သွေးအားနည်းတယ်ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို အချို့က သေသေချာချာ သိကြပေမယ့် အချို့က ရေရေ ရာရာ သဘောမပေါက်ကြပါဘူး။ သွေးအားနည်းတာ (Anaemia) နဲ့ သွေးပေါင်ချိန်ကျတာ (Low Blood Pressure) ကို ရောနေသူတွေရှိပါတယ်။ သွေးပေါင်တက်မှာ စိုးလို့ဆိုပြီး သွေးအားကောင်းစေတဲ့ အစားအစာတွေကို မစားရဲကြသူတွေလည်း တွေ့ဖူးပါတယ်။
သွေးအားနည်းခြင်းဆိုသည်မှာ...
သွေးဟာ သူ့ရဲ့ အဓိကတာဝန်တစ်ခုဖြစ်တဲ့ အောက်ဆီဂျင် သယ်ပို့မှုလုပ်ငန်းကို လုပ်ဆောင်နိုင်တဲ့စွမ်းအား နည်းနေတာကို သွေးအားနည်းတယ်လို့ ပြောခြင်းဖြစ်ပါ တယ်။ လူတစ်ယောက်ဟာ အလုပ်ကို အားသွန်ခွန်စိုက် မလုပ်နိုင်လျှင် အဲဒီလူကို အားနည်းနေတယ်လို့ ပြော သလို သွေးဟာ အောက်ဆီဂျင်ကို ကောင်းကောင်းသယ် နိုင်စွမ်းမရှိတဲ့ အခြေအနေကို သွေးအားနည်းနေတယ်လို့ ပြောခြင်းဖြစ်ပါတယ်။
ခြေ၊ လက်ကြွက်သားတွေ၊ ဦးနှောက်၊ အသည်း၊ နှလုံးစတဲ့ အင်္ဂါတွေအားလုံးဟာ အောက်ဆီဂျင်ကို အလုံ အလောက်ရမှသာ အလုပ်လုပ်နိုင်ပါတယ်။ အောက်ဆီဂျင် အလုံအလောက်မရလျှင် ကောင်းကောင်း အလုပ် မလုပ်နိုင်ပါဘူး။ လူတွေဟာ အောက်ဆီဂျင်ကို အသက်ရှူ သွင်းလိုက်တဲ့ လေထဲကနေ ရရှိပါတယ်။ အသက်ရှူသွင်း လိုက်လို့ အဆုတ်ထဲရောက်လာတဲ့ လေထဲက အောက်ဆီဂျင်ကို သွေးနီဥတွေက ရယူပြီး ခန္ဓာကိုယ်အနှံ့မှာရှိနေတဲ့ အင်္ဂါအစိတ်အပိုင်းတွေအားလုံးထံ သယ်ယူပို့ဆောင် ဖြန့် ဖြူးပေးပါတယ်။ သွေးနီဥတွေရဲ့ အောက်ဆီဂျင်သယ် နိုင်စွမ်း ကျသွားတာကို သွေးအားနည်း တယ်လို့ ခေါ် ခြင်း ဖြစ်ပါတယ်။
သွေးပေါင်ချိန် (Blood Pressure) ဆိုတာက နှလုံးရဲ့ ညှစ်အားကြောင့် သွေးလွှတ်ကြောတွေထဲမှာ အရှိန်နှင့် စီးဆင်းနေတဲ့ သွေးတွေရဲ့ သွေးကြောနံရံတွေအပေါ် သက် ရောက်တဲ့ ဖိအား (Pressure) ကို ပြောခြင်းဖြစ်ပါတယ်။ နှလုံးကြွက်သားတွေ ကျန်းမာနေလို့ ညှစ်အားကောင်းလျှင် သွေးဖိအား (သွေးပေါင်ချိန်) ကောင်းပြီး နှလုံးရောဂါ တစ်ခုခုကြောင့် နှလုံးကြွက်သားတွေ အားနည်းနေလျှင် သွေးဖိအား (သွေးပေါင်ချိန်) ကျပါတယ်။ သွေးထွက်များ လွန်းလျှင် ခန္ဓာကိုယ်ထဲမှာ သွေးထုထည်နည်းသွားတဲ့အတွက် သွေးပေါင်ချိန်ကျပါတယ်။ ဝမ်းလျှောခြင်း စတဲ့ အကြောင်းတွေကြောင့် ခန္ဓာကိုယ်မှ ရေဆုံးရှုံးမှု များလျှင်လည်း သွေးထုထည်လျော့နည်းသွားပြီး သွေးပေါင်ချိန် ကျပါတယ်။ သွေးအား (အောက်ဆီဂျင်သယ်နိုင်စွမ်းအား) နည်းတာနှင့် သွေးပေါင်ချိန် (သွေးဖိအား) ကျတာကို မရောစေချင်ပါဘူး။
သွေးအား (အောက်ဆီဂျင်သယ်နိုင်စွမ်းအား) နည်း ရောဂါဖြစ်ရခြင်းရဲ့ အကြောင်းရင်း အမျိုးမျိုးရှိတဲ့အနက် ဒီဆောင်းပါးမှာ ဆွေးနွေးတင်ပြမှာက အာဟာရဓာတ်တွေ ချို့တဲ့ခြင်းကြောင့် ဖြစ်ရတဲ့ သွေးအားနည်းရောဂါအချို့ အကြောင်း ဖြစ်ပါတယ်။
သွေးအားနည်းရောဂါဖြစ်ရသည့် အကြောင်းရင်းများ
အသက်ရှူသွင်းလိုက်လို့ အဆုတ်ထဲရောက်လာတဲ့ လေထဲက အောက်ဆီဂျင်ကို သွေးတွေက ခန္ဓာကိုယ်အနှံ့ သယ်ယူပို့ဆောင်ပေးနိုင်တာဟာ သွေးနီဥတွေထဲမှာ ဟီမိုဂလိုဘင် (Haemoglobin) ဆိုတဲ့ ဓာတ်ပေါင်းတစ်မျိုး ရှိနေလို့ ဖြစ်ပါတယ်။ သွေးရဲ့ အောက်ဆီဂျင်သယ်နိုင် စွမ်းဟာ သွေးထဲမှာရှိတဲ့ သွေးနီဥအရေအတွက်၊ သွေးနီဥ တစ်ဥချင်းမှာ ရှိနေတဲ့ ဟီမိုဂလိုဘင် ဓာတ်ပေါင်းပမာဏ တွေအပေါ်မှာ မူတည်ပါတယ်။ သွေးနီဥ နည်းနေခြင်း၊ သွေးနီဥ တစ်ဥချင်းမှာရှိနေတဲ့ ဟီမိုဂလိုဘင် ဓာတ်ပေါင်း ပမာဏ နည်းနေခြင်း၊ သွေးနီဥတွေထဲက ဟီမိုဂလိုဘင် ဓာတ်ပေါင်းတွေဟာ ပုံမှန်မဟုတ်တဲ့အတွက် အောက်ဆီဂျင်သယ်တဲ့လုပ်ငန်းကို မလုပ်ဆောင်နိုင်ခြင်းတို့ဟာ သွေးအားနည်းရောဂါ ဖြစ်ရခြင်းရဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာကြောင့်ဖြစ်စေ၊ ခွဲစိတ်ကုသမှု ကြောင့်ဖြစ်စေ၊ အမျိုးသမီးများ ဓမ္မတာသွေးဆင်းတာ များလို့ဖြစ်စေ၊ အစာအိမ်အနာလို ကိုယ်တွင်းရောဂါ တွေကြောင့် ဖြစ်စေ ခန္ဓာကိုယ်မှ သွေးတွေဆုံးရှုံးတဲ့အခါ သွေးထုထည်ရော၊ သွေးနီဥအရေအတွက်ပါ နည်းသွားပြီး သွေးအားနည်းသွားနိုင်ပါတယ်။
ငှက်ဖျားရောဂါဖြစ်သူတွေမှာ ငှက်ဖျားပိုးကြောင့် သွေးနီဥတွေဟာ သက်တမ်းမပြည့်မီ ပေါက်ကွဲပြီး ခန္ဓာ ကိုယ်မှာတင် ပျက်စီးသွားပါတယ်။ ခန္ဓာကိုယ်မှ သွေးတွေ အပြင်ကို မထွက်သွားပေမယ့် သွေးနီဥတွေ ပေါက်ကွဲပြီး အောက်ဆီဂျင်သယ်နိုင်စွမ်းရှိတဲ့ သွေးနီဥအရေအတွက် လျော့နည်းသွားခြင်းဟာ ငှက်ဖျားရောဂါဝေဒနာရှင်တွေ သွေးအားနည်းရခြင်းရဲ့ အကြောင်းရင်း ဖြစ်ပါတယ်။ အချို့ သော ဆေးဝါးတွေဟာ သောက်သုံးမှီဝဲသူရဲ့ ခန္ဓာကိုယ် ထဲမှာ သွေးနီဥတွေ ပေါက်ကွဲပျက်စီးစေနိုင်တဲ့ ဘေးထွက် ဆိုးကျိုးရှိပါတယ်။ ဒီဆေးတွေဟာလည်း သွေးအားနည်း ရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
သွေးနီဥအရေအတွက်ကလည်း ပုံမှန်၊ သွေးနီဥ တွေထဲမှာ ဟီမိုဂလိုဘင် ဓာတ်ပေါင်းတွေလည်း ရှိနေ ပါလျက် ရှိနေတဲ့ ဟီမိုဂလိုဘင် ဓာတ်ပေါင်းတွေဟာ အောက်ဆီဂျင်ကို သယ်ပို့ပေးနိုင်စွမ်းမရှိတဲ့ အမျိုးအစား တွေ ဖြစ်နေလျှင်လည်း သွေးအားနည်းပါတယ်။ မြန်မာ နိုင်ငံမှာတွေ့ရတဲ့ သာလာဆီးမီးယား (Thalassemia) ဆိုတဲ့ ရောဂါဟာ အောက်ဆီဂျင် သယ်နိုင်စွမ်းမရှိတဲ့ ဟီမိုဂလိုဘင်ဓာတ်ပေါင်းကို သယ်ထားပြီး သက်တမ်း မစေ့မီ ပျက်စီးတတ်တဲ့ သွေးနီဥတွေကြောင့် ဖြစ်ရတဲ့ သွေးအားနည်းရောဂါတစ်မျိုးဖြစ်ပါတယ်။ မျိုးရိုးလိုက် တတ်ပါတယ်။ ရောဂါပြင်းတဲ့ အမျိုးအစားဆိုရင် ကလေး တွေဟာ မကြာမကြာ သွေးသွင်း ကုသခံကြရပါတယ်။
သွေးနီဥတွေကို ရိုးတွင်းခြင်ဆီ (Bone Marrow) ထဲမှာ ထုတ်လုပ်ပါတယ်။ Aplastic Anaemia ဆိုတဲ့ သွေး အားနည်းရောဂါမှာတော့ ရိုးတွင်းခြင်ဆီဟာ သွေးနီဥတွေ အလုံအလောက်ထုတ်လုပ်နိုင်စွမ်း မရှိခြင်းဟာ သွေးနီဥအရေအတွက်နည်းပြီး သွေးအားနည်းရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ရိုးတွင်းခြင်ဆီမှာ သွေးနီဥတွေ ထုတ်လုပ်နိုင်စွမ်းမရှိတော့တာဟာ မှီဝဲစားသုံးတဲ့ ဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ တစ်ခေတ်တစ်ခါက တိုက်ဖိုက်ခေါ် အူရောင်ငန်းဖျားရောဂါ မှာ တွင်တွင်ကျယ်ကျယ် သုံးခဲ့ဖူးတဲ့ Chloramphenicol သောက်ဆေးဟာ လူသိများပါတယ်။
အာဟာရချို့တဲ့ သွေးအားနည်းရောဂါများ
သွေးနီဥတွေ ထုတ်လုပ်ရာမှာရော သွေးနီဥတွေ ထဲက အောက်ဆီဂျင် သယ်နိုင်စွမ်းရှိတဲ့ ဟီမိုဂလိုဘင် ဓာတ်ပေါင်း တည်ဆောက်ရာမှာပါ အာဟာရဓာတ် အမျိုးမျိုး လုံလုံလောက်လောက်ရှိနေဖို့ လိုအပ်ပါတယ်။ အဲဒီအာဟာရဓာတ်တွေ တစ်မျိုးဖြစ်စေ၊ တစ်မျိုးမက ဖြစ်စေ ချို့တဲ့နေခြင်းကြောင့်ဖြစ်ရတဲ့ သွေးအားနည်း ရောဂါ တွေလည်း ရှိပါတယ်။ အဲဒီလိုသွေးအားနည်းရောဂါ မျိုးကို အာဟာရချို့တဲ့ သွေးအားနည်းရောဂါ များလို့ပြော ခြင်း ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ သွေးအားနည်းရောဂါခံစားနေရသူ အများစုကြီးဟာ သံဓာတ်အာဟာရ ချို့တဲ့ခြင်းကြောင့် ခံစားနေကြရတာ ဖြစ်ပါတယ်။ သွေးနီဥတွေကို အောက် ဆီဂျင် သယ်နိုင်စွမ်းရှိအောင် လုပ်ပေးတဲ့ ဟီမိုဂလိုဘင် ဓာတ်ပေါင်းထုတ်လုပ်ရာမှာ သံဓာတ် အလုံအလောက်ရှိဖို့ လိုအပ်ပါတယ်။ သံဓာတ်ချို့တဲ့နေသူတွေမှာ သွေးနီဥ အရေအတွက် ပုံမှန်ရှိပါလျက် သွေးနီဥ တစ်ဥချင်းမှာ ဟီမိုဂလိုဘင်ဓာတ်ပေါင်း နည်းနေခြင်းက သွေးအားနည်း ခြင်းရဲ့ အကြောင်းရင်းဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့ခြင်းက ဟီမိုဂလိုဘင် ထုတ်လုပ်မှုကို ကျဆင်းစေပါတယ်။
သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါရှိသူတွေရဲ့ သွေးနီဥတွေထဲမှာ ဟီမိုဂလိုဘင် ပမာဏဟာ ရှိသင့်တာ ထက် နည်းနေပါတယ်။ သွေးနီဥတွေဟာ ပုံမှန်ထက် အရောင်ဖျော့ နေပါတယ်။ အရွယ်အစားလည်း ပုံမှန်ထက် ငယ်နေပါတယ်။ သွေးနီဥတွေ အရောင်ဖျော့ပြီး အရွယ် ငယ်တဲ့ သွေးအားနည်းရောဂါ (Hypochromic Microcytic Anaemia) လို့ ပြောလေ့ရှိပါတယ်။ Hypochromic ဆိုတာ အရောင်ဖျော့တယ်လို့ အဓိပ္ပာယ် ရပြီးတော့ Microcytic ဆိုတာ “အလုံးသေးတယ်” လို့ အဓိပ္ပာယ်ရပါတယ်။
မြန်မာနိုင်ငံလို ဖွံ့ ဖြိုးဆဲနိုင်ငံမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဝက်ကျော်၊ ၅ နှစ်အောက် ကလေး တစ်ဝက်ကျော်ဟာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ကို ခံစားနေရပါတယ်။ သွေးအားနည်းလျှင် လူကြီးတွေ ဟာ အားသွန်ခွန်စိုက် အလုပ်မလုပ်နိုင်ပါဘူး။ ကလေး တွေဟာ အများနည်းတူ မဆော့နိုင်၊ မကစားနိုင်ပါဘူး။ မောပန်းလွယ်ပါတယ်။ မျက်ခွံတွေ၊ နှုတ်ခမ်းတွေ၊ လျှာ တွေ ဖြူဖပ်ဖြူလျော် ဖြစ်နေတတ်ပါတယ်။ ပိုပြီး အရေးတကြီး သိထားသင့်တာက သံဓာတ်ချို့တဲ့ပြီး သွေးအား နည်းနေတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွားစဉ်အချိန်တွေမှာ အသက်အန္တရာယ်နှင့် ပိုပြီးနီး တတ်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းနေတဲ့ ၅ နှစ်အောက် ကလေးတွေဟာ ဦးနှောက်ဖွံ့ ဖြိုးမှု နှေးကွေးပြီး စဉ်းစားဆင်ခြင်တတ်မှု၊ ဉာဏ်ရည် ဉာဏ်သွေးနှင့် မှတ်ဉာဏ်ထိခိုက်တဲ့အတွက် ကျောင်းနေချိန် ရောက်တဲ့အခါ ပညာသင်ကြားရာမှာ သံဓာတ်ပြည့်ဝတဲ့ ကလေးတွေလို မထက်မြက်ဘူးဆိုတာ ကိုလည်း သိထားသင့်ပါတယ်။
သံဓာတ်ကြွယ်ဝသည့် အစားအစာများ
ဖွံ့ ဖြိုးဆဲနိုင်ငံတွေက လူတွေမှာ သံဓာတ်ချို့တဲ့မှု များတာဟာ ရောဂါဘယ ထူပြောခြင်း၊ ချိတ်သန်ကောင် (Hook Worm) နှင့် အခြားကူးစက်ရောဂါတွေ အဖြစ် များခြင်းတို့နှင့်လည်း သက်ဆိုင်ပါတယ်။ ဒီဆောင်းပါး မှာတော့ အစားအသောက်မှရတဲ့ သံဓာတ်မလုံလောက်မှု အကြောင်းကို အဓိကပြောချင်ပါတယ်။
အသားတွေမှာ သံဓာတ်ပါဝင်ပါတယ်။ အမဲသား၊ ဆိတ်သားလို အနီရောင်အသားတွေဟာ ကြက်သားလို အဖြူရောင်အသားတွေထက် ပိုပြီး သံဓာတ်ြွကယ်ဝပါ တယ်။ အသည်းမှာ သံဓာတ်အလွန်ကြွယ်ဝပါတယ်။ သံဓာတ်ပြည့်ဝဖို့ အခုပြောခဲ့တဲ့ တိရစ္ဆာန်ထွက် အစား အစာတွေကို တတ်နိုင်သမျှ စားသုံးသင့်ပါတယ်။ ငါး၊ ကြက်ဥ၊ ဘဲဥနှင့် နွားနို့၊ ကျွဲနို့ စတာတွေဟာ သံဓာတ်ြွကယ်ဝတဲ့ အစားအစာတွေ မဟုတ်ပါဘူး။
ပဲဆန်အမျိုးမျိုးနှင့် အစိမ်းရင့်ရောင် ဟင်းရွက်တွေ ဟာလည်း သံဓာတ်ြွကယ်ဝပါတယ်။ ဒါပေမဲ့ ပဲနှင့် ဟင်း ရွက်တွေအပါအဝင် အပင်ထွက်အစားအစာတွေထဲက သံဓာတ်ကို အူထဲကနေ သွေးထဲရောက်အောင် စုပ်ယူရ တာဟာ အသားနှင့် အသည်းမှာပါတဲ့ သံဓာတ်ကို စုပ်ယူရ သလောက် မလွယ်ပါဘူး။ ဒါကြောင့် ပဲနှင့် အရွက်တွေ ကိုချည်း အားကိုးလို့မရပါဘူး။ ပဲနှင့် ဟင်းသီးဟင်းရွက် တွေကို အသားလေးနည်းနည်းနှင့် ရောပြီးမှ စားမယ် ဆိုရင်တော့ အသားကြောင့် ပဲထဲက သံဓာတ်ကိုစုပ်ယူမှု ပိုပြီးကောင်းသွားစေနိုင်ပါတယ်။ အဲဒါကြောင့် ပဲနှင့် ဆိတ်သားဟင်း၊ အသားအနည်းငယ်ပါတဲ့ ဟင်းရွက်သုပ်၊ ဟင်းရွက်ကြော် စသဖြင့် အသားနှင့်ပဲ၊ အသားနှင့်အရွက် ရောပြီးစားတာဟာ ကောင်းတဲ့ စားသောက်နည်းဖြစ်ပါ တယ်။
ဗီတာမင်စီဟာ ပဲနှင့်အရွက်တွေထဲက သံဓာတ်ကို အူထဲကနေ သွေးထဲရောက်အောင် စုပ်ယူမှုကို ပိုပြီး ကောင်းစေတာမို့ ပဲဟင်း၊ ဟင်းသီးဟင်းရွက်ဟင်းများနှင့် ထမင်းစားပြီးတဲ့အခါ မာလကာသီး၊ လိမ္မော်သီး၊ လိမ္မော် ရည် စတဲ့ ဗီတာမင်စြွီကယ်ဝတဲ့ အစားအသောက်တွေ စားသုံးတာ၊ ဟင်းရွက်သုပ်တွေကို သံပရာရည်ညှစ်ပြီး စားတာတွေဟာ ကောင်းတဲ့ စားသောက်နည်းတွေ ဖြစ်ပါတယ်။
လက်ဖက်ခြောက်မှာပါတဲ့ Tannic Acid ဟာ အစားအစာတွေထဲက သံဓာတ်ကို သွေးထဲရောက်အောင် စုပ်ယူတဲ့ လုပ်ငန်းကို နှောင့်ယှက်တတ်တဲ့အတွက် ထမင်း စားပြီး ၂ နာရီအတွင်း လက်ဖက်ရည်အချိုသောက်ခြင်းကို ရှောင်ကြဉ်သင့်တယ်ဆိုတာ နိုင်ငံတကာမှာ သုတေသန ပြုပြီး တွေ့ရှိထားတဲ့ အချက်ဖြစ်ပါတယ်။ ထမင်းကို လက်ဖက်သုပ်နှင့် စားခြင်း၊ လက်ဖက်ရည်ကြမ်းဖန်ဖန် သောက်ခြင်းတို့ကလည်း သံဓာတ်စုပ်ယူမှုကို နှောင့်ယှက် တယ်လို့ မြန်မာအာဟာရ သုတေသီတွေက ပြောကြပါ တယ်။
သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ အဖြစ်များတဲ့ မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတိုင်း သံဓာတ် အားဆေးကို နေ့စဉ်မှန်မှန် မှီဝဲသင့်ပါတယ်။ ကျန်းမာရေး ဌာနက အခမဲ့ တိုက်ကျွေးပေးနေပါတယ်။ အသက် ၆ လမှ ၅ နှစ်အရွယ် ကလေးတွေကိုတိုက်တဲ့ အားဆေးဟာ သံဓာတ်ပါဝင်တဲ့ အားဆေးမျိုး ဖြစ်သင့်ပါတယ်။ အသက် ၆ လ ကျော်ပြီးတဲ့ ကလေးတွေကို အသင့်ပြုပြင်ထားတဲ့ ဖြည့်စွက်စာ ဝယ်ကျွေးတယ်ဆိုရင် သံဓာတ်ဖြည့်စွက် ထားတဲ့ အစာမျိုးကို ရွေးချယ်သင့်ပါတယ်။ မိမိအိမ်မှာ ချက်ပြုတ်တဲ့ ထမင်း၊ ဆန်ပြုတ် စတဲ့အစားအစာတွေကိုပဲ ကျွေးတယ်ဆိုရင်လည်း အစာထဲမှာ ဖြူးပြီး၊ နယ်ပြီး ကျွေးလို့ရတဲ့ တစ်ခါသုံး သံဓာတ်အမှုန့် (Iron Sprinkles) အထုပ်ကလေးတွေ ဝယ်လို့ရနေပါပြီ။ အခုအခါမှာ အား ဖြည့်ဆန်ဆိုတဲ့ အမည်နှင့် ရောင်းချနေတဲ့ အာဟာရဖြည့် ဆန်မှာ အာဟာရဓာတ် ၈ မျိုး ဖြည့်စွက်ထားတဲ့အနက် သံဓာတ်လည်း ပါဝင်နေတာမို့ အိမ်တွေမှာ မိသားစုတစ်စု လုံး အာဟာရဖြည့်ဆန်ကို စားသုံးကြဖို့ တိုက်တွန်းလိုပါ တယ်။
ဖောလစ်အက်ဆစ် (Folic Acid) ချို့တဲ့၍ ဖြစ်ရသည့် သွေးအားနည်းရောဂါ
ဖောလစ်အက်ဆစ်ချို့တဲ့မှုကြောင့်ဖြစ်ရတဲ့ သွေး အားနည်းရောဂါ မြန်မာနိုင်ငံမှာ ရှိပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ သံဓာတ်နှင့် ဖောလစ် အက်ဆစ် နှစ်မျိုးစလုံးချို့တဲ့ပြီး သွေးအားနည်းရောဂါ ဖြစ်ကြတာကို တွေ့ရပါတယ်။
ဖောလစ်အက်ဆစ်ချို့တဲ့လျှင် ရိုးတွင်းခြင်ဆီအတွင်း သွေးနီဥတွေ ထုတ်လုပ်မှုနှင့် ရင့်ကျက်မှုကို ထိခိုက်ပါ တယ်။ သွေးနီဥတွေ ကြီးပြင်းပုံဟာ ထူးခြားပါတယ်။ သွေး နီဥတွေဟာ ဖြစ်ပေါ်စမှာ အရွယ်အစားကြီးနေရာက သက်တမ်းရင့်လာတာနှင့်အမျှ အလုံးအထည် ငယ်သွားပါတယ်။
ဖောလစ်အက်ဆစ်ချို့တဲ့လို့ဖြစ်ရတဲ့ သွေးအားနည်း ရောဂါမှာ သွေးနီဥတွေဟာ ရင့်ကျက်ပြီး ပုံမှန်အရွယ် မဖြစ်လာ (ငယ်မလာ) ဘဲ နုစဉ်ကအတိုင်း အရွယ်အစား အကြီးကြီးတွေ ဖြစ်နေပါတယ်။ ဒါကြောင့် ဖောလစ် အက်ဆစ်ချို့တဲ့ သွေးအားနည်း ရောဂါဟာ သွေးနီဥတွေ ပုံမှန်ထက် အရွယ်အစားကြီးတဲ့ သွေးအားနည်းရောဂါ (Macrocytic Anaemia) မျိုး ဖြစ်ပါတယ်။ Macrocytic ဆိုတာ အလုံးကြီးတယ်လို့ အဓိပ္ပာယ်ရပါတယ်။ ရင့်ကျက် မလာတဲ့ သွေးနီဥကြီးတွေဟာ ဟီမိုဂလိုဘင် သယ်ဆောင် တဲ့ လုပ်ငန်းကို မလုပ်နိုင်ကြပါဘူး။
ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့ အစားအစာတွေက အမဲအသည်း၊ ကြက်အသည်း စတဲ့ တိရစ္ဆာန်ထွက် အစားအစာများနှင့် ပဲတီ၊ အနီရောင် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနှင့်ဘရော့ကိုလီ (Broccoli) ဆိုတဲ့ ပန်းဂေါ်ဖီစိမ်း အပါအဝင် အပင်ထွက် အစားအစာများ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်တွေ ဖောလစ်အက်ဆစ်ချို့တဲ့ သွေးအားနည်းရောဂါမှ ကာကွယ်ဖို့ အကောင်းဆုံးနည်းက ဖောလစ်အက်ဆစ်ပါတဲ့ ဆေးပြားတွေ မှီဝဲခြင်းဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ကျန်းမာရေးဌာနက တိုက်ကျွေးနေတဲ့ သံဓာတ်ဆေးပြား တွေမှာ ဖောလစ်အက်ဆစ်လည်း ပါဝင်နေပြီး ဖြစ်ပါတယ်။ ဖောလစ်အက်ဆစ်ဟာ ကိုယ်ဝန်ရင့်နေချိန်မှာ သွေးအား နည်းရောဂါကို ကာကွယ်ပေးပြီး ကိုယ်ဝန်နုစဉ်မှာ သန္ဓေသားရဲ့ ဦးခွံရိုးနှင့် ကျောရိုးတွေ ပုံမှန်ကြီးထွားမှုကို အားပေးပါတယ်။ ကိုယ်ဝန်နုစဉ်မှာ ဖောလစ်အက်ဆစ် ချို့တဲ့လျှင် သန္ဓေသားဟာ ဦးခေါင်းနှင့် ကျောရိုးတွေ ပုံပျက်ပန်းပျက်ဖြစ်ပြီး မွေးလာနိုင်ပါတယ်။
ဗီတာမင်ဘီတွဲ ချို့တဲ့၍ ဖြစ်ရသည့် သွေးအားနည်းရောဂါ
ဗီတာမင်ဘီတွဲ ချို့တဲ့မှုကတော့ မြန်မာပြည်မှာ အလွန်ရှားပါတယ်။ အနောက်နိုင်ငံတွေမှာ အဖြစ်များပါ တယ်။ အစားအစာမှာ ဗီတာမင်ဘီတွဲ ချို့တဲ့လို့ ဖြစ်တာ ထက် အစားအစာထဲက ဘီတွဲကို အူထဲကနေ သွေးထဲ ရောက်အောင် မစုပ်ယူနိုင်တာက အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ ဗီတာမင်ဘီတွဲ ချို့တဲ့လျှင် ဖောလစ်အက်ဆစ် ချို့တဲ့မှုမှာလိုပဲ သွေးနီဥတွေ ထုပ်လုပ်မှုနှင့် ပုံမှန်ရင့်ကျက်မှုကို ထိခိုက်ပါတယ်။ သွေးနီဥတွေဟာ သက်တမ်းရင့် လာပေမယ့် အရွယ်ငယ်မသွားပါဘူး။ အောက်ဆီဂျင် လည်း မသယ်ဆောင် နိုင်ပါဘူး။
ဒါကြောင့် ဗီတာမင်ဘီတွဲ ချို့တဲ့လို့ဖြစ်ရတဲ့ သွေးအားနည်းရောဂါမှာလည်း သွေးနီဥ တွေဟာ ပုံမှန်ထက် အရွယ်အစားကြီးနေတတ်ပါတယ်။ သွေးနီဥတွေရဲ့ အရွယ်အစားကြီးနေတာကိုကြည့်ပြီး ဗီတာမင်ဘီတွဲချို့တဲ့လို့ ဖြစ်တာလား၊ ဖောလစ်အက်ဆစ် ချို့တဲ့လို့ ဖြစ်တာလားဆိုတာ ခွဲခြားမသိနိုင်ပါဘူး။ ဗီတာမင်ဘီတွဲ ချို့တဲ့ခြင်းက သွေးအားနည်းရောဂါ ဖြစ်စေရုံသာမက အာရုံကြောတွေကိုလည်း ထိခိုက် ပျက်စီးစေနိုင်ပါတယ်။ ဗီတာမင်ဘီတွဲချို့တဲ့လို့ဖြစ်တဲ့ သွေးအားနည်းရောဂါကို ဖောလစ်အက်ဆစ်ပေးပြီး ကုသ မယ်ဆိုလျှင် သွေးနီဥတွေ ပုံမှန်ရင့်ကျက်ပြီး သွေးအား နည်းရောဂါ သက်သာသွားနိုင်ပေမယ့် အာရုံကြောတွေ ထိခိုက်ခြင်းက အချိန်ကြာသည်နှင့်အမျှ ပိုပြီးဆိုးရွားလာ တတ်ပါတယ်။ ဒါကြောင့် သွေးနီဥတွေ အရွယ်အစားကြီး နေတဲ့ သွေးအားနည်း ရောဂါကို ဖောလစ်အက်ဆစ်ချို့တဲ့ တာလား၊ ဘီတွဲ ချို့တဲ့တာလားဆိုတာ ခွဲခွဲခြားခြားသိဖို့ သွေးကို အထူးဓာတ်ခွဲ စမ်းသပ်မှုတစ်မျိုး ပြုလုပ်ပြီး ဘီတွဲချို့တဲ့တာဆိုလျှင် ဗီတာမင်ဘီတွဲ ထိုးဆေးနှင့် ကုသရပါတယ်။
ဗီတာမင်ဘီတွဲ ကြွယ်
ဝတဲ့ အစားအစာတွေက အသား၊ ငါး၊ ပင်လယ်စာများ၊ နို့နှင့် နို့ထွက်အစားအစာများ၊ ကြက်ဥ၊ ဘဲဥ စတဲ့ တိရစ္ဆာန်ထွက် အစားအစာအမျိုးမျိုးတို့ ဖြစ်ပါတယ်။ အသီးအရွက်များမှာ ဗီတာမင်ဘီတွဲ မပါတဲ့ အတွက် အသားနှင့် ငါးအမျိုးမျိုး ကို ရှောင်ကြဉ်တဲ့အပြင် ကြက်ဥ၊ ဘဲဥ၊ ငုံးဥလည်း မစား၊ နို့လည်းမသောက်သူ သက်သတ်လွတ်သမားတွေအနေနဲ့ ဗီတာမင်ဘီတွဲကို ဆေးအဖြစ် မှီဝဲဖို့ လိုအပ်ပါတယ်။
............................
ဒေါက်တာလှကြည်
Credit: Food Magazine
No comments:
Post a Comment