Sunday, January 14, 2018

City Taxi ဘာလဲ ဘယ်လဲ


YRTA က ဦးဆောင်ပြီး ရန်ကုန်တိုင်းအတွင်းမှာ ယာဉ်ကြောကြပ်တည်းမှု ပြဿနာတွေကို ဖြေရှင်းဖို့ဆိုပြီး YGN လိုင်စင်နဲ့ ကားတွေကို City Taxi လုပ်ခိုင်းတယ် ။

ဘယ်နေ့ဘယ်ရက်မှာ City Taxi မလုပ်ရင် လုပ်ငန်းလိုင်စင်ဖျက်သိမ်းမယ်ဆိုတဲ့ စာကလည်းထုတ်ထားလေတော့ အိမ်က မိဘတွေ ချွေးနည်းစာနဲ့ စုဆောင်းဝယ်ထားတဲ့ Taxi တွေကို City Taxi သွားဝင်ရတယ် ။

ဘဝင်မကျတဲ့ အချက်တွေပြောရရင် 

၁။ နှစ်လွန်ဒဏ်ကြေး ၊ လလွန် ဒဏ်ကြေး

City Taxiကို  ဟိုးအရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ City Taxi လိုင်စင်ဝင်ရပြီး ၊
၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမအကြိမ် ပုံမှန်အစည်းအဝေးမှာ City Taxi မှတ်ပုံတင်ခြင်းကို ပယ်ဖျက်တယ်ဆိုပြီး တရားဝင်ကြေညာခဲ့တယ် ။ အဲ့နောက်ပိုင်း City Taxi ဘယ်သူမှ မလုပ်တော့ဘဲ ပွဲပြီးမီးသေဖြစ်သွားတယ် ။
City Taxi ဘုတ်မရှိလို့ နံပါတ်မရှိလို့ ဘယ်သူမှ အရေးလည်း မယူ အရာလည်း မယူဖြစ်သွားတယ် ။

ဟော အခု ဒီမိုကရေစီလို့ တကြော်ကြော် ကြွေးကြော်နေတဲ့ အစိုးရလည်း တက်လာရော City Taxi ပြန်လုပ်ရမယ်ဆိုပြီး တစခန်းပြန်ထပြန်တယ် ။

ဒီလိုပြန်လုပ်တဲ့ နေရာမှာလည်း နှစ်လွန်ဒဏ်ကြေး လလွန် ဒဏ်ကြေးဆိုတာတွေကပါလာတယ် ။ နှစ်လွန်ဒဏ်ကြေး (၁) နှစ်စာ ၈၀၀၀ ၊ လလွန် ဒဏ်ကြေး ၅၀၀၀ ပေးဆောင်ရမယ်လို့ သတ်မှတ်လိုက်တယ် ။


အရင်အစိုးရလက်ထက် ၂၀၁၃ ကတည်းက City Taxi မလုပ်ရတော့ ဥပဒေ ကြောင့် ဆက်သက်တမ်းမတိုးတော့ဘဲ ရပ်တန့်ထားပြီး ၊ ဘယ်သူမှ မလုပ်တော့တဲ့ Taxi တွေဟာ အခု City Taxi လည်းဝင်ရော သက်တမ်းလွန် ဒဏ်ကြေးဆိုတဲ့ ဥပဒေကြောင့် သက်တမ်းလွန်ဒဏ်ကြေး ၁ သောင်း ၂ သောင်း ကနေ ၃ သောင်းကျော်အထိ ဆောင်ရတယ် ။

အရင်အစိုးရက မဆောင်ရတော့ပါဘူးဆိုလို့ မဆောင်ဘဲ သက်တမ်းမတိုးဘဲ ထားခဲ့မိတဲ့ Taxi တွေကို သက်တမ်းလွန်ပါတယ်ဆိုပြီး ဒဏ်ကြေးဆောင်ခိုင်းတာကိုတော့ အခုအစိုးရက ပြည်သူ့ပိုက်ဆံတွေကို မလိမ့် တပတ်နဲ့ ညာယူတယ်လို့ပဲမြင်ပါတယ် ။

တကယ်ဆို Taxi Owner တွေ Taxi Driver တွေမှာ ဦးသိန်းစိန်လုပ်သွားသလို နောက်ကြောင်းပြန် အရေးယူခြင်းမရှိရဆိုတဲ့ အာဏာပါဝါမှ မရှိဘဲကိုးဗျ ။

ရှေ့ဘုန်းတချက်ခေါက် နောက်ဘုန်းကြီး နှစ်ချက်ခေါက် ခံရသည်ပေါ့ ။


၂ ။ City Taxi Owner , City Taxi Driver 
သဘော သဘာဝ

City Taxi လုပ်မယ်ဆို သိတဲ့အတိုင်း လက်ရှိ ယာဉ်ပိုင်ရှင်ရဲ့ အချက်အလက်တွေ ၊ လက်ရှိ ယာဉ်မောင်းရဲ့ အချက်အလက်တွေ အကုန်ပေးရသည် ။

လက်ရှိပိုင်ရှင်ရဲ့ နေရပ်လိပ်စာကိုမူတည်ပြီး City Taxi ကို E , S , W အရှေ့ပိုင်း အနောက်ပိုင်း တောင်ပိုင်း စသဖြင့် ခွဲခြားလိုက်ပြန်သည် ။

သူတို့ရည်ရွယ်ချက်ကတော့ လက်ရှိပိုင်ရှင်နဲ့ ယာဉ်မောင်းတွေရဲ့ အချက်အလက်တွေကို အကြောင်းကိစ္စရှိရင် ထုတ်ယူနိုင်ဖို့ ရည်ရွယ်ဟန်တူသည် ။

ဒီလိုလုပ်တာဟာ တကယ်ဆို မြန်မာနိုင်ငံမော်တော်ယာဉ် လုပ်ငန်း သဘောသဘာဝနဲ့ ကြည့်ရင် အတော်ပင် ရယ်စရာကောင်းသည့် ကလေးကွက်ဖြစ်နေသည် ။

ဥပမာပြောရရင် ကျနော် တာမွေမှာနေသည် ။ ဒီနေ့ City Taxi လုပ်မည် ။ ကျနော်ပိုင်သည့် ကား ဘေး City နံပါတ်က E နဲ့ထွက်မယ် ။

မနက်ဖြန် အခြား တောင်ပိုင်း မြောက်ပိုင်းက လူကို ရောင်းလိုက်မည် ။ ဒါဆို သူတို့ယူထားတဲ့ အချက်အလက်တွေ နဲ့ ဘေး City ကြီးက ဘာမှ အသုံးမဝင်တော့ ။

ဒါက တဆင့်တည်းရောင်းချတာမျိုးဖြစ်သည် ၊ အဆင့်ဆင့် တာမွေကနေ တောင်ဒဂုံရောက်လိုက် တောင်ဥက္ကလာရောက်လိုက် ဗဟန်းရောက်လိုက် အင်းစိန်ရောက်လိုက်ဆို ဘယ်သို့ရှိမည်နည်း ။ တယောက်က ကားတစီးဝယ်တိုင်း နေရပ်လိပ်စာလိုက်ပြီး City အက္ခရာတွေ လိုက်ပြောင်းရမယ်ဆို အင်မတန်မှ ခွကျလှသည် ။
Taxi ဆွဲမစားရတော့ဘဲ City Taxi လုပ်တန်းကစားရင်း အချိန်ကုန်ဖို့သာရှိသည် ။

ဒီကြားထဲ E ကနေ S ပြောင်း ၊ S ကနေ W ပြောင်း အဲ့လိုပြောင်းရင် ပြောင်းရွှေ့ကြေးဆိုတာက ထပ်ပေးရသေးသည် ။

ဒါကိုလည်း တာဝန်ရှိသူတွေ စဉ်းစားမိလား မစဉ်းစားမိလားတော့မသိ ။

ကျားကျား မီးယပ်ဆိုသည့် အုပ်ချုပ်ရေးပိုင်းတွေကို သိပ်တော့ မပြောချင် ။

ဒါ့ထက် Taxi Driver တွေရဲ့ အချက်အလက်နဲ့ Taxi Board လေးတွေရောင်းပြန်သည် ။
ဒီနေရာမှာလည်း ပြဿနာရှိပြန်သည် ၊ Taxi Driver တယောက်ဟာ ဒီကားတစီးမှာ မြဲနေပါမည်လို့ မှတ်ယူနေလားမသိ ။

(ကြားဖြတ်ပြောရရင် သူတို့ရောင်းသည့် ဘုတ်နှင့် ထုတ်ပေးသည့် ကဒ်ပြားက ဆိုက်မတူ ဘုတ်က သေးပြီး ကဒ်ပြားကကြီးသည် ။ ဘုတ်မှာ ဒီကဒ်ပြားကပ်လို့မရ ။ ဒီတော့ သုံးစားမရသေးဘုတ်ဘေးမှာကဒ်ပြားကိုထောင်ထားရသည် ။
ဆင်နားရွက် ကြွက်တပ်ဆိုသည့် စကားပုံလို  အတော်ထော်လော်ကန့်လန့် စိတ်ပျက်ဖို့ကောင်းသည် )


နောက်တချက်က တက္ကစီလောကမှာ Taxi Driver တယောက်က Owner တယောက်တည်းမြဲနေတာမျိုး တော်တော်ရှားသည် ။ အဆင်မပြေရင် မပြေသလို ၊ အဆင်ပြေရင် ပြေသလို လပိုင်းအတွင်း ရက်ပိုင်းအတွင်း ဟိုပြောင်းဒီပြောင်း အကုန်ပြောင်းလဲနေတာမျိုး ။ ကျနော်ကားတစီးဆိုရင်ပဲ ဒီ တစ်လ နှစ်လထဲ ယာဉ်မောင်း 3 ယောက်ပြောင်းသည် ။

ဒီတော့ သူတို့ဆီမှာ City သွားလုပ်တုန်းက ကျနော် ယာဉ်မောင်းသည် သူများကားပေါ်ရောက်နေနိုင်ပြီး ၊ သူများယာဉ်ရှိ City Taxi ယာဉ်မောင်းသည်လည်း ယခု ကျနော့်ကားပေါ်ရောက်နေနိုင်ပြန်သည် ။

မော်တော်ပီကယ်က စစ်ရင် တခါ ဇယားရှုပ်ပျားတုတ်ပြီး ပိုက်ဆံကုန်ဦးမည် ။

ခုတ်ရာတလွဲ ရှရာတခြား ၊ ဆန်စင်ရာ ကျည်ပွေ့လိုက်နေ သလိုသာဖြစ်ချေတော့သည် ။

၃ ။ သတ်မှတ်ထားတဲ့ အခွန်ကြေးထက်ပိုကောက်ယူခြင်း

City Taxi လုပ်မယ်ဆို ဘယ်ရွှေ့ ဘယ်မျှ ကုန်မည်ဆိုသည်ကို တရားဝင်ကြေညာထားသည် ။ ဟိုရောက်တော့

ဖောင်စာရွက် နှစ်ရွက်ဝယ်တာနဲ့ကို ၅၀၀ ပေးရသည် ။

မိတ္တူဆိုင်မှာ တရွက် ၂၀ ၂၅ ကျပ်လောက်ရှိသည့် စာရွက် နှစ်ရွက်ကို ငွေ ၅၀၀ တောင်းသည် ။

နိုင်ငံတော်တိုးတက်ဖို့ အခွန်ဆောင်လိုက်ရသည်ဆို ဒီ၅၀၀ က အကျိုးရှိသည် ။ အခုတော့ ပြေစာမရ ဘောင်ချာမရ ၊ ဘယ်နှစ်ရွက်ရောင်းလို့ ရောင်းရမှန်းမသိ ။ စာရွက်ကုန်ရင် မိတ္တူဆိုင်မှာ မိတ္တူဆွဲရုံသာ ။

ဒီ ကားတစီးဆီက ငွေ ၅၀၀ သည် ဘယ်သူဘုန်းလို့ ဘုန်းသည်မသိ ။ စာရင်းမရှိ ဇယားမရှိ အဟောသိကံဖြစ်ချေပြီ ။

တစီး ၅၀၀ ဆို အစီး ၆ သောင်းနဲ့ မြှောက်ကြည့်ရင်

၅၀၀ * ၆၀၀၀၀ = ၃၀,၀၀၀,၀၀၀

သန်း ၃၀ ရှိသည် ။

ကဲ အိတ်ပေါက်နဲ့ ဖားကောက် ပလိုင်းပေါက်နဲ့ ဖားကောက် ပြည်သူ့ အခွန်ငွေတွေ ပြည့်သူ့ချွေးနည်းစာတွေ ဘယ်သူ့ပါးစပ်ထဲရောက်လဲ မသိနိုင်ချေ ။

ဒါတွင်ပြီးတာမဟုတ် ကွန်ပျူတာစစ် ၊ ဟိုကြေးဒီကြေး ဘာကြေးညာကြေးတွေ အစုံပေးပြီး ချွေးနည်းစာတွေ ညစ်လို့ ကုန်မှ ကဒ်ထုတ်ဖို့ စလစ်ရ အိမ်ပြန်ရသည် ။ ဒါတောင် ကဒ်ထုတ်ဖို့ ရက်ချိန်းပြန်လာရမည် ၊ ဘေးနံပါတ်ဆေးမှုတ်ဖို့ ပြန်လာရပေဦးမည် ။

ကားတစီးကို ပိုက်ဆံ ၁ သောင်းမကျော်ဘဲ အိပ်ပြန်ရသည့် ကားရှားလှသည် ။ တစီးတသောင်းနဲ့ပဲ အောက်ထစ် တွက်ကြည့် အစီး ၆၀၀၀၀ နဲ့ပဲ မြှောက်ကြည့် ။

ဒီငွေတွေနဲ့ Taxi လောက ဘာတွေ တိုးတက်အောင် လုပ်ဆောင်မယ်တော့ ကျနော် အိပ်မက်မမက်ရဲပါလေ ။

၎ ။ ဒီလို လုပ်ရင်ပို မကောင်းနိုင်ပါလား 

အခု ရန်ကုန်မြို့တွင်း City Taxi ဆိုပြီး လုပ်ရသည့် ကားအားလုံးသည် သက်ဆိုင်ရာ ကညနမှာ လိုင်စင်အခွန်ဆောင်ပြီးသားဖြစ်သည် ၊ ဒါ့ထက် ဝါးတန်း လုပ်ငန်းလိုင်စင်ရုံးမှာ လုပ်ငန်းလိုင်စင်လည်း လုပ်ထားပြီးသားဖြစ်သည် ။

မော်တော်ယာဉ်ပိုင်ရှင်နှင့် မော်တော်ယာဉ်များ ၏ အချိန်နှင့် ငွေကို နိုင်ငံတော်ထံ တနှစ်လျှင် တကြိမ်ပေးဆောင်ထားပြီးသားလည်းဖြစ်သည် ။

ဒီကြားထဲ ဘာရည်ရွယ်ချက်မှန်း မသိ ၊ City Taxi ဆိုတာလုပ်ပြီး ငွေနဲ့ အချိန်တွေကိုထပ်ပေးဆပ်ခဲ့ရပြန်သည် ။

အခုရေးသားတင်ပြနေတာကလည်း City Taxi လုပ်ရပြီး အခွန်ဆောင်ရလို့ မဟုတ် ။

Taxi သဘော ဘဘာဝနဲ့ အတော်ဖီလာဆန့်ကျင့်ပြီး ပိုင်/မောင်းနှစ်ယောက်စလုံး အတော်ကသီလင်တဖြစ်သည့် အခြေအနေတွေ ဥပဒေတွေ မရှိသင့်ကြောင်းတင်ပြခြင်းဖြစ်သည် ။

ဖြစ်သင့်သည်က City လုပ်ရမည်ဆိုလျှင်တောင် ယာဉ်သက်တမ်းတိုးစဉ်မှာပင် တခါတည်း သို့တည်းမဟုတ် ယာဉ်လုပ်ငန်းသက်တမ်းတိုးစဉ်မှာပင် တပါတည်း အပြီး အစီးဆောင်ရွက်ပေးသင့်သည် ။

City Taxi ကိုဘာရည်ရွယ်ချက်နဲ့လုပ်လို့ ဘာတွေ ပိုကောင်းလာမယ်မသိ ။

လောလောဆယ်တော့ ကားပိုင်ရှင် မောင်းတွေအတွက်ကတော့ ပိုက်ဆံကုန်သည် (ကညန/လုပ်ငန်းရုံး/city Taxi ) သွားတန်းစီရ စောင့်ဆိုင်းရသည့် အချိန်ကုန်သည် ။ ဘာပြေစာမှ မရသည့် ငွေတွေ နိုင်ငံတော်ဘဏ္ဏာထဲ ရောက်မရောက်မသိရဘဲ အဟောသိကံဖြစ်မည်ဆိုပါက သူတောင်းစားပေးတာမှ ကုသိုလ်ရသည်လို့ မှတ်ယူမိသည် ။

ဒါ့ထက် ကားအုံနာတွေထက် ကားမောင်းသမားတွေက တနေ့လုပ်တနေ့စားတွေ များသည် နောက်မှာ မိသားစုတွေရှိသည် ။ သူတို့အချိန်သည် တန်ဖိုးမဲ့စွာ ကုန်ဆုံးရသည် ။

ကြားထဲက တောမီးလောင် တောကြောင်လက်ခမောင်းခတ် သည့် ပွဲစားတွေနဲ့ ပြေစာပေးစရာမလိုဘဲ အောက်ဆိုက်ရသည့် ရုံးဝန်ထမ်းတွေက အူစိုလေတော့သည် ။

လုပ်စားခွင်ဖန်တီးပေးသည့် တာဝန်ရှိသူတွေ အာဏာပိုင်တွေကို့ ဝမ်ဆွေ့ဝမ့်ဆွေ့ ဝမ်ဝမ်ဆွေ့ဆိုပြီး တနေ့ဦး သုံးခါ ချဖို့ကောင်းလှသည် ။

ဒီလိုလုပ်ရပ်မျိုးတွေကို ရူးပေါပေါဖန်တီးနေတဲ့ အာဏာပိုင်တွေကို ထောက်ခံပါတယ်ဆိုတဲ့ သူတွေကိုတော့
ဦးဝင်းထိန် ၆ ခါ လို့ပဲ ပြောချင်ကြောင်းပါဗျား ။

Lynn Za Nee

No comments: