Sunday, November 3, 2024

'' နတ်ချော့သူ ''



_____________

နုနုရည် (အင်းဝ)


(ရွှေအမြုတေ မဂ္ဂဇင်း၊ ဧပြီ၊ ၁၉၉၄)


---

 

ဘာကြည့်နေတာလဲ မောင်။ မောင့်မိန်းမက ခုလို နတ်ဝတ် နတ်စားနဲ့ ဆိုတော့ ပိုလှမလာ ဘူးလားဟင်။ ခရမ်းရောင် နတ်မိမယ် ကလေးလေ။ ဟဲ ... ဟဲ ... ခရမ်းရောင် ခေါင်းပေါင်း၊ ခရမ်းရောင် ပဝါ၊ ခရမ်းရောင် တောင်ရှည်နဲ့ ရယ်ဒီမိတ် ပိုးဘလောက်စ် ခရမ်းရောင် အင်္ကျီကို ဒါကြောင့် တမင်တကာ အိမ်က ဝတ်လာခဲ့တာပေါ့။

 

အိမ်ကနေ ကားအထွက် “ဘယ်ကို မောင်းရမှာလဲ ခင်” လို့ မောင် မေးတော့ “နတ်ပွဲကို” လို့ ခင် ဖြေတော့ မောင် မယုံဘူးလေ။ မောင် ရယ်နေ ခဲ့တယ်လေ။ ကဲ ... ခု ယုံပြီလား။ ဟိုစဉ် အခါတုန်းက နတ်ပွဲနားက ဖြတ်ရင် နတ်ဝင်သည် တွေကို ကြည့်ရတာ ခင်ဖြင့် သိပ်ကြောက်တာပဲ ဆိုတဲ့ မိန်းမ တယောက်ကို မောင် မေ့လိုက်တော့။ ဟိုး ... ဆရာ၊ ခင့်ကို ဘာမှပြောဖို့ မကြိုးစားနဲ့။ ငြိမ်ငြိမ်လေး ထိုင်ပြီး ပိုက်ဆံ ငါးထောင်အုပ်ကိုသာ အဆင်သင့် လုပ်ထား။ မောင် ကတိပေးထား ပြီးပြီနော်။ အိမ်မှာတုန်း ကလေ။ မောင် ခင့်အတွက် ဒီနေ့ ငွေငါးထောင်လောက် အကုန် မခံနိုင်ဘူးလားလို့ ခင် မေးတော့ လေးဆယ်ငါးကျပ်တန် အုပ်ကို လက်ဝါးမှာ ရိုက်ပြီး “ဒါလေးများ” လို့ မောင် ပြောတယ်လေ။

 

ဪ ... ခက်တော့တာပဲ မောင်ရယ်။ ခင်နဲ့ မောင် စတွေ့တုန်းက လူကြီးချင်း သဘောတူထားတဲ့ ကောင်မလေးကို ကြည့်တဲ့ အသက်မပါ၊ အချစ်မပါ၊ ထုံအအ အကြည့်မျိုးကြီးနဲ့ လှမ်းပြီး စူးစမ်း နေပြန်ပါပြီ။ ဟဲ ... ဟဲ ... ခင် ဘာမှ မလုပ်ပါဘူး မောင်ရဲ့။ နတ်ချော့ မလို့ပါ။ နတ်ကိုးပါးလေ။ ကိုးပါး ချော့မလို့ပါ မောင်ရဲ့။ ဗဟုသုတ ရအောင် မောင် သေချာကြည့်။ ဘာမှ ကြောက်စရာလည်း မလိုဘူး။ စိုးရိမ်စရာလည်း မလိုဘူး။ ဒီ နတ်ကတော်က ခင့် နတ်ဆရာ။ သူ့ပွဲတွေကို ခင် လာနေကျ။ ဟဲ ... ဟဲ ...မောင် အံ့ဩ မနေနဲ့နော်။

 


ကဲ ... ခင် စတော့မယ် ကြည့်။ ခင့်ကို သပြေ ပေးပါ မာမီရေ။ မျက်စိကို စုံမှိတ်ပြီး သပြေ ကိုင်ထားတဲ့ လက်အစုံနဲ့ လက်အုပ်ချီ အာရုံပြုတာကို စုစည်းလိုက်ပြီ မောင်ရေ။ ဟော ... ဆိုင်းက စပြီ။ ဆိုင်း စ တီးပြီ။

 

မောင် နတ်ဒိုးသံကို သေချာ နားထောင် ကြည့်စမ်း။ နတ်ဒိုး ရိုက်သံဟာ ခန္ဓာကိုယ်ထဲက သွေးကြောထဲထိ တိုးဝင်နိုင်စွမ်း ရှိတယ် မောင်ရဲ့။ တကိုယ်လုံးက သွေးတွေကြွပြီး အလိုလို ခုန်ချင် ပေါက်ချင် လာတာ။ လာပြီ မောင်ရေ။ ပထမဆုံး စ ချော့ရတဲ့ မြင်းဖြူရှင်နတ်။

 

“... ဇာမဏီမို့ ... ထူးမခြား ... နတ်မြင်းပျံမို့ ... မြူးကြွားကြွား ... တွေးမှား ... တွေးမှား ... ရှင်”

 

မြင်းဖြူရှင်က ဟောဒီလို မြင်းစီးတဲ့ ဟန်လေးနဲ့ ချော့ရတာ မောင်ရဲ့။ ခပ်ဖြည်းဖြည်းပဲ ခင် ကမယ်၊ သိပ်မခုန်ချင် သေးဘူး။ ခုန်လို့ မရသေးဘူး။ ခင့်အာရုံတွေ စုစည်းနေတုန်း ရှိသေးတယ်။ ခင့်အာရုံတွေ၊ ပျံလွင့်နေတဲ့ အာရုံတွေကို မြင်းကလေး ဖြည်းဖြည်းစိုင်းရင်း စုစည်းလိုက်မယ်။ ရွှေဘိုမြင်းရယ်လေ... ခွာသံ၊ လျှာသံ ပြင်းတယ်လေလေ့၊ ရွှေဘိုမြင်းရယ်လေ။ ဒါပြီးရင် ဦးဖိုးတူ လာမယ်။

 

ဒါက ... ဦးဖိုးတူနတ် မောင်ရေ။ ဦးဖိုးတူ နတ်ကလေ ခင့် ဘယ်လက်က ထမ်းပိုး ထမ်းတဲ့ဟန် လုပ်ပြီး ခင့် ညာလက်က သပြေကို ယမ်းပြီး ကရတယ်။ ဒီလိုလေးလေ။ ဒါလည်း ခပ်ဖြည်းဖြည်းပဲ ကမှာပါ။ ထွေပြား နေသေးတဲ့ အာရုံတွေကို စုစည်း သိမ်းဆည်းရင်း နဲ့ပေါ့။

 

ဟော ... နောက် နတ်တပါးကို ကူးတော့မယ်။ ဒါကတော့ ကိုးမြို့ မောင်ရေ။ ဘယ့်နှယ်လဲ မောင်။ ခင့် ဓားသိုင်းက ကောင်းရဲ့လား။ သွေးတွေ ပူလာပြီ မောင်ရေ။ သွေးတွေလည်း ကြွစ ပြုလာပြီ။ ခင့် အာရုံတွေလည်း စုစည်းမိ သွားပြီ။ တနေရာတည်းမှာ စုစည်းမိ သွားပြီ။ မောင် တပတ်နေရင် သင်္ဘော ပြန်တက်ရတော့မှာ။ ခင်နဲ့ ကလေး သုံးယောက်ရဲ့ အထီးကျန် သံသရာ၊ ဆယ့်ငါးနှစ်နဲ့ ယောကျ်ားနောက် နှစ်ည လိုက်ပြေးပြီး ပြန်သိမ်း ထားရတဲ့ သမီးကြီး ကိစ္စ၊ သား ပိုက်ဆံကို ချွေးမနဲ့ ညီတူညီမျှ ယူချင်တဲ့ ယောက္ခမ ပြဿနာ၊ မိဘနဲ့ မောင်နှမတွေရဲ့ စကားနာ ထိုးသံတွေ၊ ဆောက်လက်စ အိမ်၊ အို ... အာရုံတွေ၊ အာရုံတွေ၊ အဲဒီ အာရုံတွေ အားလုံး အဝေးကို သွားကြ။ တခုတည်းသော ခင့်အာရုံ စူးစိုက်ရာ နေရာက ဟောဒီမှာ။ ဒီနေရာမှာ ဟောဒီလို ဗဂိုး(ပဲခူး) မယ်တော် ချော့တဲ့ နေရာမှာ။

 

“... မပြတ်ကယ် ကုန်စင်၊ ထုံးစံရှိတင် ... အို ... ငါးရံ့ ငါးကိုလ အို ... ငါးရံ့ကိုလ ... တင်ဆက်တယ်လေး ... ဗဂိုး မယ်တော်ကြီးပါ ဘုရား”

 

ဗဂိုး(ပဲခူး) မယ်တော်က တလိုင်းက ဟန်လေး။ လက်အစုံကို ရင်ဝကနေ ဟောဒီလို အပြင်ကို ဆန့်၊ ဆန့်ထုတ်ပြီး က ရတာ။ ကလို့ သိပ်ကောင်းတာ မောင်ရဲ့။ ခင့်ကို ကြည့်ပါဦး။ မျက်နှာကြီး ရဲပြီး အရက်ချွေးတွေကို ချည်းပဲ လက်ကိုင်သုတ်ပဝါနဲ့ ဖိသုတ် မနေပါနဲ့။ ဪ ... မောင်မရှိတဲ့ အချိန်ကျလည်း အားငယ်လိုက်တာ။ ရှိတဲ့ အချိန်ကျတော့လည်း အရက်တွေ မူးပြီး လူမှန်းသူမှန်း မသိအောင် တခေါခေါ ဟောက်အိပ်နေတဲ့ မောင့်ဘေးမှာ ငုတ်တုတ် မိုးလင်းရတဲ့ အထီးကျန် ညတွေကိုလည်း ခင် မုန်းလိုက်တာ။

 

“... သနားကြည်အောင် ... စကားမပီပေါင် ... ကုလားညီနောင်ဆွေ ... ဟရေး ... ဟရေး ... မှန်ထောင်ခရီး ... ဗျတ်ဖောင်စီး ... ယီးလေလေ့ ... ရိုးလေလေး”

 

ဟောဒါက ဒနင်းဘိုးတော် မောင်ရေ။ ဒနင်း ရိုက်တာက ဟောဒီလို။ သပြေ ကိုင်ထားတဲ့ ခင့် လက်ဝါး တဖက်နဲ့ ခင့် မျက်နှာကို အပ်။ အဲ ... ကျန်တဲ့ လက်ဝါး တဖက်က ဘေးကို ဆန့်။ ဒနင်း ဘိုးတော်က မောင်တို့နဲ့ ဆိုင်တယ်နော။ ဒနင်းက ရေနဲ့ ပတ်သက်သူ အားလုံးနဲ့ ဆိုင်တယ်။ ဟဲ ... ဟဲ... ခင့်ကို ကန်တော့ပြီး ဆုလေး ဘာလေးများ တောင်းပါလား မောင်ရဲ့။

 

ဟော ... လာပြီ မောင်ရေ။ တောင်ပြုန်းမင်း နှစ်ပါး၊ ကိုယ်တော်နှစ်ပါး ကြွလာပြီ။

 

“... နွေရက်တွေ ... ရောက်ပြန်တိုင်း ... ပေါက္ကံတိုင်းကို လွမ်းမိပြန်သကို ... နန်းပွဲရ ... တို့ရဲ့ ညီအစ်ကို ... ပျော်စရာ စုံလှသဗျို့ ... ရွှေပြုန်းပွဲကို သွားမလို့ဆို ... အစ်ကိုကြီးက ... ဆီးကြိုပါ့မဗျို့ ... ဘေးကင်းလို့ ... ရန်တိုင်းပြို ...”

 

ကိုယ်တော်ကြီးကို ချော့ရတာက ခင့် ဘယ်လက်နဲ့ ပဝါကို ဖြန့်ကိုင်ပြီး ခင့်ညာလက်က သပြေပန်းကိုင် ကပြီး ချော့ရတာ။ ကိုယ်တော်လေး ကတော့ ဟောဒီလို လက်ညှိုး ကလေးကို ထောင်ပြီး က ရတာ။ ဟောဒါ ကိုယ်တော်လေး၊ တွေ့လား မောင်။ လာ ...လာ ... ထ ... အဖွာတော် လာဆက်လှည့်။ လာပါ ညီဘွားရဲ့။

 

“... ရွှန်းရွှန်းမြ ... ရွှန်းရွှန်းလျှံပြောင် ... ဆောင်ဆောင်တည့် ... ဆောင်ဆောင် ... ထူးထူး ... ဆန်းဆန်း”

 

ဟော ... ဟော ... မင်းထွက်တဲ့ စည်၊ မင်းထွက်တဲ့ စည်။

 

မဏိစည်သူ နောင်ဘုရား ကြွလာ ပါပေါ့လား။ မဏိစည်သူက ပခန်း ကိုကြီးကျော်ရဲ့ နောင်တော်နတ်လေ မောင်ရဲ့။ ဟောဒီလို ခင့် လက်နှစ်ဖက်က လက်ညှိုးလေးနဲ့ လက်သန်းလေးတင် ထောင်၊ ကျန်တဲ့ လက်ချောင်းလေးတွေ ဆုပ်ထားပြီး က ရတာ။ မဏိစည်သူ နောင်ဘုရားကို ချော့ရတာပေါ့။ မဏိစည်သူ နောင်ဘုရား ပြီးရင် ဘယ်သူ လာမယ် ထင်လဲ။ ပွဲဦးမင်း၊ ပွဲလယ်မင်း၊ ပွဲသိမ်းမင်း၊ တောင်လေလာ ငွေပါတဲ့ ပခန်းမင်းလေ မောင်ရဲ့။ ပခန်း ဖေကြီးကျော်။ မောင်တို့လို အရက်သမားတွေ ကလည်း ချစ်ပြီး ခင်တို့လို မောင်းမတွေ ကလည်း ချစ်တဲ့၊ အားကိုးတဲ့ ကိုကြီးကျော်လေ။ နတ်ကိုးပါးမှာ သူက အချိန် အကြာဆုံး ချော့ရတဲ့ နတ်။ အို ... ခင်ဖြင့် ဖေကြီးကျော် ချော့ရတဲ့ အချိန်ကို အကြိုက်ဆုံးပဲ။ အဲဒီအချိန်က နတ်ရှိန် အမြင့်ဆုံး အချိန်လေ မောင်ရဲ့။ သွေးကလည်း တအားကြွနေတဲ့ အချိန်။ အဲဒီ ကြားထဲမှာ မူးမှထူး၊ ထူးမှမူးတဲ့ ဖေကြီးကျော်ကလည်း ယမကာလေး တမြမြနဲ့ ဆိုတော့။

 

“ပြောသာပြောရ ... မောလှတယ် ... လင့်ဝတ္တရားကို ... သူ နားလည် ... သိက္ခာရှိအောင် နေစမ်းကွယ် ... နေညိုဆိုရင်ကွယ် ... ထန်းရည်ကို သူ ကြိုက်ပါသတဲ့ ... နေထွက်နေစောင်း ... ချိန်ထိ ... ရွှေကြက်ကို သူ လောင်းတယ် ... ကိုကြီးကျော် ... တကယ့် လွန်လွန်းပါတယ်”

 

ဟေ့ ... ဟေ့ ... ပခန်းမင်းကွ။ လက်မ နှစ်ချောင်းကို ဟောဒီလို ထောင်ပြီး ကတဲ့ ပခန်းမင်းကွ။ ဒီကမ္ဘာမှာ ငါပဲ ဆိုတဲ့ မင်း။ ငါက လွဲလို့ အားလုံးသွား။ အဝေးကိုသွား။ ဖေကျော် ပျော်မယ်။ ဖေကျော် သောက်မယ်။ မူးမှထူး၊ ထူးမှမူးတဲ့ မင်း။ ဟေ့ ... ပုလင်းပေးကွ။

 

“ပုလင်း ... ပုလင်း ဘယ်မှာလဲ ပုလင်း”


“မှန်ပါ၊ ပြည်သာအောင် ဘီယာ ဆက်ပါတယ် ဘုရား။ ဘီယာပါ ဘုရား”


“အို ... ဘီယာ မလိုချင်ဘူး။ ပေး ... ပုလင်း”


“မှန်လှပါ ဘုရား။ ပုလင်းပါ ဘုရာ့ ပုလင်းပါ”


“အေး ... ဟုတ်ပြီ။ ဟေ့ ညီဘွား မျက်လုံးပြူး ကြည့်မနေနဲ့။ ထုတ် ထုတ် ကိုကြီးအတွက် ကြက်လောင်းကြေး ထုတ်စမ်း”

 

ကဲ ... မောင် ဘာလုပ် နေတာလဲ။ အချိန်ကျပြီ မောင်ရဲ့။ ပိုက်ဆံ ထုတ်တော့။ တထောင် အရင်ထုတ်။ လေးဆယ့်ငါးကျပ်တန်လေး တွေကို ယပ်တောင်လေးလို ဖြာပြီး ခင့်ကိုပေး။ ဖဲချပ်လေးတွေကို ထွေသလိုပေါ့ကွာ။ မောင် သိပါတယ်။ ပေး ... ပေး ... လက်တဖက်က ပုလင်း၊ လက်တဖက်က ပိုက်ဆံကိုင်ပြီး ခင် ကမယ်၊ ခင် ချော့မယ်။

 

“... တောင်းပန်ပါ့မယ်၊ ကျောင်းဒကာကြီးရယ်၊ အရပ်တကာ ... နယ်တကာ ... သူ မပါရင် ပွဲမပြီးလို့ ... ဇွဲကြီးတဲ့ မောင်ကြီးကျော်ရယ် ... ကစားတာလည်း လျှော့ကွယ် ... သောက်တာလည်း လျှော့ကွယ် ... သာသနာပြုတဲ့ ကိုကြီးကျော်ရယ် ...”

 

ခင့်ကို ကြည့်ပါဦး မောင်ရဲ့။ အရက်ချွေးတွေ ကလည်း ထွက်လှချည့်လား။ ဟဲ ... ဟဲ သီချင်းလေးက သိပ်ကောင်းတာပဲနော်။ မောင့်ကို စောင်းဆို နေသလိုပဲ။ တိုက်ဆိုင်မှု ရှိလျှင် ခွင့်လွှတ်ပါ။ ဟဲဟဲ ... ဟော နားထောင်စမ်း။ ဆိုင်းတွေက ပိုပြီး မြူးကြွ မလာဘူးလား မောင်။ နတ်ကတော် တွေရဲ့ လက်ခုပ်သံတွေ ကရော ပိုမြိုင် မလာဘူးလား။ အဲဒါ ဘာကြောင့်လဲ သိလား။ ဟဲဟဲ ... ခင့်လက်ထဲက ပိုက်ဆံတွေ ကြောင့်ပေါ့။ ခင့် အကြောင်းကို သူတို့ သိပြီးသား။ ခင် ရက်ရောတော့ သူတို့က ခင့်ကို ပိုပြီးတော့ အားပေးတာပေါ့။ အဲဒီတော့ ခင်က ချော့လို့ ကလို့ ပိုကောင်းတာပေါ့ မောင်ရဲ့။ တခေါက် တခေါက် သင်္ဘောတက်တဲ့ သုံးနှစ်၊ သုံးနှစ်မှာ ခင့် စိတ်ကလေး ခမျာ သနားစရာ ကောင်းလောက်အောင် မွန်းကျပ် ပိတ်လှောင် ခံထားရတာ။ ဟော ဒါက သုံးနှစ်စာ မွန်းကျပ် ပိတ်လှောင် ခံရတဲ့ စိတ်ကလေးတွေ အတွက်။ ဒါက မောင် မရှိတဲ့ အချိန် သမီးမိုက်ကလေး ယောကျ်ားနောက် လိုက်သွားတဲ့ ည အတွက်။

 

“ဟေ့ ... ဝိုင်းတော်တီးက ဘယ်သူ့ တပည့်လဲဟေ့”


“မှန်ပါ၊ ဖေကြီးကျော် တပည့်ပါ ဘုရာ့”


“တီးစမ်းဟေ့ ဒိုး”


“ဟေ့ ... ဒိုး ... ဒိုး”

 

ကဲ ... ရော့ ... ရော့ ဝိုင်းတော်တီးရဲ့။ ပတ်လုံးလေး တလုံးစီ ပေါ်ကို လေးဆယ့်ငါးကျပ်တန် တရွက်စီ တင်ပေးလိုက်မယ်။ တီးစမ်း၊ ရော့ ဒါက ဖေကြီးကျော် ကန်တော့ပွဲထဲ အရင်သွားထည့်။ လေးဆယ့်ငါးကျပ်တန် ဆယ်ရွက်။ ကျန်တာ နတ်ကတော် မိန်းမလျာလေးတွေ၊ နတ်ချွေးသုတ် အဘွားကြီးတွေ၊ ရော့ ... ရော့ ... တရွက်စီ။

 

“ဟေ့ ... ရပ်စမ်း ဆိုင်း။ ကိုကြီး သောက်ဦးမယ်ကွာ။ ကိုကြီး မောတယ်”

 

အား ... လည်ချောင်းထဲမှာ ရှပြီး ဗိုက်ထဲမှာ နွေးသွားတာပဲ မောင်ရယ်။ ဟင် ... နတ်ဆီက တယ်ကောင်းကိုး မောင်ရဲ့။ ခင် သောက်တာ မဟုတ်ဘူး။ ခင်ဆိုတာ အရက်ကို ဘယ်တုန်းက လျှာပေါ် တင်ဖူးတဲ့ မိန်းမမို့လို့လဲ။

 

“ရော့ဟေ့ ညီဘွား၊ ကိုကြီးနဲ့ အတူသောက်။ ပေး ကြက်လောင်းကြေး”

 

ဟဲဟဲ ... မောင်က လိမ္မာသားပဲ။ ခင် နောက်တကျော့ က တော့မယ်။ အနံ့ကလေးကလည်း မွှေးမွှေးကလေးနော်။ ဟဲဟဲ ... ကြည့်မနေနဲ့ မောင်။ အရက် သောက်နေတာ ခင် မဟုတ်ဘူး။ ကိုကြီးကျော် မောင်ရဲ့။ နတ်သောက် နေတာလေ မောင်ရဲ့။ တထောင်၊ တထောင် ဝမ်း၊ ဝမ်း ဝမ်းသောင်ဇင် ပေး။

 

“ဟေ့ ... နန်းကြီးတထောင် ဟေ့”


“ဟေ့ ... ဟေ့ ... ဟေ ... ဟေ့ ...”

 

တီးစမ်း။ တီးစမ်း။ ရိုက်လိုက်စမ်းဟေ့ နတ်ဒိုး။ ဟောဒါက ယောက္ခမနဲ့ ရင်ဆိုင် ယှဉ်ပြိုင် ပိုက်ဆံ လုရတာတွေ အတွက်၊ ဟောဒါက မိန်းမသား တယောက်တည်း အိမ်ဆောက်ရတဲ့ ဒုက္ခတွေ အတွက်။

 

“လာခဲ့ကွ တကျိုက်။ ဟေ့ ပေးဦးကွ တထောင်”

 

က လို့ သိပ်ကောင်းတာပဲ မောင်ရယ်။ ဟဲဟဲ သောက်လို့လည်း ကောင်းတယ်။ ခင် မူးချင်လာပြီ မောင်ရဲ့။ ခင့် မျက်လုံးထဲမှာ စက်ဝိုင်းလေးတွေ လာနေပြီ။ လာပါစေ။ လာပါစေ မောင်ရယ်။ အဲဒီ အဝိုင်းလေးတွေက အရသာ ရှိတယ်။ ခင့် တကိုယ်လုံး ပေါ့ပါးပြီး တက်ကြွ လာတယ်။ မေ့ချင်တာတွေ အားလုံးကို မေ့သွားတယ်။ မောင့်ရဲ့ နိုင်ငံခြား ဆိပ်ကမ်းက တပတ် မယားလေးတွေ အကြောင်းကိုလည်း မေ့တယ် မောင်ရဲ့။ အို ... မသိဘူး။ ကမယ် မောင်ရဲ့။

 

“ဟေ့ ဒိုး ... ဒိုး ... နန်းတော်ကြီးက ဒိုး ...”

 

ဟောဒါက မောင် တခုသော နိုင်ငံရပ်ခြား ဆိပ်ကမ်းမှာ တပတ်နားတုန်း တပတ် မယားလေး တယောက်ကို ယူနေတယ် ဆိုတာ ကြားရတဲ့ နေ့အတွက်၊ သိရတဲ့ နေ့အတွက်၊ နာကျင်ရတဲ့ ညအတွက်၊ အဲဒီညရဲ့ မျက်ရည်တွေ အတွက်။ ဟဲဟဲ ... မောင်က ဖေကြီးကျော် လိုပဲနော်။ မောင်းမတွေ အများကြီး ယူချင်တယ်။ ယူတယ်။ ဘာတဲ့။ ခင်နဲ့ ဝေးနေတဲ့ အချိန် အစားထိုးဖို့ အတွက် တပတ် မယားလေးတွေကို ယူရတာပါတဲ့။ ဟဲဟဲ ... ခင်လည်း မောင့်လိုပဲ မောင် မရှိတဲ့ အချိန် အစားထိုးဖို့ အတွက် သုံးနှစ်ယောက်ျား ယူမယ် ဆိုရင်ရော၊ ဘယ့်နှယ်လဲ။ ဪ ... မောင်ရယ်။ ဒီလို အတွေးမျိုးကို လွတ်လပ်စွာ မတွေးဝံ့တဲ့၊ မူးမှ တွေးရဲတဲ့ မြန်မာမိန်းမပါ မောင်ရယ်။ တကယ်ကျတော့ ယောကျ်ား မရှိတဲ့ မိန်းမ၊ ဘယ်သူ့ ရှေ့မှာပဲ ဖြစ်ဖြစ်၊ ကိုယ် အမူအရာ၊ နှုတ် အမူအရာလေးက အစ ကျပ်တည်း ကျဉ်းမြောင်း ထိန်းသိမ်း လိုက်ရတဲ့ အဖြစ်။ အထင်အမြင် သေးမှာကို ကာကွယ် လိုက်ရတဲ့ အဖြစ်။ အို ... ပေး မောင်ရယ် နောက်တထောင် ခင် ကဦးမယ်။

 

ဟောဒါက မြန်မာမိန်းမ တယောက်ရဲ့ ကျပ်တည်း ကျဉ်းမြောင်း ထိန်းချုပ်မှုတွေ အတွက်။

 

ဟောဒါက ခင်တို့ မိသားစုရဲ့ မပြည့်စုံတဲ့ ထမင်းဝိုင်းလေး အတွက်။

 

ဟေ့ တီးကွ။ ရော့ ... ဒိုးကြေး။ ပေးဦး တထောင်။ ရော့ ... ရော့ ... တီးစမ်း။ သွားစမ်း၊ အားလုံး သွားစမ်း။ မကောင်းတဲ့ အာရုံတွေ ဘေးကို ဖယ်စမ်း။ ဖေကြီးကျော် တဲ့ကွ။

 

ဟင့်အင်း၊ ဖယ်ကြစမ်း၊ ငါ့ကို ထိန်းမထားနဲ့။ ငါ မမူးဘူး။ ချွေးလည်း မသုတ်နဲ့။ ငါ က ဦးမှာ။ ကဲ ... မောင်ရေ မောင့်ကတိ အတိုင်း ကျန်တဲ့ တထောင်ပေး။

 

ကဲ ... တီးလိုက်စမ်းဟေ့။ နောက်ဆုံးပိတ် အိတ်နဲ့လွယ်လေးကွ။

 

ဟောဒါက မောင် သွားတော့မယ့် သုံးနှစ် အတွက်၊ သုံးနှစ် အတွက်။

 

ဟောဒါက ခင့်ရဲ့ အထီးကျန် သုံးနှစ် အတွက်၊ ပူပန်မှု အတွက်၊ စိုးရိမ်မှု အတွက်၊ တင်းကျပ်မှုတွေ အတွက်။ အားလုံး အတွက်။

 

ဖေကြီးကျော် ကြွတော့မယ်။ ကြွတော့မယ်။ ခင့်ကို ထိန်းထားပါ။ ကန်တော့ပါတယ်။ ကန်တော့ပါတယ်။ ကျေနပ်တော်မူပါ။ ကျေနပ်တော်မူပါ။ နတ်ဝတ်တွေ ချွတ်ပြီး ခင့်ကို ကားပေါ် တခါတည်း ပို့နော်။ ရပါတယ် မောင်ရဲ့။ ခင် ဘာမှ မဖြစ်ပါဘူး။ နတ် ထွက်သွားပါပြီ။ ခင် နတ်ချော့ ပြီးသွားပါပြီ။ ခင် ထိုင်ခုံမှာ ပုံကျနေလို့ မောနေတယ်လို့ မောင် ထင်သလား။ ခင့် ရင်ထဲမှာ ပေါ့ပါးနေတယ်။ ရှင်းလင်းနေတယ်။ လွတ်လပ်နေတယ်။ ကျေနပ်နေတယ် သိရဲ့လား။

 

နောက်တပတ်က စပြီး ရေတွက်တဲ့ သုံးနှစ်ကို ရင်ဆိုင် ဖြတ်သန်းဖို့ ခင် အဆင်သင့် ဖြစ်ပါပြီ မောင် ...။


---

 

#နုနုရည်အင်းဝ

#နတ်ချော့သူ

#ညမဖတ်ရ

No comments: