Monday, January 8, 2018

3 D ရုပ်ရှင်ကားတစ်ခုရဲ့ ဖန်တီးမှုကို လေ့လာကြည့်ခြင်း

3 D ရုပ်ရှင်ကားတစ်ခုရဲ့ ဖန်တီးမှုကို လေ့လာကြည့်ခြင်း (သို့မဟုတ်) Polarization အကြောင်း သိကောင်းစရာများ


နေကို သာမန် မျက်လုံးနဲ့ ကြည့်တဲ့အခါ စူးတယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် အလင်းသန့်လွှာပါတဲ့ နေကာ မျက်မှန်( polaroid sunglasses ) တပ်ပြီး ကြည့်တဲ့အခါမှာတော့ မြင်ကွင်းဟာ ရှင်းလင်းပြတ်သားပြီး မျက်စိ မစူးတော့တာ တွေ့ရပါတယ်။ 3 D ဇာတ်ကားပြတဲ့ ရုပ်ရှင်ရုံထဲမှာ မျက်မှန်မတပ်ဘဲ ကြည့်ရင် ၀ါးတဲ့ မြင်ကွင်း တွေကို မြင်ရပြီး မျက်မှန်တပ်ကြည့်မှသာ ကြည်လင်ပြတ်သားတဲ့ 3 D ပုံရိပ်တွေကို ကြည့်ရှုခံစားနိုင်တာကို တွေ့ရပါတယ်။ အဲ့ဒီ နှစ်ခုစလုံးအတွက် အဖြေကတော့ အလင်းသန့်ခြင်း ( polarization ) သဘောတရားပါပဲ။

အလင်းကို ကနဦးမှာ အမှုန်သဘာဝရှိတယ်၊ လှိုင်းသဘာဝရှိတယ်နဲ့ အပြိုင်အဆိုင် ငြင်းခုန်နေခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ အလင်းဟာ အမှုန်သဘာဝရော၊ လှိုင်းသဘာဝရော ပြုမူတယ်ဆိုတာ သိရှိခဲ့ကြပါတော့ တယ်။ အလင်းဟာ လှိုင်းသဘာဝဖြစ်ကြောင်း ထင်ရှားစေတဲ့ ဖြစ်ရပ်တွေ ရှိပါတယ်။ အဲ့ဒါတွေကတော့ အလင်း လှိုင်း ကွေ့ခြင်း ( diffraction ) ၊ အလင်းလှိုင်းထပ်ခြင်း ( interference ) နဲ့ အလင်းလှိုင်းသန့်ခြင်း ( polarization ) တို့ပဲ ဖြစ်ကြပါတယ်။ ဒီအထဲကမှ အလင်းလှိုင်းသန့်ခြင်းအကြောင်းကို ဆွေးနွေးတင်ပြပါ့မယ်။

အလင်းလှိုင်းသန့်ခြင်းဆိုတာ ဘာကို သန့်တာလဲ။ သန့်တယ်ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုကြည့်ရင် အရောအထွေးထဲက ကိုယ်မလိုတဲ့အပိုင်းကို ဖယ်ထုတ်ပြီး လိုချင်တဲ့အပိုင်းကို ထုတ်ယူခြင်းလို့ ရပါတယ်။ ဒါဆို ရင် အလင်းလှိုင်းထဲမှာ ဘာတွေ ရောထွေးနေတာပါလဲ။ တုန်ခါမှုပုံစံအမျိုးမျိုးရှိတဲ့ လှိုင်းတွေ ရောထွေးနေတာပါ။

အလင်းလှိုင်းဟာ လျှပ်စစ်သံလိုက်လှိုင်း ( electromagnetic wave ) အမျိုးအစားဖြစ်ပါတယ်။ လျှပ်စစ်သံလိုက် လှိုင်းတွေကို တုန်ခါနေတဲ့ အီလက်ထရွန် ( vibrating electron ) တွေက ထုတ်ပေးပါတယ်။ လှိုင်းစထုတ်ရာ ပင်ရင်းက electron ရဲ့ တုန်ခါမှုပုံစံပေါ်မူတည်ပြီး လှိုင်းရဲ့ တုန်ခါမှု ပုံစံလည်း အမျိုးမျိုးကွဲပြားပါတယ်။ အလျား လိုက်တုန်ခါတဲ့ အီလက်ထရွန် ( horizontally vibrating electron ) က ထုတ်တဲ့ လှိုင်းဟာ horizonally polarized wave ဖြစ်ပါတယ်။ ဒေါင်လိုက်တုန်ခါတဲ့ အီလက်ထရွန် ( vertically vibrating electron ) က ထုတ်တဲ့ လှိုင်းတွေဟာ vertically polarized wave ဖြစ်ပါတယ်။ အခြား angle အမျိုးမျိုးက တုန်ခါတဲ့ electron တွေလည်း ရှိနိုင်တာမို့ အလင်းလှိုင်းဟာ စက်ဝိုင်းပတ်ပုံစံ ဘက်ပေါင်းစုံက တုန်ခါတဲ့ လှိုင်းတွေ ဖြစ် ပေါ်စေနိုင်ပါတယ်။

အဲ့ဒီလို ပုံစံအမျိုးမျိုးနဲ့ တုန်ခါနေတဲ့လှိုင်းတွေက မြေကမ္ဘာပေါ် ကျရောက်လာလို့ ကျနော်တို့က အဲ့ဒီလှိုင်းတွေ ကို သာမန်မျက်လုံးနဲ့ ကြည့်ရှုလိုက်တဲ့အခါ ပုံစံမျိုးစုံတဲ့ တုန်ခါနေတဲ့လှိုင်းတွေကြောင့် မျက်စိစူးတယ်လို့ ခံစား ကြရပါတယ်။ ပစ္စည်းတွေကို အလင်းရောင်အောက်မှာ ကျနော်တို့ မြင်ရတာဟာ အလင်းပြန်ခြင်းသဘောတရား ကြောင့်ဖြစ်တယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။ ဒါဆိုရင် အဲ့ဒီပစ္စည်းတွေကို ထိပြီး ပြန်လာတဲ့အလင်းတွေ က မျက်စိမစူးစေဘူးဆိုတာလည်း သတိထားမိမှာပါ။ အဲ့ဒါဟာ ဘာကြောင့်လဲဆိုတော့ အလင်းပြန်ခြင်းဟာ ဘက်ပေါင်းစုံတုန်ခါနေတဲ့ အလင်းကို လမ်းကြောင်းတစ်ခုထဲမှာ တုန်ခါအောင် ပြုလုပ်ပေးနိုင်တဲ့အတွက် ဖြစ်ပါ တယ်။

ဒါပေမယ့် ပြန်တဲ့အလင်းမှာ မျက်စိစူးစေတဲ့ စူးရှအလင်းတန်း ( glare ) ကို ထုတ်ပေးနိုင်တဲ့ တုန်ခါမှု ပုံစံတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ အလျားလိုက်တုန်ခါတဲ့အလင်း ( horizontally polarized light ) ပါပဲ။ ဒီလိုအလင်းတွေဟာ အလင်းပြင်းအားကို ပိုများသွားစေတာမို့ စူးရှမှုကို ဖြစ်စေပါတယ်။ အဲ့လိုအလင်း ပုံစံဟာ လမ်းမကြီးတွေလို ပြင်ညီမျက်နှာပြင်တွေနဲ့ ရေမျက်နှာပြင်တွေကနေ ထွက်ပါတယ်။ အလင်းပြန်တဲ့အခါ အလင်းပြန်တဲ့ ပစ္စည်းနဲ့ အပြိုင် လမ်းကြောင်းအတိုင်း တုန်ခါပြီး ပြန်ထွက်ပါတယ်။ ပြင်ညီမျက်နှာပြင်မှာ အလင်းပြန်ရင် ပြင်ညီတုန်ခါတဲ့ အလင်းထွက်ပါတယ်။ ဒါကြောင့် ကျနော် တို့ ပြင်ညီမျက်နှာပြင်တွေကို ကြည့်မိရင် မျက်စိစူးတယ်လို့ ခံစားကြရတာပါ။ ဒီလို မျက်စိစူးတာကို ကာကွယ်ဖို့ အကောင်းဆုံး ပစ္စည်းကတော့ အလင်းသန့် နေကာမျက်မှန်ပါပဲ။

သာမန်နေကာမျက်မှန်တစ်လက်ဟာ အလင်းကို မသန့်ပေးနိုင်ပါဘူး။ အလင်းရဲ့ ပြင်းအားကိုသာ လျှော့ချပေး တာဖြစ်ပါတယ်။ အလင်းသန့် နေကာမျက်မှန် ( polaroid sunglasses ) တွေကတော့ glare ဖြစ်စေနိုင်မယ့် အလျားလိုက်တုန်ခါတဲ့အလင်းတွေကို ပိတ်ဆို့တားဆီးပေးပြီး ဒေါင်လိုက်တုန်ခါတဲ့အလင်းလှိုင်းတွေကိုသာ ဖြတ်သန်းခွင့်ပြုပါတယ်။ အဲ့လို ကိုယ်လိုချင်တဲ့လှိုင်းပုံစံကိုသာ ရစေဖို့အတွက် အထူးစစ်ထုတ်လွှာ ( special filter ) တစ်ခုတော့ ခံထားရတာပေါ့။ အဲ့ဒီ စစ်ထုတ်လွှာက ဘယ်လိုများ စစ်ထုတ်ပေးတာပါလဲ။

ဥပမာတစ်ခုပေးပါမယ်။ ဒေါင်လိုက်စီထားတဲ့ ပျဉ်ပြားတွေနဲ့ ဖွဲ့စည်းထားတဲ့ ခြံစည်းရိုးနဲ့ အလျားလိုက်စီထားတဲ့ ပျဉ်ပြားတွေနဲ့ ဖွဲ့စည်းထားတဲ့ ခြံစည်းရိုးရဲ့ ကြားထဲကို ကြိုးတစ်ချောင်းထည့်ကြည့်လိုက်ပါ။ ဒေါင်လိုက်ပျဉ်ပြား တွေရှိတဲ့ ခြံစည်းရိုးကနေ ဒေါင်လိုက်လှိုင်းဖြစ်အောင် တုန်ခါပေးလိုက်ပါ။ အဲ့ဒီ ကြိုးလှိုင်းဟာ ဒေါင်လိုက်ပျဉ်ပြား တွေရှိတဲ့ ခြံစည်းရိုးထဲက အလွယ်တကူ ဖြတ်သန်းနိုင်ပေမယ့် အလျားလိုက်ပျဉ်ပြားတွေရှိတဲ့ ခြံစည်းရိုးကိုတော့ ဖြတ်သန်းနိုင်ခြင်းမရှိဘူးဆိုတာ တွေ့ရပါလိမ့်မယ်။ ဒါဟာ ဘာကို ပြောသလဲဆိုရင် ကိုယ်ကြိုက်တဲ့ တုန်ခါမှု ၀င်ရိုး ( polarization axis ) ကို သတ်မှတ်လိုက်ခြင်းအားဖြင့် ကိုယ်နှစ်သက်ရာ လှိုင်းကို စစ်ထုတ်နိုင်တယ်ဆို တာပါပဲ။ ကိုယ်က horizontal polarization axis ကို ဖန်တီးထားခဲ့ရင် horizontally polarized wave တွေပဲ အဲ့ဒီ axis ကို ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ ကိုယ်က vertical polarization axis ကို ဖန်တီးထားခဲ့ရင် vertically polarized wave တွေပဲ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

polaroid sunglasses က special filter တွေဟာ vertically polarization axis ကို ဖန်တီးထားတဲ့အတွက် glare ကို ဖြစ်စေတဲ့ horizontally polarized light တွေကို ဖယ်ရှားပေးနိုင်တာပဲဖြစ်ပါတယ်။ polaroid sunglasses တွေကို နေရောင်ခြည် အောက်မှာ အလုပ်လုပ်နေရတဲ့သူတွေ၊ နေပူထဲ ထွက်တာများတဲ့သူတွေ၊ အားကစားသမားတွေ အသုံးများပါတယ်။

polarization သဘောတရားကို ကျနော်တို့ ပတ်ဝန်းကျင်မှာ တွင်တွင်ကျယ်ကျယ် တွေ့နိုင်တဲ့ နောက်ထပ် ဥပမာတစ်ခုကတော့ 3 D cinema မှာပဲ ဖြစ်ပါတယ်။ ကျနော်တို့ 3 D ရုပ်ရှင်ကားတစ်ကားကို ကြည့်တဲ့အခါ ကျနော်တို့ ပြင်ပမှာ မြင်နေရတဲ့အတိုင်း သုံးဘက်မြင်ပုံစံနဲ့ မြင်ကြရပါတယ်။ အဲ့ဒါဟာ ကျနော်တို့ မျက်လုံးက မြင်တဲ့သဘောတရားအတိုင်း ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ မျက်လုံးတစ်ဖက်စီကို ပိတ်ပြီး ပတ်ဝန်းကျင်က ပစ္စည်းတစ်ခုကို ကြည့်ရှုကြည့်လိုက်ပါ။ ဘယ်ဘက်မျက်လုံးနဲ့ ကြည့်တဲ့အခါ ဘယ်ဘက်ကို ပိုပြီး ကြွသယောင် ထင်ရပြီး ညာဘက်မျက်လုံးနဲ့ ကြည့်တဲ့အခါ ညာဘက်ခြမ်းက ပိုပြီး ကြွသယောင်ထင်ရပါတယ်။ ကျနော်တို့ဟာ မျက်လုံးနှစ်လုံးစလုံးရဲ့ အမြင်အာရုံနှစ်ခုကို ပေါင်းစပ်ပြီး ပြင်ပလောကမှာ 3 D ပုံရိပ်တွေကို ကြည့်ရှုခံစားနေ ကြရတာဖြစ်ပါတယ်။

အရင်တုန်းက 3 D cinema မှာတွေမှာ အနီရောင်နဲ့ အပြာရောင် သို့မဟုတ် အနီရောင်နဲ့ အစိမ်းရောင်နှစ်ရောင် ကို အသုံးပြုပြီး 3 D effects တွေကို ဖန်တီးကြပါတယ်။ ကားချပ် ( screen ) ပေါ် မှာ အနီရောင်ပုံရိပ်တစ်ခုနဲ့ အပြာရောင် ပုံရိပ်တစ်ခုကို ရုပ်ရှင်ပြစက်နှစ်ခုကို အသုံးပြုပြီး ဖန်တီးပါတယ်။ အဲ့ဒီ ပုံရိပ်နှစ်ခုကို မျက်လုံးအကွာအဝေးအတိုင်း အနည်းငယ်ခြားထားပါတယ်။ ကြည့်ရှုသူဟာ 3 D glasses တွေကို တပ်ဆင်ပြီး ကြည့်ရှုရပါတယ်။ မျက်မှန်ရဲ့ တစ်ဖက်က အနီရောင်ကိုသာ ဖြတ်သန်းခွင့်ပြုပါတယ်။ တစ်ဖက်က အပြာရောင် ကိုသာ ဖြတ်သန်းခွင့်ပြုပါတယ်။ ဒါကြောင့် မျက်လုံးတစ်လုံးဟာ မြင်ကွင်းတစ်ခုကိုသာ ခံစားနိုင်ပါတယ်။ သူတို့ ရဲ့ မြင်ကွင်းနှစ်ခုဟာ ပေါင်းစပ်သွားပြီး 3 D effect ကို ရရှိတာဖြစ်ပါတယ်။ ဒီလို 3 D cinema တွေမှာ အရောင်အသွေးစုံလင်တဲ့ ဇာတ်ကားတွေကို ကြည့်ရှုခံစားနိုင်ခြင်းတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခြေ ခံ အရောင်နှစ်ရောင်ကိုသာ ပေါင်းစပ်ထားခြင်းကြောင့် ဖြစ်ပါတယ်။

အခုနောက်ပိုင်း 3 D cinema တွေမှာ အဲ့လို ပုံစံမျိုး မဖန်တီးကြတော့ဘဲ polarization သဘောတရားကို အသုံး ပြုလာကြတာ တွေ့ရပါတယ်။ ရုပ်ရှင်ပိတ်ကားပြင်ကနေ အလျားလိုက်တုန်ခါတဲ့ အလင်းလှိုင်းနဲ့ ဒေါင်လိုက်တုန် ခါတဲ့အလင်းလှိုင်းတို့ အရောကို အလင်းပြန်စေလိုက်ပါတယ်။ ကြည့်ရှုသူဘက်က 3 D glasses တွေရဲ့ တစ် ဖက်ဟာ horizontally polarized light ကိုသာ ခွင့်ပြုပေးပြီး အခြားတစ်ဖက်က vertically polarized light ကို ခွင့်ပြုပေးပါတယ်။ မျက်လုံးနှစ်လုံးက တုန်ခါမှုမတူညီတဲ့ ပုံရိပ်တွေဟာ ကျနော်တို့ရဲ့ အမြင်အာရုံမှာ ပြင်ပ လောကက ပစ္စည်းတွေကို မြင်ရတဲ့အတိုင်း 3 D ပုံရိပ်တွေကို ဖန်တီးပေးပါတော့တယ်။

မှန်ကန်သော သစ္စာဖြင့်
ဒေါက်တာရူပ

P.S. စာကို သေချာဖတ်ပါ။ ပြီးလျှင် ပြန်တွေးပါ။ အတွေးနဲ့ မိမိ ရှင်းပြထားတာ ပေါင်းစပ်မှ သဘောပေါက်ပါလိမ့်မည်။ မရှင်းတာရှိလျှင် comment ချန်ထားခဲ့နိုင်ပါသည်။ ရှင်းသည်အထိ ပြောပြပေးပါ မည်။

မိမိ အယူအဆများလည်း ပါဝင်၍ မှားကောင်းမှားနိုင်ပါသည်။ အတွေးများကို မျှဝေခြင်းသာ ဖြစ်ပါသည်။


#dryupaphysics #physicsarticles #pyaephyoaung

Credit: ဒေါက်တာ ရူပ Page

No comments: