Friday, February 13, 2015

ငါးနုပ်သန်းအိုးကပ်ချက် - ပဲကြီးဟင်းချို - မရမ်းသီးထောင်း (မရမ်းပြားသုပ်) - ခရမ်းသီးမီးဖုတ် အချို (သို့) အစပ်




ငါးဆိုတာက ကျွန်တော့်သည်းခြေကြိုက်လို့ဆိုနိုင်သော အမဲဟင်းလျာတစ်မျိုးဖြစ်ပြီး အချို့သောငါးများကလွဲလို့အကုန်စားဖြစ်ပါတယ်။ တောင်ပေါ်ဒေသမှာနေတုန်းက ငါးဆိုတာ သုံးလေးမျိုးပဲ မြင်ဖူးစားဖူးနေကြပါ။ မွေးမြူရေး ငါးကြင်း၊ ကကတစ်၊ငါးရံ့၊ငါးမြင်း သို့မဟုတ် ငါးတန် ဒီလောက် ပါပဲ။ အခုချက်မည့် ငါးနုပ်ငါးသန်းလေးတွေကတော့ မရှိမရှားပေါ့ဗျာ။ ငါးအိုးကပ်လေးချက်စားမယ်။
 
ပဲကြီးဟင်းချိုကတော့ အရည်သောက်ကလေးချက်မယ်။ မရမ်းသီးထောင်းဆိုတော့ ရာသီပေါ်စမှာ ပုစွန်ခြောက်လေး မျှင်ငါးပိမီးဖုတ်လေး ထည့်ထောင်းမယ်ဗျာ။ ထောပတ်ခရမ်းလို့ခေါ်မလား ခရမ်းသီးအကြီးတွေကို မီးဖုတ်ပြီးသုပ်မယ် အစပ်ကြိုက်သူများကတော့ ငရုတ်သီး စိမ်းကို ပါးပါးလှီးထည့်မယ်။ ကဲ ထမင်းမြိန်ကြရော့ သူငယ်ချင်းတွေ။ ရခိုင် - မြန်မာချက် ချက်မှာနော့။

ငါးနုပ်သန်း (သို့) ငါးတစ်တုံးပုစွန်အိုးကပ်ချက်
ပါဝင်သောပစ္စည်းများ

ငါးနုပ်သန်း(သို့) ငါးတစ်တုံး ၂၀ကျပ်သား၊ ပုစွန် ၅ကျပ်သား၊ ကြက်သွန်ဖြူ - ကြက်သွန်နီ ၂ဥစီ၊ ပင်စိမ်း-ရှမ်းနံနံ ၃ပင်စီ၊ ခရမ်းချဉ်သီး ၂လုံး၊ ငရုတ်သီးခြောက် - ငရုတ်သီးစိမ်းရှည် ၅တောင့်စီ၊ ဆီ ၂ကျပ်သား၊ ဆား-ငံပြာရည်-ဟင်းခတ်မှုန့်-နနွင်း အနည်းငယ်စီ၊ မန်ကျည်းမှည့် ကွမ်းသီးလုံးခန့်၊ စိမ်းစားငါးပိ လက်မခန့်။

ပြင်ဆင်ချက်ပြုတ်နည်း
ငါးတစ်တုံး (သို့) ငါးနုပ်သန်းကို ရေစင်အောင်ဆေးပါ။ ငါးနုပ်သန်းဆိုလျှင် ပါးဟက်နှင့် အူထုတ်ပါ။ ပုစွန်ခေါင်းဖြုတ်ထားပါ။
ငါးကို ငံပြာရည်၊ ဆား၊ဟင်းခတ်မှုန့်၊ နနွင်းမှုန့် နယ်ပြီး ၁၀မိနစ်ခန့်နှပ်ထားပါ။ မန်ကျည်းမှည့်ကို အရည်ဖျော်ထားပါ။
ကြက်သွန်ဖြူနီ တစ်ပုံစီ ထောင်းထားပါ။ ငရုတ်သီးစိမ်းကို နှစ်ခြမ်း ခြမ်းထားပါ။ ငရုတ်သီးခြောက်ကို မညက်တညက်ထောင်းထားပါ။
အိုးမကပ်သည့် ဒယ်အိုးမီးဖိုပေါ်တင်ပါ။ အိုးဖင်မှ အငွေ့တထောင်းထောင်းထလျှင် ဆီထည့်ပါ။ ဆီကျက်လျှင် ကြက်သွန်ဖြူ ဆီချက်ပါ။
ကြက်သွန်ဖြူ ဆီကျက်လျှင် ကြက်သွန်နီထည့်ပါ။ ငရုတ်သီးစိမ်းထည့်ပါ။ ငရုတ်သီးခြောက် ထောင်းထည့်ပါ။ စိမ်းစားငါးပိ လက်မခန့် ထည့်ပါ။
ဆီကျက်လျှင် ငါးထည့်ပါ။ ရေနည်းနည်းထည့်ပြီး ဆီပြန်အောင် ချက်ပါ။ ဆီပြန်လျှင် မန်ကျည်းမှည့်ထည့်ပါ။ အိုးမကပ်အောင် ခဏခဏ အိုးကို လှုပ်ပေးပါ။ အငန်လိုပါက ငံပြာရည်ထည့်ပါ။
ပင်စိမ်းနှင့် ရှမ်းနံနံထည့်လိုက်ပါ။ အဖုံးအုပ်ပြီး ငါးမိနစ်ခန့်ကြာလျှင် အသင့်စားသုံးနိုင်ပါသည်။ (တစ်ညအိပ်ခန့်ကြာမှ စားလျှင် ပို၍ စားလို့ကောင်းပါသည်။)

ပဲကြီးဟင်းချို
ပါဝင်သော ပစ္စည်းများ

ပဲကြီး     ၁၀ကျပ်သား၊ဆီ    ထမင်းစားဇွန်း ၂ဇွန်း၊ခရမ်းချဉ်သီး ၂လုံး၊ဆူးပုပ်ရွက် ၁စည်း၊ကြက်သွန်နီ ၁ဥ၊ဆား၊နနွင်း သင့်ရုံ

ချက်ပြုတ်နည်း
ပဲကြီးရေစိမ်ကို ရေဖြင့်ပြုတ်ပါ။ ကြက်သွန်နီ ခရမ်းချဉ်သီးတို့ကို ပါးပါးလှီးထားပါ။ ဆူးပုပ်ရွက်ကို သင်ထားပါ။ ကြက်သွန်နီဆီသတ်ပါ။ နနွင်းထည့်ပါ။ ခရမ်းချဉ်သီး ထည့်မွှေပါ။
ပဲပြုတ်ထားသည်များကို ရေပါအားလုံး ဆီသတ်အိုးထဲလောင်းထည့်ပါ။ ဆားထည့်မွှေပါ။
ရေဆူ၍ ပဲနပ်လျှင် အပေါ့အငန်မြည်း၊ အပျစ်အကျဲ အနေတော်တွင် အပေါ့အငန်မြည်း စားခါနီးမှ ဆူးပုပ်ရွက် ခတ်၍ ချပြီး သုံးဆောင်ပါ။

မရမ်းသီးထောင်း

ပါဝင်သည့်ပစ္စည်းများ
မရမ်းသီး(အနေတော်အရွယ်) - ၅လုံး၊ ငရုတ်သီးခြောက် ၁၀တောင့်၊ ပုစွန်ခြောက် ၁၀ကောင်၊ စိမ်းစားငါးပိ ဆီးဖြူသီးလုံးခန့်၊ ဆား-ဟင်းခတ်မှုန့်  လိုသလောက်။

ပြင်ဆင်ချက်ပြုတ်နည်း
ငရုတ်သီးထောင်းပါ။ ငရုတ်သီးညက်လျှင် ပုစွန်ခြောက် ထည့်ထောင်းပါ။ ပုစွန်ခြောက်ညက်ခါနီးတွင် စိမ်းစားငါးပိ၊ဆား၊ဟင်းခတ်မှုန့် ထည့်ပါ။
မရမ်းသီးကို ၂ခြမ်း ခြမ်းထည့်ပြီးထောင်းပါ။ အပေါ့အငန်မြည်းပါ။
ရိုးရှင်းလွယ်ကူသလောက် ထမင်းစားအလွန်မြိန်သည့် ဟင်းတစ်ခွက်ရရှိပါမည်။ မရမ်းသီးအစား သရက်သီးအစိမ်းနှင့်လည်း ပြုလုပ် စားသုံးနိုင်ပါသည်။

ခရမ်းသီး မီးဖုတ်သုတ်
ပါဝင်သည့်ပစ္စည်းများ

မော်လမြိုင် ခရမ်းသီး ၃လုံး (သို့) ထောပတ်ခရမ်းသီး ၁လုံး၊ ငရုတ်သီးစိမ်းမီးကင်ပြီး ၁၅တောင့်၊ ချင်း လက်တစ်ဆစ်၊ ပုစွန်ခြောက် စားပွဲဇွန်း ၁ဇွန်း၊ ဆား စားပွဲဇွန်း ၁ဇွန်း၊ စိမ်းစားငါးပိ (မီးကင်ပြီး) လက်မခန့်၊ မန်ကျည်းသီးမှည့် ကွမ်းသီးလုံးခန့်၊ ဟင်းခတ်မှုန့် အနည်းငယ်၊ နံနံပင် ၅ပင်၊ ကြက်သွန်ဖြူ ၂ ဥ၊ ကြက်သွန်နီ ဥကြီး ၂ ဥ။

ပြင်ဆင်ချက်ပြုတ်နည်း
ခရမ်းသီးကို ရေဆေးအ၀တ်နှင့် သုတ်ပြီး မီးဖုတ်ပါ။ ခရမ်းသီးမီးဖုတ်ကို အကျက်ညီအောင် လှန်ပေးပါ။ တစ်လုံးလုံး ဘက်ညီကျက်လျှင် မီးဖိုပေါ်မှ ထုတ်ထားပါ။
ငရုတ်သီးကို သီတံနှင့်သီပြီး မီးကင်ပါ။ ငါးပိကို ဆား၊ဟင်းခတ်မှုန့်နယ်ပြီး မီးကင်ပါ။ ငရုတ်သီးနွမ်းလျှင် ငရုတ်ဆုံထဲ ငါးပိငရုတ်သီး ရောထောင်းပါ။
ပုစွန်ခြောက်ထောင်းပါ။ ခရမ်းသီးအပြင် အရေခွံများကို ခွာလိုက်ပါ။ ငရုတ်ထောင်းထဲ ဆား၊ဟင်းခတ်မှုန့်ကို စားပွဲ ၁ဇွန်းကျစီထည့်ပါ။
ကြက်သွန်ဖြူ၊ချင်း ထည့်ထောင်းပါ။ ငရုတ်သီးထောင်းညက်လျှင် ခရမ်းသီးလှီးထည့်ပြီး နယ်ပါ။ မန်ကျည်းမှည့်ရေဖျော်ထည့်ပါ။
ကြက်သွန်နီ ပါးပါးလှီးထည့်ပါ။ နံနံပင်ထည့်ပါ။ အပေါ့အငန်မြည်းပါ။ အသင့်စားသုံးနိုင်ပါပြီ။

No comments: