Wednesday, January 3, 2018

စားသောက်ဆိုင်တစ်ခုကို ရွေးချယ်စားသုံးနည်း စ- လည်- ဆုံး လမ်းညွှန် [How To]



အိမ်မှာ ချက်စားသလို အပြင်ဆိုင်တွေဟာလည်း ရွေးချယ်မှုတစ်ခုပါ။ နေ့စဉ်ကြုံတွေ့နေရတဲ့ လူနေမှုဘ၀များ ကျန်းမာရေးနဲ့ ညီပြီး စားကောင်း၊ ခံတွင်းမြိန်၊ အာသီသပြည့်စေမယ့် နည်းလမ်းတွေကို ပြည့်ပြည့်စုံစုံ ပြောပြပါရစေ။

၁။ ‘ဘာအစားအစာကို စားချင်တာလဲ ရွေးချယ်ရန်’
၂၀၁၇ ခုနှစ်ရဲ့ ခေတ်စားတာကတော့ မာလာရှမ်းကော၊ ဟော့ပေါ့၊ အကင်၊ ဘူဖေးတွေပါ။ ကိုယ်တိုင်စိတ်တိုင်းကျ ရွေးချယ်ပြီး သုံးဆောင်နိုင်တဲ့ အစားအစာတွေပေါ့။ ဒါပေမယ့် လူတိုင်း လူတိုင်း ရွေးချယ်မှုမတူညီကြဘူးဗျ။ တရုတ်၊ ကိုရီးယား၊ စင်ကာပူ၊ မလေး၊ ထိုင်း၊ ရှမ်း၊ ကချင်၊ အိန္ဒိယ စတဲ့ အစားအသောက် ပုံစံအမျိုးအစားများစွာကို ကိုယ့်စိတ်တိုင်းကျ စိတ်ကူးနဲ့ အရင် အရသာခံကြည့်ပါ။ “ငါ စားချင်နေတာ ဘာအစားအသောက်လဲ။ ချစ်တီးထမင်းကို ပဲကုလားဟင်းလေးနဲ့ စားလိုက်ရရင်ဖြင့်” ဒီလိုလေးတွေပေါ့ဗျာ။

၂။ ‘ဆိုင်တစ်ဆိုင်ကို ဘယ်လိုရွေးချယ်မလဲ’
ကိုယ်က စားသောက်ဆိုင်ကို ရွေးချယ်ရင် စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။ ကိုယ့်မိတ်ဆွေတွေကို ဖုန်းဆက်မေးတာပဲ ဖြစ်ဖြစ်၊ အွန်လိုင်းကနေ မွှေနှောက်ပြီး ရှာဖွေတာပဲ ဖြစ်ဖြစ် လုပ်ကြည့်ပါ။ ဖြစ်နိုင်ရင် ဆိုင်တွေရဲ့ စာမျက်နှာတွေက ကြော်ငြာတွေမျိုးထက် စားသုံးသူတွေ ရေးထားတဲ့ Comment တွေ Reviewတွေ Feedbacksတွေကို စေ့စေ့စပ်စပ်လေ့လာပြီး ပြန်လည်သုံးသပ်ဖို့ မမေ့ပါနဲ့။ ဒီတော့ဗျာ ကြော်ငြာထက် သူများတွေ ကြုံခဲ့တာတွေ ရေးထားတာ လိုက်ဖတ်ပါ။ ဂျင်းရှောင်ပြီးသား ဖြစ်တာပေါ့။

၃။ ‘ကျန်းမာရေး သတိအမြဲရှိရန်’
အရမ်းအရေးကြီးတာက အချိုမှုန့်ပါ။ တတ်နိုင်သရွေ့ ရှောင်စေချင်ပါတယ်။ အသုပ်ဆိုင်တွေ မြန်မာဆိုင်တွေမှာ ယခုတိုင် တွင်ကျယ်စွာ သုံးနေကြစဲပါ။ ကိုယ်ကြိုက်တဲ့ အစားအသောက်ကို မစားခင် အချိုမှုန့် မထည့်ဖို့ အမြဲမှာပါ။ နောက်ပိုင်း ဆီနဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေကိုလည်း တွေ့လာရမှာပါ။ အချိုမှုန့်ရှောင်ပြီး ဆီကိုလည်း နေကြာဆီ၊ ဟင်းရွက်ဆီ၊ ရွာက ကိုယ်တိုင်လုပ်တဲ့ ဆုံဆီတွေကို အသားပေးဖော်ပြထားတဲ့ စားသောက်ဆိုင်ကြီးတွေကို ရှာဖွေစားသောက်ပါ။ စားသောက်ဆိုင်တွေဘက်ကလည်း စားသုံးသူတွေအတွက် အဆင်ပြေအောင် ရွေးချယ်ပြီးထင်သာ မြင်သာတဲ့ နေရာမှာ ဆိုင်းပုဒ်တွေ ချိတ်ထားသင့်ပါတယ်။

နေရာထိုင်ခင်းရွေးချယ်တတ်ရန်
၎။ ‘နေရာထိုင်ခင်းရွေးချယ်ခြင်း’
ကိုယ်တိုင်တစ်ယောက်ထဲ သွားစားတော့မယ်ဆို အစားကို ဦးစားပေးမှာလား။ အေးချမ်းစိတ်ငြိမ်မှုကို ဦးစားပေးမှာလား စဉ်းစားပါ။ မိသားစုတွေ မိတ်ဆွေအပေါင်းသင်းတွေနဲ့ တူတူသွားတဲ့ အချိန် နေရာကျယ်ဝန်းဖို့ရယ် သက်တောင့်သက်သာနဲ့ အစားကောင်းကောင်းစားပြီး စကားအေးဆေးပြောလို့ရတဲ့ နေရာတွေ ရွေးချယ်သင့်ပါတယ်။ သင့်မှာ ကိုယ်ပိုင်ကားပါလာပြီဆို ကားရပ်လို့ အဆင်ပြေတဲ့ အချက်ကို အမြဲ ထည့်သွင်းစဉ်းစားပါ။

မီနူးရွေးချယ်တတ်ရန်
၅။ ‘မီနူးမှာယူခြင်း မမှားစေဖို့ နည်းလမ်းကောင်း’
ကိုယ်တိုင်သွားစားလို့ Set Menu ရှိတယ်ဆို အဆင်ပြေပါတယ်။ Set Menu မရှိတဲ့အပြင် လူအများနဲ့ ၀ိုင်းဖွဲစားသောက်ရင်၊ ပွဲတွေ ကျင်းပရင် မှာယူဖို့ နည်းလမ်းကောင်းတွေ ပြောပြပါရစေ။ ဟင်းပွဲတွေကို သုံးသပ်တဲ့အခါ အစဉ်လိုက်ဖြစ်ဖို့ အရေးကြီးပါတယ်။

- Appetizer လို့ ခေါ်တဲ့ ခံတွင်းရှင်းပေါ့ပေါ့ပါးပါးစားစရာ
- Main Dish လို့ခေါ်တဲ့ အဓိက ဟင်းအမယ်အကြီး၊ အဓိကဟင်းလျာပေါ့ဗျာ
- Side Dish လို့ခေါ်တဲ့ အရံဟင်းပွဲ
- Salad လို့ခေါ်တဲ့ အသုပ်မျိုးစုံ
- Soup လို့ခေါ်တဲ့ ဟင်းရည်
နောက်ဆုံးမှာ အချိုပွဲနှင့် အအေး မှာယူရန်
ဒါတွေက တစ်ခုပြီး တစ်ခု အစဉ်လိုက် မှာယူပြီး မရှိမဖြစ်ပါသင့်တာတွေပါ။

အရသာအတွဲအစပ်အတွက် ချို၊ ချဉ်၊ စပ်၊ ဖန်၊ ခါး စတဲ့ အရသာတွေကို လိုက်လျောညီထွေဖြစ်အောင် ဟင်းအမယ် မထပ်ရလေအောင် ချင့်ချိန်သုံးသပ်ကြည့်ပါ။

အဆင့်သက်မှတ်ချက်ပေးပါရန်
၆။ ‘၀န်ဆောင်မှု၊ သန့်ရှင်းမှု၊ ဈေးသင့်မသင့်ကို မမြဲကြည့်ပြီး ချီးကျူးသင့် ချီးကျူးရန်၊ ဝေဖန်သင့် ဝေဖန်အကြံပြုရန်’
ဆိုင်တစ်ဆိုင်ရဲ့အသက်က ၀န်ဆောင်မှုနဲ့ သန့်ရှင်းမှုပါ။ ဈေးနှုန်းဆိုတာကတော့ စိတ်ကြိုက်စားသုံးသူ ရွေးချယ်နိုင်တဲ့ အရာပါ။ ဒီတော့ ကိုယ်သွားစားတဲ့ ဆိုင်တစ်ခုက ၀န်ဆောင်မှုကို ကြိုက်ပြီး သန့်ရှင်းမှုပါ စိတ်တိုင်းကျနေရင် ချီးကျူးပြီး ကိုယ့်အနီးနားကသူတွေသိအောင် မျှဝေလိုက်ပါ။ တစ်ခုခုအဆင်မပြေတာ ကြုံလာခဲ့ရင် အွန်လိုင်းမှာ တင်ပြီး အပြစ်ရှာဖို့ထက် ဆိုင်က လူတွေကို ခေါ်ပြီး အားရပါးရဝေဖန်အကြံပေးစေချင်ပါတယ်။ လူတိုင်းက အင်တာနက်သုံးလာကျသလို လူတိုင်းက စားသောက်ဆိုင်တွေ ဖွင့်လာကြပါပြီ။ အပြန်အလှန် ညှိနိုင်းကြိုးစားကြပါ။

၇။ ‘Tip ပေးကြည့်ပါ။’
မြန်မာအယူအဆမှာ ဒီဓလေ့က သိပ် ခေတ်မစားသေးဘူးဗျ။ ကိုယ်က အရာအားလုံးစိတ်တိုင်းကျတဲ့အပြင် ဆိုင်ရဲ့ ၀န်ဆောင်မှုက အရမ်းနွေးထွေးတာတွေကို ကြုံတွေ့ရပါလိမ့်မယ်။ ဘောက်ဆူးပေးဖို့ မမေ့ပါနဲ့နော်။ အခြွေအရံဆိုတဲ့ စကားအတိုင်း ခြွေပါ။ ဝိုင်းရံလာပါလိမ့်မယ်။ အများကြီးတော့ မလုပ်နဲ့ပေါ့။

Akhayar ကနေ တစ်နှစ်အတွင်း ဖြတ်သန်းစားသောက်လာရင်း အပေါ်ကအတိုင်းမလုပ်ခဲ့ပါ အမှားတွေ ကြုံခဲ့တဲ့ သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။ တကယ့်အသုံးဝင်မယ့် နည်းလမ်းကောင်းတွေ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်ဗျ။

ရကောက် – Akhayar

www.akhayar.com

No comments: