Wednesday, April 11, 2018

သာယာတဲ့ လိင်မှုဘဝပိုင်ဆိုင်နိုင်စေဖို့အတွက် လုပ်ဆောင်သင့်တဲ့ လေ့ကျင့်ခန်းများ



ရေးသားသူ Arkar Hein
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.


ယောက်ျားလေးတိုင်းက လိင်ဆက်ဆံတဲ့နေရာမှာ ပိုပြီးကျွမ်းကျင်တဲ့သူတွေဖြစ်ချင်ကြပါတယ်။ အဖော်ဖြစ်သူအတွက် လုံလောက်တဲ့ ကြာချိန်နဲ့ ကောင်းမွန်တဲ့ လိင်မှု ခံစားချက်ကို မပေးနိုင်တဲ့အခါမှာ အမျိုးသားတွေ စိတ်ဖိစီးမှု ခံစားတတ်ကြပါတယ်။ လိင်မှုကိစ္စဆိုတာ ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးတစ်ခုမှာတော့ ခွဲထားလို့မရတဲ့ အရာတစ်ခုပါပဲ။ ဒါ့အပြင် လိင်မှုကိစ္စဟာ ဇနီး မောင်နှံ ၂ ဦးရဲ့ သံယောဇဉ်ကြိုးတွေကို ချည်နှောင်ပေးတဲ့ အရာတစ်ခုပါ။ ဒါပေမဲ့ ကောင်းမွန်တဲ့ လိင်မှု ကိစ္စ တစ်ရပ်အတွက် လိုအပ်တဲ့ ကျန်းမာရေး မရှိတဲ့ အချိန်မှာတော့ သင့် အိမ်ထောင်ရေးကလည်း သာယာသင့်သလောက် သာယာမှာ မဟုတ်ပါဘူး။ ကျန်းမာရေး၊ ပျော်ရွှင်ခြင်းနဲ့ အိမ်ထောင်ရေးတို့ဟာ တစ်ခုခုနဲ့ တစ်ခု ဆက်နွှယ်နေတာပါ။

ဒါ့ကြောင့် သင့်အနေနဲ့ သာယာတဲ့ အိမ်ထောင်ရေး တစ်ခု တည်ဆောက်ချင်တယ်ဆိုရင် ကောင်းမွန်တဲ့ လိင်ကိစ္စတစ်ရပ်ရှိဖို့ လိုပါတယ်။ အခု ဒီဆောင်းပါးလေးမှာတော့ ကျွန်တော် Hello ဆရာဝန်ပရိတ်သတ်ကြီးအတွက် သာယာတဲ့ လိင်မှုဘဝတစ်ခု ပိုင်ဆိုင်ချင်တယ်ဆိုရင် မေ့ထားလို့မရတဲ့ လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နှလုံးကျန်းမာရေး လေ့ကျင့်ခန်းများ (Cardio)။



ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု ပုံမှန်ရှိနေခြင်းက သင့်အတွက်ရော၊ သင့်အဖော်အတွက်ပါ လိင်ခံစားချက်ကို တိုးမြှင့်ပေးနိုင်ပါတယ်။ သင့်ရဲ့ နှလုံးခုန်နှုန်းကို မြန်စေနိုင်တဲ့ ဘယ်လို ကာယလေ့ကျင့်ခန်းပဲ ဖြစ်ဖြစ် ဒီလေ့ကျင့်ခန်းတွေဟာ သွေးစီးဆင်းမှုအားကို ပိုကောင်းလာစေပြီး သင်ရဲ့ လိင်အင်္ဂါတွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဒီလို နှလုံးကျန်းမာရေးလေ့ကျင့်ခန်းများဟာ အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက်ရော ကာင်းကျိုးဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပြီး အမျိုးသားများမှာဆို လိင်တံ ပိုပြီး ထောင်မတ်လာစေနိုင်သလို အမျိုးသမီးတွေမှာတော့ လိင်စိတ်ဆန္ဒနိုးကြွမှု ပိုမြန်စေတယ်လို့ သိရပါတယ်။

၂။ ရေကူးခြင်း။


ဟားဗတ်တက္ကသိုလ်က လေ့လာချက် တစ်ခုအရ အသက် ၆၀ အရွယ် အမျိုးသား၊ အမျိုးသမီး ရေကူးသမားများရဲ့ လိင်မှုဘဝဟာ အသက် ၂၀ အရွယ်လူငယ်များရဲ့ လိင်မှု ဘဝပုံစံ နီးပါးရှိကြတယ် လို့သိရပါတယ်။ ရေကူးခြင်းဟာ အမောအပန်းခံနိုင်စေပြီး သွေးစီးဆင်းမှု အားကောင်းစေတဲ့ အပြင် ပျော့ပြောင်းမှုနဲ့ ခွန်အားကို တိုးတက်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။
အဝလွန်နေလို့ လိင်ဆက်ဆံနိုင်စွမ်း လျော့ကျနေတဲ့ လူတွေအတွက် ရေကူးခြင်းဖြင့် ကယ်လိုရီများကို ပိုပြီးလောင်ကျွမ်းစေပါတယ်။ ဒါ့ကြောင့် ရေကူးလေ့ကျင့်ခန်းဟာအဝလွန်နေပြီး ထောင်မတ်မှု ပြဿနာ (erectile dysfunction) ကြုံနေရတဲ့ အမျိုးသားများအတွက် အရမ်းသင့်တော်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

၃။ ဝမ်းဗိုက် ကြွက်သားဆိုင်ရာ လေ့ကျင့်ခန်းများ။


သန်မာပျော့ပြောင်းတဲ့ ဝမ်းဗိုက်ကြွက်သားတွေဟာ ကျန်းမာရေး အတွက်လည်း အရေးပါသလို လိင်ဆက်ဆံရာမှာလည်း အသုံးဝင်ပါတယ်။ ဒါ့အပြင် ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ရေးတွေ ဖြစ်တဲ့ အိပ်ထမတ်တင် (crunches) လေ့ကျင့်ခန်းလုပ်နေရင်း လိင်ခံစားမှု အထွတ်အထိပ်ရောက်တဲ့ ဖြစ်စဉ်ကိုလည်း ခံစားရနိုင်ပါသေးတယ်။ ဒီလို လေ့ကျင့်ခန်းလုပ်ရင်း လိင်ခံစားမှု အထွတ်အထိပ်ရောက်တဲ့ ဖြစ်စဉ်ကို “coregasm” လို့ခေါ်ပါတယ်။ ဒီဖြစ်စဉ်ဟာ ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်းလုပ်တဲ့ အချိန်မှာ တင်ပါးဆုံ ကြွက်သားများကို ကျုံ့မိပြီး လိင်ခံစားမှု အထွတ်အထိပ်ရောက်တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။

၎။ ဖားပုံစံလေ့ကျင့်ခန်းများ။


ဒီလို လေ့ကျင့်ခန်းမျိုးဟာ လိင်ဆက်ဆံချိန်မှာ ပိုပြီး ပျော့ပြောင်းစေမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ သင့်ရဲ့ ပေါင်အတွင်းခြမ်းတွေ၊ ပေါင်ခြံနဲ့ တင်တို့ကို ပြန့်ကားစေလာနိုင်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒါ့အပြင် လိင်ဆက်ဆံချိန်မှာ အန္တရာယ်ပေးနိုင်တဲ့ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။

၅။ လက်နောက်ပြန်လွှဲတဲ့ လေ့ကျင့်ခန်းများ။


ဒီလေ့ကျင့်ခန်း က လိင်ဆက်ဆံချိန် ကိုယ့်စိတ်ကြိုက် အနေအထားကို ထိန်းထားနိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်ဖို့ အတွက် ခန္ဓာကိုယ် အပေါ်ပိုင်းကို ၄၅ ဒီဂရီလောက် စက္ကန့် အနည်းငယ် ကိုင်းထားပြီး ပုံမှန် အနေအထားသို့ ပြန်ရောက်အောင် လေ့ကျင့်ရတာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ နူးညံ့ပေမဲ့ ကိုယ်ကြိုက်တဲ့ ခန္ဓာကိုယ် အနေအထားကို ထိန်းထားနိုင်အောင် ကူညီပေးနိုင်ပါတယ်။

၆။ Kegel Exercises ။


ဒီလေ့ကျင့်ခန်းတွေဟာ လိင်ခံစားမှု အထွတ်အထိပ်ရောက်ရာမှာ အရေးပါတဲ့ တင်ပါးဆုံကြွက်သားတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်း ဖြစ်ပြီး ဆီးမထိန်းနိုင်ခြင်းကို ကုသရာမှာ အသုံးပြုခဲ့ကြတာပါ။ အမျိုးသမီးတွေကတော့ kegel exercises ကို ပိုပြီးရင်းနှီးကြမှာ ဖြစ်ပေမဲ့ အမျိုးသားတွေအတွက်လည်း စောစီးစွာ သုတ်လွှတ်ခြင်းကို တားဆီးပေးနိုင်ပါတယ်။
ဒါပေမဲ့ လေ့လာချက်တွေ အတွက်တော့ လူတစ်ဝက်လောက်က ဒီလေ့ကျင့်ခန်းတွေကို မှန်မှန်ကန်ကန် မလုပ်တတ်ကြဘူးလို့ဆိုပါတယ်။ မှန်မှန်ကန်ကန်လုပ်ဆောင်မယ်ဆိုရင် လေ့ကျင့်ချိန်မှာ အမျိုးသမီး အင်္ဂါတွေရဲ့ ညှစ်အားကို ခံစားရမှာ ဖြစ်ပြီး အမျိုးသားတွေ မှာဆိုရင်တော့ လိင်တံထောင်မတ်လာမှာ ဖြစ်ပါတယ်။

၇။ ဒိုက်ထိုး လေ့ကျင့်ခန်းများ ။ (Plank)


ဒိုက်ထိုးလေ့ကျင့်ခန်းတွေဟာ သင့်ဝမ်းဗိုက်ပိုင်းရဲ့ အတွင်းပိုင်း အကျဆုံး ကြွက်သားတွေကို သန်မာစေတဲ့ အပြင် သင့်ရဲ့ လက်မောင်း ပေါင်တံနဲ့ တင်ပါးတို့ကို သန်မာလာစေပါတယ်။ ဒီကြွက်သားတွေ သန်မာလာတဲ့အခါ သင့်ရဲ့ အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံတဲ့ အခါမှာ ပိုပြီး နီးကပ်စွာနေနိုင်စေမှာပါ။ ဒီလေ့ကျင့်ခန်းကို စက္ကန့် ၆၀ နဲ့ အထက်ကြာချိန်ကို တစ်နေ့တစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။ ဒီလို လုပ်တဲ့ အခါ ခြေချောင်းလေးတွေ နာကျင်နေမယ်ဆိုရင် ဒူးများကို အားပြုပြီး လေ့ကျင့်ခန်း ပြုလုပ်နိုင်ပါတယ်။

၈။ Cat/Cow Stretch။


ဒီ ယောဂ ကိုယ်ဟန် အနေအထားကို ကိယ်လက်မနှီးနှောမှီ နမ်းရှုပ်ချိန်မှာလည်း သုံးလို့ရပါတယ်။ ဒီယောဂ ပုံစံက ကျောရိုးကို ပျော့ပြောင်းစေပြီး အသက်ရှုစည်းချက်မှန်ကန်စေတဲ့ အပြင် အာရုံစူးစိုက်မှု စွမ်းအားကိုလည်း တိုးမြှင့်စေပါတယ်။ ဒီလေ့ကျင့်ခန်းကို ပြုလုပ်တဲ့ အခါ နှေးနှေးမှန်မှန်နဲ့ ပြုလုပ်သင့်ပြီး cow part လုပ်တဲ့ အခါမှ လေအကုန်ရှုထုတ်ပြီး cat part လုပ်တဲ့ အခါမှ လေအကုန် ရူသွင်းသင့်ပါတယ်။

၉။ တင်ပါးဆုံ ကြွက်သားများအတွက် လေ့ကျင့်ခန်းများ။(Pelvic Thrust)


သင်ဟာ လိင်ဆက်ဆံချိန် ဘယ်လို ပုံစံမျိုးကို ကြိုက်နှစ်သက်သည် ဖြစ်စေ ဒီလေ့ကျင့်ခန်းက သင့်အတွက် အသုံးဝင်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ သင်ဟာ ကျန်းမာရေး ကောင်းတဲ့ လူတစ်ယောက်မဟုတ်ရင်တော့ ဒီလေ့ကျင့်ခန်းမျိုးက သင့်ကို အရမ်းပင်ပန်းစေပါလိမ့်မယ်။ ဒီလေ့ကျင့်ခန်းဟာ သင့်ရဲ့ တင်ပါးကြွက်သားတွေ၊ ခြေသလုံး ကြွက်သားတွေနဲ့ ခြေတံကောက်ကြော ကြွက်သားတွေကို သန်မာလာစေမှာ ဖြစ်ပြီး သက်လုံနဲ့ ကွေးညွတ်နိုင်စွမ်းကို တိုးတက်လာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလေ့ကျင့်ခန်းက အမျိုးသမီးတွေရဲ့ တင်ပါးကို ပိုမိုလှပလာစေနိုင်ပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်လေ့ရှိကြတဲ့ စုံတွဲတွေဟာ ပိုပြီး သံယောဇဉ်ကြိုးခိုင်မာကြပါတယ်။ ဒါ့ကြောင့် သင်ချစ်ရတဲ့ သူနဲ့ လေ့ကျင့်ခန်း အတူတူ လုပ်ဆောင်ဖို့ စီစဉ်ပါ။ လေ့လာချက်တွေအရတော့ ဒီလို လေ့ကျင့်ခန်း အတူတူ လုပ်ဆောင်တဲ့ အခါ ပိုပြီး လိင်စိတ်တွေ ပြင်းပြလာနိုင်ပြီး လေ့ကျင့်ခန်း လုပ်တဲ့ အခါမှာလည်း စုံတွဲခြင်း လေ့ကျင့်ခန်း ပူးပေါင်းလုပ်ကိုင်တာမျိုး ( ဥပမာ – မြန်နှုန်း တူတူဖြင့် ပြေးလွှားခြင်း ) က သင်တို့ နှစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်ချက်ကို ပိုပြီး ခိုင်မာလာစေမှာ ဖြစ်ပါတယ်။

Credit: Hello ဆရာဝန်

No comments: