နေရာမှာ ကျဆုံးသွားပြီလား။ မည်သည့် သတင်းကလေးမျှ ကျွန်မရှိရာအရပ်သို့ ပျံသန်းမလာတော့။ မောင့်ကို ရက်စက်သူ ဟုလည်း မစွပ်စွဲလို။ တာဝန်ကင်းမဲ့သူဟု လည်း မပြောကြားလို။ သူ့ယုံကြည်ချက် သူကိုးကွယ်တာကိုလည်း ကျွန်မ မကန့် ကွက်ခဲ့။ ကျွန်မနှင့်မောင် ကျောင်းပြီးလျှင် အစိုးရဌာနတစ်ခုခုတွင် အလုပ်ဝင်၍ အိမ် ထောင်တစ်ခုထူထောင်မည်ဟု နှစ်ဦး သဘောတူထားခဲ့လေသည်။ ထိုသဘောတူ ညီချက်သည်က စိတ်ကူးယဉ်အိပ်မက်မျှ သာ ဖြစ်ခဲ့လေ သည်။ ကျွန်မနှင့်မောင့်  စိတ် ကူးအိပ်မက်ကို ဖျက်ဆီး လိုက်သည့်အရာ က တခြားတစ်ပါးသောအရာမဟုတ်။ တစ် ပါတီအာ ဏာရှင်စနစ်  ပင်ဖြစ်လေတော့ သည်။ ထိုစနစ်၏ ဆိုးကျိုး၌ ကျွန်မတို့ မိသားစု လည်း ရေတိမ်နစ်ခဲ့ရလေသည်။

ကျွန်မနှင့်မောင် ပထမနှစ် ကြည့်မြင် တိုင်ကောလိပ်တက်နေစဉ် မမျှော်လင့် သော အရေးတော်ပုံတစ်ခုပေါ်ပေါက်လာ ခဲ့သည်။ ထိုအရေးတော်ပုံကပင် ကျွန်မနှင့် မောင့်ကို သီးခြားခွဲခွါသွားဖို့ ဖန်တီးခဲ့ခြင်း လား။ ဆိုရှယ်လစ်အာဏာရှင်စနစ်တစ်ခုကို ဖြိုချဖို့ စက်မှုတက်္ကသိုလ်မှ စတင်ခဲ့သော အရေးတော်ပုံသည်လည်း တစ်စတစ်စဖြင့် တက်္ကသိုလ်အသီးသီးသို့ ပျံ့နှံ့လာခဲ့သည်။ မောင့်ဆီ သို့ နိုင်ငံရေးစိတ်ဓာတ်နှင့် နိုင်ငံ ရေးသွေးတို့ ဘယ်ကနေ ဘယ်လိုရောက်ရှိ လာမှန်းမသိ။ ရန်ကုန်တက်္ကသိုလ်သို့သွား၍ ပင်မကျောင်းသားများနှင့်အတူ အရေး တော်ပုံတွင်ပါဝင်ခဲ့သည်။ ကျွန်မ မပါဝင် ဖြစ်သော်လည်း အများနည်းတူ မောင့်ကို ကျောင်းသား တစ်ယောက်အနေဖြင့် ပါဝင် စေခဲ့သည်။ မောင်စိတ်ဝင် စားသော နိုင်ငံ ရေး၊ မောင်တက်ကြွနေသော နိုင်ငံရေးဖြစ် စဉ်တွင် သွေးမြေကျလိမ့်မည်ဟုလည်း ကျွန်မ မထင်ခဲ့။ အာဏာရှင်လူတန်းစားကို လည်း ထိုသို့ ရက်စက်လိမ့်မည်ဟုမထင်မိ။ ကိုဖုန်းမော်တို့ကျဆုံးပြီးနောက်ပိုင်း အာ ဏာရှင်စနစ်၏ သွေးချောင်း စီးရက်စက်မှု နှင့် ကျောင်းသားထုတစ်ရပ်လုံး၏ အသက် နှင်းသည့် အရေးတော်ပုံက ပြင်းထန်လာခဲ့ သည်။ ထို့ကြောင့် ရှစ်လေးလုံး   အရေးတော် ပုံလည်း ပေါ်ပေါက်လာခဲ့ရသည်။ နောက် ပိုင်း၌ လူထုလူတန်းစားကိုအခြေခံ၍ ဌာန ဆိုင်ရာဝန်ထမ်းများပင်ပါလာခဲ့သည်။

အခြေအနေရှုပ်ထွေးလာသောအချိန် တွင် ကျွန်မအားအိမ်မှ ကျောင်း  သို့ပေး မသွားတော့။ ကျွန်မနေထိုင်ရာ ကမ်္ဘာအေး ဘုရား  လမ်းတွင်လည်း အထက်တန်း ကျောင်းသားလူငယ်   များပါဝင်   လာသည်ကို တွေ့ရသည်။ ထိုကျောင်းသားငယ်များထဲ တွင် အိမ်မှမောင်လေးပါသွားသည့်အတွက် အမေမှာငိုကြွေး၊ အဖေက လိုက်ရှာပေးပါ သော်လည်း ပျောက်ဆုံးနေခဲ့လေသည်။ အာဏာ   ရှင်အစိုးရကလည်း ပစ်ခတ်သတ် ဖြတ်ရန်ဝန်မလေးသလို အာဏာရှင်အစိုးရ ကို တော်လှန်ပုန်ကန်ဖို့ကလည်း ကျောင်း သူ ကျောင်းသား၊ ရဟန်းသံဃာနှင့်လူထု လှုပ်ရှားမှုက   လည်း ပြင်း   ထန်လာသည်။ တစ်ဖက်တွင် မောင့်အတွက် စိုးရိမ်နေရ သော်လည်း အခြားတစ်ဖက်၌ ပျောက်ဆုံး နေရသည့် မောင်လေးအတွက် ပူပန်ရပြန် သည်။  အမေမှာ သောကဖြင့် အိပ်ရာတွင် လဲ၍ အဖေမှာ စားဖို့သောက်ဖို့အတွက် ရှာရဖွေရသည်မှာ မလွယ်ကူဖြစ်လာသည်။

တဖြည်းဖြည်းဆိုးလာသည်က အာ ဏာရှင်စနစ်၏ လုပ်ကွက်၌ ကိုယ့်ပြည်သူ အချင်းချင်း အထင်မှားအမြင်မှား   စိတ်ဖြင့် ခေါင်းဖြတ်   သတ်ဖြတ်ကြသည်။ နောက် တံတားလေး လမ်းဝခုံးတံတားပေါ်မှ ပစ် ခတ်သတ်ဖြတ်မှုကြောင့် ကျောင်းသား ကျောင်းသူ၊ ရဟန်း    သံဃာနှင့် ပြည်သူလူထု အများအပြားသေဆုံးခဲ့ရလေသည်။ ထိုည သည်က ကျွန်မအဖို့ အိပ်၍မပျော်။ မောင် ဘာဖြစ်နေပြီလဲ။ မောင်လည်း  ဘယ်ရောက် နေပြီလဲဟု စဉ်းစားနေမိသည်။ ကျွန်မတို့ ကမ်္ဘာအေး သည်က မရမ်းကုန်းမြို့နယ်တွင် ပါဝင်သည်။ တောင်ဥက်္က လာနှင့် မြောက် ဥက်္ကလာကြားတွင်လည်း တည်ရှိသည်။ ထို့ ကြောင့် တောင်ဥက်္ကလာဘက်မှ ကြွေး ကြော်သံများကိုလည်း အတိုင်း သားကြား နေရသလို မြောက်ဥက်္ကလာဘက်မှ ကြွေး ကြော်သံများကိုလည်း ကြားရ၏။ ဆိုး သည်က ကိုယ့်ရပ်ကွက်အတွင်းမှာပင် သူ စိမ်းမြင်လျှင် စစ်ဆေးမေးမြန်း၊ မသင်္ကာ လျှင်ဖမ်းဆီးထိန်း   သိမ်း ထားလိုက်သည်။ စနစ်ဆိုးကြောင့် ကိုယ့်အချင်းချင်း သတ် ဖြတ်နေကြ သည်ကို ကျွန်မရင်လေးနေမိ သည်။ ကိုယ့်လမ်း  လုံခြုံရေးအတွက် တစ် အိမ်တစ်ယောက် ကင်းထွက်စောင့်၍ အမည်မသိရန်သူ ကို စောင့်မျှော်နေရလေ သည်။

အဖြစ်ဆိုးချင်တော့ ထိုကာလတွင် အဖေမှာ အလုပ်အကိုင်    ရှားပါးမှု ပြဿနာ နှင့်ရင်ဆိုင်ရသည်။ သူတို့အပူနှင့်သူ  တို့မို့ ဆွေမျိုးအသိုင်းအ၀ိုင်းနားလည်း ကပ်၍ မရ။ အမေမှာလည်း ဝေဒနာဖြင့် အိပ်ရာထဲ တွင် လဲနေလေပြီ။ အိမ်တွင်ရှိရာလေးဖြင့် ခြိုးခြံချွေတာ၍ အသက်ဆက်နေရသည်။ အရေးတော်ပုံကလည်း တရွေ့ရွေ့နှင့် တဖြည်းဖြည်းပိုဆိုးလာ သည်။ သောက်ရေ များတွင် အဆိပ်ခပ်ဟုလည်းကြားရ၊ ဘယ် နေရာမှာဖြင့် ခေါင်းဖြတ်လိုက်ပြန်ပြီဟု ပြောကြနှင့် စိုးရိမ်စရာပင်ဖြစ်လာခဲ့သည်။ မောင့်သတင်းလည်းမကြားရ။ အိမ်မှ ပျောက်ဆုံးနေသည့် မောင်လေးသတင်း လည်း စုံးစုံးမြုပ်ပျောက်နေလေသည်။ အဖေမှာလည်း အမေနှင့်ကျွန်မကို ထား ရစ် ၍ လိုက်မရှာနိုင်။ အခြေအနေငြိမ်သက် သည်အထိ စောင့်နေရုံမျှတစ်ပါး အခြားမရှိ နိုင်တော့။

တစ်မနက် ကျွန်မသတင်းတစ်ခုကြား လိုက်ရသည်။ ထိုသတင်းက စစ်တပ်မှ အာ ဏာသိမ်းတော့မည်ဆိုသည့် သတင်းပင် ဖြစ်သည်။ ရပ်ကွက်ထဲ၊ လမ်းထဲတွင်လည်း တစ်အိမ်တက်တစ်အိမ်ဆင်း၍ BBC ၊ VOA၊ RFA သတင်းများကို ခိုးကြောင် ခိုးဝှက်နားထောင်နေကြသည်။ ဘယ်သူက ဘယ်နှရက် နိုင်ငံတော်သမ်္မတဖြစ်သွား သည်၊ ဘယ်သူက ဘယ်နှလ နိုင်ငံတော် သမ်္မတဖြစ်သွားသည်ဆိုသော သတင်းနှင့် ဘယ်နေရာတွင် ကျောင်းသားကျောင်းသူ နှင့်ပြည်သူလူထုအသတ်ခံလိုက်ရပြီဆိုသည့် သတင်းကြောင့် မောင်နှင့်မောင်လေး အတွက် အလွန်စိုးရိမ်စရာဖြစ်ခဲ့ရသည်။ အာဏာရှင်စနစ်ကြောင့် တိုင်းပြည် တွင် နေ့ စဉ်နှင့်အမျှ သွေးမြေကျနေရလေသည်။

တစ်ပတ်လောက်အကြာ၌ ရုတ်တ ရက် ကျွန်မရှိရာ ရပ်ကွက်သို့ မောင်ရောက် လာသည်။ စစ်တပ်မှ အာဏာသိမ်း လိုက်ပြီ ဖြစ်သောကြောင့် သူတို့တိမ်းရှောင်တော့ မည်ဖြစ်ကြောင်း၊ တော်လှန်ရေးပြီး၍ ဒီမို ကရေစီရ မှ ပြန်ခဲ့မည်ဖြစ်ကြောင်း၊ ကျဆုံးခဲ့ ရသည့် ကျောင်း သား၊ ပြည်သူလူထု၏ သွေးမြေကျမှုကြောင့် နောက်ဆုတ်၍ မဖြစ် နိုင်ကြောင်း၊ ထိုသို့မျှ မတိမ်းရှောင်လျှင် အဖမ်းခံ ရမည်ဖြစ်၍ နိုင်ငံရေးဆက်လုပ်နိုင် မည် မဟုတ်ကြောင်းနှင့် သူဆက်ဆက်ပြန် လာခဲ့မည်ဖြစ်ကြောင်းကို ဖွင့်ဟလေသည်။ ကျွန်မခံစားမှုဝေဒနာကို မောင်မသိရှာ။ မောင်နှင့်ပတ်သက်ခဲ့သမျှ ကျွန်မ မျိုသိပ် ထားရသည့်အရေးကြီးဆုံးသောအကြောင်း အရာကို မပြောလိုတော့။ ရှေ့ဆက်သွားရ မည့် မောင့်အတွက်နောက် ဆံမတင်းစေလို။ ပြိုမည့်မိုး စိုးထိတ်နေသော်လည်း ပြိုမှာပဲဆို သောအသိဖြင့် ခေါင်းညိတ်လိုက်ရသည်။

ထိုအချိန်မှစ၍ မောင့်အား ကျွန်မ တွေ့ခွင့်မရတော့။ ကျွန်မ မောင်လေးလည်း အစအနမပေါ်။ တိုင်းပြည်၏ အခြေအနေ က မသူတော်တရားဖြင့် ပျက်စီးရလေပြီ။ နိုင်ငံ၏ အဓိကပြဿနာမှာ အုပ်ချုပ်သူလူ တန်းစားညံ့ဖျင်းမှုကြောင့် နိုင်ငံကျဆုံးရခြင်း ပင်ဖြစ်သည်။ အရည်အချင်းမပြည့်ဝသော ၀ါဒကို အသိဉဏ်နည်းပါးသူဖြင့် အုပ်ချုပ် ခြင်းသည် အရှုံးဖြင့်သာ ရင်ဆိုင်ရမည်ဟု ထင် သည်။ မောင့်ကိုလည်း ရည်မှန်းချက် နှင့်ပန်းတိုင်မလွဲပါစေနှင့်ဟု ဆုတောင်းပေး ရသည်။ အမှန်တရားတစ်ခုအတွက် ပေး ဆပ်လိုက်ရသည့်ဘ၀က တန်ဖိုးကြီးမားပါ စေဟု လည်း မျှော် လင့်နေသည်။ မောင် ကျွန်မအနားက အဝေးသို့ ထွက်ခွါသွားသည့် နောက် ပြဿနာတစ်ခုပေါ်လာခဲ့သည်။

““ဒါ ငါ့အမှား ငါ့အမှား””ဟု ရေရွတ် လျက် စိတ်ကတွေးပူမိလိုက်သည်။ မိဘနှစ် ပါးထဲမှ အဖေ့ထက် အိပ်ရာတွင်လဲနေ သည့် အမေမသိဖို့ အရေးကြီးသည်ဟု ယူဆ၍ အစ်မအကြီးဆုံးနှင့်တိုင်ပင်လိုက် သည်။ နောက်ဆုံး အစ်မ၏အစီအစဉ်ဖြင့် ဒေါ်လေးတို့ရွာသို့ ကျွန်မတိတ်တဆိတ် ထွက်ခွါခဲ့ရသည်။ ပျောက်ဆုံး စာရင်း ၀င် မောင်လေးကို ရှာမတွေ့သည့်ကြားက ကိုယ့်ပြဿနာကိုယ် ဖြေရှင်ဖို့ အမိအဖကို စွန့်ခဲ့ရပြန်လေသည်။ ဒေါ်လေးတို့ရွာ တွင် ခေတ်္တ ဇာတ်မြှုပ်၍ နေလိုက်စဉ် အမေဆုံး ပါးသွားခဲ့ရသည်။ အဆိုးဆုံးက အမေ့ ဈာပနတွင် သားသမီးမပြည့်စုံခြင်းပင်ဖြစ် သည်။ သား သမီးကြောင့်လည်း လူ့ဘ၀ကို စွန့်ခွါသွားသည်ဟုထင်သည်။ ထိုအချိန် တွင် ပြည်ပသို့တိမ်းရှောင်သွားသူများ ပြန် ရောက်လာပြီဟုကြားတော့ မောင်ပြန်ပါ မလားဆိုသောအသိဖြင့် မျှော်လင့်ခဲ့သေး ၏။ မောင်ရောက် မလာ။ သည်လိုဆို တစ် ဖက်နိုင်ငံမှာ မောင်ရှိနေမလား။ သို့တည်း မဟုတ် တောတွင်းက လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုခုမှာ ဒီမိုကရေစီတပ်သားကြီး အဖြစ် တာဝန်ထမ်းဆောင်နေပြီလား။ ကျွန်မ မျက်နှာမြင်ပြီးတော့ အဖေရှိရာသို့ ပြန်လာသည့်တိုင် မျက်နှာမြင်ခဲ့ သည့်အရာ ကို ဖုံးလိုဖိလို၍ အစ်မတို့လင်မယားလက် သို့ လက်လွှဲပေး လိုက်သည်။ ထိုအရာက သားယောက်ျားလေးဖြစ်သည်။

ဘယ်အချိန်က ကျွန်မအတွေးထဲ အသိတစ်ခု ၀င်လာသလဲဆိုလျှင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးတွင်ဖြစ်သည်။ အတိုက်အခံ အင်အားစု၏ နိုင်ငံရေးစိတ် ဓာတ်အတိုင်း မောင့် ကို ပြည်တွင်း၌ သာ နိုင်ငံရေးလုပ်ခိုင်းစေခြင်းသာဖြစ်သည်။ ခုတော့ ယုံကြည် ချက်နှင့်ခံယူချက်သည်က တလွဲစီဖြစ်ခဲ့လေပြီလား။ ခုတ်ရာတခြား ရှရာတခြား ဖြစ်နေလေပြီလား။ လူ့အခွင့် အရေးဆုံးရှုံးနေသော လူသားတစ်ယောက် ၏ ဒီမိုကရေစီရှာပုံတော်ကို ခွင့်ပြုခဲ့ခြင်းက ကျွန်မအမှားလား။ စာမလာ သတင်း မကြားရခြင်းက အန်္တရာယ် တစ်ခုခုဖြင့် ရင် ဆိုင်နေရပြီလား။ အမှောင်၏ သားရဲတွင်း ထဲက သားကောင်လို ကျွန်မစိတ်မွန်းကျပ် နေသည်။ မောင့် ကိုချစ်မိခြင်းအပြစ်က ကျွန်မပိုင်ဆိုင်လိုက်ရသည့် ဝေဒနာလား။

ထိုအချိန်ကတိုင်းပြည်အတွင်းမှာလည်း သတ်ရဲရဲ သေရဲရဲစနစ်ဖြင့် နိုင်ငံကို ထူ ထောင်နေချိန်ဖြစ်သည်။ မတရားဖိနှိပ်မှု အောက်တွင် ရက်စက်ဝံ့သူက မတရား ရက်စက်နေသလို တော်လှန်ဝံ့သူကလည်း အသက်ကိုနှင်း ၍ တော်လှန်နေသည်။ ထို့ ကြောင့် တစ်ခါတစ်ရံ သည်တိုင်းပြည်ထဲ မောင်မရှိတာကို စဉ်းစား၍ကျေးဇူးတင်နေ မိသည်။ အတိုက်အခံအင်အားစုအတွက် လည်း လူထုအားပေး မှုနှင့် ပြည်ပရောက် အင်အားစုများ၏အားပေးမှုများသာ ရှိသည်။ နိုင်ငံတကာဖိအားပေးမှုကလည်း အကျိုး မရှိ။ မရှက်သောသူအတွက် အရှက်တရား သည် တန်ဖိုးမဲ့ ၏။ ပြည်သူလူထုအဖြစ်က ၀ံပုလွေလက်ထဲက အသားတစ် မြေခွေး လက်တွင်း ထိုးအပ်လိုက်သည့်ပမာဖြစ်နေ သည်။ သတင်း နားထောင်ချင်လျှင် BBC၊ VOA၊ RFA နှင့် DVB သတင်းများကို ဂျပန်ခေတ်ကလို ခိုးကြောင် ခိုးဝှက် နား ထောင်ရသည်။ နောက်ထပ် စစ်အာဏာ ရှင်စနစ်၏ အလိုတော်ရိများကိုလည်း ရပ်ကွက် အတွင်း ကြောက်ရသေး သည်။ တိုင်းပြည်အတွင်း ဘယ်သူသေသေ ငတေ မာချင်စိတ်ဓာတ်ကအပြည့်။ အချောင် သမားခေတ်ဟု လည်းဆိုနိုင်သည်။ အာဏာ ရှိသူနှင့်ပေါင်းသင်းလျှင် အကျိုးရှိမည်ကို သိ သောကြောင့် အာဏာရှင်စနစ်ကို လိုလား တပ်မက်လာကြသည်။ ကိုယ့်ကြောင့် တိုင်း ပြည်နစ်နာနေသည့်တိုင်အောင် မျက်လုံးစုံ ပိတ်၍ လက်ခံနေကြသည်။

ဖိနှိပ်ထားသည့် ဒဏ်ရာဒဏ်ချက် ကြောင့် တိုင်းပြည်က အရောင်မလှသေး။ နိုင်ငံတော်က အပူရုပ်ဖြင့် အုန်းအုန်းကျွက် ကျွက်။ လူတချို့က အုတ်ရောရော ကျောက်ရောရော ဝေဒနာဖြင့် အစာ တောင်းနေတုန်း။ အိမ်ကြက်ချင်း အိုး မည်းသုတ်၍ ထိပ်သီးခေါင်းဆောင်များ အမြတ်ထုတ်နေသည့်ကာလ။ တစ်နေ့ တော့ အဖေလည်း ဘာစိတ်ကူးပေါက် လဲမသိ။ ကျွန်မကို အိမ်ထောင်ပြုဖို့ သတိ ပေးလာသည်။ ရပ်စောင့်နေသူအဖို့ ခရီး မရောက်သော်လည်း သွားနှင့်သူက ခရီး ရောက်နေပြီလား။ ကျွန်မအဖို့ဘယ် အရာအမှန်တရား မှန်းမသိတော့။ တကယ် တော့ မောင့် ကို စောင့်မျှော်ရခြင်းအလုပ်က ကိုယ့်ခံစားမှုကိုယ်ဆေးမြီးတိုဖြင့် ကုစားနေ ခြင်းမျိုးသာဖြစ်သည်။ ဘ၀ကအနာ မကျက်။ ဝေဒနာ သာ ပြည်တည်အနာလို အိုင်လာ သည်။ မောင့်အပေါ်ထား သည့် ရောဂါမှာမပျောက်နိုင်။ ဆက်စောင့်ခြင်း ဖြင့် မျှော်လင့် ချက်ကို ပြုစုပျိုးထောင်ရ မလား။ သို့တည်းမဟုတ် မျှော်လင့်ချက်ကို ရိတ်သိမ်း၍ ကိုယ့်လမ်းကိုယ် ဆက်လျှောက် ရမည်လော။ သားလေးကို အစ်မလက်ထဲ တွင်ထား၍ ကိုယ်လွတ်ရုန်းအတ်္တဖြင့် အိမ် ရာထူထောင် လိုက်သည့် မိန်းမတစ်ယောက် ကို မောင်ပြန်လာ လျှင်ဘာပြောမလဲဟု စဉ်း စား၍ တွေးကြောက်ခဲ့ရသေး၏။ အဖေ့ကို လည်း အနည်း ငယ်ဖျောင်းဖျထားလိုက် သည်။

ခေတ်ကလည်း ပွင့်လင်းရာသီမဖြစ် သေး။ စနစ်က မည်သည့် ပုံသဏ္ဌာန်ဖြင့် ၀င်ရောက်လာမည်ဆိုတာမသိ။ ဖမ်းဆီးမှု များက လူဆိုးသူခိုးထက် နိုင်ငံရေးလှုပ်ရှား သူများကို မတရားဖမ်းဆီးနေလေ သည်။ မည်သူက မိတ်ဆွေ၊ မည်သူက ရန်သူဆို တာ ခွဲခြား၍မရ။ အာဏာရှင်စနစ်တစ်ခုကို တော်လှန်ခဲ့သော်လည်း နောက်ထပ် အာ ဏာရှင်စနစ်တစ်ခုကနေရာယူရန် တာစူ၍ နေသည်။ လူတချို့ကလည်း ကိုယ်ကျိုး အတွက် သူတစ်ပါးဘ၀ကို အသုံးချ၍ ၀မ်း ၀ဖို့ကြိုးစားကြ သည်။ အာဏာရှင်လူတန်း စား ခြေသလုံးကိုဖက်၍ အစာရှာနေသည့် အချိန်။ စီးပွါးရေးကလည်း ကျပ်တည်းလာ သည့်ကာလ။ မိဘ  တစ်ယောက်ရှာ၍ သား သမီးဆယ်ယောက် ထိုင်စားလို့ရ  သည့် ခေတ် ပျောက်ဆုံးရသလို ဖြစ်လာသည်။ တစ်ယောက်အားဖြင့် ရုန်း၍မရသောအခါ အဖေနားချတိုက်တွန်းနေသည့် ကျွန်မခင် ပွန်းဖြင့် လက်ထပ်ရန် ဆုံးဖြတ်ချက်ချလိုက် ရသည်။ မောင့်ကိုလည်း ရင်နာနာဖြင့် မေ့ ပျောက်ရန်ကြိုးစားခဲ့သည်။

အသက်အရွယ်အရ တစ်နှစ်အကြာ၌ ကျွန်မသမီးဦးလေးတစ်ယောက် ဖွားမြင်၏။ ထိုအခါမှ ခိုးကြောင်ခိုးဝှက်မွေးခဲ့ရသည့် သားလေးကို သတိရနေမိသည်။ လူ့ လောက၌ ဖအေဘယ်သူမှန်းမသိ၊ မအေ ဘယ်သူမှန်းမသိသောဘ၀။ ကျွန်မခေါ်ယူ ဖို့လည်း မဖြစ်နိုင်တော့။ ခင်ပွန်းသည်က လက်ခံသော်လည်း အဒေါ်ကို အမေဟု သိ ထားသောကြောင့်လည်းဖြစ်သည်။ တာဝန်မကျေသော မိဘနှစ် ပါးကြောင့်လည်း ကျွန်မသားလေးကိုမြင်လျှင် ရှက်နေ မိသည်။ အရာရာအားလုံးကို ပြန်စဉ်းစားမိ လျှင် ခေတ်ကို အပြစ်တင်ရမည်လား။ သို့ တည်းမဟုတ် မောင့်ကိုအပြစ်တင်ရမည် လားဆိုတာ တွေးတောမရ။ တစ်ခါတစ်ရံ ထိုအမှားက ငါဖန်တီးလို့၊ မောင့်ကိုချစ်ခဲ့ မိလို့ဟု ကျွန်မ ကိုယ်ကျွန်မ စွပ်စွဲ၍ အပြစ် တင်နေမိသည်။ အပြစ်တင်မိသော်လည်း အမှားကို ဆေးကြော၍မရ။

ကျွန်မဒုတိယမြောက် သမီးကလေး မွေးပြီးသည့်အချိန်တွင် အဖေ့ကို အကြောင်းပြု၍ အစ်မက သားလေးကို ရှင် ပြုရန်အကြောင်းကြားသည်။ သားလေးရှင် ပြုရန် ရှင့်ဒါယကာ ဒါယိကာမအဖြစ် ယူ ပိုင်ခွင့်မရ။ ကုန်ကျစရိတ် ကျွန်မတို့ဇနီး မောင်နှံ တာဝန်ယူမည်ဆိုသော်လည်း လက်မခံ။ ကျွန်မရင်တွင်း၌ “ရင်နာရပါပြီ ကော သားရယ်”ဟု ရေ ရွတ်နေမိသည်။ မောင်မကောင်းလို့ သည်လိုဘ၀မျိုးတွေဖြစ် ရ တာ။ မောင်မကောင်းလို့၊  မောင့်ကြောင့် နိုင်ငံရေးကိုအကြောင်းပြုပြီး တစ်ကိုယ် ကောင်းဆန်လို့ဟု တွေးရင်းတွေးလျက် ရင် နာစွာ  သားလေး ဆံချသည်ကို မျက်ရည်ဖြင့် ငေးနေမိသည်။ မောင်သာ ကျွန်မ အပေါ် ကျူးလွန်ခဲ့သည့်အပြစ်တစ်ခုကို တာဝန်ယူ လိုစိတ်ရှိခဲ့လျှင် ဘယ်နေ  ရာရောက်ရောက် စုံစမ်းမေးမြန်း၍ သတင်းပို့နေရမည်။ ခုတော့ သားနှင့် အမေ၊ လင်နှင့်မယား၊ ဖအေနှင့်သား သည်ဘ၀မှာပင် ထာဝရဝေး ကွာ  ရပြီပေါ့ဟု စဉ်းစားရင်း ကျွန်မခန်္ဓာ တစ်ခုလုံး အရုပ်ကြိုးပြတ် လဲပြိုကျ သွား လေတော့သည်။

[နေဘုဏ်းဝေ]

No comments: