International Criminal Court (ICC) နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ တရားရုံးအသံတွေ မြန်မာပြည်မှာ ညံလာတယ်ဆိုတော့ လေ့လာထားတာလေးတွေ တချို့ကို မျှဝေပေးလိုက်ပါတယ်...
ဒီဆောင်းပါးမှာတော့ ICC ဆိုတာ ဘာလဲ.. ဘယ်လိုပေါ်ပေါက်လာလဲကို
မိတ်ဆက်တင်ပြထားပါတယ်.. နောက်ပိုင်းမှာတော့ ICC မှာ လက်ခံတိုင်ကြားနိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးအစားတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ မြန်မာနိုင်ငံနဲ့ပတ်သက်နေတာတွေကို ရေးသွားပါမယ်..
----------------
ICC ( International Criminal Court) ဆိုတာဘာလဲ
နိုင်ငံတော်အတွင်းရှိ လူအခွင့်အရေးချိုးဖောက်မှုများကို သက်ဆိုင်ရာ အစိုးရကိုယ်တိုင်က
နိုင်ငံတော်အတွင်းရှိ လူအခွင့်အရေးချိုးဖောက်မှုများကို သက်ဆိုင်ရာ အစိုးရကိုယ်တိုင်က ချိုးဖောက် သည့်အခါ သို့မဟုတ် ထိုချိုးဖောက်မှုများကို နိုင်ငံတော်အဆင့်တွင် အရေးယူဆောင်ရွက်နိုင်မှုမရှိသည့်အခါ နိုင်ငံတကာလူ့အခွင့်အရေးများဖြင့် အရေးယူနိုင်ရန် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများလိုအပ်ကြောင်း စဉ်း စားတွေးခေါ်လာကြသည်။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ပွားခဲ့သော စစ်ရာဇ၀တ်မှုများက နိုင်ငံ တကာ လူ့အခွင့်အရေးစာချုပ်များဖြင့် လူ့အခွင့်အရေးချိုးဖောက်သူများကို စောင့်ကြပ်ရန် အပြစ်ပေးရန်လိုအပ် ကြောင်း စဉ်းစားလာစေခဲ့သည်။
ပထမကမ္ဘာစစ်အပြီး ၁၉၁၉ ခုနှစ်တွင် နိုင်ငံပေါင်းချုပ်အသင်းကြီးကို တည်ထောင်ခဲ့သော်လည်း မအောင်မြင်ပဲ ဒုတိယကမ္ဘာစစ်ကြီး ထပ်မံဖြစ်ပွားခဲ့သည်၊၊ ဒုတိယကမ္ဘာစစ်အတွင်း ဟစ်တလာခေါင်းဆောင်သော နာဇီပါတီသည် ဂျူးလူမျိုး(၆)သန်းေ ကျာ်အပါ အဝင် အခြားလူများအား လူသားချင်း မတရားရက်စက်၊ နှိပ်စက်ညှင်းပန်း သတ်ဖြတ်ခဲ့သည်။ နာဇီပါတီသည် အစွန်းရောက်အမျိုးသားရေးဝါဒကို ကျင့်သုံး၍ ဂျူးများ၊ ဂျစ်ပစီများ၊ ကိုယ်အင်္ဂါချို့တဲ့သူ များ ၊ လိင်တူချစ်သူများကို မျိုးဖြုတ်သတ်ရန် အစီအစဉ်ချမှတ်ခဲ့သည်။ ပထမဆုံးအဆင့်တွင် ထိုသူများကို သီးသန့်သတ်မှတ်ထားသော ရပ်ကွက်များသို့ပြောင်းရွှေ့နေထိုင်စေ သည်။ ဒုတိယအဆင့်တွင် ချွေးတပ်စခန်းများသို့ပြောင်းရွှွှေ့၍ အလုပ်စေခိုင်းခဲ့သည်။ တတိယအဆင့်တွင် အဆိပ်ငွေ့များလွှတ်၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။
ထို့ကြောင့် စစ်အပြီးတွင် နာဇီ စစ်ခေါင်းဆောင်များသာမက အရပ်သားတာဝန်ရှိသူများ အပါအဝင် စုစု ပေါင်း လူအယောက် (၂ဝဝ) ကျော်ကို နုရင်ဘတ်မြို့တွင် စစ်ခုံရုံးတင်စစ်ဆေး အပြစ်ပေးခဲ့သည်။ နျုရင်ဘတ်ခုံရုံးတွင် ဒုတိယကမ္ဘာစစ်အတွင်းက ဥရောပတွင် စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့သော ထိပ်တန်း ခေါင်းဆောင်များ၊ သံတမန်များနှင့် စစ် ဗိုလ်ချုပ်များကို အပြစ်ပေးနိုင်ခဲ့သည်။ ၁၉၄၅ ခုနှစ်မှ ၁၉၄၆ ခုနှစ်အထိ စီရင်ချက်များ ချခဲ့သည်၊
အရှေ့အာရှတွင်လည်း ဂျပန်များ၏ဖက်ဆစ်စနစ်ကြောင့် တာဝန်ရှိသူများကို ဂျပန်နိုင်ငံတိုကျိုမြို့တွင် ခုံရုံးတင်စစ်ဆေး အပြစ်ပေးခဲ့သည်။ တိုကျိုခုံရုံးတွင် အရှေ့ဖျားအာရှတွင် စစ်ရာဇ၀တ် မှု ကျူးလွန်ခဲ့သော ဂျပန် ထိပ်တန်း ခေါင်းဆောင် များ၊ သံတမန်များနှင့် စစ်ဗိုလ်ချုပ်များကို အပြစ် ပေးနိုင်ခဲ့သည်၊ ၁၉၄၆ ခုနှစ်မှ ၁၉၄၈ ခုနှစ် အတွင်း စီရင်ချက်များ ချမှတ်နိုင်ခဲ့သည်။ သို့သော် စစ်ရှုံးသူများ သက်သက်ကိုသာ စီရင်ခဲ့ပြီး စစ်နိုင်သည့်နိုင်ငံများမှ ကျူးလွန်သူတဦးကိုမှ အရေးယူ ခဲ့ခြင်းမရှိဟု ထောက်ပြကြသည်၊
စစ်အတွင်းကျူးလွန်သူများကို ခုံရုံးတင်စစ်ဆေး အရေးယူမှုများသာမက အလားတူ လူသားချင်း မတရားရက်စက်မှု၊ နှိပ်စက်ညှင်းပန်း သတ်ဖြတ်မှု များ ထပ်မံမပေါ်ပေါက်စေရန်၊ ငြိမ်းချမ်းမှုထွန်းကားရေးနှင့် ပဋိပက္ခ ချုပ်ငြိမ်းရေး အတွက် နိုင်ငံအစိုးရများက ကြိုးပမ်းလုပ်ဆောင် လာခဲ့ကြသည်။
၁၉၄၆ ခုနှစ် နျူးရင်ဘတ် နောက်ပိုင်း “နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး International Criminal Court – ICC နှင့် ကာကွယ်ရန် နိုင်ငံတကာပြစ်မှုဆိုင်ရာ ဥပဒေ တခု လက်ခံအောင် International Criminal Code prohibiting crimes against humanity” ပဲရစ်မြို့မှာ နိုင်ငံတကာ ညီလာခံတရပ် ကျင်းပပြီး ဆွေးနွေးခဲ့သည်။
၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့တွင် “လူမျိုးတုံးသတ်ဖြတ်မှုကို ပြစ်မှုတခုခုအပေါ် ပြစ်ဒဏ်ပေးခြင်း နှင့် ကာကွယ်ခြင်း သဘောတူစာချုပ် Convention on the Prevention and Punishment of the Crime of Genocide” ကို ICC ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုလက်ခံခဲ့ပြီး၊ ယင်းစာချုပ်ကို အခြေခံ၍ တရားရုံးတခုကို တည်ထောင်ရန် သင့်လျော်သောပြဌာန်းချက်များကို လေ့လာရန်အတွက် နိုင်တကာဥပဒေ ကော် မရှင် International Law Commission – ILC ကို ကုလသမဂ္ဂအထွေထွေညီလာခံက တာဝန်အပ်နှင်း ခဲ့သည်။ ၁၉၄၉ - ၁၉၅၄ ခုနှစ် “နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး၏ Draft Statute for an ICC” တရပ်ကို ရေးဆွဲခဲ့ရာ အင်အားကြီးနိုင်ငံများက ဆန့်ကျင်ခဲ့သည်။
၁၉၅၄ ခုနှစ်တွင် နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာတရားရုံးဖွဲ့ရန် အစီအစဉ်များ နှောင့်နှေးကြန့်ကြာ နေခဲ့ သည်။တချိန်ထဲမှာပင် အစိုးရများက မိမိတို့ပြည်သူများအပေါ် လူ့အခွင့်အရေးအကြီးအကျယ် ချိုးဖောက်မှု၊ လက်နက် ကိုင်စစ်ပွဲများအတွင်း အပြစ်မဲ့ပြည်သူများအပေါ် ရက်ရက်စက်စက်သတ်ဖြတ်မှုများကို ကျူးလွန်လာ ခဲ့ကြသည်။
နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးအပြင် တရားဥပဒေရရှိခံစားရေးအတွက် လုပ်ဆောင်ခဲ့သော လုပ်ဆောင်မှုများလဲ ပေါ်ထွန်းလာခဲ့သည်။ နိုင်ငံတကာအနေနှင့်မဟုတ်သော်လည်း နိုင်ငံအတွင်းဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူရန် နိုင်ငံအလိုက် လုပ်ဆောင်ကြိုးပမ်းမှုများ ရှိလာခဲ့သည်။ ဥပမာအနေဖြင့် တောင်အာဖရိကနိုင်ငံတွင်ဖြစ်ပွားခဲ့သော လူဖြူလူမဲခွဲခြားမှုကို စုံစမ်းစစ်ဆေးသည့် အမှန်တရားကော်မရှင် (Truth Commission)၊ အရင် ယူဂိုစလားဗီးယား၊ ရ၀မ်ဒါနိုင်ငံတို့တွင်ဖြစ်ပွားခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှုများကို အရေးယူစစ်ဆေးသည့် အထူး တရားခုံရုံး (ad Hoc Tribunal)၊ ကမ္ဘောဒီးယား၊ အရှေ့တီမော၊ ကိုဆိုဗို၊ ဆီယားလီယွန်စသည့်နိုင်ငံများတွင်ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးဆိုးဆိုးဝါးဝါးချိုးဖောက်မှုများကို ကိုင်တွယ်စစ်ဆေးသည့် နိုင်ငံတကာတရားစီရင်မှုများဖြင့်လုပ်ဆောင်သော အထူးတရားရုံး (Hybrid Court applying International Criminal Law) များကိုထူထောင်ပြီး တရားဥပဒေရရှိရေးအတွက် လုပ်ဆောင်လာခဲ့သည်။ သို့သော် နိုင်ငံတကာအတွက် လွှမ်းခြုံသော လုပ်ဆောင်မှုကို မလုပ်ဆောင်နိုင်သေးချေ။
၁၉၉၁ - ၁၉၉၂ ခုနှစ် ဘောစနီးယား၊ ဟာစီဂိုဗီးနားနှင့် ခရိုးအေရှား စစ်ပွဲမှာ “လူမျိုးတုံးသတ်ဖြတ်မှုနှင့်ဂျီနီဗာ သဘောတူစာချုပ်”အပေါ် ချိုးဖောသည့် ထင်ရှားသောချိုးဖောက်မှုများ၊ ကျူးလွန်မှုများကို တရားစွဲဆိုနိုင်ရန် ယူဂိုစလာဗီးယားနိုင်ငံ အတွက် နိုင်ငံတကာရာဇဝတ် တရားရုံး Ad-hoc Tribunal – ICTY” ကို ၁၉၉၃ ခုနှစ်တွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် ချပြီး တည်ထောင်ခဲ့သည်။ ထိုတရားရုံးသည် “သီးသန့်တရားရုံး Ad-hoc” တခုဖြစ်သည်။
တချိန်တည်းမှာ ရဝမ်ဒါနိုင်ငံ၏ ပဋိပက္ခထဲမှာ ကျူးလွန်ခဲ့သောပြစ်မှုများကို အရေးယူရန် ၁၉၉၄ ခုနှစ် လုံခြုံရေးကောင်စီမှ “ရာဝမ်ဒါနိုင်ငံ အတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICTR” ကို တည်ထောင်ခဲ့။ ထိုတရားရုံးမှာလဲ “သီးသန့် တရားရုံး ad Hoc” တခုဖြစ်သည်။
ထိုသို့နိုင်ငံအလိုက်ထူထောင်ပေးသော တရားရုံးများသာမကဘဲ လူ့အခွင့်အရးချိုးဖောက်မှုများကိုနိုင်ငံတကာအဆင့်တွင် ကြိုတင်ထားဆီးနိုင်ရန်နှင့် ထိရောက်စွာအရေးယူနိုင်ရန် အမြဲတမ်း တရားရုံးတခုကို ဖွင့်လှစ်ထားရန် ဆက်လက်ကြိုးပမ်းလာခဲ့သည်။
ထို့ကြောင့် ၁၉၉၈ ခုနှစ်က (အီတလီ) ရောမမြို့တွင် ကုလသမဂ္ဂမှ ကြီးမှူး၍ကျင်းပသော အပြည်ပြည်ဆိုင်ရာဇဝတ်မှုတရားရုံးကို ဖွဲ့စည်းတည်ထောင်ရန်အတွက် သဘောတူစာချုပ်မူကြမ်းကို ရေးဆွဲသည့် ညီလာခံကို ကျင်းပခဲ့သည်။ နိုင်ငံပေါင်း (၁၆ဝ) မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။ (၅)ပတ်ကြာ အပြင်းအထန် ဆွေးနွေး ညှိနှိုင်းခဲ့ပြီးနောက် တက်ရောက်လာသည့် နိုင်ငံများထဲမှ နိုင်ငံပေါင်း (၁၂ဝ)က ထိုစာချူပ်ကို အတည်ပြုရန် ထောက်ခံမဲပေးခဲ့သည်။
တရုတ်၊ လစ်ဗျား၊ အီရတ်နှင့် အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံ(၇) နိုင်ငံက ထိုစာချုပ်ကို ကန့်ကွက်မဲ ပေးခဲ့ ကြသည်။ နိုင်ငံပေါင်း(၂၁) နိုင်ငံက ကြားနေ နေခဲ့သည်။ ထိုစာချူပ်ကို ၁၉၉၈ ခုနှစ် ဇူလိုင်လ(၁၇) ရက်နေ့တွင် အတည်ပြုပြဌာန်းနိုင်ခဲ့သည်။ ထိုစာချုပ်အား လက်မှတ် ရေးထိုးခဲ့သည့် နေရာဖြစ်သော ရောမမြို့ကို အစွဲပြု၍ ရောမစာချုပ်ဟု လည်း ခေါ်ဝေါ်သည်။ စာချုပ်အရ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံးကို ဖွဲ့စည်းထူထောင်နိုင်ရန်အတွက် နိုင်ငံပေါင်း(၆ဝ) က အတည်ပြု လက်မှတ်ရေးထိုးရန် လိုအပ်သည်။ ၂ဝဝ၂ ခုနှစ် ဧပြီလ (၁၁)ရက်နေ့တွင် နိုင်ငံပေါင်း (၆၆)နိုင်ငံက အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီးနောက် ၂ဝဝ၂ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် တရားရုံးကိုစတင်ဖွဲ့စည်းနိုင်ခဲ့ သည်။ တရားရုံးကို နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ တွင် ရုံးစိုက်ထားပါသည်။
၂ဝဝ၉ ခုနှစ် စက်တင်ဘာလအထိ စာချုပ်အဖွဲ့ဝင်နိုင်ငံပေါင်း (၁၂၃) နိုင်ငံရှိလာသည်။ အာဖရိကနိုင်ငံ (၃၃) နိုင်ငံ၊ အာရှ ပိစိဖိတ် (၁၉) နိုင်ငံ၊ အရှေ့ဥပရော (၁ ၈) နိုင်ငံ ၊လက်တင်အမေရိကနှင့် ကာယေဘီယံ (၂၈) နိုင်ငံနှင့် အနောက်ဥရောပနှင့် အခြားနိုင်ငံများမှ (၂၅) နိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံသည် ယခုအချိန်ထိ ရွန်းစာချုပ် (Rome Status) ကို အဖွဲ့ဝင်အဖြစ် လက်မှတ်ထိုးထားခြင်းမရှိသေးပါ။
ဆရာအောင်မျိုးမင်း (Equality Myanmar)

No comments:
Post a Comment