ဘဏ်တိုးနှုန်း ခပ်များများ ချပေးသင့်ကြောင်း တောင်းဆိုသံများကြားရသည်မှာ အဆန်းမဟုတ်ပါ။ ၂၀၁၃ကလည်း ထိုအသံများကြားရသည့်အတွက် ဆောင်းပါးရေးခဲ့ဖူးသည်။ ယခုလည်း ထပ်ရေးရပါဦးမည်။
ဘဏ်တိုးနှုန်း (Interest Rate) သည် နိုင်ငံ့စီးပွားရေးတိုးတက်အောင် ထိန်းကျောင်းရာတွင် အစိုးရအနေနှင့် သုံးစွဲနိုင်သော လက်နက်ကိရိယာကြီး တစ်ခုဖြစ်ပြီး ထိုသို့ ကိုင်တွယ်သုံးစွဲကာ အတိုးနှုန်းမြှင့်တင်ခြင်း၊ လျှော့ချခြင်းဖြင့် နိုင်ငံတွင်း လှည့်လည်သုံးစွဲနေသော ငွေကြေးပမာဏ (Money Supply) ကို မြှင့်တင်ခြင်း၊ လျှော့ချခြင်းသည် ငွေကြေးမူဝါဒ (Monetary Policy) ၏ အစိတ်အပိုင်းဖြစ်သည်။ ဘဏ်တိုးနှုန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အရေးတကြီး လိုအပ်သော စုဆောင်းငွေနှင့် ရင်းနှီးမြှုပ်နှံမှု တို့အပေါ်တွင် ကြီးမားစွာ သက်ရောက်သည်။
ဈေးကွက်စီးပွားရေး ကျင့်သုံးသော နိုင်ငံများတွင် စီးပွားတက်ရန်၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အလွန်အရေးကြီးသည်။ စီးပွားရေး တည်ထောင် လုပ်ကိုင်ကြရာတွင်လည်း ကောင်း၊ ရှိရင်းစွဲလုပ်ငန်းကို ချဲ့ထွင်ရာတွင် လည်းကောင်း ငွေအရင်းအနှီး (Capital) လိုသည်။ ဘဏ်တိုးလျှော့ချခြင်းဖြင့် ငွေအရင်းအနှီးများ ပိုထွက်လာခြင်း၊ ငွေချေးရသည့် ကုန်ကျစရိတ်သက်သာခြင်းတို့ကြောင့် မြန်မာလုပ်ငန်းများ ရင်ဆိုင်နေရသည့် အရင်းပြဿနာကို ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြသောကြောင့် ဘဏ်တိုးနှုန်းလျှော့ချရန် တိုက်တွန်းကြခြင်း ဖြစ်ပေမည်။
ဘဏ်များသည် ငွေလိုသူ၊ လုပ်ငန်း လုပ်လိုသူနှင့် ငွေပိုသူ၊ အကျိုးအမြတ်ရလိုသူ အကြား ချိတ်ဆက်ပေးသည့်နေရာ ဖြစ်သည်။ စီးပွားရေး ရင်းနှီးမြှုပ်နှံလိုသူတို့ လိုအပ်သော ငွေအရင်းအနှီးကို ဘဏ်ကထုတ်ပေးသည်။ သူတို့ထုတ်ပေးမည့်ငွေကို ငွေပိုသူများက ဘဏ်တွင် လာရောက်အပ်နှံသည်။ ထိုသို့ လာအပ်သည့်အတွက် ဘဏ်များက အပ်နှံသူတို့ကို အကျိုးအမြတ်ပေးသည်။ ယင်းသည် ဘဏ်တိုးဖြစ်သည်။ ဘဏ်က ထိုအပ်နှံငွေများကို ငွေလိုသူ၊ လုပ်ငန်းလုပ်လိုသူ တို့အား ပြန်ချေးသည်။
ဘဏ်တိုးနှုန်းမြင့်လျှင်ရသည့် အကျိုးခံစားခွင့် မြင့်သည့်အတွက် အပ်သောသူ ယေဘုယျအားဖြင့် ပိုများမည်။ ထိုအခါ ဘဏ်တွင် အပ်နှံငွေတိုးလာမည်။ ထိုအခါဘဏ်သည် အများအပြားကို ငွေထုတ်ချေးနိုင်မည်။ ထိုအခါတွင် စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ခွင့် ပိုများလာမည်။
ဘဏ်တိုးနှုန်း နိမ့်လွန်းလျှင် ငွေအပ်နှုန်းနည်းသွားမည်။ ထိုအခါ ဘဏ်တွင် အပ်ငွေနည်းမည်။ ထိုအခါ ဘဏ်၏ ချေးနိုင်စွမ်းနည်းမည်။ စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်မှု နည်းသွားမည်။ သို့သော် ဘဏ်တိုးနှုန်း မြင့်လွန်းလျှင် မကောင်း။ အဘယ်ကြောင့်ဆိုသော် ဘဏ်က ပြန်ချေးမည့် အတိုးနှုန်းလည်း လိုက်မြင့်သွားလျှင် ချေးယူလုပ်ငန်းလုပ်မည့် သူများ နည်းပါးသွားမည်။ ထို့ကြောင့် ဘဏ်တိုးနှုန်းသည် အပ်သူလည်း အပ်ချင်၊ ချေးသူလည်း ချေးချင် သည့် အတိုးနှုန်းဖြစ်ရန် လိုသည်။
စုဆောင်းငွေနှင့် ဖွံ့ဖြိုး တိုးတက်မှု
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် နိုင်ငံတွင်း စုဆောင်းငွေ (Saving) ပေါ် မူတည်သည်။ စုငွေမြင့်မားလေလေ၊ စီးပွားရေးတိုးတက်ရန် အခွင့်အလမ်း ကောင်းလေလေ ဖြစ်သောကြောင့် ဝင်ငွေမှ စုဆောင်းငွေအချိုး (Saving Rate) ကို နိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်ခြေကို တိုင်းတာရန်၊ နိုင်ငံ ရောက်ရှိနေသည့် ဖွံ့ဖြိုးမှု အဆင့်ကို တိုင်းတာရန် ပေတံ (Indicator) တစ်ချောင်းအဖြစ် သတ်မှတ်ထားကြသည်။ နိုင်ငံတစ်ခု ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ်သို့ စတက်ရန် စုဆောင်းငွေသည် ဝင်ငွေ၏ ၅ ရာခိုင်နှုန်း ရှိသင့်သည်ဟု ဖွံ့ဖြိုးရေးပညာရှင်တို့က ဆိုသည်။ ဝင်ငွေ၏ ၁၀ မှ ၁၅ ရာခိုင်နှုန်းသို့ ရောက်လျှင် အဆင့်မြင့်မြင့်သို့ မြန်မြန်ရောက်နိုင်မည်။ ဂျပန်၊ တောင်ကိုရီးယား အပါအဝင် ကမ္ဘာပေါ်တွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အမြန်ဆုံး အရှေ့အာရှနိုင်ငံများသည် စုဆောင်းငွေ အမြင့်ဆုံးနိုင်ငံများ ဖြစ်ရင်းနှင့် ယခု အဆင့်သို့ ရောက်ခဲ့ခြင်းဟု ပညာရှင်အများအပြားက သုံးသပ်ကြသည်။ စုဆောင်းငွေနည်းသော နိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှု လှေကားပေါ် တက်ရင်းတက်ရင်း လန်ကျနေကြသည်။စုဆောင်းငွေသည် ဘဏ်များကပေးသော အတိုးနှုန်းပေါ်တွင် များစွာ မူတည်သည်။
ဘဏ်တိုး မကိုက်သောကြောင့် အပ်ငွေများ ပြန်ထုတ်သွားလျှင် လှည့်လည်စီးဆင်းငွေ (Money Supply) ထဲသို့ ငွေများ စီးဝင်သွားသည့် အတွက် Money Supply တက်နိုင်သည်၊ ငွေကြေးဖောင်းပွမှု တက်လာနိုင်သည်။ အချို့ငွေများသည် ဈေးကစားခြင်းသံသရာထဲ ရောက်သွားနိုင်သည်။ ငွေဖောင်းပွမှုနှုန်း တက်လာနိုင်သည်။ အတိုးနှုန်းလျှော့ မလျှော့၊ တက်မတက်၊ မည်မျှအထိ လျှော့မည် တက်မည်ကိစ္စကို ဆင်ခြင်စဉ်းစားပြီးမှ ဆောင်ရွက်သင့်သည်။
ဘဏ်များက အပ်ငွေအပေါ် ထုတ်ပေးသော ဘဏ်တိုးနှုန်း (Saving Rate) နှင့် ဘဏ်များက ပြန်ချေးသည့်အခါ ရယူသည့် ဘဏ်တိုးနှုန်း (Lending Rate) တို့ ဟလွန်း၊ မဟလွန်း ကိုလည်း စဉ်းစားရမည်။ ထိုနှစ်ခု ကွာဟချက်သည် ကြီးမားလွန်းလျှင် ဘဏ်က ဝန်ဆောင်ခ၊ စွန့်စားကြေးတို့ကို များများယူထားသည်ဟု ဆိုလိုနိုင်ပြီး ဘဏ်တွင်လာအပ်သူတို့ ရသော အကျိုးအမြတ်သည် အလွန်နိမ့်နေနိုင်သည်။ စီးပွားရေးလုပ်လိုသူတို့ အတိုးပေးရနှုန်း သက်သာစေရန် Lending Rate ကို လျှော့ပြီး Saving Rate ကို ထိန်းထားသည့် နည်းကိုလည်း စဉ်းစားနိုင်သည်။ lending rate ကိုလျှော့ပြီး saving rate ကို ထိန်းထားသည်ဆိုခြင်းမှာ ဘဏ်က ရငွေ လျော့သွားခြင်းဖြစ်သည်။ ဥပမာ ဘဏ်က အပ်သူကို ၈ကျပ်ပေးပြီး ၁၃ကျပ်ဖြင့် ပြန်ချေးလျင် ဘဏ်ရငွေမှာ ၅ကျပ်ဖြစ်သည်။ ထို၅ကျပ်တွင် ဘဏ်ကုန်ကျသည့် စရိတ်စကနှင့်ဘဏ်၏အကျိုးအမြတ်တို့ ပေါင်းထားသည်။ ထိုအပ်ခြင်းချေးခြင်း ဖြစ်မြောက်အောင် ကုန်ကျစရိတ်သည် ၃ကျပ်ဖြစ်လျင် ဘဏ်၏အကျိုးအမြတ်သည် ၂ကျပ်ဖြစ်မည်။ ဘဏ်၏ ကုန်ကျစရိတ်ကို ၃ကျပ်အစား ၁ကျပ်ဖြစ်အောင်လုပ်နိုင်ပါက ဘဏ်သည် ၈ကျပ်ဖြင့် အပ်ငွေလက်ခံပြီး ၁၁ကျပ်ဖြင့် ပြန်ချေးလျင်ပင် ဘဏ်၏အကျိုးအမြတ်သည် ၂ကျပ်အတိုင်းဆက်ရှိနေမည်။ ဘဏ်အပ်ငွေပမာဏပေါ် သက်ရောက်မှုလည်း နည်းမည်။ ထိုသို့ ဘဏ်၏ ကုန်ကျစရိတ်ကို လျှော့ချနိုင်စွမ်းသည် ဘဏ်၏စွမ်းဆောင်ရည်ပေါ်တွင် မူတည်သည်။
ဘဏ်တိုးနှုန်း အတင်အချနှင့် ဆက်စပ်နေသည်မှာ လူမှုဖူလုံရေး ဖြစ်သည်။ ပင်စင်စားများသည် ချွေးနှဲစာလေး၊ အထုပ်လေးများကို ဘဏ်တွင်အပ်ပြီး အတိုးမှ ဝင်ငွေလေးကို မှီခိုနေရသဖြင့် ဘဏ်တိုးများ လျှော့လိုက်လျှင် သက်ကြီးရွယ်အို ပင်စင်စားတို့၏ ဘဝထိနိုင်သည်။
မြန်မာပြည်တွင်းတွင်လာရောက်လုပ်ကိုင်နေကြသော ပြည်ပလုပ်ငန်းရှင်များသည် သူတို့ဘဏ်များမှ ချေးငွေအတိုးနှုန်းသည် မြန်မာ့နှုန်းထက် များစွာနိမ့်သဖြင့် အရင်းတွင် ပြည်တွင်းလုပ်ငန်းရှင်များ အောက်စီးရောက်ကြသည်ဟု အဆိုရှိကြသည်။ သို့သော် ပြည်ပလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံသို့ ၀င်ရောက်လျင်မူ ငွေကြေးလဲလှယ်နှုန်းအတက်အကျဒဏ် currency risk၊ နိုင်ငံရေးမရေရာမသေချာမှု political risk တို့ကို ခံစားရသဖြင့် ယင်းတို့ပေးရသောအတိုးနှုန်းသည် မြန်မာလုပ်ငန်းရှင်တို့ ပေးရသော ဘဏ်တိုးနှုန်းနှင့် မနီးရိုးစွဲလည်း ဖြစ်သွားနိုင်သည်။
အရင်း
မြင့်သည်ဆိုသော လက်ရှိဘဏ်တိုးနှုန်းတွင်ပင် ဘဏ်များက လက်ရှိထုတ်ချေးထားသည့်ချေးငွေ အများအပြားသည်လည်း လုပ်ငန်းများ၏ အောင်မြင်နိုင်စွမ်းပေါ် မူတည်ပြီး ချေးထားသည်ထက် ပေးနိုင်သည့်အပေါင်ပစ္စည်းပေါ်တွင်သာ ကြည့်ပြီး ချေးထားကြသည်ဖြစ်ရာ အပေါင်ပစ္စည်းမပါလျင် ဘဏ်ချေးငွေရရန်ခက်သည်။ ဘဏ်အများအပြားသည်လည်း ဘဏ်ထက်စာလျင် အပေါင်ဆိုင်များနှင့် ပိုတူနေသည်။ စီးပွားရေးလုပ်ငန်းကြီး အများအပြားသည်လည်း ကိုယ်ပိုင်ဘဏ်များ ထူထောင်ထားကြသည်။ ထိုထိုသောအကြောင်းတို့ကြောင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများမှာမူ လုပ်ငန်းအတွက် အရင်းအနှီးငွေကို ဘဏ်များမှ ရရှိခြင်းနည်းပါးသည်။ ထို့ကြောင့် အတိုးနှုန်းလျှော့ချလျင်ပင် အသေးစားနှင့်အလတ်စားလုပ်ငန်းများနှင့် အပေါင်ပစ္စည်း မပေးနိုင်သည့်လုပ်ငန်းများသည် ချေးငွေရရှိနိုင်ချေ နည်းသည်။
အရင်းပြဿနာကို သက်သာစေမည့် ဆောင်ရွက်ချက်၂ချက်တွေ့ရသည်။
ပုဂ္ဂလိက အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် ချေးငွေရရှိရေးကို မြန်မာ့စီးပွားရေးဘဏ်က စတင်ကြိုးစားသည်ကို ၂၀၁၇နှစ်ကုန်ပိုင်းက မြင်တွေ့ရသည်။ ကာလတိုချေးငွေမဟုတ်ဘဲ ကာလလတ် ၃နှစ်မှ ၅နှစ်ဖြစ်သလို အတိုးနှုန်းလည်း တစ်နှစ်လျင် ၉ ရာခိုင်နှုန်း၊ ၉ ကျပ်၊ အာမခံပစ္စည်းနှင့်ရော အာမခံပစ္စည်းမပါဘဲနှင့်ပါ ထုတ်ချေးမည်ဖြစ်သဖြင့် ဆွဲဆောင်မှုရှိသော ချေးငွေဖြစ်သည်။ အာမခံပစ္စည်းတွင်လည်း ယခင်ကကဲ့သို့ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းမျိုးသာမကဘဲ အာမခံပစ္စည်း အမျိုးအမည် များပြားသည်။ စီးပွားရေးလုပ်ငန်းများ၏ အောင်မြင်နိုင်ချေ၊ လုပ်ငန်းလည်ပတ်ပုံ စသည်တို့ကို စိစစ်ပြီး ထုတ်ချေးသွားမည်ဖြစ်သည်။ သို့သော် ထိုအစီအစဉ်အောင်မြင်ရန်မှာ မြန်မာ့စီးပွားရေးဘဏ်၏ စွမ်းဆောင်ရည်ပေါ်တွင် မူတည်သည်။ မြန်မာ့စီးပွားရေးဘဏ်သည် ချေးငွေလာရောက်လျှောက်ထားသော စီးပွားရေးလုပ်ငန်းများ၏ အခြေအနေကို အချိန်အသင့်အတင့်နှင့် ထိထိရောက်ရောက်စိစစ်နိုင်မှ ချေးငွေများသည် ရင်းနှီးငွေအဖြစ်ဖြင့် စီးပွားရေးလုပ်ငန်းများသို့ မြန်မြန်ရောက်ရှိမည်ဖြစ်သည်။ မြန်မာ့စီးပွားရေးဘဏ်မှ ၀န်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပြီးပြီလားဆိုသည်မှာ အရေးကြီးသည့် မေးခွန်းဖြစ်သည်။ အဂတိအန္တရာယ်ကိုလည်း သတိထားရဦးမည်။
နောက်တစ်နည်းမှာ ၂၀၁၇နှစ်ကုန်ပိုင်းက ပြဌာန်းခဲ့သော ကုမ္ဗဏီဥပဒေဖြစ်သည်။ ကုမ္ဗဏီဥပဒေသစ်အရ ကုမ္ဗဏီ၏ ၃၅ရာခိုင်နှုန်းအထိ နိုင်ငံခြားသားပိုင်ဆိုင်လျင်ပင် မြန်မာကုမ္ဗဏီဆက်ဖြစ်နေသေးသဖြင့် ပြည်ပအရင်းအနှီး ပိုဝင်ရောက်လာနိုင်သည်။ ထိုဥပဒေ၏ အကျိုးကို ၂၀၁၈နှစ်လယ်ပိုင်းတွင် စတင်ခံစားရဖွယ်ရှိသည်။
ဘဏ်တိုးနှုန်းထားသည် မြန်မာ့စီးပွားရေးကို အကောင်းအဆိုး ဆွဲကိုင်လှုပ်ရမ်းနိုင်သော ကိရိယာဖြစ်သည့်အတွက် နိုင်ငံ့စီးပွားရေးတစ်ခုလုံးကို လွှမ်းခြုံသည့်အမြင်ဖြင့် စဉ်းစဉ်းစားစားဆောင်ရွက်သင့်သည်။
ဇေယျသူ
(ဇန်န၀ါရီလ ၁၃ရက် စနေနေ့ထုတ် The Voice Weekly Journal)
No comments:
Post a Comment