Friday, April 6, 2018

“ပရိုတွေနဲ့ တည်ဆောက်ထားတဲ့ တိုင်းပြည်”


ဒီနေ့ခေတ်မှာ နိုင်ငံတကာနဲ့ချိတ်ဆက်ရတာ၊ တွဲဖက်အလုပ်လုပ်ရတာ၊ ယှဉ်ပြိုင်ရတာတွေ ရှိလာပါပြီ။ ဒီအခါ ကျွန်တော်တို့တွေ မဖြစ်မနေ ပြင်ဆင်ထားသင့်တာတစ်ခုကတော့ ပရိုပီသဖို့ပါပဲ။ လုပ်ငန်းခွင်မှာလည်း သတိထား ကြည့်ကြည့်ပါ။ ပရော်ဖက်ရှင်နယ်ပီသတဲ့သူတွေနဲ့ အလုပ်လုပ်ရတာ သိပ်စိတ်ချမ်းသာစရာ ကောင်းပါတယ်။ သူတို့တွေဟာ အင်မတန် ယုံကြည်စိတ်ချရသူတွေ ဖြစ်တယ်။ ပြောထားတဲ့စကား၊ ပေးထားတဲ့ကတိကို တည်တယ်။ ဖြောင့်မတ်တယ်၊ Integrity ရှိတယ်။ သူတို့ကိုယ်သူတို့ တာဝန်ယူတတ်တယ်။ တစ်ဖက်ကို ဖြစ်သင့်တာထက် ပိုပြီး တောင်းဆိုတာမျိုးတွေ မရှိဘူး။ လေးစားမှုထားတယ်။

ဒါဖြင့် ပရော်ဖက်ရှင်နယ်ဆိုတာ ဘာလဲ စဉ်းစားကြည့်ရအောင်။

Professional – A person who does a job that needs special training and a high level of education

ပရော်ဖက်ရှယ်နယ်ဆိုတာ ပညာတစ်ခုကို အထူးပြုလေ့လာသင်ယူပြီး အဲဒါနဲ့သက်ဆိုင်တဲ့အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်နေတဲ့သူကို ခေါ်တာပါ။ ဒီလိုပြောလိုက်ရင် ပညာတတ်အသိုင်းအ၀ိုင်းမှ ပရိုဖြစ်နိုင်တာလား။ ကျွန်တော်ကတော့ ပရော်ဖက်ရှင်နယ်ဆိုတာကို အသက်မွေးဝမ်းကျောင်းအလုပ်လို့ပဲ ရိုးရိုးလေး ခံယူထားပြီးတော့ ပရော်ဖက်ရှင်နယ်ဆိုတာက အဲဒီအလုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်နေတဲ့သူလို့ မြင်ပါတယ်။ အနှေးယာဉ်မောင်းသူလည်း ပရိုပဲ၊ အဆိုတော်လည်း ပရိုပဲ၊ ပြည့်တန်ဆာလည်း ပရိုပဲ၊ ဆရာဝန်လည်း ပရိုပဲ၊ စစ်သားလည်း ပရိုပါပဲ။

အဲဒီလို ပရိုပီသဖို့ဆိုရင် ဘာတွေလိုအပ်မလဲ။ ဘယ်လိုအချက်တွေရှိရင် ပရိုပီသတယ်လို့ သတ်မှတ်လို့ရမလဲ။ ကျွန်တော့်တစ်ဦးတည်းအမြင်အရတော့ 3 S နဲ့ ပြည့်စုံရင် ပရိုဖြစ်တယ်လို့ သတ်မှတ်ပါတယ်။

ပထမ S – Salary (Paid Occupation)
အလုပ်တစ်ခုမှာ ပရော်ဖက်ရှင်နယ်လို့ ပြောနိုင်ဖို့ဆိုရင် အဲဒီအလုပ်ကနေ ကိုယ့်အသက်မွေးနိုင်လောက်တဲ့ လုပ်ခလစာ ရရလိမ့်မယ်။ အဲဒါမှပဲ ကိုယ့်အချိန်၊ ခွန်အား၊ ပညာတွေကို သေသေချာချာ စိုက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ ကိုယ်ယူထားတဲ့ အခကြေးငွေနဲ့ ထိုက်သင့်တဲ့လုပ်အားကို ပြန်ပေးနိုင်ဖို့လည်း လိုပါတယ်။ ခုဆိုရင် ကြည့်ကြည့်ပါ။ ပေးထားရတာနဲ့တန်တဲ့ ၀န်ဆောင်မှုကို ကျွန်တော်တို့တွေ ရမနေကြပါဘူး။ အချိန်မတိကျဘူး။ သဘောတူထားတဲ့ သတ်မှတ်ချက်တွေကို ပြည့်မီအောင် မလုပ်ပေးဘူး။ အဲဒီအစား အကြောင်းပြချက်တွေပဲ ကြားနေကြရတယ်။ သိပ်စိတ်ပျက်စရာ ကောင်းပါတယ်။ ဒီတော့ ကျွန်တော်တို့အလှည့်ကျရင်လည်း ကိုယ်ယူထားတဲ့ အခကြေးငွေနဲ့ တန်တဲ့ လုပ်အားကို ပြန်ပေးနိုင်ဖို့ ပြင်ဆင်ထားရပါမယ်။

ဒုတိယ S – Skill (Specialized skill or knowledge to meet technical standard)

ဆရာဝန်၊ အင်ဂျင်နီယာ၊ ကားစက်ပြင်ဆရာ၊ အဆိုတော်၊ ယာဉ်မောင်း၊ ပန်းရံဆရာ စသဖြင့် ကိုယ့်သက်ဆိုင်ရာ အလုပ်တွေမှာ ရှိကိုရှိရမယ်လို့ သတ်မှတ်ထားတဲ့ ကျွမ်းကျင်မှုမျိုး ရှိထားဖို့ လိုတယ်။Lifelong Learning လုပ်နေဖို့ သိပ်အရေးကြီးတယ်။ ပရော်ဖက်ရှင်နယ်ပီသတဲ့သူဆိုတာ သူ့အလုပ်မှာ ကျွမ်းကျင်သထက် ကျွမ်းကျင်အောင် လုပ်တဲ့သူ၊ အထူးချွန်ဆုံး မဟုတ်တောင် သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းကို မီအောင်တော့ အားထုတ်တဲ့သူမျိုးကို ခေါ်တာဖြစ်ပါတယ်။

နောက်ဆုံး S ကတော့ – Self-Control (To meet ethical standard)

ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်းပဲ။ ဒီအပိုင်းက ကျွန်တော်တို့ဆီက ပရော်ဖက်ရှင်နယ်တွေမှာ အလိုအပ်ဆုံးအပိုင်းလို့လည်း ပြောလို့ရပါတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင် ကျင့်ဝတ်ပေါ့။ နေ့စဉ်နဲ့အမျှ အလုပ်လုပ်နေတုန်းမှာလည်း စိတ်ခံစားချက်တွေကို ထိန်းရတယ်။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားနိုင်ရတယ်။ ရသင့်တာထက် ပိုမယူမိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းရတယ်။ ပြောရရင်တော့ ဘယ်လောက်ကျွမ်းကျင်မှု ရှိနေပါစေ၊ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်းမရှိရင် ပရော်ဖက်ရှင်နယ်ကောင်းတစ်ယောက် ဖြစ်လာမှာ မဟုတ်သလို၊ အောင်မြင်မှုကို ရေရှည် ထိန်းသိမ်းထားနိုင်ဖို့လည်း ခက်ပါတယ်။

ပြောခဲ့ပြီးသလိုပဲ၊ ပရိုပီသဖို့ဟာ သိပ်အရေးကြီးတယ်။ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ ကျွမ်းကျင်မှုပါရမီ စတဲ့အချက်တွေမှာ ပြောရလောက်အောင် ကောင်းမနေတဲ့ ဒေးဗစ်ဘက်ခမ်း ဘာလို့ ဒီလိုအဆင့်အတန်းထိ ရောက်နိုင်ခဲ့သလဲ။ အဓိကကတော့ ပရိုပီသမှုကြောင့်ပါပဲ။ တခြားဥပမာတွေလည်း အများကြီး ရှိပါသေးတယ်။ ရာထူးမြင့်မြင့်တွေ မပြောနဲ့၊ နောက်ဆုံးကုန်ကုန်ပြောရရင် နိမ့်ကျတယ်လို့ သတ်မှတ်ထားကြတဲ့ ပြည့်တန်ဆာတောင်မှ ပရိုပီသတဲ့ ပြည့်တန်ဆာက ဧည့်သည်ပိုရပါတယ်။ သူများထက် ခေါင်းတစ်လုံး ပိုသာပါတယ်။ ကျွန်တော်တို့ငယ်ငယ်က ကြည့်ဖူးတဲ့ တရုတ်ကားတွေ၊ ကိုရီးယားကားတွေမှာ မကြာခဏ ပါတယ်။ ဘာလဲဆိုတော့ ဆောင်ကြာမြိုင်တွေ။ တကယ်တော့ အဲဒီနေရာတွေက ခေတ်စကားနဲ့ပြောရရင် ရွှေကြာတွေ စုနေတဲ့နေရာပေါ့။ အဲဒီကို အမတ်ကြီးတွေ၊ နာမည်ကျော်သိုင်းသမားတွေ၊ သူဌေးကြီးတွေလည်း လာကြတယ်။ အဲ့လိုလာတဲ့အခါ သူတို့တွေဟာ ကြုံတဲ့လူနဲ့ မပျော်ပါးဘူး။ ဘယ်မိန်းကလေးကိုပဲ ခေါ်ပေးပါဆိုတာမျိုး ရှိတယ်။ ဘာလို့လဲ။ အဲဒီမိန်းကလေးတွေဟာ လှပတယ်။ လူတစ်ဖက်သားကို ဘယ်လိုစွဲဆောင်ရမယ်၊ ဖျော်ဖြေပေးရမယ်ဆိုတာ သိတယ်။ စောင်းတီးတာ၊ သီချင်းဆိုတာတွေ အကုန်ပိုင်တယ်။ နောက်ပြီး တစ်ခုခုအကောက်ကြံမှာလည်း စိုးရိမ်စရာလည်း မလိုဘူး။ သူ့အလုပ်ပဲ သူလုပ်တယ်။

ဆိုလိုတာက ဘယ်အလုပ်ကိုပဲလုပ်လုပ် ပရိုပီပီသသနဲ့ လုပ်တတ်ဖို့လိုတယ်။ တကယ်တော့ လူတွေကို အောင်မြင်မလား ရှုံးနိမ့်မလား အဆုံးအဖြတ်ပေးတာဟာ ဉာဏ်ရည်ဉာဏ်သွေးတစ်ခုတည်း မဟုတ်ဘူး။ ဉာဏ်ရည်မြင့်နေရုံနဲ့ ဘ၀မှာ အောင်မြင်မှုရလိမ့်မယ်လို့ ဘယ်သူကမှ အာမမခံနိုင်ဘူး။ တခြားသော လိုအပ်ချက်တွေ ရှိတယ်။ အဲဒီထဲက တစ်ခုကတော့ ခုပြောခဲ့တဲ့ ပရိုပီသမှုပါပဲ။

ပြောရရင် တိုင်းပြည်တစ်ပြည်ဆိုတာ ပြည်သူတစ်ဦးချင်းစီနဲ့ တည်ဆောက်ထားတာပါ။ အဲဒီပြည်သူတစ်ဦးချင်းက ပရိုပီသကြမယ်၊ သူ့သက်ဆိုင်ရာနယ်ပယ်အလိုက် ပရော်ဖက်ရှင်နယ်ဆန်ဆန် အလုပ်လုပ်တတ်ကြမယ်ဆိုရင် အဲဒီလိုလူတွေနဲ့ တည်ဆောက်ထားတဲ့ တိုင်းပြည်ဟာလည်း တိုးတက်လာမှာ အသေအချာပါပဲ။

ဒါကြောင့် ကျွန်တော်တို့နိုင်ငံ တိုးတက်ဖို့ဆိုရင် နယ်ပယ်အသီးသီးမှာ ပရိုပီသတဲ့လူတွေ ခပ်များများ ပေါ်ထွက်လာဖို့လိုပါတယ်။

Credit: www.akhayar.com
ရေးသားသူ - ဒေါက်တာဖြိုးသီဟ

No comments: