တစ်ခါတုန်းက အဍ္ဎကာသိလို့ အမည်ရတဲ့ ထေရီမတစ်ပါးရှိခဲ့ဖူးပါတယ်။ ထေရီမက ဘုရားနှစ်ဆူနဲ့ အဓိက ဆက်စပ်နေပါတယ်။ အဍ္ဎကာသိဟာ ကဿပဘုရားရှင် လက်ထက်တော် ကလည်း ဘိက္ခုနီမလေးတစ်ပါးပါပဲ။ ဘိက္ခုနီမလေးဟာ သီလလည်း စောင့်ထိန်းတယ်။ ဣနြေ္ဒငါးပါးကိုလည်း စောင့်စည်းတယ်။ အစားအစာကိုလည်း အတိုင်းအရှည်သိပြီး စားတယ်။ နိုးနိုးကြားကြားလည်း ရှိတယ်။ ဝိပဿနာတရားကိုလည်း ပွားများအားထုတ်ပါတယ်။ ဘိက္ခုနီမတစ်ပါးမှာ ရှိရမယ့်ဂုဏ် အားလုံး ရှိနေပါတယ်။ သောတာပန်၊ သကဒါဂါမ်စသည်တွေတော့ မဖြစ်သေးပါဘူး။ ဒါပေမဲ့ တစ်နေ့မှာတော့ အရဟတ္တမဂ် အရဟတ္တဖိုလ်ရရှိပြီး ရဟန္တာမထေရီတစ်ပါးကို စိတ်ဆိုးပြီး "ပြည့်တန်ဆာမ"လို့ ဆဲရေးလိုက်ပါတယ်။ အဲဒီ အကုသိုလ်ကံကြောင့်ပဲ အပါယ်ငရဲကို ကျရောက်သွားရပါတယ်။
ဂေါတမဘုရားရှင်လက်ထက်ရောက်တော့ ပြုခဲ့တဲ့ကုသိုလ်ကံတွေကြောင့် သူဌေးသမီးဖြစ်ရပါတယ်။ ရုပ်ရည်လည်း အလွန်လှပါတယ်။ ဒါပေမဲ့ "ပြည့်တန်ဆာမ"လို့ ဆဲရေးခဲ့တဲ့ အကုသိုလ်ကံကြွေးကြောင့် ဘုရင်၊ မင်းညီမင်းသား၊ မှူးကြီးမတ်ကြီး၊ သူဌေးသူကြွယ်တွေရဲ့ ထောက်ခံမှုနဲ့ ပြည့်တန်ဆာမအဖြစ် ရွေးချယ်ခံရပါတယ်။ တစ်ရက်တာ နေ့ညပျော်ပါးမှုအတွက် အသပြာ တစ်ထောင်သတ်မှတ်ပါတယ်။ အဲဒီခေတ်က ဈေးတော်တော် မြင့်သလို လူတိုင်း မသွားနိုင်ဘူးလို့ ဆိုပါတယ်။ နောက်ပိုင်းကာလ ကြာလာတဲ့အခါမှာတော့ တစ်နေ့တစ်ညဥ့် တစ်ရက်တာလုံး တစ်ထောင်မပေးနိုင်တော့တဲ့အတွက် ညမပါ နေ့ပိုင်းမှာပဲ ငါးရာနှုန်းနဲ့ ပျော်ပါးပါတယ်။ ဒါကြောင့် အဍ္ဎကာသိလို့ နာမည်တွင် သွားပါတယ်။ အဍ္ဎကာသိဆိုတာ တစ်ထောင်ထက်ဝက် ငါးရာထိုက်တန်သောသူလို့ အဓိပ္ပါယ်ရပါတယ်။
အကုသိုလ်ကံကြွေးကြောင့် ပြည့်တန်ဆာမ ဖြစ်နေပေမယ့် အတိတ်ပါရမီတွေကြောင့် တရားသဘောလေးတွေကို တွေးဆဆင်ခြင်နေပါတယ်။ တစ်နေ့မှာတော့ အဍ္ဎကာသိဟာ ဘိက္ခုနီမ ကျောင်းသွားပြီး သာမဏေမ ရှင်ပြုလိုက်ပါတယ်။ ပြီးတော့ မြတ်စွာဘုရားထံမှာ ရဟန်းပြုမယ်လို့တွေးပြီး မြတ်စွာဘုရားရှိရာ သာဝတ္ထိပြည်ကို သွားဖို့ စီစဉ်ပါတယ်။
သေသောက်ကြူး၊ မိန်းမကြူးတွေက ဒီသတင်းကို ကြားသွားပါတယ်။ ဒါကြောင့် သာဝတ္ထိ ပြည်ကို သွားရာလမ်း တစ်နေရာက စောင့်နေပါတယ်။ အဍ္ဎကာသိသာမဏေမကလည်း သေသောက်ကြူးတွေ လမ်းကစောင့်နေတဲ့သတင်း ထပ်ကြားရပြန်ပါတယ်။ ဒီတော့ မသွားရဲတော့ပါဘူး။
အဍ္ဎကာသိက သူကြုံတွေ့နေရတဲ့ အခက်အခဲကို မြတ်စွာဘုရားဆီ တမန်စေလွှတ်ပြီး လျှောက်ထားပါတယ်။ ဒီတော့ မြတ်စွာဘုရားရှင်က ''ရဟန်းတို့ တမန်ဖြင့် ရဟန်းပြုပေးရန် ငါဘုရား ခွင့်ပြုတယ်''ဆိုပြီး ဝိနည်းသိက္ခာပုဒ်အသစ် ထုတ်ပြန်ပေး ပါတယ်။
သာဝတ္ထိပြည် ဇေတဝန်ကျောင်းက သံဃာတော်တွေက အဝေးကနေ အဍ္ဎကာသိအတွက် ရဟန်းခံ ကမ္မဝါစာ ရွတ်ဖတ် ပေးကြပါတယ်။ ကမ္မဝါရွတ်မှု ပြီးဆုံးချိန်ဟာ အဍ္ဎကာသိဘိက္ခုနီမ ဖြစ်ချိန်ပါပဲ။ သာသနသမိုင်းမှာ ပထမဆုံးတမန်စေလွှတ်ပြီး ဘိက္ခုနီမဖြစ်ရသူရယ်လို့ သမိုင်းမှတ်တမ်းတင်သွားပါတယ်။
အဍ္ဎကာသိဟာ ဘိက္ခုနီမ ဖြစ်ပြီးတော့ ဝိပဿနာတရားကို ဆက်လက်အားထုတ်လိုက်တာ အရဟတ္တဖိုလ်ရပြီး ရဟန္တာမ ဖြစ်သွားပါတော့တယ်။
( ထေရီအဋ္ဌကထာ၊ နှာ-၃၁)
အဲဒီမှာ အံ့သြမိတာက အဍ္ဎကာသိဟာ သီလ၊ သမာဓိ၊ ပညာနဲ့လည်း ပြည့်စုံတယ်။ ဣနြေ္ဒလည်း စောင့်ထိန်းတယ်။ အစားအသောက်ကိုလည်း အတိုင်းအရှည်ကို သိပြီး စားတယ်။ အထူးသဖြင့် ဝိပဿနာတရားကို ကြိုးကြိုးစားစား အားထုတ်တယ်။ ဒါပေမဲ့ တဒင်္ဂစိတ်ဆိုးပြီး ရဟန္တာထေရီမ တစ်ပါးကို ပြည့်တန်ဆာမလို့ ဆဲမိသွားတာပါ။
တဒင်္ဂစိတ်ဆိုးမှုလေးက ဘဝတစ်ခုကို အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပါတယ်။ မဂ်ဖိုလ်ရမှု နှေးသွားတာ၊ အပါယ်ငရဲကျသွားတာ၊ ဝစီကံအားလျှော်စွာ ပြန်ခံရတာ စသည်တွေက သူ့အတွက်ကြီးမားလွန်းလှပါတယ်။ ကျူးလွန်လိုက်တဲ့ အချိန်ကာလလေးက မိနစ်ပိုင်း စက္ကန့်ပိုင်းပဲ ရှိမှာပါ။ လောကသဘာဝကြောင်းကျိုးဖြစ်စဉ်အရ ပြစ်မှုနဲ့ပြစ်ဒဏ်မမျှဘူးလို့ပြောမယ်ဆိုလည်း ပြောလို့ရပါတယ်။ ဒါပေမဲ့လည်း စောဒက တက်လို့တော့ မရပြန်ပါဘူး။ မျက်မှောက်လောက ဥပဒေနဲ့ ကြည့်မယ်ဆိုရင်လည်း နိုင်ငံတော်အကြီးအကဲတစ်ယောက်ကိုဆဲတာနဲ့ သာမန် အခြေခံလူတန်းစားတစ်ယောက်ကို ဆဲတာနဲ့ အပြစ်ပေးခံရရင် တူမှာတော့ မဟုတ်ပါဘူး။ အဍ္ဎကာသိက အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရပြီး ရဟန္တာထေရီမတစ်ပါးကို သွားဆဲလိုက်လို့ပါ။ သာမန် ကျေးရွာသူ တစ်ယောက်ကို ဆဲမိရင်တော့ အခုလို ကြီးမားတဲ့ အပြစ်ကြီးဖြစ်မှာတော့ မဟုတ်ပါဘူး။
ကိုယ့်ထက် သီလ၊ သမာဓိ၊ ပညာကြီးတဲ့ ဆရာတော် သံဃာတော်တွေကို မပြစ်မှားမိအောင် သတိထားနေတာကတော့ အကောင်းဆုံးပါပဲ။ ပုထုဇဉ်အားလျှော်စွာ ဖြစ်တတ်တဲ့ မကျေနပ်မှုကို မကျေနပ်တဲ့အတိုင်းဘဲထားပြီး ကာယကံမြောက်၊ ဝစီကံမြောက် မကျူးလွန်လိုက်မိဖို့ပါ။ ကျူးလွန်လိုက်ရင် ကိုယ်ပဲရှုံးရတော့တာပါ။ တဒင်္ဂစိတ်ခံစားမှုကို သတိနဲ့ကျော်လွှားလိုက်နိုင်ဖို့ပါ။ တဒင်္ဂဆိုတော့လည်း တဒင်္ဂကာလလောက်ပဲ သည်းခံရတာပါ။ တဒင်္ဂကာလလေး ကျော်သွားတာနဲ့ စိတ်ကလည်း ပြေသွားတာပါပဲ။ နည်းနည်း ကြာသွားရင် ကိုယ့်အလုပ်နဲ့ကိုယ် သတိတောင်မရတော့ပါဘူး။ မေ့သွားတတ်ပါတယ်။ တဒင်္ဂစိတ်ခံစားမှုကို သည်းခံရတဲ့ အချိန်ကာလလေးက သိပ်တော့ကြာမယ်မထင်ပါဘူး။
ဒီနေရာမှာ အဍ္ဎကာသိအနေနဲ့ တောင်းပန်လိုက်ရင်ကောဆိုတဲ့ အတွေးလည်း ဝင်လာပါတယ်။ စာအရဆိုရင်တော့ တောင်းပန်လိုက်ရင် ကျရောက်မယ့် ပြစ်ဒဏ်တွေက တော်တော်ကြီးကို လျှော့သွားမှာပါ။ တောင်းပန်လို့လျှော့နည်းပျောက်ကင်းသွားတဲ့ သာဓကတွေလည်းအများကြီးပါ။ ဒါဆို ဘဝသမိုင်းက တစ်မျိုးပြောင်းသွားနိုင်ပါတယ်။ တစ်ခါတလေကျတော့လည်း မာနတို့ ဒေါသတို့ကလည်း ဘဝတက်လမ်းကို အတားအဆီး တစ်ခု ဖြစ်သွားတာပါ။
တောင်းပန်တာကျတော့ ကိုယ့်ရဲ့ မာနရယ် သတိအသိတရားရယ်က အများကြီး ဆိုင်နေပါတယ်။ မာနတင်းခံနေရင်ပဲဖြစ်ဖြစ် သတိအသိတရား မရှိရင်ဘဲဖြစ်ဖြစ် တောင်းပန်ခြင်းဆိုတာကတော့ ဖြစ်လာမှာမဟုတ်တော့ပါဘူး။ ဒါပေမဲ့လည်း အကုသိုလ်ဝဋ်ကြွေးတွေ ခံရပေမယ့် မဂ်ဖိုလ်ရမှု နှေးသွားပေမယ့် ဖြည့်ခဲ့တဲ့ပါရမီတွေကတော့ အဍ္ဎကာသိအတွက် အလကားဖြစ်မသွားခဲ့ပါဘူး။ နောက်ဆုံး ပြည့်တန်ဆာမဘဝ ရောက်နေတာတောင် တရားအားထုတ်ချင်စိတ်တွေဖြစ်ပြီး တရားတွေအားထုတ်ပြီး အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ရသွားခဲ့ပါတယ်။ ပန်းတိုင်တွေ ပျောက်မသွားခဲ့ပါဘူး။ အရောက်နှေးသွားတာ တစ်ခုပါပဲ။ ဖြည့်ခဲ့တဲ့ပါရမီတွေက အလကား ဖြစ်မသွားတဲ့သာဓကပါ။
ဆဲတာကတော့ အတိတ်အတိတ်ကပါလာတဲ့အထုံဝါသနာကြောင့် ဆဲတာရော၊ တဒင်္ဂ စိတ်ဆိုးလို့ ဆဲတာရော အမျိုးမျိုးရှိတတ်ပါတယ်။ ဘယ်လိုပဲဆဲဆဲ ဆဲရင် ဆိုးကျိုးက တွဲပါနေတတ်ပါတယ်။
မြို့ကြီးတစ်မြို့က လုပ်ငန်းရှင်တစ်ယောက် သူ့ဝန်ထမ်းတွေကို မကြာခဏ ဆဲတတ်ပါသတဲ့။ တစ်နေ့တော့ အလုပ်သမားတစ်ယောက်ကို ဂုဏ်သိက္ခာနဲ့ယှဉ်တဲ့ ဆဲရေးမှု ပြင်းပြင်းထန်ထန် ဆဲလိုက်ပါတယ်။ အလုပ်သမားက တော်တော်လေး နာကြည်းသွားပြီး အကွက်ကောင်းကို တော်တော်ကြာကြာ စောင့်နေပါတယ်။ သူလိုချင်တဲ့နေ့တစ်နေ့ ရောက်တဲ့အခါ မှာတော့ အိမ်ထဲဝင်ပြီး မိသားစုလိုက် ဓားနဲ့ ခုတ်ပါသတဲ့။ နာကြည်းစရာ အဆဲတစ်ခွန်းဟာ လူ့အသက်အထိ ဆိုးကျိုးဖြစ်စေပါတယ်။ သည်းခံတတ်တဲ့သူက သည်းခံတတ်ပေမယ့် သည်းမခံတတ်တဲ့သူ ကျတော့ အသက်အထိ ရန်ရှာဖို့ ဝန်မလေးကြပါဘူး။
မြတ်စွာဘုရားရှင်က ဆဲရေးခြင်း (၁၀)မျိုးကို ဟောပြပေးထားပါတယ်။
၁။ ဇာတိ - အမျိုးဇာတ်အားဖြင့် ဆဲရေးခြင်း။
၂။ နာမ - နာမည်အားဖြင့် ဆဲရေးခြင်း။
၃။ ဂေါတ္တ - အနွယ်အားဖြင့် ဆဲရေးခြင်း။
၎။ ကမ္မ - သူ၏ အလုပ်အကိုင်အားဖြင့် ဆဲရေးခြင်း။
၅။ သိပ္ပ - အတတ်ပညာအားဖြင့် ဆဲရေးခြင်း။
၆။ အာဗာဓ - သူ့မှာရှိသော အနာရောဂါအားဖြင့် ဆဲရေးခြင်း။
၇။ လိင်္ဂ - သူအချိုးကျမကျ အနိမ့်အမြင့် အဖြူအမဲ စသော အသွင်ပုံသဏ္ဌာန်အားဖြင့် ဆဲရေးခြင်း။
၈။ ကိလေသ - သူ့မှာ ဖြစ်တတ်သော လောဘ၊ ဒေါသ၊ ရာဂ၊ တဏှာစသော လောဘကြီးသူ၊ ဒေါသကြီးသူ၊ တဏှာကြီးသူ စသည်ဖြင့် ကိလေသာအားဖြင့် ဆဲရေးခြင်း။
၉။ အာပတ္တိ - သူ့မှာ သင့်သော အပြစ်အာပတ်အားဖြင့် ဆဲရေးခြင်း။
၁ဝ။ အက္ကောသ - မေထုန်နှင့်စပ်၍လည်းကောင်း၊ ယောက်ျားအင်္ဂါဇာတ်၊ မိန်းမအင်္ဂါဇာတ်နှင့်စပ်၍လည်းကောင်း၊ ဟဲ့နွား၊ ဟဲ့ခွေးစသော ယုတ်ညံ့သော စကားဖြင့် ဆဲရေးခြင်း။
ဆဲရေးခြင်း (၁၀)မျိုးထဲက ဒရိုင်ဘာ၊ တဏှာကောင်၊ ငပု၊ ငမဲ၊ ခွေးကောင် စသည်ဖြင့် ဘယ်ပုံစံနဲ့ပဲဆဲဆဲ အဆဲခံရသူက မပျော်ပါဘူး။ တကယ်တမ်းကျတော့ ဆဲသူလည်း မပျော်ပါဘူး။ ဆဲလို့ ပျော်မယ့်သူလည်း ရှိမယ်မထင်ပါဘူး။
ကြမ်းတမ်းတဲ့ မနှစ်မြို့တဲ့ စကားနဲ့ ဆဲရေးလို့ အဆဲခံရသူက တစ်သက်လုံး နာကြည်းသွား နိုင်သလို ''ဝစီဘေဒ ထိတိုင်းရှ'' ''ဝဋ်မှာအမြဲ ငရဲမှာအပ''ဆိုတဲ့ စကားပုံတွေရဲ့ ဖြစ်စဉ် အကျိုးဆက်တွေကလည်းရှိနေပါသေးတယ်။ စကားပုံအတိုင်းဖြစ်နေတဲ့ မျက်မြင်သာဓကတွေလည်း မြင်နေ တွေ့နေရတာဆိုတော့ သတိနဲ့ပဲ သတိထားရတော့မှာပါ။
" "တဏှာကောင် တဏှာကောင်"လို့ ဆဲရေးရင် တစ်ချိန်ချိန်မှာ ကိုယ်ကိုယ်တိုင် တဏှာရဲ့ကျေးကျွန်တစ်ယောက် ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ ဝစီကံရဲ့ အပြစ်တွေက နောင်တစ်ချိန်ချိန်မှာ တစ်နေရာကကြိုနေတတ်ပါတယ်။ ခေါကြီး၊ ပုတက်၊ အဖွားကြီး၊ ထော့ကျိုး စသည်ဖြင့် သူငယ်ချင်းအချင်းချင်း အပြောင်အပျက်ခေါ်ပေမယ့် ဆဲရေးခြင်း (၁၀)မျိုးနဲ့သွားငြိနေတာကိုတော့ သတိထားရပါမယ်။ စေတနာမပါပေမယ့် ခေါ်ခဲ့တဲ့အတိုင်း ကိုယ်လည်းတစ်ချိန်ချိန် ဖြစ်မသွားဘူးလို့ ပြောလို့မရပါဘူး။ ကိုယ့်နှုတ်ကလေးကို သတိနဲ့စောင့်ထိန်းတာတော့ အကောင်းဆုံးပါ။
ထူးထူးခြားခြား တစ်ယောက်ကတော့ ငယ်ငယ်က ဆွေမျိုးတစ်စုက နှိမ်နှိမ်ဆဲပါသတဲ့။ နှိမ်ဆဲတာကို မခံချင်စိတ်နဲ့ အလုပ်ကို ကြိုးစားလိုက်တာ အချိန်ကာလတစ်ခုမှာ ကြီးပွားချမ်းသာသွားပါသတဲ့။ တိုက်တိုက်ဆိုင်ဆိုင် သူ့ကိုနှိမ်ဆဲခဲ့တဲ့ ဆွေမျိုးတစ်စုကလည်းအကြောင်းကြောင်းတွေကြောင့် ငွေကြေးတွေ အားနည်းသွားပါသတဲ့။ အဆဲခံရသူကတော့ နှိမ်ဆဲခဲ့တဲ့ ဆွေမျိုးတစ်စုနဲ့ ခပ်ကင်းကင်းပဲ နေသလို နှိမ်ဆဲခဲ့တဲ့ ဆွေမျိုးတွေက အကူအညီလာတောင်းရင်လည်း တစ်ချိန်က အနှိမ်ခံစကားလုံးတွေနဲ့ ပြန်ကလဲ့စားချေ ပါသတဲ့။
ဆဲတာကို မခံချင်စိတ်နဲ့ ကြိုးစားလို့ ကြီးပွားချမ်းသာသွားတာကတော့ ဝမ်းမြောက်စရာကောင်းပေမယ့် ကိုယ်က ကြီးပွားပြီး တစ်ဖက်က နိမ့်ပါးသွားတဲ့အချိန်အထိ အတိတ်ကအာဃာတတွေ ပါလာတာကျတော့ ဝတ္ထုဇာတ်လမ်းသဘောနဲ့ ပြောရင် ဖတ်ရတာ သိပ်အဆင်မပြေပါဘူး။ ကိုယ်က အထက်ရောက်သွားတဲ့အချိန် ပြုံးပြုံးနဲ့ ပြန်ကူညီမှ ဇာတ်လမ်းက ဖတ်ရတာကောင်းတာပါ။
အဘိဓမ္မာသဘောအရတော့ ဆဲသူလည်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ပြီး အကုသိုလ်ဖြစ်၊ အဆဲခံရသူလည်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ပြီး အကုသိုလ်ဖြစ်၊ နှစ်ဦးနှစ်ဖက် အကုသိုလ်ဖြစ်ပြီး ရှုံးကြရတာပါ။ မျက်မှောက်ဘဝနဲ့ နောက်ဘဝတွေမှာလည်း ဝစီကံအကုသိုလ်ကံကြွေးကို အနည်းနဲ့ အများ ခံရဦးမှာပါ။
ဘာပဲပြောပြောလေ ဆဲရေးခြင်း(၁၀)မျိုးကိုမှတ်သားခြင်းနဲ့အတူ ဆဲသူလည်းမပျော် အဆဲခံရသူလည်းမပျော်၊ မပျော်ခြင်းအမူအရာတစ်ခုကို နေရသခိုက် လူ့ဘဝသက်တမ်းတိုတိုလေးမှာ သတိနဲ့ရှောင်လိုက်ဖို့ပါပဲလေ။ နောက်တော့လည်း သေသွားကြတာပါပဲလေ။
ရဝေနွယ် (အင်းမ)
News Watchစောင့်ကြည့်သတင်းဂျာနယ်။
၆-၁-၂၀၁၈။
No comments:
Post a Comment