Friday, February 20, 2015

ကိုးတောင်ကျားလည်း ငိုရသည်



”အချစ်ဆိုတဲ့တရားဟာ နယ်ကျယ်လွန်းလှပါတယ်။ လူတိုင်းမှာချစ်တဲ့စိတ်ရှိကြပါတယ်။ ဒါပေမဲ့ လူတိုင်းချစ်ကြတဲ့အချစ်တွေဟာ မတူကြပါဘူး။ ယောက်ျားနဲ့မိန်းမဟာ သ ဘာဝကိုက ဖန်တီးပြီး ဖိုဓာတ်မဓာတ်အဖြစ်နဲ့ တွေ့ဆုံကြရတဲ့သဘောရှိတယ်။ ဒါပေမဲ့ ယောက်ျားတိုင်းဟာ မိန်းမတိုင်းကို မချစ်သလို မိန်းမတိုင်းက လည်း ယော က်ျား တိုင်းကို မချစ်ကြပါဘူး။ ဒါကြောင့် လည်း ဓာတ်တူနံတူဖြစ်တဲ့ ယောက်ျားအချင်း ချင်းအပေါ်ရှိလာတဲ့မေတ္တာ၊ ယောက်ျားအချင်း ချင်းချစ်ခဲ့တဲ့စိတ်ဟာ လူ တစ်သိန်းမှာ တစ်ေ ယာက် လောက်ရှိတတ်ပြီး နှစ်ယောက်ရှိခဲပါတယ်။”

အထက်က စကားများမှာ လူထုဦးလှ ရေးသားခဲ့သော စစ်အချစ်နှင့်ထောင် ဖြစ်ရပ်မှန်ဝတ္ထုထဲမှ ယောက်ျားအချင်းချင်းလိင်အနိုင်ကျင့်မှု မပြုလုပ်ခင်သားကောင်အား မုဆိုးက နိဒါန်းပျိုးနေသော စကားများဖြစ်သည်။  သို့သော်ထိုကဲ့သို့ ကိစ္စများမှာ ခေတ်အဆက်ဆက် အကျဉ်းထောင်များအတွင်းတွင်သာဖြစ်ပွားခဲ့သော ဖြစ်ရပ်များ မဟုတ်ကြတော့ ဘဲ ယနေ့ခေတ်မြန်မာ့ လူ့အဖွဲ့ အစည်းတွင် တွေ့လာရပါသည်။ အချို့သော ရမ္မက်လူကြမ်းတို့က မိန်းမများ၊ မိန်းမလျာများကိုကျော်၍ အမျိုးသားစစ်စစ်တို့ကိုပင် ချန်မ ထား ဘဲ အတင်းလွန်ကျူးကြပြန်သည်။

”အဲဒီနေ့ကို နာကြည်းစိတ်နဲ့ ကျွန်တော်မမေ့ဘူး။ စဉ်းစားမိတိုင်း၊ အတွေးတွေထဲဝင်လာတိုင်း လူသတ်ချင်စိတ်တွေ ပေါ်လာတယ်”ဟု အသက် ၂ဝ ကျော်အရွယ် လူ ငယ်တစ်ဦးက ပြောသည်။
ဆယ်ကျော်သက်အရွယ် ရှေ့ခရီးလမ်းအများကြီး ဆက်လျှောက်စရာရှိနေသေးသည့် လူငယ်လေးတစ်ဦးအပေါ်ပြုကျင့်ခဲ့သည့် ရမ္မက်လူကြမ်းတစ်ဦး၏ အဓမ္မမှုအား ယင်း လူငယ်က ပြောပြ နေခြင်းပင်ဖြစ်သည်။ ညီအစ်ကိုအရွယ် အမျိုးသားချင်းဖြစ်၍ မိသားစု၊ ပတ်ဝန်းကျင်က ယင်းဖြစ်ရပ်ကို သတိမထားမိခဲ့ကြ။ သို့သော်လည်း ယင်းဖြစ် ရပ်ဖြစ်ခဲ့ပြီးနောက် ထိုသူနှင့် လုံးဝမပတ် သက်မိအောင် နောင်တွင်နေသွားခဲ့သည်ဟု ၎င်းကဆိုသည်။ ယင်းကဲ့သို့ပင် နောက်ထပ် လူရွယ်တစ်ဦး ရှိနေပါသေးသည်။ ထို သူက အခကြေးငွေ နှင့် တစ်ပါးသူဆန္ဒကို လိုက်လံဖြည့်ဆည်းပေးရသည့်အမျိုးသားနှင့် အကြောင်းမသိဘဲ ခင်မင်ခဲ့သူပင်။ မိတ်ဆွေဖြစ်ရင်း ကာလတစ်ခုအရောက် ကလပ် တစ်ခု၌ အရက်အမူးလွန်၊ တိုက်ခန်းပြန်ရာ မှတစ်ဆင့် သူမသိသော အမျိုးသားနှစ်ဦး၏ အဓမ္မအကျင့်ခံလိုက်ရ ခြင်းဖြစ်သည်။ ”ကိုယ်က အပေါင်းအသင်းမှားတော့၊ ခုချိန် ထိ နောင်တတရားပဲရနေတယ်” ဟု ယင်းက ဆိုသည်။

အဲဒီလို ဆိုးရွားလွန်းသူတွေ တကယ်ရောရှိလို့လား
”ဟာ ရှိတာပေါ့ကွာ။ ဘယ်လိုမေးလိုက်တာလဲ” ဟု ထိုစကားဆိုလာသူက လက်ရှိတွင် အသက် ၇ဝ ကျော် အရွယ်ရှိပြီဖြစ်သော အငြိမ်းစားထောင်ပိုင်ကြီး ဦးစိန်ဌေး ပင် ဖြစ်သည်။ထောင်တွင်း လုပ်သက်နှစ်လေးဆယ်ရှိခဲ့ပြီး  ၁၉၉ဝ ခုနှစ်တွင် အင်းစိန်ထောင်မှ အငြိမ်းစားယူခဲ့သူ ၎င်းက သူဖြတ်သန်းလာသော ကာလ တစ်လျှော က်ကြုံေ တွ့မှုကို အခြေပြုကာ ထိုစကားကို ပြောခြင်းဖြစ်သည်။ လူပေါင်းသိန်းနှင့်ချီကာ နေထိုင်သော မြို့တစ်မြို့ကို မအုပ်ချုပ်ခဲ့ဖူးသော်လည်း လူပေါင်းထောင်နှင့်ချီ ရှိသ ည့်ေ ထာင်ဝိုင်းများပေါ်ရှိဘူးကိုအိမ်လုပ်ကာ အုပ်ချုပ်ခဲ့သူတစ်ဦး၏ စကားသံပင်။

”ထောင်ထဲမှာ ဒီလိုယောက်ျားအချင်းချင်း လိင်ပိုင်းအနိုင်ကျင့်တာတွေအများကြီးရှိတယ်။ ဟိုးအရင်အင်္ဂလိပ်ခေတ်ကတည်းက ဒီနေ့ခေတ်ထိရှိသေးတယ်” ဟု ၎င်းကဆို သည်။ထောင်ကဲ့သို့သောနေရာထက် ပိုများသော အပြင်လောကတွင်မူမည်မျှအတိုင်းအတာအထိ ရှိလိမ့်မည်ကို သူမခန့်မှန်းနိုင်ဟု အငြိမ်းစား ထောင်ပိုင်ကြီး က ပြော သည်။ ”ဆရာတို့တုန်းကထောင်မှာ အသက် ၁၈ နှစ်မပြည့်တဲ့အကျဉ်းသားနဲ့ ၁၈ နှစ်ကျော်တဲ့ အကျဉ်းသားတွေကို ခွဲထားရတယ်။ ရောထားရင် နှစ်လေးဆယ် ငါးဆယ် ကျ တဲ့ အကျဉ်းသားအကြီးတွေက ဒီလို လိင်ပိုင်းခြိမ်းခြောက်အနိုင်ကျင့်တာတို့ရှိတယ်။ ဒါပေမဲ့ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့အကျဉ်းသားတွေကျတော့ လွတ်လွတ်လပ် လပ်နေ ခွင့်ပေးရတယ်။ အဲဒီမှာဖြစ်တာပဲ။ အသက်ငယ်ငယ် ၁၈၊ ၂ဝကျော်စလေး တွေ၊ ဖြူဖြူနုနုလေးတွေဆိုရင် အဲဒီလိုမျိုး ခြိမ်းခြောက်အနိုင်ကျင့်ခံရတာပဲ”ဟု ၎င်း က ထောင် တွင်း အခြေအနေကို ပြောပြသည်။

မြန်မာနိုင်ငံတွင် လူသိများပြီး ဝန်ကြီးချုပ်တာဝန်များကို ထမ်းဆောင်ခဲ့ဖူးသူ ဦးနုသည်ပင်လျှင် အမျိုးသားချင်းအနိုင်ကျင့်လိင်အမြတ်ထုတ်မှုကို ကိုယ်တိုင်ထောင်ကျသွားရာမှ တစ်ဆင့် မြင်တွေ့ခဲ့ဖူးရာ၊ ၎င်းရေးသော ”ရက်စက်ပါပေ့ကွယ်”ဆိုသည့်စာအုပ် တွင် ထောင်တွင်းလိင်အနိုင် ကျင့်မှုကို  နိုက်နိုက်ချွတ်ချွတ်ရေးထားခဲ့ဖူးသည်။ လွန်ခဲ့သည့် ၆ နှစ်ခန့်ကျော်က ရန်ကုန်တွင် အဆင့်မြင့်ရဲအရာကြီးတစ်ဦးအဖြစ်တာဝန်ယူခဲ့ဖူးသူ ရဲမှူးကြီးတစ်ဦး၏အဆိုအရ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကလေး ငယ် (ယော က်ျားလေး)တို့အပေါ် လိင်မှုကိစ္စကျုးလွန်ခဲ့သူကို ဖမ်းဆီး အရေးယူခဲ့ဖူးကြောင်း ဆိုသည်။ ” Child Sex ဆိုတာ ရှိတယ်လေ။ လူငယ်၊ လူရွယ်တွေအပေါ်ကို။ အမှု အရေ အ တွက်တော့အတိအကျ ပြန်ပြောဖို့ခက်တယ်။ ဒီလိုကိစ္စမျိုးတွေ အရေးယူခဲ့ဖူးလားမေးရင်ယူခဲ့ဖူးတယ်။ ဒီလောက်တော့ ပြောနိုင်တယ်”ဟု ၎င်းက ပြောသည်။

ဘာလို့ ဒီလိုတွေ လုပ်ကြတာလဲ
မုဒိမ်းမှုများကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ဖူးသည့် ရဲအရာရှိတစ်ဦးက ယင်းအမှုကို စိတ်ကြမ်း၊ လူကြမ်းသမားနှင့် တဏှာရာဂဘက်တွင် အလွန်ပြင်းထန်သူတို့အများစု လုပ်ဆောင် တတ် ကြသည်ဟုပြောသည်။ ယင်းအပြင် လူပုံခပ်ပျော့ပျော့များလည်း ဖြစ်နေတတ်သည်ဟု ၎င်းကဆို ပြန်သည်။ ”အဓိက ဘယ်သူတွေကလဲလို့ ခြုံပြီးပြော ရ ရင် ခက်တယ်။ နောက်ဆုံးတော့ လူတစ်ဦးချင်းစီ ရဲ့အကျင့်စရိုက်ပေါ်ပဲမူတည်တယ်” ဟု အဆိုပါ ရဲအရာရှိက ဆိုသည်။ 

ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနမှ ကထိ က ဒေါက်တာတင်ထွန်းအောင်ကမူ ထိုသို့သော လုပ်သူ၏ စိတ်အခြေအနေသည် သာမန်မဟုတ် Sex အပေါ်တလွဲဖောက်လွဲဖောက်ပြန်လုပ်လို သည့်အခြေ အနေရောက်သွားသည်ဟု မှတ်ချက် ပြုသည်။
”လူတိုင်းမှာ မွေးရာပါ သဘာဝအရ လိင်စိတ်တွေက ပါလာပြီးသား။ အဲဒါကနေ တားမြစ် ထားမှု၊ အချိန်မတိုင်မှုတွေကြောင့် ငုပ်လျှိုးနေ တာတွေဖြစ်လာကြတယ်။ ဒါပေမဲ့ အချိန်တန်ရင် တော့ ပေါ်လာတာပဲ။ အဲဒီထဲကမှ Sex အပေါ်အလိုမပြည့်၊ ဒါကိုပဲတပ်မက်မှုကြီးသွားသူတွေက ဒါကိုပဲစိတ်ဝင်စားသွားကြတယ်။ တရုတ်နိုင်ငံအပါအဝင် အခြားနိုင်ငံတွေမှာ အပျိုစင်ကိုမှ ရယူချင်သူတွေ ဒီလိုပုံစံမျိုးပါပဲ” ဟု စိတ်ပညာ သီအိုရီကိုကိုးကားကာ ၎င်းက ဆိုသည်။

စာရေးဆရာမ ဒေါက်တာနိုက်တင်ဂေးလ်က သွေးသားဆူပွက်ချိန် လတ်တလော စိတ်ဖြေဖျောက်စရာမရှိသည့် အချိန်မျိုးတွင် ယခုကဲ့သို့သောဖြစ်ရပ်များ အမျိုး သားများ တွင် ဖြစ်တတ် ကြောင်းနှင့် ထိုသူတို့ကို ဆေးပညာအရ လိင်ပိုင်းဆိုင်ရာ စိတ်ရောဂါသည်ဟု ဆေးပညာကျမ်းများက အခိုင်အမာ ဖော်ပြ ထားသည်ဟု ပြောသည်။ ”အသိ တရားချို့တဲ့တာကြောင့်လည်း ဖြစ် တတ်တယ်။ ဒါက ပုံမှန်မဟုတ်တဲ့ လိင်ဆက်ဆံမှုပဲ။ အမျိုးသမီးကို ပုံမှန်မဟုတ်တဲ့နေရာက လိင်ဆက်ဆံတာ၊ တိရစ္ဆာန်နဲ့ လိင်မှုပြု လုပ် တာ ဒါတွေ အားလုံးအကျုံးဝင်တယ်” ဟု ၎င်းကဆိုသည်။

ဆန်းဆန်းပြားပြား အကျင့် ဘယ်ကစ
အိန္ဒိယနိုင်ငံသို့ရောက်ရှိသွားပြီး မြန်မာပြည်သူတို့၏ ကျန်းမာရေးဆိုင်ရာ အမေးအဖြေများကို ဖြေကြားပေးနေသူ ဒေါက်တာတင့်ဆွေက ဆန်းဆန်းပြားပြားကာမဆန္ဒအပေါ် ”နှစ်ပေါင်း ၄ဝဝဝ လောက်က ထွန်းကားခဲ့တဲ့ (အိန္ဒု)ယဉ်ကျေးမှုခေတ်ကတည်းက ရှိခဲ့ဖူးတဲ့အထောက်အထားတွေ၊ နောက်ပြီး ၂ ရာစုကရှိခဲ့တဲ့ (အာဂျန်တာ) လိုဏ်ဂူက ရုပ်တုတွေ၊ တစ်ခါ ဟိန္ဒူဘုရားတစ်ဆူဖြစ်တဲ့ သျှီဗားရဲ့တံခါးမှူး၊ မြင့်မြတ်သော နွားလား နန္ဒီက နေ သူ့သခင်(ဘုရား)နဲ့ ဒုတိယ မယား(ပါရ်ဗသီ)တို့ရဲ့ ချစ်ကျွမ်းဝင်ကြပုံ (နည်းအစုံစုံ)တွေကို ကြားသိပြီးသကာလ နောင်လာနောက်သား လူအများအကျိုးငှာ ဖောက်သည်ပြန်ချခဲ့လို့ သက္ကတဘာသာနဲ့ ရေးမှတ်ခဲ့တဲ့ (ကာမသျှတ္တရ) ကျမ်းဆို တာ တွေကြည့်ရင် လိင်ဆက်ဆံမှုပညာဆိုတာဟာ သမားရိုးကျထက် ဆန်းပြားပါလားလို့ ပြောနိုင်ပါတယ်” ဟု အဓိပ္ပာယ်ဖွင့်ဖူးသည်။

ဓမ္မာတာဆန့်ကျင် ဆက်ဆံမှုစခဲ့ရာသမိုင်းကိုလည်း ဆရာက ဥရောပ၊ ဂရိ၊ ရိုမန်၊ ဘေဘီလုံ၊ ပါရှားခေတ်ကတည်းကစခဲ့သည်ဟု ဆိုပြီး၊ ယနေ့ ခေတ်တွင် အာဖရိ ကနွယ်ဖွား အမေရိကန်များ၌ ခေတ်စားနေသည်ဟုပြောလိုက်သေးသည်။ မြန်မာထံကိုမူ ထိုနိုင်ငံတို့က ကူးစက်ရောက်လာသည်ဟု စိတ်ပညာဌာနမှ ကထိက ဒေါက်တာ တင်ထွန်းအောင်က ထောက်ခံဆိုသည်။ လိင်စိတ်ကို အမျိုးသမီးတို့နှင့် ဖြေရှင်းဖို့ရန် ခက်ခဲသည့် လူပျိုဘော်ဝင်စအရွယ်များထဲမှ အချို့သည် ကလေးသူငယ် တို့နှင့် ဖြေ ရှင်း တတ်လေ့ရှိတတ်ခြင်း၊ ထောင်ကဲ့သို့သော အမျိုးသားများသာ ရှိသောနေရာမျိုးတွင် လိင်စိတ်ကိုထောင်သားအချင်းချင်း အနိုင်အထက်ရယူခြင်းတို့က လိင်စိတ်ကို ထွက်ေ ပါက်ရှာလိုက်ခြင်း တစ်မျိုးဖြစ်သည်ဟု နောက်ထပ်စိတ် ပညာရေးရာ လေ့လာနေသူတစ်ဦးကဆိုသည်။

အနိုင်ကျင့်ခံ ရသူတွေ ဘာဖြစ်ကုန်လဲ
ဒေါက်တာနိုက်တင်ဂေးလ်က ”စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကတော့ အရင်ဖြစ်သွားပါပြီ။ အလိုမှမတူတာပဲ။ နောက်ပြီး ကိုယ့်ကို အနိုင်ကျင့်သူက ရောဂါပိုးတွေ ရှိရင်ကူးနိုင် တယ်” ဟုပြောသည်။ အချို့ဆိုလျှင် ယင်းလုပ်ရပ်တို့ကြောင့် ဂေး စိတ်ပေါက်သွားသူ အချို့ပင်ရှိသွားသည်ဟု ၎င်းကပြောသည်။ ”တချို့က တမင်သက်သက် ယုတ်မာ တဲ့ အကြံနဲ့ ဇာတ်သွင်းလိုက်တာမျိုးတွေလည်း ကြားဖူးပါတယ်” ဟု ဒေါက်တာနိုက်တင်ဂေးလ်ကပြောသည်။ မိန်းမလျာဖြစ်သွားသူတစ်ဦးက ထိုဖြစ်ရပ်ကို ဆယ်စုနှစ်ကြာ လျှင် ပင် မမေ့နိုင်၊ လက်ရှိအချိန်အထိ မှတ်မိနေတုန်းပဲဟု ပြောသည်။ ငယ်စဉ်က အနိုင်ကျင့်ခံရဖူးသူ ဆောင်းပါးပါ လူငယ်တစ်ဦးက မသိစိတ်ထဲရော၊ သိစိတ်ထဲမှာပါ ထိုအရာ က ခြောက်လှန့်နေသည်ဟုပြောသည်။သူက လက်ရှိအချိန်တွင် အမျိုးသားစစ်စစ်တစ်ဦး ဖြစ်သည်။ အငြိမ်းစားထောင်ပိုင်ကြီး ဦးစိန်ဌေးကမူ ထောင်တွင်း လိင်အကြမ်းဖက် ခံရမှုကြောင့် အမျိုးသားအကုန်လုံး မိန်းမလျာဖြစ်သွားမှုကိုမူ မမြင်ခဲ့ဖူးဟု ဆိုသည်။ ”သူ့ စိတ်အခြေခံအရဆိုရင်တော့ မပြောတတ်ဘူး” ဟု ထောင်ပိုင်ကြီးက ဆိုသည်။

အနိုင်ကျင့်ခံရတာတွေကို မတိုင်ကြဘူးလား
လူကုန်ကူးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးသက်နောင်က ထိုအမှုအပေါ်တိုင်ကြားလာသည့်အရေအတွက်က မရှိသလောက် နည်းပါးသည်ဟုပြောကာ လူတစ်ဦးချင်း စီ၏ သိက္ခာပိုင်းနှင့် သက်ဆိုင်သည်လည်း ပါနိုင်သည်ဟု မှတ်ချက်ပြုသည်။ ထိုသို့ အနိုင်ကျင့်ခံလိုက်ရသည့်သူ အများစုမှာ များသောအားဖြင့် ဖွင့်မပြော တတ်ကြဘဲ မိဘဆွေမျိုးအသိုင်းအဝိုင်း က မခံနိုင်မှသာ တိုင်တန်းတတ်ကြသည်လည်း ရှိတတ်ကြောင်း ရဲအရာရှိတို့ကပြောကြသည်။ ”ရှိတော့ ရှိသည်၊ အလွန် တရာ ရှား သည်” ဟု ထိုသူတို့ကပြောကြသည်။

”ကျွန်တော် အဲဒီအချိန်တုန်းက တိုင်ရကောင်းမှန်းမသိပါဘူး။ ဒီအတိုင်းနေတာကမှ ကောင်းပါဦးမယ်၊ တိုင်မှ ပိုအရှက်ကွဲသွားမယ်” ဟု တွေ့ကြုံခဲ့ဖူးသူတစ်ဦးက ဆိုသည်။

သို့သော် ထောင်တွင်း၌မူ တိုင်တောမှုတို့ရှိသည်ဟု အငြိမ်းစားထောင်ပိုင်ကြီးက ပြောသည်။ ”ဆရာတို့က သိရင် ဖြစ်ဖြစ်၊ တိုင်ရင်ဖြစ်ဖြစ် တိုက်ပိတ်အရေး ယူတာ တို့ လုပ် တယ်” ဟု ၎င်းက ပြောသည်။


တဏှာ ပြင်းထန်သူတွေကို ဘယ်လိုတားဆီးခဲ့ဖူးလဲ
ခေတ်အဆက်ဆက် ထိုသူတွေ ရှိနေသောကြောင့် ဥပဒေနှင့် တားမြစ်ခဲ့မှုများ လုပ်ခဲ့ကြရကြောင်း သမိုင်းမှတ်တမ်းအဆက်ဆက်ကို ကြည့်လျှင် တွေ့နိုင်ပါသည်။ ဗုဒ္ဓဘု ရားရှင်လက်ထက်က ရဟန်းပြန်မဖြစ်ထိုက်လောက်အောင်ကြီးမားသော အပြုအမူများ ပါရာဇိကကံထိုက် လေးပါးထဲတွင် မေထုန်မှုပြုခြင်း (မိန်းမ/ယောက်ျား/ တိရစ္ဆာန်/ မည်သူနှင့်မဆို/မည်သည့်နည်းနှင့်မဆို) ကို ထည့်သွင်းထားခြင်းသည်ပင် ထိုကာလ ထိုခေတ်ကတည်းက ယင်းဖြစ်ရပ်ပုံစံတူမျိုးများ ရှိနေကြောင်းငြင်းမရပေ။ ယင်းအပြင် ကလေးရစေရန်ဆိုသော ရည် ရွယ်ချက်မှလွဲ၍ ကျန်သည့် ကာမအပြုအမူအား လုံးသည် မကောင်းမှု၊ ဒုစရိုက်ဖြစ်သည်ဟု သမ္မာကျမ်းစာတွင် ဖော်ပြထားမှုကလည်း တဏှာကြီးသူ တို့ကို ဦးတည်တားမြစ်ခဲ့ပုံပေါ်သည်။ ထို့နောက် ထိုသူတို့အပေါ်အုပ်ချုပ်သူများ ပြဋ္ဌာန်းသော ဥပဒေများ ပေါ်လာပြန်သည်။

၁၅၃၃ ခုနှစ် ၈ ယောက်မြောက် ဟင်နရီဘုရင်လက်ထက်က အင်္ဂလန်၌သဘာဝကိုဆန့်ကျင်သော အပြုအမှုဖန်တီးသည့် အရပ်သားများ အပေါ်သက်ရောက်စေသော ဥပဒေကို စတင် ပြဋ္ဌာန်းခဲ့သည်။ အင်္ဂလိပ်က အိန္ဒိယကိုသိမ်း၍ East India Company ကိုအုပ်ချုပ်ခွင့်ပေးသော ၁၈၃၃ ခုနှစ်တွင်ထည့်သွင်းပြဋ္ဌာန်းခြင်းတို့ဖြစ်သည်။ ယနေ့ အများသိနေကြသော ပုဒ်မ ၃၇၇ အနေနှင့် သီးခြားအသက်ဝင်လာသည်က ၁၈၆၂ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင်ဖြစ်ပြီး၊ မြန်မာသည်လည်း နောက်ပိုင်းတွင်  အိန္ဒိယ၏ အစိတ်အပိုင်းအဖြစ် ဗြိတိသျှကသတ်မှတ်လိုက်သဖြင့် ထိုဥပ ဒေကိုဆက်ခံလိုက်ရတော့သည်မှာ လွတ်လပ်ရေးရပြီးနောက် ယနေ့အချိန်အထိပင် ဖြစ် သည်။ မြန်မာ တွင် သက်ရောက်သည့် ၃၇၇ ပုဒ်မကို  မည်သူမဆို ယောက်ျားနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ် စေ၊ တိရစ္ဆာန်နှင့်ဖြစ်စေ မိမိအလိုအလျောက် ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ် ယှက် မှုပြုလုပ်လျှင်ဟု အဓိပ္ပာယ်ဖွင့်ထားပြီး၊ ကျုးလွန်သည်ဟုတိုင်ကြားတွေ့ရှိပါက ထိုသူကို တစ်သက်တစ်ကျွန်း  ဖြစ်စေ၊ ၁ဝ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ထောင် ဒဏ်နှင့်ငွေ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည် ဟု ပြဋ္ဌာန်းထားသည်။
ယင်းအတိုင်းပင် အရေးယူခဲ့မှုတို့ရှိကြောင်းကို နိုင်/ကျဉ်း(ယခုအခေါ်) ယခင်/၅ည အရေး ပေါ် စီမံချက်ပုဒ်မဖြင့် ၁၉၈၉ ခုနှစ် အင်းစိန် ထောင် ပုံစံဆောင် (၃) တွင် ထောင်ကျခဲ့ဖူးသူက ထောင်တွင်း၌တိရစ္ဆာန်ဖြင့် လိင်ဆက်ဆံမှုကြောင့် ပုဒ်မ ၃၇၇ဖြင့် ထောင်ဒဏ် ၁ဝ နှစ်ချခံလိုက်ရသူကိုတွေ့ခဲ့ဖူးကြောင်း ဆိုသည်။ သို့သော် လည်း ထိုပုဒ်မက နက်နဲပြီး နှစ်ဦး လူသားချင်းအလိုတူလျှင် ဖမ်းဆီးရန် အရေးယူရန် ခက်သည်ဟု တရားလွှတ်တော် ရှေ့နေတို့ကဆိုသည်။

ဒါတွေ မဖြစ်အောင် ဘာတွေ လုပ်ရမှာလဲ
ဝန်ကြီးချုပ်ဟောင်း ဦးနုကမူ သူ၏ ‘ရက်စက်ပါပေ့ကွယ်’ဆိုသည့်စာအုပ်တွင် ထောင်တွင်း၌ လိင်အနိုင်ကျင့်မှုမခံရအောင် ရုရှားနိုင်ငံအကျဉ်းထောင်တို့တွင် ထောင် သားများ အား တစ်လနှစ် ခေါက် အိမ်ပြန်ခိုင်းတာမျိုးရှိကြောင်း ထောက်ပြထားသည်။ ဒေါက်တာနိုက်တင်ဂေးလ်က ကျုးလွန်သူတို့ကို  ပညာပေးခြင်း၊ ပြင်းထန်သော အပြစ်ပေးခြင်း၊ စိတ်ရောဂါဆရာဝန်နှင့် ပြခြင်းတို့ လုပ်သင့်သည်ဟု ပြောဆိုသည်။ တစ်ဖက်တွင်လည်း လူငယ်တို့နှင့် လူ့အသိုင်းအဝိုင်းကို ထိုဖြစ်ရပ်တို့ရှိ ကြောင်း အသိပညာပေးမှုတို့ လုပ်ရမည်ဟု ၄င်း က ဆိုသည်။ ထောင်ပိုင်ဟောင်းကြီးက ”ဒီကိစ္စ ကြီး ကလည်း ဘယ်လိုထိန်းကွပ်ကွပ်မပျောက်တဲ့ ကိစ္စကြီးဖြစ်နေတယ်။ ထောင်ထဲမှာ အုပ်ချုပ်တဲ့ ဥပဒေ ကလည်း ဒီလိုကိစ္စတွေအတွက် တိကျတဲ့ အရေးယူမှုဥပဒေ မရှိဘူး။ အဲဒီတော့အရေးယူရင် အကျဉ်းသားအချင်းချင်း အနိုင်ကျင့်စော်ကားမှုလို့ပဲ အရေးယူတယ်” ဟု ပြော သည်။

လူ့အခွင့်အရေးအရ အလိုတူခြင်း၊ လိင်တူဆက်ဆံမှုနှင့် ထိမ်းမြားခြင်းကို နိုင်ငံအချို့က ဥပဒေနှင့် လက်ခံအတည်ပြုနေခြင်းက မြန်မာအဖို့ပြဿနာမဟုတ်။ ပြဿနာက အလိုမတူ အနိုင်ကျင့်ခြင်းတို့ဖြစ်သည်။ တစ်ဖက်တွင် အရှက်နှင့် သိက္ခာကိုအသုံးချကာ မတိုင်ရဲမှန်းသိ၍ ကျုးလွန်ကြသူများ၊ ကျူးလွန်ခံရပြီး ဖွင့်မပြောရဲဘဲ စိတ်ဒဏ်ရာ ရသွားကြ သူများ ရှိနေသည်။ ထိုသူတို့အတွက် စဉ်းစားပေးရမည်ဟု ဒေါက်တာနိုက်တင်ဂေးလ်က ဆိုသည်။ ဒေါက်တာတင့်ဆွေက”သိပ္ပံအရပြောပြော၊ သဘာဝအရဆိုဆို၊ ဆင်ခြင် တုံတရားအရ တွေးတွေး၊ စအိုဟာ စွန့်ထုတ်စရာသာဖြစ်ပြီး မိန်းမကိုယ်(မွေးလမ်းကြောင်း)လို ထိုးသွင်းရမယ့်ဒွါရ မဟုတ်တာ သေချာပါတယ်။ သဘာဝတရားနဲ့ ဆန့်ကျင် တာ နောက်တစ်ခုကတော့ အထက်ကနေ အောက်ကို ဆင်းသက်တဲ့လားရာကို ပြောင်းပြန်လုပ်မိတာပါ။ ဒီခေတ်ကြီးမှာ သဘာဝဆိုတာကို  Environment သဘာဝပတ် ဝန်းကျင်၊ ဂေဟစနစ်နဲ့ Organic  မပြုမပြင်အစားအသောက်ကိုသာ ကျယ်ကျယ် လောင်လောင်ပြောနေကြပြီး၊ သဘာဝမကျတဲ့ လူတွေရဲ့ အကျင့်စရိုက်တွေကိုကျတော့ ပို ဆိုးဆိုးလာနေတာဟာ အဆီအငေါ်မတည့်ဘူးထင်ပါတယ်” ဟု ပြောသည်။

ယနေ့ မြန်မာနိုင်ငံရှိထောင်များတွင် လိင်တူဆက်ဆံခြင်း၊ လိင်အနိုင်ကျင့်ခြင်းအလေ့အထများရှိဆဲဖြစ်ကြောင်း၊ အနိုင်ကျင့်သူကို အကျဉ်းထောင်ဝေါဟာရဖြင့် ဗိုလ်ဟုခေါ်ပြီး ၊ အနိုင်ကျင့်ခံရသူကို ဂျိုဟုခေါ်ဆိုသည်ဟု နိုင်ငံရေးအကျဉ်းသားတစ်ဦးအဖြစ် ဆယ်စုနှစ် ၂ ခုနီးပါးနေခဲ့သော အကျဉ်းသားဟောင်းတစ်ဦးကပြောသည်။ လိင်အနိုင်ကျင့်သူ များသည်လည်း အ ခြားသူများကို အနိုင်ကျင့်ရဖန်များလာသည့်အခါ ရိုးအီလာကြပြီး တစ်ဖန်အနိုင်ကျင့်ခံလိုသူများဖြစ်သွားလေ့ရှိသည်ဟု ၎င်းက ဆက်ဆိုသည်။ ”လော က ဓမ္မတာအရသူများကို အနိုင် ကျင့်တဲ့သူတွေလည်း တစ်နေ့ဂျိုဖြစ်ကုန်ကြတာပါပဲ”ဟု ၎င်းကဖြည့်စွက်ပြောကြားပုံမှာ သတိသံဝေဂရစရာပင် ဖြစ်သည်။

မင်းသုအောင်၊ ရဲကိုကိုလွင်
 Credit: www.popularmyanmar.com

No comments: