Saturday, January 20, 2018

Tech Gadget's In-Depth Review : Samsung Galaxy A8 (2018)




အခုတလော ဒီရက်ပိုင်းမှာ Tech Gadget အနေနဲ့ စမတ်ဖုန်းတွေကို Review လုပ်ချင်စိတ်တောင်ပျောက်သွားတယ်ပဲပြောရမလား... ပြောဖူးသလိုမျိုး ကိုယ်က မျှော်လင့်ခဲ့ပြီးတော့ ကိုယ်မှန်းထားသလောက်အဆင့်တစ်ခုကို အခုနောက်ပိုင်း Review လုပ်ဖြစ်တဲ့ဖုန်းတွေက မရောက်သလိုဖြစ်နေခဲ့ပါတယ်။ ကိုယ်က ဒီ Product တစ်ခုမှာ ဒီလိုမျိုး မျှော်လင့်ခဲ့ပေမယ့် တကယ်လက်ထဲကိုင်လိုက်တဲ့အချိန်မှာ ပြန်မေးမိတဲ့ "ဒါပေမယ့်" များစွာက ကျွန်တော်တို့ ကိုယ်တိုင်ကိုလည်း တော်တော်အကျပ်ရိုက်စေတာခဲ့တာပါ။

ဘယ်ဖုန်းကိုပြောမှန်းမသိသေးရင် အဲ့ဒါက Review လုပ်ချင်စိတ်တောင် ပျောက်ခဲ့တဲ့ M6 Note, ကိုယ်က အကောင်းဆုံးလုပ်မယ်လို့ အားခဲထားပေမယ့် တကယ်တမ်းကြတော့ တွေဝေမှုတွေနဲ့ အဆုံးသတ်ခဲ့တဲ့ OnePlus 5T... Huawei ကတော့ ဒီအတိုင်း လုပ်ဖြစ်တာဆိုတော့။

ဒါပေမယ့် ကျွန်တော်တို့ အခုလိုဖြစ်နေတဲ့စိတ်ကို ပြန်ပြီးတော့ လက်ထဲကိုင်ကြည့်ပြီးတဲ့အချိန်မှာ သဘောကျ ပြုံးလာမိတဲ့ဖုန်းတစ်ခုရှိခဲ့ပါတယ်။ အဲ့ဒါကတော့ Samsung Galaxy A8 (2018) ပါ - ကဲ Intro ကို အဆုံးသတ်ပြီး စကြတာပေါ့။

ပုံမှန် Samsung ဖုန်းတစ်လုံးကို ကျွန်တော်တို့ Review လုပ်ဖြစ်ရင် ရှင်းပါတယ်၊ လက်ထဲကိုင်ပြီးတာနဲ့ မရှိ၊ ရှိတဲ့အပြစ်တွေကို လိုက်ရှာတော့တာပါ။ အခု Galaxy A8 (2018) လည်း Over priced Midrange ဖုန်း၊ Build Quality နဲ့ မဖြစ်နိုင်လောက်အောင် လေးတဲ့အလေးချိန်တွေက ဖုန်းကို လက်ထဲမကိုင်ကြည့်နိုင်သေးခင်မှာတင် ကြိုပြီး အပြစ်ရှာဖို့ စဉ်းစားပြီးသားပါ (အကျင့်ယုတ်တာဆိုတာ :3)

But... But it turns everything opposite.

အမှန်အတိုင်းပြောရရင် ဘာကြောင့်ဘယ်လိုဖြစ်သလဲဆိုတာကို ကျွန်တော်တို့ နားမလည်ပါဘူး။ 5.6" 18.5:9 Ratio FHD+ AMOLED Display က Samsung S8, Note 8 လောက် ဘေးဘောင်မပါး၊ ကိုယ်ထည်ကလည်း 5.6" Display ပေမယ့် မတရားလေးတဲ့ 172g၊ ပုံမှန် Samsung ဖုန်းတွေလိုပဲ Glass Body နဲ့ပဲလေ... ဘာဖြစ်လို့?

#Design

Samsung Galaxy A8 ကို ဒီဇိုင်းလုပ်ခဲ့တဲ့သူတွေတော်ပါတယ် - ပြောရရင် ဒီ 5.5" 16:9 ဒါမှမဟုတ် 6" 18:9 Display ပါတဲ့ စမတ်ဖုန်းတွေလောက်ကြီးမကြီးပဲ သာမန် 5" 16:9 Display ဖုန်း Size လောက်ပဲရှိတဲ့ Samsung ဖုန်းအနေနဲ့ ကျွန်တော်တို့ S8 ကို မြင်ခဲ့ပြီးသားပါ။ ဒါပေမယ့် အခု Curved Display မဟုတ်တဲ့ ပိုပြီးသေးတဲ့ A8 က ကျွန်တော်တို့ကို ကိုင်ကြည့်တာနဲ့ လက်ကျမချချင်လောက်အောင် ဖြစ်သွားစေတဲ့ဖုန်းတစ်ခုပါ။

I means Everything is On Point!

#1 Practically, အသုံးမဝင်ဘူးလို့ ယူဆထားတဲ့ Curved Display မပါဘူး။
#2 18.5:9 Display က ၂၀၁၈ အတွက်ထုတ်ထားတယ်ဆိုတာကို သက်သေခံနေတယ်။
#3 ဖုန်း Size က စမတ်ဖုန်းအားလုံးရဲ့ Ideal Size လို့ ပြောလို့ရလောက်အောင် One Hand Usage မှာ မတရားကောင်းနေတယ်။
#4 Minimal ဖြစ်ပြီးတော့ အထူးသဖြင့် အနက်ရောင်က ဟိုအရင်က ကျွန်တော်တို့ သဘောကျခဲ့တဲ့ Sony ဖုန်းတွေလို - ဒါပေမယ့် ပိုကောင်းတယ်။
#5 ပထမဆုံးအနေနဲ့ တတိယအကြိမ်ကြိုးစားမှုအပြီးမှာ ဖုန်းနောက်က Fingerprint Sensor က နေရာမှန်ပြန်ရောက်သွားပြီ။
#6 172g က ဒီအရွယ်ဖုန်းအတွက် တော်တော်လေးပါတယ် - ဒါပေမယ့် Weight Distribution တော်တော်ချီးကျူးဖို့ကောင်းပြီး လေးတာက ကိုင်လို့ကောင်းနေပါတယ်။ (စီးစီးပိုင်ပိုင်လေးနဲ့ :3)

Samsung Galaxy A8 (2018) ရဲ့ Design ကို အပြစ်ရှာပါဆိုရင် ပြောရခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အမြင်အရရော လက်ကကိုင်ကြည့်တဲ့ Hand-On Feel အရရော Samsung က ငါ့ကိုကိုင်လိုက်တာနဲ့ ဝယ်ချင်အောင်လုပ်နေကြတာပါ။ အဲ့ဒီတော့ ကျွန်တော်တို့ တွေ့မိတဲ့အချို့အချက်တွေပဲပြောပြီး နောက်တစ်ခုသွားပါမယ်။

အရင်ဆုံး Buttons တွေပါ - လက်တဖက်ထဲနဲ့ ကိုင်တဲ့အချိန်မှာ Samsung Galaxy A8 ဖုန်းကို Volume အတိုးအကျယ်လုပ်ဖို့ မလွယ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ပုံမှန် ကျွန်တော်တို့ လက်မက ဖုန်းရဲ့ ညာဘက် Power Button နေရာမှာရှိနေတယ်၊ အဲ့ဒီအတွက် Volume Key က ဆန့်ကျင်ဘက် ကျွန်တော်တို့ လက်ညိုး ဒါမှမဟုတ် လက်ခလည်ရှိနေတဲ့နေရာမှာရှိရမှာပါ။ အခုက အပေါ်ကိုတော်တော်ရောက်နေတော့ အဆင်မပြေပါဘူး။

နောက် Button တစ်ခုက Power Button ပါ - နှိပ်ရတဲ့ Feedback က Volume Keys နဲ့ သိပ်မတူပါဘူး။ ဆက်ကနဲ့ ဆက်ကနဲ အမြန်ဆက်တိုက်နှိပ်ကြည့်ရင် ပိုသိသာတယ်။ ဘာကြောင့်မှန်းမသိ။

အဲ့တော့ ဒီဇိုင်းပိုင်းက ရုပ်ဆိုးတယ်လို့ ထင်တဲ့သူရှိကောင်းရှိမယ် - ဒါပေမယ့် ကျွန်တော်တို့အမြင်ကတော့ Design က Premium ဖြစ်တယ် (ပေးရတဲ့ဈေးထက်ပိုကောင်းတယ်) ၊ Hand-on Feeling က Perfect နီးနီးပါ၊ ပြီးတော့ ဘာပဲပြောပြော အခုနောက်ပိုင်း ဖုန်းတွေရဲ့ ကင်မရာထွက်နေတာမရှိတာကလည်း မဆိုးတဲ့အချက်ပါ။

Tech Gadget's Rating : 4.5 out of 5 Stars (We are just saving 0.5 Star for better designed S9)

#Performance

Tech Gadget တော့ ဒီဇိုင်းအကောင်းပြောပြီးတာနဲ့ Performance နဲ့ ပြန်ရိုက်ချတော့မယ် :3

Samsung Galaxy A8 (2018) က Exynos CPU အသစ် 7885 ကို သုံးထားတာပါ။ RAM ကတော့ 4GB ဆိုတော့ ပုံမှန်အဆင့်ရှိတယ်ပေါ့။ Exynos 7885 ရဲ့ စွမ်းဆောင်ရည်ကရော?

အမှန်အတိုင်းပြောရင် Snapdragon 660 လောက်ကို မျှော်လင့်ထားတာပါ၊ ဒါပေမယ့် Antutu 84k လောက်ဆိုတာက မမှီသလို SD 625 တွေနဲ့ Mid Range CPU အသစ် SD 630 ထက်ပဲ နည်းနည်းပိုများတာပါ။

ဒါပေမယ့် Benchmarks တွေက အရာအားလုံးမဟုတ်တော့ တကယ်စမ်းသုံးကြည့်မိပါတယ်။ အဲ့လောက် အကောင်းကြီး အမြန်ကြီးမဟုတ်တာမှန်ပါတယ် - အထူးသဖြင့် OnePlus 5T နဲ့ ယှဉ်သုံးတဲ့အချိန်မှာ 5T ကိုဘယ်လောက်ပဲ App တွေ Run Run အဆင်ပြေတယ်ဆိုတာက ယုံကြည်နေရပြီးတော့ A8 မှာတော့ App နည်းနည်းများသွားတာတို့၊ ဂိမ်း ၃ ၄ ခုဆော့လိုက်ရင် Resume ပြန်မရတော့တာက သိသာပါတယ်။ ဒါပေမယ့် SD 835 နဲ့ Exynos 7885 ဆိုတာက ၂ ဆလောက်ကွာနေတော့လည်း အပြစ်ပြောလို့မရ

ဒါပေမယ့် ကျွန်တော်တို့ Vain Glory ကို High Setting နဲ့ ကောင်းကောင်းဆော့လို့ရတယ်၊ Samsung ရဲ့ Navigation Bars မှာ ထပ်ထည့်ထားတဲ့ Game Booster Features တွေနဲ့ ကိုင်လို့ကောင်းတဲ့ Build Quality က ကျွန်တော်တို့ကို Vain Glory များများဆော့ဖို့ တိုက်တွန်းနေသလိုပါပဲ။

ဒါပေမယ့် ကျွန်တော်တို့ ဆော့လို့မရခဲ့ပါဘူး။ အဲ့ဒါက ကျွန်တော်တို့ မထင်ထားမိတဲ့ Galaxy A8 ရဲ့ အကြီးမားဆုံးအပြစ်ဖြစ်လာတာပါ။

အဲ့ဒါဘာလဲဆိုရင် A8 ရဲ့ အပေါ်ဘက်ထပ်ပိုင်းမှာ Antenna တွေကို ဘယ်လိုမျိုးလုပ်ထားလဲတော့မသိပေမယ့် တော်တော်ညံ့ပါတယ်။ ကျွန်တော်တို့ ဖုန်းကို ဂိမ်းဆော့တဲ့အချိန်၊ Video ကြည့်တဲ့အချိန်မျိုးမှာ အဲ့ဒီဖုန်းရဲ့ အပေါ်ပိုင်းကို လက်နဲ့ သေချာဆုပ်ပြီးကိုင်ထားလိုက်ရင် Network Signal ပျောက်သွားတယ်၊ အရမ်းလိုင်းကောင်းနေတယ်ဆိုရင်တောင် သိသိသာသာလိုင်းကျသွားပါတယ်။

Yes, both on Wi-Fi and SIM Network ပါ။ အစက Wi-Fi နဲ့ Vain Glory ဆော့နေတုန်းမှာ Wi-Fi Signal ပါ တစ်တုံးမှမမိတော့ပဲ Lag တွေဖြစ်နေလို့ ကိုယ့် Router တောင် Restart တွေဘာတွေချ၊ 5T တို့နဲ့ စမ်းတော့ မဖြစ်လို့ ထူးဆန်းပြီး လိုက်ရှာတော့မှ အခုကိစ္စကိုတွေ့တာပါ။ အခြား ဘယ် Review မှပြောမှာမဟုတ်ပါဘူး၊ ဒါပေမယ့် ဒါက Tech Gadget အနေနဲ့တော့ 100000000% Thumb DOWN! ကိစ္စပါ။

မယုံရင်လည်း Galaxy A8 ကို Wi-Fi ချိတ်ပြီးတော့ ဖုန်းရဲ့အပေါ်ပိုင်းကို လက်နဲ့ အုပ်ကြည့်ပါ - Router Connection အရမ်း Strong ဖြစ်နေရင်တောင် Network က ၂ တုံးလောက်လျော့ပါတယ်။ ဒါက SIM Card နဲ့လည်း ဒီအတိုင်းနီးပါး ပါပဲ။

ဒါပေမယ့် ဒါကြောင့် Review ကိုရပ်လို့လည်း မဖြစ်တော့ ဖုန်းကို ဖွဖွလေးကိုင်ပြီး Vain Glory ဆော့တဲ့အကျင့်ကို A8 မှာစပြီး လုပ်ဖြစ်ခဲ့ပါတယ်။ VG မှာ High Setting နဲ့ဆော့လို့ရပေမယ့် NFS : No Limits မှာတော့ Graphic က Flagship တွေလောက်တော့မကောင်းသေးပါဘူး။

Game ဆော့နေတဲ့အချိန်၊ LTE မှာတော့ Heat ရှိပါတယ်။ ဒါပေမယ့် သိသိသာသာမဆော့နိုင်လောက်အောင် ပူတာမျိုးမဟုတ်ပါဘူး။ နောက်ပြီးတော့ ပုံမှန် Facebook, Web Browsing မှာလည်း အဲ့လောက် Heat မရှိပါဘူး။

အဲ့တော့ Performance မှာတော့ Benchmark အရနည်းတယ်ဆိုပေမယ့် တကယ်တမ်းသုံးတဲ့အချိန်မှာ ယှဉ်သုံးနေတာမဟုတ်ရင် မဆိုးဘူးလို့ပြောလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ ဒါပေမယ့် Antenna Issue ကတော့ Galaxy A8 ကို Fail စေတဲ့ တစ်ခုထဲသောအကြောင်းပြချက်ပါ။

Tech Gadget's Rating : 3.5 out of 5 Stars but 1 Stars taken for Antenna issue, So 2.5 out of 5 Stars

#Display

Samsung ရဲ့ AMOLED Display တွေကတော့ ပြောစရာသိပ်မလိုပါဘူး။ 5.6" Non-Curved FHD+ 18.5:9 Display က သဘောကျစရာ အပြစ်ပြောစရာမရှိတဲ့ ကောင်းတဲ့ Display တစ်ခုပါ။ Maybe, တခြား Mid Range ဖုန်းတွေထက်တော့ ပိုကောင်းတဲ့ Display ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက်ကတော့ FHD+ Panel မှာ OnePlus 5T ကို မှီတဲ့အဆင့်ကို မရောက်သေးဘူးပဲ ပြောရမှာပါ။

Yep, Display က ဒါပါပဲ။ Wow ဖြစ်မှာမဟုတ်သလို စိတ်ပျက်မှာလည်းမဟုတ်ပါဘူး။

Tech Gadget's Rating : 3.5 out of 5 Stars (Decent Panel)

#Camera

Samsung Galaxy A8 (2018) ဖုန်းက ဒီနေရာမှာ လူတုန်းစားခွဲခြားတာစပါတယ်။

အခုအချိန်အထိပြောရရင် A8 ကို သဘောကျပေမယ့် ဖုန်းရဲ့ Selfie Camera ကိုရှိတယ်လို့တောင် သဘောမထားတတ်တဲ့ ကျွန်တော်တို့အတွက် Dual Selfie Camera နဲ့ Live Focus Mode in Selfie ဆိုတာက ရယ်စရာပါ။ တစ်ခါတလေ ငါ ဒီဖုန်းကို ၆ သိန်းလောက်ပေးပြီးတော့ Portrait ကောင်းကောင်းတောင်ရိုက်လို့မရပါလားဆိုတဲ့ အတွေးဝင်ဝင်လာတာက တော်တော်ဆိုးတဲ့အချက်ပါ။

မဆိုးတာပဲပြောင်းပြောတာပေါ့။ ကျွန်တော်တို့ Dual Selfie Camera ကို Selfie မရိုက်တဲ့အတွက် မကြိုက်ပါဘူး။ ဒါပေမယ့် Selfie တွေက Samsung ဖုန်းတွေထဲမှာ Flagship တွေထက်တောင်ကောင်းတယ်တောင် ပြောလို့ရပါတယ်။ Front Selfie Camera ၂ ခုစလုံးက f 1.9 Aperture, 16MP နဲ့ 8MP...တော်တော်ကို ကောင်းပါတယ် - အဲ့ဒါက ဒီဖုန်း Review လုပ်နေတဲ့အချိန်မှာ ဘေးကသူတွေ Selfie ရိုက်ချင်တိုင်း A8 ကို ယူရိုက်တဲ့အထိကို ဖြစ်ကုန်တာပါ။

ဒါပေမယ့် Back Camera ကရော? 16MP Aperture f1.7... Daytime Shots တွေမှာ Dynamic Range အားမရတာကလွဲရင် ကောင်းတယ်လို့ ပြောလို့ရတဲ့ ကင်မရာပါ။ Low Light မှာလည်း ပေးရတဲ့ဈေးထက်တောင် တခါတလေပိုကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အလင်းရောင် မီးတွေရိုက်တဲ့အချိန်မှာ သဘာဝအတိုင်းအရောင်မထွက်လာတာကတော့ သိပ်မကြိုက်မိ။

Software ကတော့ အရမ်းအကောင်းကြီးလည်းမဟုတ်၊ အဆိုးကြီးလည်းမဟုတ် - Auto Mode နဲ့ရိုက်တဲ့သူတွေ၊ Filter နဲ့ Mode တွေပဲ ရွေးရိုက်တတ်တဲ့သူတွေအတွက်ဖုန်းပါ။ Not for Pro Manual control.

အဲ့တော့ Galaxy A8 က Selfie တော်တော်ကောင်းတယ်၊ Back Camera Portrait မပါတာက Pain in the A** ပေမယ့် ဒီအတိုင်းရိုက်တဲ့ပုံတွေကလည်း OnePlus 5T နဲ့ယှဉ်လို့ရပါတယ်။ ဒါပေမယ့် သိထားသင့်တာက 5T ကိုလည်း ကျွန်တော်တို့ ကောင်းတယ်ကလွဲရင် အခုအချိန်မှာ အခြား High End ဖုန်း ကင်မရာတွေနဲ့ ယှဉ်လို့မရတော့တဲ့ ကင်မရာတစ်ခုလို့ ပြောခဲ့တာ သတိရပါ။ အဆုံးသတ်ရင် Back Camera Portrait မရပေမယ့် ပေးရတဲ့ဈေးနဲ့ အခုအချက်ကို Compromise လုပ်နိုင်ရင်တော့ တန်တဲ့ Camera Performance ပါ။

Tech Gadget's Rating : 4 out of 5 Stars (Decent Back Camera, V. Good Selfie)

ကဲ... ရပ်ကြတာပေါ့။ :P

ကျန်တဲ့အချက်တွေပြောသွားပါမယ်။

#Battery

Samsung Galaxy A8 (2018) ရဲ့ 3000mAh Battery က တော်တော်လေးကို မဆိုးတဲ့ထဲပါပါတယ်။ Vain Glory လို ဂိမ်းမျိုး နာရီဝက်လောက် 60% Brightness နဲ့ SIM LTE နဲ့ဆော့တာတောင် 10/11% လောက်ပဲလျော့တယ်။ ကျန်တဲ့ ဂိမ်းတွေက တနာရီကို 15/18% လောက်နဲ့ Web Browsing ကလည်း 15% လောက်ပဲ လျော့တော့ မဆိုးဘူးလို့ ပြောလို့ရပါတယ်။

Samsung Galaxy A8 (2018) မှာတော့ Fast Charging ပါလာပါတယ်။ အရမ်းအမြန်ကြီးမဟုတ်ပေမယ့် ၁ နာရီခွဲကနေ ၂ နာရီအတွင်းဆိုတော့ သိပ်တော့မဆိုးလှပါဘူး။

#Audio

Samsung ရဲ့ Trend တစ်ခုဖြစ်လာတဲ့ ဘေးဘက် Power Button အပေါ်မှာရှိတဲ့ Speaker က မကြိုက်တဲ့အထဲမှာပါပါတယ်။ အသံက ဒီထက်ကျယ်ပြီး ဒီထက်ကောင်းသင့်ပါတယ်။ ဒါပေမယ့် နေရာကတော့ ဒီဇိုင်းအရမကြိုက်ပေမယ့် အသုံးပြုတဲ့နေရာမှာတော့ အဆင်ပြေပါတယ်။

3.5mm Audio ကလည်း သာမန်အဆင့်ပါပဲ။ သိသိသာသာကောင်းနေတာမျိုးမရှိပါဘူး။

#Others

ကျန်တဲ့မကြိုက်တဲ့အချက်ပြောပါဆိုရင်တော့ ငွေ ၆ သိန်းလောက်နဲ့ရောင်းနေပြီးတော့ Storage က 32GB ပဲဖြစ်နေတာကတော့ မဖြစ်သင့်တဲ့အချက်တစ်ခုပါ။ Dual SIM အပြင် MicroSD စိုက်လို့ရတာ သဘောကျပေမယ့် MicroSD Card တွေက ဒီအချိန်မှာ တခါတလေ Data ယူဖို့လောက်ကလွဲပြီး Primary Storage အနေနဲ့ သုံးဖို့က Reliable မဖြစ်တော့သလို Internal Storage ထက်လည်း မတရားနှေးနေပါပြီ။

Video 4K မရတာကလည်း Spec ပဲ ထိုင်ကြည့်ပြီး ဆုံးဖြတ်တတ်တဲ့သူတွေအတွက် အပြစ်ပေမယ့် ကျွန်တော်တို့အတွက် အဲ့လောက်တော့မဟုတ်၊ USB-C, Bluetooth 5.0... ဒါတွေက ပြောင်းသွားတာတွေ။ :3

Bixby Home ပါတယ် - Bixby Assistant တော့မဟုတ်သေး။ Fingerprint အပြင် Face Unlock ပါပေမယ့် 5T လောက်တော့မမြန်။ Always On Display ပါတယ်။ မကြိုက်တာနောက်တစ်ခုက Samsung Galaxy S8 နဲ့ Note 8 လို့ Virtual Home Key ပုံစံကို Always On Display မှာထည့်ပေးထားပေမယ့် Haptic Feedback မရှိတဲ့အပြင် Double Tap နဲ့ Screen ကိုဖွင့်ဖို့က တခြားနေရာကို နှိပ်လို့မရပဲ အဲ့ဒီ Home Key အတုကို သွားပြီး Double Tap လုပ်မှရတာကတော့ စိတ်ပျက်စရာ...

အဲ့ဒီတော့ အဆုံးသတ်တာပေါ့။ Samsung Galaxy A8 (2018) က စွမ်းဆောင်ရည်က Mid Range အဆင့်၊ Camera သာမန်၊ Display သာမန်၊ Battery သာမန် အဆင့်ဖုန်းတစ်ခုပါ။ ဒါပေမယ့် ကျွန်တော်တို့ သဘောကျမိတာက Mid Range ဖြစ်နေလို့ တနေရာမှာ အားနည်းနေတာမျိုးမရှိပဲ အကုန်လုံး အဆင်ပြေပြေသုံးလို့ရနေတာပါ။

ဘာပဲဖြစ်ဖြစ် ဂိမ်းကောင်းကောင်းဆော့လို့ရတယ်၊ ကင်မရာလည်း မဆိုးဘူး၊ Battery နဲ့ ကျန်တာတွေလည်း ဒီအတိုင်းပါပဲ။

ဒါပေမယ့် ဘာလို့ OnePlus 5T ထက်တောင် သုံးနေမိလဲဆိုရင် Hand Feeling က တော်တော်လေးကို ကောင်းတယ်၊ 5T ရဲ့ Build Quality နဲ့ ယှဉ်တာမျိုးမဟုတ်ပဲနဲ့ Screen Size နဲ့ Design ကြောင့် လက်ထဲမှာ ပိုပြီးကိုင်နေရတာအဆင်ပြေနေသလိုမျိုးပါ။ နောက်ပြီး IP 68 Rating ပါတယ် - အသုံးဝင်သလားဆိုတော့ လောလောဆယ် တနေ့က မိုးရွာနေတုန်းအပြင်မထွက်ဖြစ်တော့ လောလောဆယ်အထိတော့ ဒီဖုန်းက ရေစိုလည်း ဘာမှမဖြစ်ဘူးဆိုပြီး စိတ်ချရမှုတစ်ခုတိုးလာတာပဲ ရှိပါတယ်။

ဘာရယ်ကြောင့်မှန်းမသိပဲ Samsung Galaxy A8 (2018) က တကယ်လို့ ကျွန်တော်တို့မှာ Apple iPhone တစ်ခုခုကို Primary သုံးနေရပြီးတော့ Secondary Phone အနေနဲ့ ဈေးအများကြီးမပေးပဲ ရွေးရမယ်ဆိုရင် ထိပ်ဆုံးက ပါနေတဲ့ဖုန်းတစ်ခုဖြစ်လာပါတယ်။

မှန်ပါတယ်။ အခု Samsung Galaxy A8 (2018) ရဲ့ IP68 Rating နဲ့ Dual Selfie Camera က ကျွန်တော်တို့အတွက် ဒီဈေးဝန်းကျင်မှာ OnePlus 5T ကိုကျော်ပြီး Recommend ပေးရလောက်အောင် မလုံလောက်ပါဘူး။ ဒါပေမယ့် Samsung Galaxy A8 (2018) ဟာ ၂၀၁၈ မှာ Galaxy S9 အပါအဝင် နောက် Samsung ဖုန်းတွေအကုန်လုံးအပေါ် အရင်ကနဲ့ မတူတဲ့ မျှော်လင့်ချက်တစ်ခုဖြစ်လာစေတဲ့ဖုန်းတစ်ခုပါ။



Yes, we like this phone but still not recommending it over other cheap and better ones.

Thanks for Reading. 

Credit :TechGadgetMM

No comments: