Saturday, January 13, 2018

"မီးဖလံ"


၁)

ပေါင်အရင်းနားသို့ တွန့်ပြီးကပ်သွားသော ဇာအပျော့သား ဂါဝန်ကို မသိမသာဆွဲချရင်း အဆီပြန်နေသော ရင်းနှီးနေသည့် မျက်နှာကို စိုက်ကြည့်ရင်း ပြုံးပြလိုက်သည်။ "ရင်ခုန်ရင်း ပျံဝဲ" အတူတူဆိုရအောင်နော် တဲ့။
--------------

၂)

ဗိုက်ခေါက်ထူထူများ၊ အဆီပြန်မျက်နှာအမ်းအမ်းများ၊ ယမကာအခိုးဝေ့နေသောအကြည့်များ၊ နယ်ချဲ့ရန်ကျွမ်းကျင်နေသော လက်ဖ၀ါးကြမ်းကြမ်းများ၊ "ညီမလေးကို ချစ်တယ်" ဆိုသော ခေါက်ရိုးကျိုးဒိုင်ယာလော့ဂ်များကြားတွင် သူမ နေသားတကျရှိနေသည်မှာ ကြာခဲ့ပြီ။

ညနေစောင်း ၅ နာရီလောက်ဆို အမြဲရောက်လာတတ်ရသော ဒီနေရာကို လာဖို့ အတော်အားတင်းရသည်။ "ပျော်လို့လုပ်စားနေတာပေါ့ကွာ" ဆိုသော မကြားတကြား ရိသဲ့သဲ့သံတွေကို ခံနိုင်ရည်ရှိရမည်။ လေဖြတ်ပြီး အိပ်ရာထဲလဲနေသော မိခင်အိုနှင့် ၁၀ တန်းတက်နေသော မောင်ငယ်တို့မျက်နှာကို မြင်ယောင်ရင်း အရက်ခွက်ထဲသို့ ဆိုဒါနှင့် ရေခဲတုံးလေးများကို လှလှပပထည့်ပေးနိုင်ရမည်။

ပျော်လို့ဒီနေရာကို ရောက်နေတာမဟုတ်ဘဲ စိတ်ညစ်စရာတွေများသော အဆင်မပြေသည့်ဘ၀အခြေအနေကြောင့်သာ ဒီနေရာကို ရောက်လာတာပါဟု ရှင်းပြလျှင်လည်း နားလည်စွာ ခေါင်းညိတ်ပြီး ညှာတာသနားမည့်သူများမရှိသော ဒီပတ်ဝန်းကျင်တွင် သူမအတွက်အရေးအကြီးဆုံးက သူတို့အကြိုက်လိုက်ပြီး အကောင်းဆုံးဝန်ဆောင်မှုပေးဖို့ပဲဖြစ်သည်။ ရောက်ကာစက ပုခုံးပေါ်သို့ လက်တစ်ဖက်ရောက်လာလျှင် လန့်သွားပြီး ရှက်နေတတ်သောသူမသည် ခုတော့ ကိုယ့်ကိုခေါ်သော ယောက်ျားတစ်ယောက်နားသို့ရောက်သွားသည့်နှင့် ပြိုလဲကြွေဆင်းလိုက်ကာ သူမက စတင်ပြီး ကိုင်တွယ်ထိတွေ့ရဲနေပြီဖြစ်သည်။
-----------

၃)

ပညာမတတ်လို့ လုပ်စားနေတာပေါ့ ဆိုသော မှတ်ချက်ကိုတော့ သူမက အတော်ရယ်ချင်မိသည်။ အဝေးသင်တက္ကသိုလ်ဒုတိယနှစ်ကျပြီး ကျောင်းဆက်မတက်သော သူမကို နှစ်သက်ကြသည့် ကျောက်သူဌေးဆိုသော တချို့သူများသည် ရောက်လာသော ဘေလ်ကိုတောင် ကောင်းကောင်းမဖတ်တတ်ကြမှန်း သူမ သတိထားမိသည်မှာ သိပ်တော့ မကြာသေး။

မူယာ ဟု သူမသိထားသော သူမ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးက "တို့က ဘွဲ့ရပြီးပြီးချင်း အစိုးရရုံးတစ်ရုံးမှာ စာရေးမလုပ်လိုက်သေးတယ်။ အဲ့မှာ ယောက်ျားရ ကလေး ၂ ယောက်လည်းရရော … ဟော ယောက်ျားက နောက်တစ်ယောက်တွေ့ပြီး ပစ်သွားရော … သူကသာ ထွက်သွားတာလေ … ကလေး ၂ ယောက်ကို ကိုယ်မကျွေးလို့ ဘယ်သူကျွေးမလဲ … အစိုးရ၀န်ထမ်းလစာဆိုတာ အခုစီးနေတဲ့ ဖိနပ်တစ်ရံစာတောင်မရှိဘူး။ သိပ်ဂရုစိုက်မနေနဲ့ ညီမရေ … ကိုယ်ငတ်တာ ကိုယ့်ကိစ္စပဲ … ကိုယ်ငတ်တဲ့ကိစ္စကို ကိုယ်တတ်သလို ဖြေရှင်းတာလည်း ကိုယ့်ကိစ္စပဲ … အရမ်းစဉ်းစားနေရင် ခုခေတ်မှာ ပိုငတ်ဖို့ပဲရှိတယ်။" ဟု အိုင်းလိုင်နာကို သေသေသပ်သပ်ဆွဲနေရင်း ပြောသောအခါ အလိုလိုမျက်ရည်ဝဲမိသည်။

"မီးကတော့ ရှင်းရှင်းပဲ။ ကိုယ်လည်း များများသုံးချင်တယ်။ အိမ်ကိုလည်းထောက်ပံ့ချင်တယ်။ ဒီတော့ နယ်က အဖေနဲ့အမေ့ကို ဟိုတယ်မှာ စားပွဲထိုးလုပ်မယ်ဆိုပြီး ထွက်လာတာပဲ။ ဒီမှာလည်း အခု စားပွဲထိုးနေရတာပဲလေ။ အစားအသောက်တွေတင်တော့ မကဘူးပေါ့ ဒီမှာက။ ပျော်လားဆိုတော့ ပျော်တယ်ပေါ့။ မပျော်တဲ့လူကို ပျော်ချင်တဲ့လူတွေ သူတို့နားလာထိုင်ဖို့ ဘယ်ခေါ်ကြပါ့မလဲ။ ပျော်ပျော်နေတယ်လေ။ ဒါဆို ပျော်ချင်တဲ့သူတွေနဲ့ များများတွေ့မယ်။ ပိုက်ဆံများများရမယ်။ ပိုပျော်တာပေါ့ ဒီတော့လည်း။"

ဒီစကားကို ခပ်ပေါ့ပေါ့လေးပြောသော သူမထက် အသက် ၄ နှစ်လောက်ငယ်သည့် မိန်းကလေးကိုကြည့်ရင်း ငါ့မောင်လေးနဲ့ ရွယ်တူပဲ ဆိုသော အသိနှင့် နှမြောရမလား ဒေါသထွက်ရမလား စိတ်မကောင်းဖြစ်ရမလားမသိဘဲ ရင်ထဲမှာ ပူလာသည်။
-----------

၎)

တော်ရုံ ကိုယ့်အကြောင်းကို သူများကို သိပ်ဖွင့်ဟပြောပြလေ့မရှိသော သူမအတွက် အပေါင်းအသင်းဆိုတာကတော့ တဆိတ်ရှားပါးလွန်းလှသည်။

ရိုးသားလွန်းပြီး ပညာမတတ်သည့် မိခင်အိုနှင့် ချစ်စရာကောင်းပြီး စာကြိုးစားသည့် မောင်ငယ်ကတော့ သူငယ်ချင်းတစ်ယောက်အိမ်မှာ ညသွားအိပ်ပြီး အကျီင်္တွေ လက်ချုပ်လိုက်နေသည်ဟု ပြောထားသော သူမ၏ ပင်ပန်းမှုကို အစဉ်သနားနေတတ်သည်။ အိမ်က မရိပ်မိအောင် ရသမျှကို အကုန်ထုတ်မသုံးဘဲ လိုအပ်သလောက်သာ သုံးစွဲတတ်သည့် သူမ၏ ပါးနပ်မှုနှင့် အနေအထိုင်ပိရိမှုကြောင့် ပတ်ဝန်းကျင်ကလည်း သူမ၏ သရုပ်အမှန်ကို မရိပ်မိကြ။

တကယ်တော့လည်း သူတို့ကောက်ချက်ချသလို သူမကိုယ်တိုင်ကလည်း အလွယ်လမ်းကို လိုက်ခဲ့မိတာတော့ အမှန်ပဲဖြစ်သည်။ တစ်လမှ ၇ သောင်းလောက်ရပြီး တစ်နေကုန်နီးပါး မတ်တပ်ရပ်ရသည့် စတိုးဆိုင်အရောင်းစာရေးမဘ၀ကို စွန့်လွှတ်ခဲ့ပြီး တစ်ညကို ၅ နာရီလောက်သာအလုပ်လုပ်ရပြီး တစ်လ၀င်ငွေ သိန်းဆယ်ဂဏန်းအထက်ရသော ဒီဘ၀ကို ခင်တွယ်မိသည့်အတွက် နောင်တတော့မရပေ။ သူမအတွက် ငွေလိုသည်။ မိခင်အို၏ ဆေးကုသစရိတ်နှင့် မောင်ငယ်ကျောင်းစရိတ်အတွက် ငွေလိုသည်။ လိုအပ်သောငွေကို ဘယ်သူမှမပေးနိုင်သောကြောင့် ဒီနည်းဖြင့် ရှာသည်။

ကိုယ်လျှောက်နေသော လမ်းကြောင်းသည် အများက လက်ခံနိုင်သည့် ကောင်းမွန်သောလမ်းကြောင်းတစ်ခုမဟုတ်သော်လည်း ကိုယ်လုပ်နေသောအလုပ်သည် သမ္မာအာဇီဝပါပဲဟု မျက်စေ့စုံမှတ်၍ သူမက ယူဆထားလိုက်သည်။ လာသည့်ဧည့်သည်တွေ ဘယ်လောက်မူးမူး သူတို့မပေးဘဲ တစ်ပြားတစ်ချပ်မှ သူမမတို့ထိ။ အဖိုးတန်ပစ္စည်းတွေကိုလည်း ယောင်လို့တောင်ကိုင်မကြည့်။ တန်ရာတန်ကြေးနှင့် စေတနာကြေးကိုသာ သူမယူသည်။ ဒီတစ်ခုကိုတော့ သူမက အသေအချာစောင့်ထိန်းသည်လေ။
--------

၅)

ခေါင်းနည်းနည်းမူးသဖြင့် ဆေးခန်းသွားမိကာမှ ကိုယ့်ရောဂါအဆောက်အဦကိုသိရသောအခါ လူ့အဖြစ်သည် ပို၍ ညစ်ညူးစရာကောင်းသွားသည်။

"နှလုံးရောဂါဆိုတာ သူဌေးရောဂါဟဲ့" ဆိုသော သူငယ်ချင်းတစ်ယောက်ပြောစကားကို ကြားယောင်မိတော့ တက္ကသိုလ်ပထမနှစ်က "မေမေ ကိုယ်တို့အကြောင်းသိသွားတယ်။ သူ့မှာလည်း နှလုံးရောဂါအခံရှိနေတော့ ကိုယ်တို့ ဒီလောက်နဲ့ပဲ လမ်းခွဲလိုက်ကြရအောင်နော်" ဆိုသော ရည်စားဦးကို သတိရမိသည်။
ခုတော့လည်း သူ့နာမည်ကိုတောင် ခပ်မေ့မေ့ချင်။ ဟိုတလောကတော့ Junction Square က စားသောက်ဆိုင်တစ်ဆိုင်မှာ မိန်းကလေးလှလှလေးတစ်ယောက်နှင့် အတူရယ်မောနေတာတော့ တွေ့မိခဲ့သားပဲ။ ခုတော့လည်း သူအမေရဲ့ နှလုံးရောဂါ သက်သာသွားပြီထင်ပါရဲ့။

ကိုယ့်အတွေးကို ကိုယ်ဘာသာ သဘောကျပြီး အသံထွက်ရယ်မောမိတော့ ဆေးစာရေးပေးနေသည့် သူနာပြုဆရာမလေးက ကိုယ့်ကို ရုတ်တရက်မော့ကြည့်လာသည်။ ဖြူစင်လိုက်တာကွယ်။ တန်ဖိုးမကြီးပေမယ့် တန်ဖိုးရှိလှသော သူ့ ရင်ဖုံးအကျီင်္လေးက။

ဒီဘ၀တော့ သူ့လို ဖြူစင်နိုင်ပါ့မလား။
--------------

၆)

မဖြောင့်တန်းသော ဘ၀လမ်းတွင် အရာရာကို အရွဲ့တိုက်ချင်စိတ်သည် တစ်ခါတရံ တားမရစီးမရ။

"အခုတလော ပိုပိုလှလာတယ်နော်" လို့ စီးနေကျ တက္ကစီသမားက ရိသဲ့သဲ့ပြောတော့ သူမက အကျင့်ပါနေသည့်အတိုင်း "တကယ်လားဟင် ကျေးဇူး" လို့ ပေါ့ပေါ့ပါးပါးပြန်ပြောလိုက်သည်။ လူတကာမြင်နေရသော လှပခြင်း၏ နောက်ကွယ်တွင် လူတကာမသိသည့် အကျည်းတန်သောသရုပ်ကို ဘာမှမဟုတ်သလို ကွယ်ဝှက်ထားရခြင်းကို သူမ မနှစ်မြို့ပေမယ့် နေသားတကျရှိခဲ့ပြီ။

ဖြောင့်နေသည့် ဆံပင်ကို ကောက်သည်။ ကောက်နေသည့် ဆံပင်ကို ပြန်ဖြောင့်သည်။ နေ့လည်နေ့ခင်း အားလျှင် အများဆုံးရောက်ဖြစ်သည့် လမ်းထိပ်အလှပြင်ဆိုင်မှ ညီမလေးတစ်ယောက်ကတော့ "မမကို သိပ်အားကျတာပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေနိုင်ပြီနော်" တဲ့။

ထိုခြေထောက်များသည် ညစ်ပတ်သော အရာများအပေါ်တွင် ရပ်နေပြီး မလှပသော ညဆိုးများတွင် ဟိုဟိုဒီဒီလျှောက်လှမ်းနေရကြောင်းကိုတော့ ထိုညီမလေးကို အသိမပေးချင်ပေ။ အပေါ်ယံအကြောင်းအရာများတွင် သာယာနေတတ်သည်မှာ လူ့သဘာဝပဲမဟုတ်လား။ သူမလည်း သာယာနေတတ်ခဲ့ပြီ။
---------------

၇)

အလုပ်မသွားနိုင်သည်မှာ တစ်ပတ်မျှရှိပြီ။ နွေရာသီကျောင်းပိတ်၍ အားလပ်ချိန်ရနေသော မောင်ငယ်ကတော့ သူ့သူငယ်ချင်းမိသားစု၏ စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်ချင်ကြောင်းခွင့်တောင်းလာတော့ သူမ စိတ်မချပေမယ့် ငွေတန်ဖိုးကို သိစေချင်တာကြောင့် အချိန်ပိုင်းတစ်လလောက် ခဏလုပ်ချင်လုပ်ကြည့်ပေါ့ဟု ခွင့်ပြုလိုက်ရသည်။ ကျန်းမာရေးအခြေအနေကြောင့် ၀င်ငွေမရှိသောရက်များတွင် ကြိုတင်စုဆောင်းတတ်သည့် အကျင့်ရှိသော သူမမိသားစု အခြေအနေမပျက်။

အသေအချာအနားယူပြီး ဆေးကုသမှုခံယူလိုက်ရင် သက်သာသွားမှာပါဆိုသော ဆရာဝန်၏ ပြောစကားကို နားထောင်ပြီး အိမ်မှာပဲ အမေ့ကို နေ့ည အချိန်ပြည့်ပြုစုနေလိုက်သည်။ စားသောက်ဆိုင်ဖြစ်သဖြင့် ညဥ့်နက်မှ ပြန်ရောက်လာတတ်သော မောင်ငယ်ကို ထမင်းဟင်းခူးခပ်ကျွေးမွေးရင်း မောင်ငယ်၏ အတွေ့အကြုံတွေကို မျှဝေခံစားပေးသည်။

အဆိုးထဲက အကောင်းဟုပင် မှတ်ယူကာ စိတ်ရော ကိုယ်ပါ မိသားစုအတွက်ပေးရင်း သူမ ကြိုက်သော menthol ပါသည့် စီးကရက်ဘူးများကိုလည်း မေ့ထားရသည်။ တစ်ခါတစ်ခါ စွဲလမ်းနေပြီးသားအရာများကို လှည့်မကြည့်ဘဲနေရသဖြင့် အလွန်အမင်းချဉ်ခြင်းတပ်မိသည့်အခါ အဆီပြန်မျက်နှာများကို မြင်ယောင်ရင်း ခေါင်းကို အသာခါရမ်းလိုက်မိသည်။
-----------

၈)

မဆက်စဖူး ထူးထူးခြားခြား ဖုန်းဆက်လာသော မူယာ့ကြောင့် သူမ အံ့သြရသည်။

"သက်သာရင် ဒီတစ်ညတော့ လာခဲ့ပါလားဟယ်။ ဒီည မိုးကုတ်က အဖွဲ့လိုက်လာကြမှာ … ကျောက်အောင်လာတယ်လို့ကြားတယ်။ ဟိုတစ်ခါလာတဲ့အဖွဲ့ပဲလေ။ နင့်ကို ခေါ်နေကျ တစ်ယောက်လည်း ပါတယ်တဲ့။ ခွင်အကြီးကြီးနော်။ လာဖြစ်ရင် စာလှမ်းပို့လိုက်။ စောင့်နေမယ်။ တို့ မတွေ့ရတာတောင်ကြာပြီ။"

ညစ်နွမ်းမှုတွေနှင့် ဝေးကွာနေတာ တစ်ပတ်ကျော် ၁၀ ရက်နီးပါးဆိုတော့ အတော်ပြန်အားတင်းရပြန်သည်။ သူမအပေါ် တခြားဧည့်သည်တွေလို မဟုတ်ဘဲ ကြင်ကြင်နာနာဆက်ဆံတတ်သောသူကိုလည်း ပြန်တွေ့ချင်သည်။ နောက်ပြီး နားထားတဲ့ရက်တွေအားလုံးပေါင်းဝင်ငွေကို တစ်ရက်တည်းနဲ့ ရအောင်ပြန်ရှာဖို့လည်း အခွင့်အရေးဖြစ်သည်ဆိုတော့ သူမ ပြန်လည်စိတ်ပါလာသည်။

မောင်လေးကိုလည်း စားသောက်ဆိုင်တွင် ဆက်မလုပ်စေချင်တော့။ ၁၀ တန်းစားမေးပွဲပြီးတာတောင် မနားဘဲ အစ်မဖြစ်သူကို ကူညီချင်စိတ်အပြည့်ရှိသော မောင်ငယ်ကို တခြားကလေးတွေလို လွတ်လွတ်လပ်လပ်ပျော်စေချင်သည်။ တက္ကသိုလ်မတက်ခင် အနားယူစေချင်သည်။

ဆိုင်ရောက်တော့ အိမ်ကထည့်လာခဲ့သည့် ၀ယ်ထားတာကြာပြီဖြစ်သော်လည်း သိပ်မ၀တ်ဖြစ်သော ဇာဂါဝန်အနက်တိုတိုလေးကို ပြန်ဝတ်ကြည့်တော့ တော်နေသေးသားပဲ။ အကျီင်္နှင့်လိုက်ဖက်မည့် အသုံးအဆောင်တွေကိုပံ့ပိုး … ဆွဲဆောင်အားကောင်းသည့် သူမအသံထွက်မခေါ်တတ်သည့် ရေမွှေးကို ခပ်စိပ်စိပ်ဖြန်း …. အိုင်းလိုင်နာခပ်နက်နက်ဆိုးပြီး နှုတ်ခမ်းနီအရောင်ရင့်ရင့်ကို အားဖြည့်လိုက်သည့်အခါ သူမ ကျင်လည်နေကျ အခန်းများစွာထဲသို့ ယုံကြည်မှုအပြည့်နှင့် ၀င်ရန် အဆင်သင့်ဖြစ်သွားသည်။
-----------

၉)

သီချင်းသံ … အရက်နံ့ … ရေမွှေးနံ့ … ရမ္မက်ခိုး … ပြည့်နှက်နေသော ခန်းမထဲရှိ ဆိုဖာပေါ်တွင် သူမထိုင်နေသည်။ ဘေးတွင်ထိုင်နေသော သူမကိုခေါ်ထားသည့် ဧည့်သည်ကလည်း အကောင်းစားအရက်တန်ခိုးနှင့် သူမအပေါ်ပြိုဆင်းလျက်။ တခြားသူတွေကို ကြည့်လိုက်တော့လည်း မီးမှိန်မှိန်အောက်မှာ သူ့တို့ကိစ္စနှင့်သူတို့ အလုပ်ရှုပ်နေကြသည်။

ရှေ့မှန်စားပွဲပေါ် အသီးပန်းကန်ထဲက ပန်းသီးတစ်စိတ်ကို ခရင်းသေးသေးလေးနှင့်ထိုးပြီး စိတ်မပါလက်မပါ ၀ါးနေမိသည်။ ဒီညတော့ နည်းနည်းနောက်ကျမယ်ထင်ပါရဲ့။ ဘေးက ဧည့်သည်က ခဏနေပြန်နိုးလာပြီး သီချင်းပြန်ဆိုဦးမှာလားမသိ။ စုံတွဲသီချင်းတွေလည်း ကုန်သလောက်တော့ရှိပြီ။

ဧည့်သည်ချထားသော ယောက်ျားကိုင်ပိုက်ဆံအိတ်ထဲက တစ်သောင်းတန်ငွေစက္ကူအထပ်လိုက်ကို မီးရောင်အောက်တွင် မြင်နေရသည်။ သြော် … လောကကြီးက တယ်လည်း မတရားပါလား။

ဟိုဟိုဒီဒီလျှောက်တွေးနေရင်း ခံတွင်းချဉ်လာသည်နှင့် စားပွဲထိုးခေါ်သည့် ဘဲလ်ကို လှမ်းနှိပ်လိုက်သည်။

ပိန်ပိန်သွယ်သွယ်စားပွဲထိုးတစ်ယောက်ဝင်လာတော့ သူမပုခုံးပေါ်ကလူကို ဆိုဖာပေါ်ခေါင်းမှေးတင်ပေးလိုက်ရင်း Menthol တစ်လိပ်လောက်ဆိုတော့ စားပွဲထိုးလေးက ဆေးလိပ်ဘူးလှမ်းပေးသည်။
-----------

၁၀)

ဆေးလိပ်တစ်လိပ်ကို လှမ်းယူပြီး နှုတ်ခမ်းတွင်တေ့လိုက်သည့်နှင့် စားပွဲထိုးလေးက အလိုက်တသိ မီးညှိပေးသည်။ မီးရောင်က ဖျတ်ခနဲ သူမတို့နှစ်ယောက်အကြားအလင်း …

"ဟင် မောင်လေး …"
"................."
"…. မမ …."
-----------

စိုးသူရ
(ဇန်န၀ါရီ၊ ၂၀၁၇)

ဒသဂံစာစုများ (ကျော်စိုးစာပေ)

No comments: