Friday, February 6, 2015

အယ်ဒီတာ့အာဘော် အချို့



နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ၀ှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်

နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်လာစေနိုင်သည်ဟု ရခိုင်လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း ၀ှိုက်ကတ်ကိုင်ဆောင်ထားသူများ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုရန် ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွင် မူလက ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) ကိုင်ဆောင်ထားသူများ မဲပေးခွင့်မပြုရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ကာ နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့သည်။

ထို့နောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်လည်း ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများ မဲပေးခွင့် ရှိသည့်အတွက် ယခု ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင်လည်း ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) ကိုင်ဆောင်သူများ မဲပေးခွင့်ပြုသင့်ကြောင်း သဘောထားမှတ်ချက်ပြုပြီး ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့သည်။ ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရာ ၀ှိုက်ကတ်သမားများ မဲပေးခွင့်ပြုရန် ထောက်ခံသူ ၃၂၈ ဦး၊ ကန့်ကွက်သူ ၇၉ ဦး၊ ကြားနေသူ ၁၉ ရှိသဖြင့် ၀ှိုက်ကတ်သမားများအား မဲပေးခွင့်ပြုရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း အသက် ၁၈ နှစ်ပြည့်သော လူများအနက် ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) ထုတ်ပေးထားသူ စုစုပေါင်း ၅၉၀,၀၁၆ ဦးရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားထားသည်။ အဆိုပါ ယာယီသက်သေခံလက်မှတ် အများစုကို ရခိုင်ပြည်နယ်တွင်ရှိသည့် ဘင်္ဂါလီလူမျိုးများကို ထုတ်ပေးထားသည်။ ကမ္ဘောဒီးယား အာဏာရှင်နိုင်ငံကဲ့သို့ ရွေးကောက်ပွဲ မဲမသမာမှုများ ဖြစ်ပေါ်လေ့ရှိသော နိုင်ငံမျိုးမှလွဲ၍ နိုင်ငံတကာတွင် နိုင်ငံသား မဟုတ်သူများနှင့် နိုင်ငံသား မဖြစ်သေးသူများအား မဲပေးခွင့် ခွင့်ပြုမထားကြောင်း သိရသည်။ သို့ရာတွင် မြန်မာနိုင်ငံ၌ ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) ကိုင်ဆောင်ထားသူများသည် နိုင်ငံသား မဖြစ်သေးသော်လည်း နိုင်ငံသား အခွင့်အရေးဖြစ်သည့် မဲပေးခွင့် ရရှိမည်ဖြစ်သည်။

ဝှိုက်ကတ် ကိုင်ဆောင်ထားသူများကို နိုင်ငံသားအဖြစ် စိစစ်ဆဲ နိုင်ငံခြားသားများဟု မှတ်ယူရပါမည်။ ယင်းကဲ့သို့သော နိုင်ငံခြားသားများအား နိုင်ငံသားတို့၏ အမြင့်ဆုံး အခွင့်အရေးဖြစ်သည့် မဲပေးခွင့်ပြုခြင်းမှာ နိုင်ငံခြားသားများအား နိုင်ငံသားများအဖြစ် သွတ်သွင်းလိုက်သည်ဟု တရားဝင် အဓိပ္ပာယ် သက်ရောက်စေပါသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကဲ့သို့သော လူဦးရေပေါက်ကွဲမှု ဖြစ်ပွားနေသည့် နိုင်ငံများမှ နိုင်ငံသားများ နယ်စပ်ဒေသများကို ဖြတ်ကျော်ကာ တရားမ၀င် ၀င်ရောက်လာရန် မျက်စပစ်ပြသကဲ့သို့လည်း ဖြစ်နေပါသည်။ နိုင်ငံသား မဟုတ်သူများကို မဲပေးခွင့်ပြုခြင်းသည် မိမိတို့ နိုင်ငံအတွင်း၌ နှစ်ပေါင်းထောင်ချီလျက် အေးအတူ ပူအမျှ အတူတကွ နေထိုင်ခဲ့ကြသည့် တိုင်းရင်းသား လူမျိုးစုများအပေါ် သစ္စာဖောက်လိုက်ခြင်း မည်ပါသည်။ နိုင်ငံခြားသားများကို အလားတူ အခွင့်အရေး ပေးလိုက်ခြင်းသည် တိုင်းရင်းသား လူမျိုးစုတို့၏ မိမိကံကြမ္မာ မိမိဖန်တီးနိုင်ခွင့် အခွင့်အရေးကို အကန့်အသတ် ရှိသွားစေပါသည်။ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ကဲ့သို့ တရားမ၀င် နိုင်ငံခြားသားများ ၀င်ရောက်မှု များပြားနေသော ပြည်နယ်များ၌ တိုင်းရင်းသားလူမျိုးများအား မကျေနပ်မှုများ ဖြစ်ပွားအောင် ဆွပေးသကဲ့သို့ ဖြစ်စေပြီး လူမျိုးရေး ပဋိပက္ခများ ထပ်မံဖြစ်ပွားအောင် ဖန်တီးပေးသကဲ့သို့ ဖြစ်သွားစေနိုင်ပါသည်။

ထို့ကြောင့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ အနေဖြင့် နိုင်ငံသား မဟုတ်သူများကို မဲပေးခွင့်ပြုခြင်းအား The Daily Eleven သတင်းစာက ကန့်ကွက်ကြောင်း ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်


ရွေးကောက်ပွဲ ဗျူဟာ

လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် White Card ခေါ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုမည် ဖြစ်ကြောင်း ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ခြင်းမှာ အာဏာရပါတီ သို့မဟုတ် တပ်မတော် အရာရှိဟောင်းများ၏ ထွက်ပေါက် မဟာဗျူဟာ ဒုတိယအဆင့်ကို တရားဝင် အစပျိုးလိုက်ခြင်းဟု ယူဆရမည် ဖြစ်သည်။

သမ္မတက သဘောထားမှတ်ချက်ဖြင့် ပေးပို့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်၍ ထိုကဲ့သို့ အတည်ပြုခြင်း ဖြစ်သည့်အတွက် အများအမြင်တွင် အကြီးအကျယ် အားပြိုင်နေသည်ဟု ထင်ရသည့် လွှတ်တော်နှင့် အစိုးရအကြား ဤကိစ္စအပေါ် သဘောထား တစ်ရပ်တည်း ရှိသည်ဟုလည်း မှတ်ယူရမည် ဖြစ်သည်။

သို့သော် လက်ရှိ လွှတ်တော်များတွင် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အမတ်ဦးရေ အများဆုံး ရှိနေသည့်အတွက် အရေးကြီးသော မဲခွဲဆုံးဖြတ်မှုများတွင် ၎င်းတို့ လိုလားမှု၊ မလိုလားမှုများက အသာစီးရမည်မှာ သေချာနေပေသည်။

လာမည့် ရွေးကောက်ပွဲသည် အာဏာရပါတီ သို့မဟုတ် တပ်မတော် အရာရှိဟောင်းများ၏ ထွက်ပေါက်မဟာဗျူဟာ ဒုတိယအဆင့်အတွက် အရေးကြီးသော လမ်းခုလတ်ဖြစ်နေရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ဆန္ဒမဲအများစု သိမ်းပိုက်သွားပါက လမ်းခုလတ်တွင် ၎င်းတို့ ဗျူဟာအနေအထား ပျက်ယွင်းသွားမည်ကို စိုးရိမ်မှု ရှိနေပုံ ရပေသည်။

ထို့ကြောင့် ၎င်းတို့ လိုအပ်သည့် မဲအရေအတွက် ရရှိနိုင်ရန် သို့မဟုတ် အတိအကျ စာရင်းတွက်ချက်ရ ခက်သည့် ယာယီသက်သေခံကတ်ပြား ကိုင်ဆောင်သူ အရေအတွက်ကို လိုသလို ကြိုတင်မဲများအဖြစ် ကစားနိုင်ရန် မဲပေးခွင့်ပြုလိုက်ခြင်း ဖြစ်ဖွယ်ရှိကြောင်း သုံးသပ်မှုများ ထွက်ပေါ်လာသည်။

အခြားတစ်ဖက်တွင်လည်း ၎င်းတို့ လုံခြုံဘေးကင်းသော ထွက်ပေါက်တစ်ခု မရောက်မီ ကြားကာလ ရပ်တည်ရှင်သန်ရေးအတွက် လိုအပ်သည့် ကစားပွဲရလဒ် ထွက်ပေါ်လာနိုင်ခြေ မရှိပါက ဥပဒေပြင်ပ ကစားခြင်းဖြင့်သော် လည်းကောင်း၊ ကစားပွဲ ပျက်ပြားသွားစေမည့် ဇာတ်လမ်းဆင်၊ လမ်းကြောင်းပြောင်း နည်းလမ်းဖြင့်သော် လည်းကောင်း ဗျူဟာခင်းလာနိုင်သည်ကို သတိပြုရန် လိုပေသည်။

ထို့အပြင် အာဏာရှင်စနစ်၏ အကျိုးဆက်ကြောင့် ဆင်းရဲတွင်းနက်နေဆဲ နိုင်ငံတို့တွင် ပြည်သူလူထု၏ ဒဏ်ရာဒဏ်ချက်များကို နှိုးဆွကာ လွယ်ကူစွာ သိမ်းသွင်းစည်းရုံးနိုင်သည့် လက်ဝဲဝါဒ၏ ရယ်ဒီကယ်ဆန်သော ချဉ်းကပ်လှုံ့ဆော်မှုများ၊ ထိပ်တိုက်ရင်ဆိုင်ရေး လှုပ်ရှားမှုများ၊ တောင်းဆို၊ တိုက်ပွဲဝင်၊ တော်လှန်ဆန္ဒပြမှုများကလည်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အဟန့်အတား ပြုလာနိုင်သည်ကို အထူးသတိချပ်ရမည် ဖြစ်သည်။

ဆိုခဲ့ပါ အခြေအနေများကို သည်းခံမှု၊ အမြော်အမြင်ရှိမှု၊ ဆင်ခြင်တုံတရားနှင့် စဉ်းစားဆင်ခြင်ဉာဏ်တို့ လက်ကိုင်ပြုကာ ထက်မြက်သော ဗျူဟာများဖြင့် လိမ္မာပါးနပ်စွာ သူမနိုင်ကိုယ်မရှုံး ရလဒ်ထွက်ပေါ်လာစေရေး လှပစွာ ကစားတတ်ရန် အထူးအရေးကြီးလှကြောင်း သတိပြုမိစေလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၄-၂-၂၀၁၅)

---------------------------
Editorial, The Voice Daily Vol-2/No-255 (#voiceeditorial)

လွတ်လပ်စွာ တရားစီရင်မှုနှင့် လွတ်လပ်စွာ သတင်းရယူမှု

တရားစီရင်ရာတွင် ဘက်လိုက်မှု ကင်းရှင်းစေရန် မရှိမဖြစ်လိုအပ်ပြီး မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမှ ဝင်ရောက်ခြယ်လှယ်ခြင်း၊ ဩဇာလွှမ်းမိုးခြင်း မရှိစေရန်နှင့် အဆိုပါလွတ်လပ်မှုကို ကျင့်သုံးရာတွင် တရားရုံးများ၏ စီရင်ဆုံးဖြတ်ချက်များသည် လွတ်လပ်စွာ ဆောင်ရွက်ကြောင်း တာဝန်ခံနိုင်ရန် လိုအပ်သည့်အပြင် ထိုသို့ဆောင်ရွက်သည်ကို အများသိမြင်စေရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ဖေဖော်ဝါရီ ၄ ရက်မှ ၆ ရက်အထိပြုလုပ်နေသည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ၏ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။ တရားရုံးများ၏ စီရင်ဆုံးဖြတ်ချက်များသည် လွတ်လပ်စွာ ဆောင်ရွက်ကြောင်း တာဝန်ခံနိုင်ရမည့်အပြင် ထိုသို့ဆောင်ရွက်သည်ကို အများသိမြင်စေရန် လိုအပ်သည့်အတွက် တရားရုံးအဆင့်ဆင့်၏ ဆောင်ရွက်မှုများနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို ပြည်သူနှင့် မီဒီယာများအား ပိုမိုပွင့်လင်းမြင်သာစွာ သိမြင်စေရန်နှင့် သိရှိလိုသည်များကို ဖြေကြားနိုင်ရန် ပြည်ထောင်စ တရားလွှတ်တော်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်များတွင် သတင်းပြန်ကြားရေး အရာရှိများနှင့် တရားရုံးအသီးသီးတွင် တရားရုံးသတင်း ပြန်ကြားရေးအရာရှိများ ခန့်အပ်၍ သတင်းပြန်ကြားရေး ကိစ္စများကို ဆောင်ရွက်နေကြောင်း ဦးထွန်းထွန်းဦးက ပြောကြားခဲ့သည်။ မီဒီယာများအနေဖြင့် မိမိကျင့်ဝတ်၊ တရားရုံးကျင့်ထုံးများနှင့်အညီ သတ်မှတ်ထားသောနည်းလမ်းဖြင့် တရားရုံးအသီးသီးသို့ လာရောက်သတင်းရယူခြင်းများ ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။ ပြည်သူများ၏ သတင်းအချက်အလက် ရယူခွင့်နှင့် တရားရုံး၏ ဆောင်ရွက်ချက်များကို အများပြည်သူ သိရှိအောင် ပွင့်လင်းမြင်သာမှု ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများ၏ တရားမျှတမှု လက်လှမ်းမီရေးနှင့် လူထု၏ အသိအမြင်မြှင့်တင်ရေးသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း အစီအစဉ်တွင် ပါဝင်သည်ဟု ဆိုသည်။

တရားစီရင်ရာတွင် ဘက်လိုက်မှုကင်းရှင်းရေး၊ အထက်မှဩဇာ လွှမ်းမိုးမှုမရှိရေးနှင့် တရားဥပဒေအတိုင်း လွတ်လပ်စွာ စီရင်ဆုံးဖြတ်ရေးတို့ မရှိမဖြစ် လိုအပ်သည်။ တရားစီရင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် သက်ဆိုင်သူတိုင်း ယင်းအတွက် တာဝန်ခံရမည်ဖြစ်သည်။ ၎င်းအပြင် ယင်းကဲ့သို့ ဆောင်ရွက်မှုများကို ပြည်သူအများ သိမြင်စေရန် လိုအပ်သည်။ ထို့အတွက် ၎င်းတို့ကို ဖော်ပြပေးမည့် သက်ဆိုင်ရာနှင့် ပြည်သူတို့၏အကြား ချိတ်ဆက်ပေးမည့် မီဒီယာများ၏ အခန်းကဏ္ဍသည် မရှိမဖြစ်လိုအပ်သည်။ သို့သော် ပြည်ထောင်စုတရားသူကြီးချုပ် ပြောကြားသကဲ့သို့ တရားရုံးအသီးသီး၌ တရားရုံး သတင်းပြန်ကြားရေး အရာရှိများခန့်အပ်ကာ အထက်မှပြောခိုင်းသည့်အတိုင်း သတင်းထုတ်ပြန်ပေးရုံဖြင့် ပွင့်လင်းမြင်သာမှု ရှိသည်ဟု မခေါ်ဆိုနိုင်ပါ။ မီဒီယာများက ပြည်သူတို့ထံ တစ်ဆင့်ပြန်လည် တင်ပြပေးရန်အတွက် သိလိုသည့် အချက်များအား သက်ဆိုင်ရာ တာဝန်ရှိသူများကို မေးမြန်းသည့်အခါ အကြောင်းအမျိုးမျိုးပြကာ ရှောင်ဖယ်ခြင်းမပြုဘဲ ပြန်လည်ဖြေကြားရန် လိုအပ်သည်။ ၎င်းအပြင် တရားစီရင်ရေး၏ နောက်ကွယ်တွင်ရှိသော မသမာမှုများကို ဖော်ထုတ်ရေးသားမှုများအား နှောင့်ယှက် ခြိမ်းခြောက်ခြင်းမပြုဘဲ လွတ်လပ်စွာ သတင်းရယူခွင့်နှင့် လွတ်လပ်စွာ သတင်းရေးသား ဖော်ပြခွင့် အပြည့်အဝ ရှိရန်လည်း လိုအပ်သည်။

ထို့ကြောင့် ဘက်လိုက်မှုကင်းရှင်းသည့် တရားစီရင်မှုဖြစ်ကြောင်း တာဝန်ခံနိုင်ရမည်ဆိုခြင်းကို ကြိုဆိုပါကြောင်းနှင့် အမှန်တကယ် လွတ်လပ်စွာ သတင်းရယူခွင့်နှင့် လွတ်လပ်စွာ သတင်းရေးသား ဖော်ပြခွင့်ရှိရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖဖော်ဝါရီလ ၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်


No comments: