Saturday, April 7, 2018

Samsung Galaxy S9+ Review


ဒီဖုန်းကို Review လုပ်ရတာက ကောင်မလေးတစ်ယောက်ကို Crush မိတာနဲ့တူတယ်။ မကြိုက်တဲ့အချက်တွေရှိနေပေမယ့် သဘောကျရတဲ့အချက်လေးတွေကြောင့် ချစ်မိသွားတယ်ဆိုပါတော့....😁

ဒီ Article မှာ Samsung ကိုးနဝင်းပလပ်စ်ရဲ့ တစ်ပတ်တာကာလအတွင်း အတွေ့အကြုံ အဆိုးအကောင်းကို ပြောပြသွားမှာမို့ Review အတူစီးမျောလိုက်ရအောင်

Design & Build Quality

S9+ ဟာ Samsung ရဲ့ Innovation ဆိုတာထက် Perfection ဆိုရင် ပိုမှန်လိမ့်မယ်။ S8+ တုန်းက မိုက်ပြီးသား Design ကို လိုအပ်ချက်လေးနည်းနည်းပြင်ပြီး ပွဲထွက်လာခဲ့တယ်။ ရှေ့ဘက်ကကြည့်ရင် S8+ နဲ့ နင်လားငါလားဆိုပေမယ့် ဖုန်းအနောက်ဘက်မှာ ပြောင်းလဲမှုလေးတွေရှိလာတယ်။ အချိုးမကျတဲ့ Fingerprint ကို Dual Camera နဲ့တွဲပြီး အလယ်မှာဒေါင်လိုက်ထားတဲ့ Design ဟာ အတော် Unique ဖြစ်တယ်ပြောလို့ရတယ်။ (တခြားဖုန်းတွေလို ဂျိုမတပ်ပဲကိုယ့် Design နဲ့ကိုယ်နေလို့ ကျေးဇူးပါ Samsung ရေ)

6.2" Display ပါတဲ့ ဖုန်းတစ်လုံးအနေနဲ့ပြောရရင် အတော်ကျစ်လစ်တယ်။ 5.5" 16:9 ဖုန်းတစ်လုံးထက် မဆိုစလောက်လေးပဲရှည်တယ်။ အလေးချိန်အားဖြင့်လည်း 189g ဆိုပေမယ့် ထူးပြီး လေးပင်တယ်လို့မခံစားရ။ ဒီအတိုင်းလေးလက်ထဲကိုင်ထားရုံနဲ့တင် အတော်လေးစိတ်ကျေနပ်တဲ့ ခံစားချက်ကိုရတယ်။ Power Button က ညာဘက်၊ Volume နဲ့ Bixby Button တွေက ညာဘက်၊ Sim Card Slot ကအပေါ်ဘက်၊ နားကြပ်ပေါက်က အောက်ဘက်မှာရှိတယ်။ SD Card ကို Sim 2 Slot မှာသုံးနိုင်ပြီး 400GB အထိ Support လုပ်နိုင်တယ်။ (Video အရိုက်များတဲ့သူတွေတွက် ရှယ်ပေါ့) ရေစိုခံတဲ့အကြောင်းကိုတော့ ထူးပြီးစာမဖွဲ့နေတော့ပါဘူး 👍

Button တွေက နှိပ်လိုက်ရင် ခပ်သွက်သွက်၊ ခပ်ဆတ်ဆတ်လေး၊ feedback ကောင်းသလို အသံလည်းပိုထွက်တယ်။ သိပ်သဘောမကျတာက သူ့ရဲ့ Button နေရာအထားအသိုကြောင့် Volume နဲ့ Power Button ဘက်မှားနှိပ်တာတို့၊ Volume အစား Bixby Button ကိုနှိပ်မိတာတို့ ဖြစ်တာပါပဲ။ နောက်ဖက်ကို မှန်နဲ့အုပ်ထားတာမို့ ကိုင်တဲ့အခါ လက်ထဲအနည်းငယ်ချော်နေတတ်သလို လက်ဗွေလည်း ထင်လွယ်တယ်။ ပြုတ်ကျမှာဘာညာစိုးရိမ်ရင်တော့ Cover လေးတပ်ကိုင်တာပိုကောင်းလိမ့်မယ်ထင်တာပဲ။ ခြုံ ပြောရရင်တော့ S9+ ရဲ့ Premium ဆန်တဲ့ Design က First Impression မှာတင် စိတ်ကျေနပ်မှု အတော်ပေးနိုင်မှာအသေချာပါပဲ။

Fingerprint & Security

Fingerprint နေရာမှန်လာပြီဆိုပေမယ့် ကျင့်သားမရသေးရင်တော့ Camera နေရာကိုသွားသွားထောက်မိတတ်တယ်။ (Samsung က သူတို့ရဲ့ Face Unlock ကို ပိုသုံးစေချင်လို့လားမသိ) Fingerprint ရဲ့ Accuracy က တိကျသလို Speed ကလဲ မြန်သင့်သလောက်မြန်တယ် (အမြန်ဆုံးတော့မဟုတ်ပေမယ့်)

ကျွန်တော့်အနေနဲ့တော့ Fingerprint ထက် Intelligent Scan ကို ပိုသုံးဖြစ်တယ်။ Intelligent Scan ဆိုတာ သူ့မှာပါတဲ့ Face Unlock နဲ့ Iris Scanner ပေါင်းပြီး ပိုလုံခြုံတိကျစေတဲ့ Unlock Feature လို့ Samsung က ဆိုထားတယ်။ Unlock Speed လည်းမြန်သလို အကြိမ်အတော်များများမှာလည်းအလုပ်လုပ်တယ်။ မကောင်းတဲ့အချက်က မျက်လုံးမှိတ်ထားရင်လည်း Unlock ဖြစ်နေတာပါ။ ဆိုတော့ကာ ပို Secure ဖြစ်ချင်ရင်တော့ Iris Scan သီးသန့်ပဲသုံးပါ။ (Bug ဆိုရင်လည်းနောက် Update တွေမှာ Fix ဖြစ်ဖို့မျှော်လင့်ရတာပဲ)

Display

Infinity Display ကတော့ S9+ မှာအားအရဆုံးအချက်တွေထဲက တစ်ခုပါပဲ။ 2K+(သူတို့အခေါ် WQHD+) Display ကိုသုံးထားပြီး လိုအပ်ချက်နဲ့ Power Saving Mode အလိုက် Full HD+ နဲ့ HD+ ကို ပြောင်းပေးနိုင်တယ်။ ကျွန်တော့်အတွက်တော့ ခပ်ဖွယ်ဖွယ် HD+ နဲ့ Battery ပိုကုန်ပြီးသိပ်မထူးခြားတဲ့ 2K+ အစား Full HD+ ကို ပိုသဘောကျတယ်။ Display က Deep & Colorful ဖြစ်တယ်။ (DCEU Movie တွေနဲ့ကွာပ😁) Video တွေကြည့်တဲ့အခါ Natural ဆန်ဆန် Color မျိုးကို ပိုသဘောကျတတ်ရင်တော့ Video Enhancer ကို Off ထားသင့်တယ်။ Overall ပြောရရင်တော့ S9+ Display သုံးပြီးရင် တော်ရုံ LCD တွေလှည့်ကြည့်ချင်တော့မှာမဟုတ်။

သဘောကျတဲ့နောက်တစ်ချက်က Edge Lighting ပါ။ သီချင်းဖွင့်ချိန်၊ Message နဲ့ Noti တက်ချိန်မှာ Screen ဘေးအနားလေးတွေလင်းလာတဲ့ Feel က အတော်မိုက်တယ်။ Always on Display (AOD) အားဖြင့်လည်း Samsung က အတော် Advanced ဖြစ်တယ်။ နောက်ဆုံး Update မှာတော့ Gif Picture လေးတွေကိုပါ AOD မှာ ထားလို့ရလာပြီ။ Display နဲ့တွဲပြီးချီးကျူးချင်တာက Pressure Sensitive Home Button ပါ။ Apps သုံးချိန်၊ ဂိမ်းဆော့ချိန်မှာဖြစ်ဖြစ်၊ AOD ပေါ်မှာဖြစ်ဖြစ် ခလုတ်နေရာလေးကို အားလေးစိုက်ဖိရုံနဲ့ Home Screen ကိုရောက်တယ်။ ဖိအားအနည်းအများကို Setting မှာ လိုသလိုချိန်လို့ရတယ်။ ဆိုတော့ကာ Infinity Display ပေါ်မှာ တကယ့် Capacitive Home Button လို Smart ကျကျ နှိပ်လို့ရတာပေါ့။

Audio Quality

S9+ မှာတော့ အရင် Galaxy ဖုန်းတွေလို Mono Speaker မဟုတ်တော့ပဲ Dual Stereo Speaker ဖြစ်လာပါပြီ။ အဲဒီအတွက် Audio Quality လည်း ပိုမိုက်လာတယ်။ Bass သံတွေပိုမိုက်လာပြီး Clarity လည်းပိုကောင်းလာတယ်။ Loudness ပိုင်းမှာ iPhone X ထက် မဆိုစလောက်နည်းပေမယ့် အရမ်းကြီးမသိသာဘူး။

တခြားဖုန်းတွေ အပြိုင်အဆိုင် နားကြပ်ပေါက်တွေဖျောက်ကြချိန်မှာ နားကြပ်ပေါက်ကိုဆက်ထားပေးလို့ ထပ်ပြီးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရလာတဲ့ Testing Unit မှာ နားကြပ်၊ အားသွင်းကြိုး ဘာမှပါမလာလို့ Xiaomi ရဲ့ Color Edition Earphone လေးနဲ့ပဲ စမ်းဖြစ်ခဲ့တယ်။ (ဒါတောင် Audio Quality က အတော်မိုက်တယ်။)

Bass အသံတွေက တကယ့် Instrument က ထွက်တဲ့ Feel မျိုးရတယ်။ Instrument တစ်ခုချင်းစီရဲ့အသံကို ကွဲကွဲပြားပြားကြားရတယ်။ Vocal ပိုင်းလည်း အတော်ကြည်တယ်။ သိပ်အားမရတာကတော့ Loudness ပါ။ Volume တစ်ဝက်လောက်တင်ထားချိန်မှာတောင် အပြင်က Noise နည်းနည်းဝင်တယ်။  ပတ်ဝန်းကျင်အသံသိပ်မဆူတဲ့နေရာမျိုးမှာဆိုရင်တော့ တကယ်အလွင့်ပါ။ သီချင်းအလိုက် Bass or Treble, Instrument or Vocal ချိန်ညှိပေးတဲ့ Dolby Atmos နဲ့ဆိုတော့ "ကဲ... ဦးကြီး၊ ဘာလိုသေးလဲ" ပေါ့။

Audio နဲ့အတူ Vibration အကြောင်းနည်းနည်းထည့်ပြောပါ့မယ်။ သဘောကျမိတာက Vibration Pattern အမျိုးမျိုးထည့်ပေးထားတာပါ။ ဆိုလိုတာက ကိုယ်ကြိုက်တဲ့ Vibration ပုံစံ (ရှည်၊ တို၊ နှေး၊ မြန်) ကိုရွေးနိုင်တယ်။ Vibration ပြင်းအားအနည်းအများကိုလည်း Ringtone, Message, Noti, Alarm တစ်ခုစီအတွက် စိတ်ကြိုက်ထားနိုင်တယ်။ Vibration Sense ကိုတော့ Mi Note 3 တုန်းကလောက် မကြိုက်မိဘူးဆိုရမယ်။

Performance & Battery Life

Benchmark Score တွေကတော့ Post တင်ပြီးမို့ Exynos 9810 ရဲ့ Performance ကို သိလောက်ပြီထင်ရဲ့။ သဘောမကျတာတစ်ခုက ဖုန်းကနည်းနည်းသုံးလိုက်ရုံနဲ့ နွေးလာတာ။ ရာသီဥတုကြောင့်လည်းဖြစ်နိုင်ပေမယ့် တခြားဖုန်းတွေထက် ပိုသိသာနေတယ်။ ဂိမ်းကြီးလေ၊ Setting မြင့်လေ Heat တက်လေပါပဲ။ (Antutu Benchmark စစ်တုန်းကဆို 41°C ကျော်သွားသေးတယ်) ဒါပေမယ့် ဂိမ်းအကြီးတွေကိုတော့ Graphic Setting အမြင့်ဆုံးတင်ပြီး မထစ်မပြုဆော့နိုင်တယ်။ 6GB RAM ကြောင့် Multi-tasking ပိုင်းမှာလဲ သာသာယာယာပါပဲ။

Battery ပိုင်းမှာတော့ မပြောင်းလဲပဲ 3500 mAh ကိုသုံးထားတယ်။ Battery Life ကတော့ Flagship ဖုန်းတစ်လုံးအနေနဲ့ ကောင်းတယ်လို့ပြောနိုင်တဲ့အခြေအနေပါ။ Wifi နဲ့ Facebook ၁နာရီ သုံးပြီးချိန်မှာ 12% (Youtube လည်းထိုနည်းတူပါပဲ) 25% Brightness နဲ့ 360p Movie တစ်ကားကို မိနစ် ၄၀ ကြည့်ပြီးချိန်မှာ 4%
Alto Adventure တို့ Contest of Champions တို့လိုဂိမ်းမျိုးတွေ Wifi ဖွင့်ပြီး ၁၅ မီးနစ် ကစားပြီးချိန်မှာတော့ 4% လောက်ပဲကုန်တယ်။

ဒါပေမယ့် Player Unknown Battleground လိုဂိမ်းမျိုးကို 2K+ Resolution မှာ High Setting နဲ့ တစ်ပွဲစာ မိနစ်၂၀ နီးနီး ဆော့ပြီးချိန်မှာတော့ 12% လောက် ကုန်တယ်။ (ဒါကြောင့်ဂိမ်းဆော့ဖို့အတွက် Full HD+ ကိုပဲ Recommand ပေးပါရစေ)
AOD on ထားချိန်မှာတော့ တစ်နာရီကို 2% လောက် ကုန်ပါတယ်။ ခြုံပြောရရင်တော့ Normal Usage, Normal Gaming လောက်ကတော့ Battery Life က Ok ပါတယ်။

Chargning Speed ကိုတော့ Quick Charge 2.0 Adaptor နဲ့ပဲစမ်းဖြစ်ခဲ့တယ်။ 3 to 100% ကို ပထမတစ်ခေါက်မှာ ၁ နာရီခွဲ ကြာပြီး ဒုတိယတစ်ခေါက်မှာ ၁နာရီ နဲ့ မိနစ်၄၀ ကြာတယ်။ အားသွင်းနေချိန်မှာ ဖုန်းက နည်းနည်းပူပေမယ့် အဆိုးရွားကြီးတော့မဟုတ်ဘူးပေါ့။

Camera(Image and Video Quality)

DXO Mark မှာ ပူပူနွေးနွေးနန်းကျဘုရင်ဆိုပေမယ့် ထိပ်တန်း Flagship ဖုန်းတစ်လုံးရဲ့ Camera Quality က S9+ မှာအပြည့်ရှိနေတယ်။ Reimagined ဆိုတဲ့ဆောင်ပုဒ်အတိုင်း Camera နဲ့ပတ်သက်တဲ့ပြောင်းလဲမှုအချို့ S9+ မှာပါလာတယ်။

အဓိကအချက်ကတော့ Dual Aperture ပါ။ S9+ ရဲ့ Primary Camera မှာ f/1.5 နဲ့ f/2.4 Aperture ကို အလင်းအနည်းအများအလိုက် Auto ဒါမှမဟုတ် Pro Mode ထဲကနေ Manually ပြောင်းနိုင်တယ်။ Dual Aperture သုံးရတဲ့အကြောင်းအရင်းရှိပါတယ်။ f/1.5 Aperture ဟာ အလင်းဝင်အားကောင်းတဲ့အတွက် Low Light Photo တွေမှာ အစွမ်းပြနိုင်ပေမယ့် Daytime မှာအဆင်မပြေပါဘူး။ အလင်းတွေဖွာထွက်ပြီးနောက်ခံတွေဖြူကုန်တာမျိုး၊ Sharpness တွေ ကျကုန်တာမျိုးဖြစ်တတ်တယ်။ အဲဒီအတွက် အလင်းများတဲ့အချိန်မှာ ပိုပြီး ပြတ်သားတဲ့ပုံရိပ်တွေဖမ်းဖို့ f/2.4 ကိုသုံးပြီး အလင်းနည်းတဲ့အချိန်မှာ f/1.5 က အစွမ်းပြတယ်။ (Daytime မှာ f/1.5 Aperture သုံးချင်သူတွေအတွက်အဆင်ပြေအောင် Pro Mode မှာ Shutter Speed ကို 1/24000 ထိ ထည့်ပေးထားပါတယ်) DSLR တွေမှာ Aperture ကျဉ်းကျယ်က Bokeh နဲ့ Lowlight အတွက်ဆိုပေမဲ့ Smartphones မှာတော့ Lowlight အတွက်ပဲ အသုံးဝင်ပါတယ်။ Blur Effects က Software နဲ့လုပ်တာဆိုတော့ Aperture ကျဉ်းကျယ်က အပိုလို့မြင်မိတယ် ဆိုပေမဲ့ S9 ရဲ့ Dual Aperture က Daylight မှာ Overexposed ဖြစ်သွားတာကို Software နဲ့မနိုင်လို့ Hardware နဲ့ထိန်းချုပ်လိုက်တယ်လို့ မြင်မိတယ်။

Image Quality အနေနဲ့ပြောရရင် Point & Shoot မှာတော့ S9+ က လုံးဝအလန်းပါပဲ။ Color တွေက စိုရွှန်းပြီး Natural ဖြစ်တယ်။ Dayime မှာ တစ်ခါတစ်လေရှားရှားပါးပါး Exposure များပြီး နောက်ခံတွေဖြူ သွားတာမျိုးကလွဲရင် Detail, Sharpness နဲ့ Dynamic Range တွေက တကယ့်ထိပ်တန်းပါပဲ။

Low Light မှာတော့ Samsung ရဲ့ထုံးစံတိုင်း Noise နည်းအောင် Software က ထိန်းပေးလို့ Sharpness မသိမသာကျတာကလွဲရင် ကျန်တာ Perfect ပဲ။ Noise Level ကိုအတော်နည်းနည်းနဲ့ Color Grading နဲ့ Detail မကျအောင်ထိန်းထားနိုင်တာက ချီးကျူးစရာပါ။ အလင်းအရမ်းနည်းတဲ့အချိန်မျိုးမှာတော့ Software Implement ကြောင့် ပုံတွေက Color တွေ နည်းနည်း Oversaturate နဲ့ Soft ဖြစ်ပေမယ့် Noise ဗလပွနဲ့ မွဲခြောက်ခြောက်ပုံတွေထက်တော့အများကြီးကြည့်ပျော်ပါတယ်။

Tele Lens ကတော့ Note 8 အတိုင်းပါပဲ။ Camera ၂လုံးစလုံး OIS ပါတယ်။ အလင်းအားနည်းလာချိန်မှာတော့ Tele Lens အစား Main Camera ကိုပဲ f/2.4 နဲ့ Digital Zoom ပြောင်းသုံးပေးတာတွေ့ရတယ်။
(လူလည်ကျထားတယ်ပြောချင်ပေမယ့် တခြားဖုန်းတွေမှာလဲ ဒီလိုပဲဆိုတော့ 😅) 2x Optical Zoom နဲ့ Live Focus နဲ့ Portrait Mode စတာတွေရိုက်နိုင်တယ်။

S9+ ရဲ့ Video Quality ကလည်း သဘောကျချင်စရာပါ။ 4K Video ကို 60fps ထိ အများဆုံးရိုက်နိုင်တယ်။ သူ့ရဲ့ Stabilization ကလည်း အတော်လေးငြိမ်တယ်။ Storage အကုန်အကျ ပိုနည်းအောင် HEVC format နဲ့ရိုက်ကူးနိုင်တယ်။ အစကတော့ အပိုလို့ထင်ခဲ့ပေမယ့် တဖြည်းဖြည်းသဘောကျမိတဲ့အချက်က Super Slow-mo Video ပါ။ သူက 960fps နဲ့ 0.2sec စာ အနှေး Video တွေကို 720p မှာရိုက်ကူးနိုင်တယ်။ သူ့အားနည်းချက်က အဲလိုရိုက်ကူးနိုင်ဖို့အတွက် အလင်းများများရဖို့လိုအပ်ပါတယ်။ (Daytime Outdoor ဒါမှမဟုတ် Indoor မှာ အလင်းအများများနဲ့မှ အဆင်ပြေလိမ့်မယ်)

Slow-mo ကို Auto ရော Manual နဲ့ပါရိုက်ကူးနိုင်တယ်။ ရိုက်ကူးပြီး Video ကိုလည်း နောက်ခံတီးလုံးထည့်တာဘာညာကို သူ့ရဲ့ Video Editor နဲ့တစ်ခါတည်းအလွယ်တကူလုပ်နိုင်တယ်၊ Super Slow-mo Video တစ်ခုမှာ Slow-mo Moment အကြိမ် ၂၀စာ ဖမ်းယူနိုင်တယ်။

Selfie Camera ကတော့ အကောင်းကြီးမဟုတ်သလို အဆိုးကြီးလည်းမဟုတ်လှဘူး၊ Selfie Portrait အတွက် Selfie Focus Mode ပါပေမယ့် Blur Effect တွေက သိပ်မသေသပ်ဘူးခံစားရတယ်။ Group Selfie အတွက်တော့ Wide Selfie Function ပါဝင်ပါတယ်။

Software & Others

S9+ မှာ Android Oreo ကို အခြေခံတဲ့ Samsung Experience UI 9 ကိုသုံးထားတယ်။ UI အုပ်ထားတဲ့ ဖုန်းတွေထဲမှာ အကြိုက်ဆုံးတော့မဟုတ်လှပေမယ့် ဆိုးတော့မဆိုးလှဘူး။ အတော်လေး Smooth ဖြစ်ပေမယ့် တစ်ချက်တစ်ချက်မှာ မဆိုစလောက်ထစ်တာလေးတွေဖြစ်တတ်တယ်။ မလိုအပ်ပဲ Bloatware တွေများနေပေမယ့် Apps အတော်များများကိုတော့ Uninstall လုပ်ခွင့်ပေးထားတာတွေ့ရတယ်။

Firmware Update လုပ်သူများ သူ့ရဲ့ App လေးတွေပါ Update လိုက်တင်စေချင်တယ်။ မဟုတ်ရင် Apps တွေ ရပ်သွားတာမျိုး ခဏခဏဖြစ်တတ်ပါတယ်။ (Apps တွေ Update လုပ်ပြီးတာတောင်မှ တစ်ခါတစ်ခါ တစ်ချို့ App တွေ ရုတ်တရက် ရပ်သွားတာမျိုး ဖြစ်တုန်းပါပဲ) Oreo ရဲ့ Fearure လို့ပြောလို့ရတဲ့ 3D Touch ဆန်ဆန် Feature မျိုးကို App တွေမှာသုံးလို့ရတယ်။ Voice Assistance အနေနဲ့ Google ရော Bixby ပါသုံးနိုင်မှာပါ။

S9+ မှာ Heart Rate Sensor အပြင် Blood Pressure Sensor ပါအပိုပါဝင်လာတယ်။ အဲဒါကိုသုံးနိုင်ဖို့ My BP Lab ဆိုတဲ့ Apk ကို Install လုပ်ဖို့လိုပါတယ်။ လက်ရှိမှာတော့ Experimental အဆင့်ပဲရှိသေးပေမယ့် မကြာခင်မှာတော့ ပိုပြီးအသုံးဝင်လာမယ်လို့ထင်မိတယ်။ ဘာပဲဖြစ်ဖြစ် ဖုန်း Sensor ပေါ် လက်ညှိုးလေးတင်ပြီး BP တိုင်းနိုင်တာကိုတော့ သဘောကျမိတယ်။ AR Emoji ကတော့ သိပ်ပြီးအားရစရာမရှိသေးလို့အများကြီးပြောမနေတော့ဘူး။ မျက်နှာကိုပုံဖော်တာက မူရင်းရုပ်နဲ့အတော်ကွဲသလို သူ့မှာပါတဲ့ Sticker တွေကလည်း iPhone X ရဲ့ Animoji ကို Graphic ပိုင်းရော Performance ပိုင်းမှာပါ မယှဉ်နိုင်တာတွေ့ရတယ်။

ဒါကတော့ Samsung Galaxy S9+ နဲ့တစ်ပတ်တာကာလအတွင်း ကျွန်တော့်ရဲ့အတွေ့အကြုံပါ။ အားနည်းချက်တွေ၊ သဘောမကျတဲ့အချက်တွေရှိသည့်တိုင် Flagship Smartphone တစ်လုံးအနေနဲ့ အတော်လေးနှစ်သက်ခဲ့ပါတယ်။ ဒီတော့ ၁၂သိန်းကျော်တန် ဒီဖုန်းကို ဝယ်သင့်လားလို့မေးရင်တော့ အဖြေက စာဖတ်သူရဲ့အတွေးပေါ်မူတည်တယ်လို့ဖြေရမှာပါပဲ။ ကျွန်တော့် အနေနဲ့ Suggestion ပေးရရင်တော့ သင်ဟာ mid-range ကနေ Flagship ကိုပြောင်းကိုင်ချင်တဲ့ Samsung Fan တစ်ယောက်ဖြစ်နေရင်၊ ဖုန်းမလဲဖြစ်တာ ၂နှစ်လောက်ကြာနေပြီမို့ အမြင့်ဖုန်းတစ်လုံးလဲဖို့စိတ်ကူးနေရင်၊ Note Series Fan မဟုတ်တဲ့ Samsung Crazy တစ်ယောက်ဆိုရင်၊ Premium Brand တစ်ခုကို Warranty, Spare Part ဘာညာစိတ်ပူစရာမလိုပဲ သုံးချင်သူတစ်ယောက်ဆိုရင်တော့ S9+ ဟာ သင့်အကြိုက်နဲ့ကိုက်ညီတဲ့ဖုန်းတစ်လုံး ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။


The more you visit PLANET X, the more tech knowledge you will gain. Come and visit our planet to enjoy the real taste of technology. Thanks.

#PLANETX #PX #GalaxyS9+ #DualAperture

No comments: