"ကိုယ်ဝန်ဆောင်တဲ့ကာလပေါ်မူတည်ပြီး အမည်းကွက်တွေဟာ ပိုထင်ရှားလာနိုင်သလို မီးဖွားပြီးတဲ့အခါမှာလည်း အလိုလို မှေးမှိန်ပျောက်ကွယ်သွားတတ်ပါတယ်"
◾️ အလှအပဆိုင်ရာ အရေပြားဆရာဝန် ဒေါက်တာကြည်မာထွန်းနှင့် တွေ့ဆုံခြင်း
ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ဝက်ခြံအဆီဖု၊ အမည်းကွက်၊ တင်းတိပ်များ၊ အကြောပြတ်အရာများ ဖြစ်တတ်သည့်အတွက် သန္ဓေသားကို မထိခိုက်စေတတ်သော အသားအရေထိန်းသိမ်းမှုနည်းများ၊ အသားအရေစိုပြည်ကျန်းမာစေရန် ဘေးထွက်ဆိုးကျိုးမရှိသော အလှကုန်ပစ္စည်းများ အသုံးပြုသင့်ပုံနှင့် ဟော်မုန်းပြောင်းလဲခြင်းကြောင့် အသားအရေညိုမည်းခြင်းကို သက်သာစေမည့်နည်းလမ်းများအကြောင်းကို သိရှိစေရန် အလှအပဆိုင်ရာ အရေပြားဆရာဝန် ဒေါက်တာကြည်မာထွန်းနှင့် တွေ့ဆုံပြီး မေးမြန်းဖော်ပြလိုက်သည်-
မေး - ကိုယ်ဝန်ဆောင်စဉ်ကာလ အမျိုးသမီးအတွက် အသားအရေထိန်းသိမ်းဖို့ လိုအပ်ပါလား ဆရာမ။ ရှင်းပြပေးပါဦး။
ဖြေ - ကိုယ်ဝန်ဆောင်အမျိုးသမီးတွေသာမက ကိုယ်ဝန်ဆောင်ရန် ကြံရွယ်ထားတဲ့ အမျိုးသမီးတွေလည်း အသားအရေကို အစဉ်အမြဲထိန်းသိမ်းရန် လိုပါတယ်။ အထူးသဖြင့် ဝက်ခြံအဆီဖုထွက်တတ်တဲ့ အသားရေနဲ့ အမည်းစက်၊ တင်းတိပ်ထွက်တတ်သော အမျိုးသမီးတွေ ပိုပြီးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဝမ်းဗိုက်နေရာမှာ ကိုယ်ဝန်ဆောင်တဲ့အခါ အကြောပြတ်ရာများဖြစ်တတ်လို့ ဝမ်းဗိုက်ကို သံလွင်ဆီ သို့မဟုတ် အလှဆီတစ်မျိုးမျိုး နေ့စဉ်ပုံမှန် အသုံးပြုဖို့လိုပါတယ်။ ဟော်မုန်းပြောင်းလဲမှုကြောင့် အသားအရေသည် ပုံမှန်အချိန်ထက် Sensitive ဖြစ်နိုင်လို့ အရေပြားအပေါ်ယံ အဆီလွှာ (Skin Barrier) ကောင်းမွန်စေရန် ရေကို တစ်နေ့နှစ်လီတာသောက်သုံးပြီး အရေပြားစိုပြည်စေရန် အစိုဓာတ်ပေးတဲ့ Moisturizer တစ်မျိုးကို နေ့စဉ် ပုံမှန် အသုံးဖို့လိုအပ်ပါတယ်။
မေး - ကိုယ်ဝန်ဆောင်ကာလမှာ ဟော်မုန်းပြောင်းလဲမှုကြောင့် အသားညိုမည်းခြင်း၊ တင်းတိပ်၊ ဝက်ခြံထွက်ခြင်းများရှိတတ်လို့ ဘယ်လို Skin Care ပစ္စည်းတွေကို အသုံးပြုသင့်ပါလဲ။
ဖြေ - လူတစ်ဦးရဲ့ ပုံမှန်ဇီဝဖြစ်စဉ်ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အမည်းစက်၊ တင်းတိပ်ထွက်ခြင်း၊ နေလောင်ကွက်များထွက်ခြင်းဟာ ကိုယ်ဝန်ဆောင်တဲ့ ကာလပေါ်မူတည်ပြီး အမည်းကွက်တွေဟာ ပိုထင်ရှားလာနိုင်သလို ကိုယ်ဝန်ဆောင်မီးဖွားပြီးတဲ့အခါမှာလည်းအလိုလိုမှေးမှိန်ပျောက်ကွယ်သွားတတ်ပါတယ်။
ဒါကြောင့် အကာအကွယ်မဲ့ နေပူထဲ အလွန်အမင်းသွားခြင်းမလုပ်ဘဲ နေပူထဲထွက်တဲ့အခါ SPF 50 Titanium Dioxide ပါဝင်သည့် နေလောင်ကာ Mineral Sunscreen ကို နေပူထဲမသွားခင် မိနစ် ၃၀ အလိုတွင် အသုံးပြုခြင်း၊ ထီး၊ ဦးထုပ်၊ နေကာမျက်မှန် စသည့်နေလောင်ကာပစ္စည်းများ သုံးဖို့လိုပါတယ်။
တချို့သော ဆေးပညာသုတေသန လေ့လာတွေ့ရှိချက်များအရ ကိုယ်ခန္ဓာမှာ လိမ်းတဲ့ Chemical Sunscreen ဟာ ကိုယ်ဝန်ဆောင်မိခင်များအတွက်အသုံးပြုရန်မသင့်ကြောင်း ဖော်ပြထားလို့ ကိုယ်ဝန်ဆောင်မိခင်များ နေလောင်ကာ Sunscreen ရွေးချယ်တဲ့အခါ အထူးသတိပြုဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များဖြစ်တတ်သော အမည်းကွက်၊ နေလောင်ကွက်များအတွက်Vitamin C, Vitamin B3 (Niacinamide), (Brighting Effect) ပါဝင်တာတွေကို သုံးဖို့ သင့်လျော်ပါတယ်။
သို့သော် မိမိအသုံးပြုဖို့ ရွေးချယ်ထားတဲ့ Skincare ပစ္စည်းတွေမှာ ကိုယ်ဝန်ဆောင်မိခင်များနဲ့ မသင့်လျော်သော အခြား Chemical Compound ပစ္စည်းများပါဝင်ခြင်း ရှိ၊ မရှိကိုလည်း အသုံးမပြုခင် တခြားတတ်ကျွမ်းနားလည်တဲ့ဆရာဝန်များ သို့မဟုတ် အတတ်ပညာရှင်များနှင့် တိုင်ပင်ဖို့လိုပါတယ်။
ဝက်ခြံအဆီဖုရှိသူများအဖို့ Vitamin A (Retinol)စတဲ့ Compound များဟာ ကိုယ်ဝန်ဆောင်မိခင်နဲ့ သန္ဓေသားကို ထိခိုက်နိုင်တဲ့အတွက် အထူးရှောင်ကြဉ်ဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေဟာ သာမန်အချိန်များထက် အဆီထုတ်လုပ်မှုပိုများတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်တွင် ပိုဆိုးရွားနိုင်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဟာလည်း Double Cleansing လုပ်ရန်လိုအပ်သလို Azelaic Acid ပါဝင်တဲ့ ဝက်ခြံလိမ်းဆေးတွေဟာလည်း ကိုယ်ဝန်ဆောင်မိခင်များနဲ့ နို့တိုက်မိခင်များ အသုံးပြုနိုင်လို့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။
မေး - ကိုယ်ဝန်ဆောင်ကာလမှာရော မီးဖွားပြီးအချိန်မှာပါ အရေပြားခြောက်တတ်ခြင်းကို ဘယ်လိုကာကွယ်သင့်ပါလဲ။ ဖြေရှင်းလို့ရမယ့် နည်းလမ်းများကိုလည်း မျှဝေပေးပါဦး။
ဖြေ - အဓိကအားဖြင့် အရည်ရွှမ်းပြီး ရေဓာတ်ပြည့်ဝတဲ့အသီးအနှံများ၊ ဖိုင်ဘာဓာတ်များတဲ့အသီးအရွက်တွေကို နေ့စဉ် ပုံမှန်စားပေးခြင်းဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေ ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပြီး အသားအရေကို စိုပြည်စေတယ်။ အမွှေးနံ့သာမပါဝင်တဲ့ Hyaluronic Acid ပါဝင်တဲ့ အရေပြားအစိုဓာတ်ပေးတဲ့ Daily Moisturizer ကိုလည်း ရေချိုးပြီးတာနဲ့ နေ့စဉ်အသုံးပြုပေးသင့်ပါတယ်။
လိုအပ်ရင် သံလွင်ဆီ (Olive Oil)ကို အကြောပြတ်တာဖြစ်စေတဲ့ ဝမ်းဗိုက်၊ ပေါင်ခြံ၊ ရင်သားတစ်ဝိုက် စတဲ့ နေရာတွေကို နေ့စဉ် ပုံမှန်အသုံးပြုခြင်းဖြင့် အသားအရေကို စိုပြည်စေပြီး အကြောပြတ်ရာများ ဆိုးဆိုးရွားရွားဖြစ်ခြင်းမှလည်း ကာကွယ်ပေးပြီးသားဖြစ်နိုင်ပါတယ်။
မေး - ကိုယ်ဝန်သည်များ ဟော်မုန်းကြောင့် အသားအရေညိုမည်းတဲ့နေရာတွေကို ဘယ်လိုကုသသင့်ပါသလဲ။ ဘေးထွက်ဆိုးကျိုးမရှိတဲ့ အရေပြားထိန်းသိမ်းနည်းလမ်းများရှိရင် အကြံပြုပေးပါဦး ဒေါက်တာ။
ဖြေ - ကိုယ်ဝန်လရင့်လာတဲ့အခါ ဟော်မုန်းပြောင်းလဲလာခြင်းက ပိုမိုမြင့်တက်လာလို့ အသားအရေဟာ ပုံမှန်ထက်ညစ်ညမ်းခြင်း၊ ကိုယ်ခန္ဓာအတွင်းသားများဖြစ်တဲ့ လည်ပင်း၊ ပေါင်ခြံ၊ ချိုင်း စတဲ့နေရာတွေလည်း သာမန်ထက် ပိုမိုညစ်မည်းလာတတ်တယ်။
ဒါကြောင့် အကာကွယ်မဲ့ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ရှားသင့်သလို ခရမ်းလွန်ရောင်ခြည် (UV Index) အမြင့်ဆုံးဖြစ်တဲ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်ခြည်အောက်သွားလာ လှုပ်ရှားခြင်းကိုလည်း ရှောင်ရှားသင့်ပါတယ်။ အရေပြား (Scrub) တိုက်ခြင်း၊ ရေနွေးနဲ့ ရေချိုးခြင်း၊ ကိုယ်ခန္ဓာအတွင်းသားကို Waxing ပြုလုပ်တဲ့ အရေပြားကို ထိခိုက်ဒဏ်ရာရစေတဲ့အတွက် အသားအရေကို ပိုမိုညစ်နွမ်းကြမ်းတမ်းစေတတ်ပါတယ်။
အသားအရေညိုမည်းခြင်းသက်သာစေဖို့ Brighting Effect ပါဝင်ပြီး Vitamin C, Glycolic acid, Azelaic acid ပါဝင်တဲ့ Hypoallergenic Skincare Product များဟာ ကိုယ်ဝန်ဆောင်မိခင်နဲ့သန္ဓေသားကို အန္တရာယ်မရှိတာမို့ ဒီ Compound တွေပါဝင်တဲ့ Skincare ပစ္စည်းတွေကို တတ်ကျွမ်းနားလည်သောသူများနဲ့တိုင်ပင်ပြီးအသုံးပြုသင့်ပါတယ်။
မေး - ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ အကြောပြတ်ရာ အမြဲတွဲနေတာဆိုတော့ အကြောပြတ်ရာများ ထွက်ပေါ်လာရင် ဘယ်လိုခရမ်၊ သဘာ၀အဆီများကို နည်းလမ်းတကျလိမ်းပေးသင့်ပါလဲ။
ဖြေ - အထူးသဖြင့် ဝမ်းဗိုက်နေရာနဲ့ ရင်သားနေရာတွေဟာ ကိုယ်ဝန်ဆောင်တဲ့အခါ ဟော်မုန်း Effect ကြောင့် အရေပြားကို ဆွဲဆန့်တဲ့အတွက် အကြောပြတ်ရာ(Stretch Mark) များ ဖြစ်ပေါ်တတ်ပါတယ်။ အကြောပြတ်ရာတွေကို ကိုယ်ဝန်ဆောင်မီးဖွားပြီး ခြောက်လကျော်သွားရင် အကြောပြတ်ရာလေဆာကုသမှုနဲ့လည်းကုသလို့ရနိုင်ပါတယ်။
ဒါပေမဲ့ အကြောပြတ်ရာများ မဖြစ်ပေါ်ခင် ကြိုတင်ကာကွယ်ခြင်းက ပို၍ထိရောက်မှုရှိပါတယ်။ ကိုယ်ဝန်စရှိတဲ့အချိန်ကစပြီး အကြောပြတ်ရာဖြစ်နိုင်တဲ့ နေရာတွေကို Vitamin E နှင့် သံလွင်ဆီပါဝင်တဲ့ အဆီများကို တစ်နေ့နှစ်ကြိမ် ပုံမှန်အသုံးပြုပေးခြင်းဖြင့် ဆိုးဆိုးရွားရွား အကြောပြတ်ရာဖြစ်ခြင်းကို ကာကွယ်တဲ့အပြင် အသားအရေစိုပြည်ပြီး ယားယံခြင်းကိုလည်း သက်သာစေပါတယ်။
မေး - ကိုယ်ဝန်ဆောင်ကာလ အမျိုးသမီးများအတွက် အရေပြားကို အစိုဓာတ်ဖြည့်ဖို့အတွက် လိုအပ်တဲ့စားသောက်သင့်ပုံမျာအကြောင်းလည်း ဖြေပေးပါဦး။
ဖြေ - အရည်ရွှမ်းပြီး Vitamin C ကြွယ်ဝတဲ့ အစားစာဥပမာ- လိမ္မော်သီးက ဖိုက်ဘာ (Fiber) ဓာတ်ပြည့်ဝတဲ့အတွက် အစာခြေစနစ်ကို ကောင်းမွန်တဲ့အပြင် ကိုယ်ဝန်ဆောင်ချိန်ကာလမှာ ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ငှက်ပျောသီးကလည်း ပိုတက်ဆီယမ်နှင့် အခြားဗီတာမင်များကြွယ်ဝလို့ အရေပြားဖောရောင်ခြင်းကို သက်သာစေပြီး သွေးအားနည်းခြင်းကိုလည်း ကာကွယ်ပေးတယ်။
ထောပတ်သီးကလည်း ဖောလစ်အက်စစ် (Folic Acid) ကြွယ်ဝလို့ သန္ဓေသားရဲ့ ဦးနှောက်အာရုံကြောစနစ်ဖွံ့ဖြိုးမှုကို အားပေးပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့ Vitamin E ဟာ အရေပြားကို တင်းရင်းစေပြီး အစိုဓာတ်ပြည့်ဝစေတယ်။
ကန်စွန်းဥ၊ မုန်လာဥ၊ ရွှေဖရုံသီး စတဲ့ဟင်းသီးဟင်းရွက်များကို စုံစုံလင်လင်စားသုံးခြင်းဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း လိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာရရှိမှာ ဖြစ်ပါတယ်။
Vitamin E ပါဝင်တဲ့ အစေ့အဆန်များ၊ အိုမီဂါ(၃) ပါဝင်တဲ့အဆီ ပြည့်ဝသော ဆယ်လမွန်ငါးကို စားသုံးသင့်သလို ငါးမကြိုက်ပါက အိုမီဂါ(၃) ပါဝင်သော အားဖြည့်ဆေး (Supplement) များကို သောက်သုံးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်များ ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းဖြစ်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းများကို ကာကွယ်ရန် ရေများများသောက်သုံးပေးဖို့ကလည်း အလွန်အရေးကြီးပါတယ်။
စံတော်ချိန်သတင်းအဖွဲ့-မေးမြန်းသည်
No comments:
Post a Comment