Thursday, February 12, 2015

ပညာရေးလေးပွင့်ဆိုင် ဘယ်သူနိုင်သလဲ



ဖြစ်စဉ်အမှန်နှင့် သံသယတရားခံ

မြန်မာနိုင်ငံတွင် လူအများသတိပြု စိတ်ဝင်တစားရှိသော ရာဇဝတ်မှုခင်းများ ပေါ်ပေါက်ခဲ့ဖူးသလို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် မသိရှိလိုက်သော မှုခင်းဖြစ်စဉ်များလည်းရှိသည်။ ထို့အတူ အချို့မှုခင်းဖြစ်စဉ်များတွင် ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးရမှုများနှင့် ပတ်သက်၍ အသိအမှတ်ပြုစရာ စွမ်းဆောင်မှုများ မြင်တွေ့ခဲ့ရသလို အချို့မှုခင်း ဖြစ်စဉ်များနှင့် ပတ်သက်လျှင် မေးခွန်းထုတ်စရာများ ဝေဖန်မှုများ ရှိနေသည်။

လတ်တလောတွင် အများပြည်သူ စောင့်ကြည့်နေသော မှုခင်းဖြစ်စဉ်အချို့တွင် လက်ပံတောင်းဒေသခံ ဒေါ်ခင်ဝင်း သေနတ်မှန်ဒဏ်ရာဖြင့် သေဆုံးမှု၊ အလွတ်တန်းသတင်းထောက် ကိုပါကြီး အသတ်ခံရမှု၊ မူဆယ်ခရိုင် ကောင်းခါးကျေးရွာမှ မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရသည့် ခရစ်ယာန်သာသနာပြု ဆရာမနှစ်ဦး ဖြစ်စဉ်တို့မှာ အထင်ရှားဆုံးဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က မုံရွာခရိုင်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဝန်ထမ်းများနှင့် ဒေသခံများအကြား ခြံစည်းရိုးတိုးမြှင့်ခတ်ရာမှ ပဋိပက္ခများ ပေါ်ပေါက်ခဲ့သည်။ အဆိုပါ ပဋိပက္ခဖြစ်စဉ်အတွင်း အသက် ၅ဝ ကျော် ဒေသခံအမျိုးသမီးကြီးတစ်ဦး သေနတ်ထိမှန်ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့သည်။ ယင်းဖြစ်စဉ်အပေါ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များနှင့် ပတ်သက်သော အစီရင်ခံစာလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ အဆိုပါ ဒေသခံအမျိုးသမီးကြီး သေဆုံးမှုအား ဆားလင်းကြီးမြို့နယ် တရားရုံးတွင် စတင်စစ်ဆေးနေပြီဖြစ်သည်။ အလားတူ အလွတ်တန်း သတင်းထောက် ကိုပါကြီး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ လိုအပ်သော အလောင်းဖော်စစ်ဆေးမှုများ အပါအဝင် လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ သို့သော် တပ်မတော်ဘက်မှ ထွက်ဆိုချက်နှင့် သက်သေခံပစ္စည်းများ ပေးပို့ခြင်းမရှိသေးသောကြောင့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ တရားရုံးတင်ရန် ကြန့်ကြာမှုများ ရှိနေကြောင်း သိရသည်။ ထို့အပြင် မူဆယ်မြို့နယ် ကောင်းခါးကျေးရွာတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိနေသော ခရစ်ယာန်သာသနာပြု ဆရာမနှစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်သော စုံစမ်းစစ်ဆေးမှုအပေါ် စောင့်ကြည့်နေကြသည်။ အသတ်ခံရသည့် ကျောင်းဆရာမနှစ်ဦး၏ ဆံပင်နမူနာ အပါအဝင် သွေး၊ သွေးစွန်းအဝတ်၊ စောင်များကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးရန် ဓာတုအတွင်းဝန်ရုံးသို့ ပို့ထားကြောင်း သိရသည်။ သို့သော် စစ်ဆေးမှုများနှင့် ပတ်သက်သောရလဒ်ကို တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း သတင်းအချို့တွင် ဒေသခံများထဲမှ ကျူးလွန်သည့်သဘော ဖော်ပြချက်အချို့ရှိ နေရာဝေဖန်မှုများ ရှိနေသည်။ ထို့အပြင်ဖြစ်စဉ်၏ အဓိကတရားခံအား ဖော်ထုတ်နိုင်ရန် လိုလားပြီး အများစုက ဝိဝါဒကွဲပြားစရာ အဖြေများ ထွက်ပေါ်လာမည်ကို စိုးရိမ်နေကြသည်။

ထို့အတွက် ပြီးခဲ့သည့် ၂ဝ၁ဝ ပြည့်နှစ် သင်္ကြန်ကာလက ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေးကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ကိုဖြိုးဝေအောင်ဆိုသူကို သေဒဏ်၊ တစ်သက်တစ်ကျွန်း အပါအဝင် အလုပ်နှင့်ထောင်ဒဏ် နှစ် ၂ဝ ကျော်ချမှတ်သည့် ဖြစ်စဉ်က အမှတ်ရစရာ ဖြစ်သည်။ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ၂ဝ၁ဝ ပြည့်နှစ် ဧပြီလ ၂၃ ရက်တွင်ဖမ်းဆီးခံရပြီး နှစ်နှစ်အကြာတွင် ပြစ်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။ သို့သော် ၂ဝ၁၂ ခုနှစ် ဩဂုတ်လတွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် အသည်းကင်ဆာ ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ သူ၏မိသားစုဝင်များက ကိုဖြိုးဝေအောင်မှာ စွပ်စွဲခံရသူသာဖြစ်ကြောင်း ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အထက်ပါ ဖြစ်စဉ်သည် တွေးတောစရာ နမူနာတစ်ခုသာဖြစ်သည်။ တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံသားများအား မှန်ကန်စွာ အကာအကွယ်ပေးနိုင်ရန် ကျူးလွန်သူ အစစ်အမှန်များ ဖော်ထုတ်အရေးယူနိုင်ရေးမှာ အဓိကကျသည်။ သို့မှသာ မလိုလားအပ်သော သံသယများ ကင်းရှင်းကာ အားလုံးပူးပေါင်းပါဝင်မှုဖြင့် အလားတူဖြစ်စဉ်များ မပေါ်ပေါက်ရန် ဟန့်တားနိုင်ခြင်း၊ အမှန်တကယ် ပြစ်မှုကျူးလွန်သူများအား ထိထိရောက်ရောက် အရေးယူနိုင်ခြင်းများ ပြုလုပ်နိုင်မည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော် 

ပညာရေးလေးပွင့်ဆိုင် ဘယ်သူနိုင်သလဲ

အစိုးရ၊ လွှတ်တော်၊ NNER နှင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် လေးပွင့်ဆိုင်ဆွေးနွေးကြရာ ပညာရေး လေးပွင့်ဆိုင် ဆွေးနွေးပွဲတွင် သပိတ်မှောက် ကျောင်းသားတို့၏ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုချက် ၁၁ ချက် အားလုံးကို မူအားဖြင့် သဘောတူညီလိုက်ပြီ ဖြစ်သည်။

ရုတ်တရက်ကြည့်လိုက်လျှင် ကျောင်းသားတို့ဘက်က အနိုင်ရလိုက်သည်ဟု ထင်ရသော်လည်း အမှန်တကယ် အနိုင်ရသည်မှာ သုံးဦးသောသူတို့ ဖြစ်နေသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် အစဉ်အဆက် သပိတ်တို့သည် သွေးမြေကျတတ်သော အစဉ်အလာရှိသည်။ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းခါစ ဒီမိုကရက် နည်းနာတို့ဖြင့် အသားမကျသေးချိန်တွင် ကျောင်းသားတို့ကလည်း သပိတ်တပ်ကြီးများဖြင့် အနယ်နယ်အရပ်ရပ်က ချီတက်လာပြီး ကိုလိုနီခေတ်က ရဲရဲတောက်မိန့်ခွန်းတို့ ဟောပြောကြသလို သပိတ်တွင် ပါဝင်သူအချို့၏ အပြုအမူများမှာ မေးခွန်းထုတ်စရာ ဖြစ်သည်။ အာဏာပိုင်တို့ဘက်ကလည်း အသံနှင့် စကားလုံးတို့ ပြင်းထန်လာသဖြင့် နည်းလမ်းဟောင်းများကို ပြန်သုံးမည့် အရိပ်အယောင်တို့ မြင်ရသည်။ ထိုသို့ နှစ်ဖက်တင်းမာမှု တရိပ်ရိပ်တက်လာသဖြင့် ယခင့်ယခင်က ရလဒ်မျိုး ပြန်ထွက်မလားဟု စိုးရိမ်ခဲ့ရသော်လည်း ယခုအခါ အေးအေးဆေးဆေး တွေ့ဆုံဆွေးနွေးပြီး ရလဒ်ထွက်ခဲ့သဖြင့် အမှန်တကယ် အနိုင်ရသည်မှာ “ဒီမိုကရေစီ ယဉ်ကျေးမှု” ဖြစ်သည်။

တစ်ဖန် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှု နိမ့်ပါးလှသလို ပြည်တွင်းသေနတ်သံ မစဲနိုင်သေးသည့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ပညာရေး ဆွေးနွေးပွဲတွင် ရလဒ်ထွက်ခဲ့သည်မှာ ယုံကြည်မှု တည်ဆောက်နိုင်လိုက်ခြင်း ဖြစ်သည်။ ယုံကြည်မှု တည်ဆောက်ရေး ခရီးလမ်း ဆက်လျှောက်ရဦးမည် ဖြစ်သော်လည်း ယခုဆွေးနွေးပွဲ အောင်မြင်စွာ ပြီးဆုံးခြင်းသည် ကြီးမားသော ခြေလှမ်းတစ်ရပ် ဖြစ်သည်။ ထို့ကြောင့် “ယုံကြည်မှု” သည် အနိုင်ရသူ နောက်တစ်ဦး ဖြစ်သည်။

တတိယ၊ နောက်ဆုံးပိတ် အိတ်ဖြင့်လွယ် အနိုင်ရသူမှာ “ပညာရေး” ဖြစ်သည်။ “ကျောင်းသားတို့ ဘာကြောင့်တောင်းဆိုသလဲ”၊ “ပညာရေးဥပဒေတွင် ဘာတွေပါသလဲ”၊ “အဘယ်ကြောင့် ပညာရေးဥပဒေသည် အငြင်းပွားစရာ ဖြစ်ခဲ့သလဲ” ဟူသော အသေးစိတ် အချက်အလက်တို့ကို မသိခဲ့သော်လည်း ကျောင်းသားတို့ ပညာရေးကောင်းအောင် လုပ်နေသည်ဟူသော အသိဖြင့် ပညာရေးသပိတ်ကို စိတ်အားဖြင့် ထောက်ခံသူ ပြည်သူများစွာ ရှိကြောင်း တွေ့ရသည်။ လွှတ်တော်နှင့် အစိုးရပိုင်း တာဝန်ရှိသူများသည်လည်း ပညာရေးကို လိုလားသူများသာ ဖြစ်ပြီး သပိတ်မှောက်သူတို့နှင့် အယူအဆနှင့် နည်းလမ်းတွင်သာ ကွာဟကြသည်ဟု တွက်ဆရပါသည်။ ထိုသို့ ပညာရေးကို တန်ဖိုးထားသူများ အချင်းချင်း ဖြစ်ခြင်းကြောင့် နောက်ဆုံး သဘောတူညီမှုရကာ “ပညာရေး” က အနိုင်ရခဲ့ခြင်း ဖြစ်သည်။

တိုတိုပြောရလျှင် “တို့မြန်မာနိုင်ပြီ”။

အယ်ဒီတာ (၁၁.၂.၂၀၁၅)

---------------------------
Editorial, The Voice Daily Vol-2/No-261 (#voiceeditorial)

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရဖို့ဆိုရင် . . .

“ကျွန်ုပ်တို့၏ ကံကြမ္မာကို ကျွန်ုပ်တို့ဖန်တီးဖို့အရေးသည် ကျွန်ုပ်တို့၏ လက်တွင်းမှာပင်ရှိ၏။ ကျွန်ုပ်တို့အင်အားကို ကျွန်ုပ်တို့ ယုံကြည်လျှင် ကောင်းကင်တမွတ် ကြယ်ပင်ဆွတ်နိုင် ကြပေမည်”

ဗိုလ်ချုပ်အောင်ဆန်း

(၁၉၄၆ ခုနှစ် ဇန်န၀ါရီ ၂၀ ရက်တွင်ကျင်းပသော ဖဆပလညီလာခံ၌ ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်)

ပြီးခဲ့သည့် ၂ဝ၁ဝ ပြည့်နှစ်တွင် ကျင်းပခဲ့သော နှစ်ပေါင်း ၂ဝ ကျော်အတွင်း ပထမဆုံးပြန်လည်ပြုလုပ်သည့် ရွေးကောက်ပွဲကို ပြည်သူများ ကြုံတွေ့ဖြတ်သန်းခဲ့ကြပြီးဖြစ်သည်။ အဆိုပါရွေးကောက်ပွဲအပြီး အစိုးရအဖြစ် တာဝန်ယူခဲ့သော သမ္မတအပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူများ၏ ရပ်တည်ချက်နှင့် လုပ်ဆောင်ချက်များကိုလည်း မျက်ဝါးထင်ထင် တွေ့ကြုံသိမြင် နေကြရပြီဖြစ်သည်။ ငါးနှစ်သက်တမ်းဖြစ်သည့် အစိုးရသက်တမ်းမှာ မကြာခင် ကုန်ဆုံးတော့မည်ဖြစ်သည်။ ထို့ကြောင့် ၂ဝ၁၅ ရွေးကောက်ပွဲနှင့်အတူ နောက်ထပ် အစိုးရသက်တမ်းသစ်အတွက် မည်သူတို့ကို အစိုးရတာဝန် အပ်နှင်းမည်ဆိုသည်ကို ပြည်သူများ ရွေးချယ်ကြရတော့မည်ဖြစ်သည်။ ထို့အတွက် ၂ဝ၁ဝ ရွေးကောက်ပွဲ အတွေ့အကြုံသည် လည်းကောင်း၊ လက်ရှိအစိုးရ၏ နိုင်ငံနှင့် လူထုအပေါ် မည်ကဲ့သို့ စီမံဆောင်ရွက်နေခြင်း များသည်လည်းကောင်း၊ နောက်ထပ်အစိုးရသစ်အတွက် ရွေးချယ်မဲပေးရန် အကောင်းဆုံးသင်ခန်းစာ များပင်ဖြစ်သည်။

သို့သော် လူထုယုံကြည်အားကိုးသည့် နိုင်ငံနှင့် ပြည်သူအတွက် အမှန်တကယ် အလုပ်အကျွေးပြုမည့် ပြည်သူ့အစိုးရစစ်စစ် ပေါ်ပေါက်ရန် နည်းလမ်းမှန်ကန်စွာ၊ လွတ်လပ်မျှတစွာ မဲပေးခွင့်ရရှိဖို့လိုသည်။ ယင်းအပြင် အမှန်တကယ် မဲပေးခွင့်ရှိသည့် နိုင်ငံသားစစ်စစ်များ မဲပေးခွင့်ရရန် အရေးကြီးသလို မဲမသမာမှုများ မပေါ်ပေါက်ရေး၊ နိုင်ငံသားမဟုတ်သူများ မဲပေးခွင့်မပြုရေးကဲ့သို့ အခြေအနေများကိုလည်း သတိပြုရမည် ဖြစ်သည်။

ထို့အတွက် နိုင်ငံသားတစ်ဦး၏ အမြင့်ဆုံး အခွင့်အရေးဖြစ်သော မဲပေးခွင့်သည် မိမိနိုင်ငံအပြောင်းအလဲနှင့် မိမိဘဝ အပြောင်းအလဲအတွက် အရေးကြီးသည့် အဆုံးအဖြတ်ဆိုသည်ကို မမေ့သင့်ပါ။ သို့သော် နိုင်ငံသားမဟုတ်သေးသော စိစစ်ဆဲ (နိုင်ငံခြားသား) များအား (ယာယီသက်သေခံလက်မှတ်-ဝှိုက်ကတ်ကိုင်ဆောင်သူများ) အား မဲပေးခွင့်ပြုကြောင်း လွှတ်တော်မှ ဆုံးဖြတ်ထားသည့် အခြေအနေမျိုးများရှိနေရာ မြန်မာနိုင်ငံသား စစ်စစ်များအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေး မပျောက်ဆုံးစေရန် ပိုမိုသတိပြုသင့်သည်။ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)၊ မိမိအမည် ပါဝင်သော သန်းခေါင်စာရင်းနှင့် အခြေခံမဲစာရင်းများ ထုတ်ပြန်ချိန်တွင် မိမိအမည်ပါမပါကို ကိုယ်တိုင်စိစစ်၍ မိမိအမည် ပါဝင်ခြင်းမရှိပါက သတ်မှတ်ဥပဒေများအတိုင်း လုပ်ဆောင်သင့်ပါသည်။

၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် (၁၉၁၅-၂ဝ၁၅) အထိမ်းအမှတ်နှစ် ဖြစ်သည့်အားလျော်စွာ ဗိုလ်ချုပ်အောင်ဆန်းကို ပြန်ပြောင်းအောက်မေ့ဖွယ် သမိုင်းမှတ်တမ်း အဖြစ်အပျက်များ ပြန်လည်ဖော်ထုတ်လာကြသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံ့ခေါင်းဆောင်ပီသသော အတွေးအခေါ် အယူအဆများက သမိုင်းမှတ်တမ်း အဖြစ်သာမက စံနမူနာယူစရာများအဖြစ် ရှိနေဆဲဆိုသည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။ “လူတွေကတင်မြှောက်တဲ့ အစိုးရဆိုတာဟာ လူတွေရဲ့ အစိုးရ၊ ပြည်သူတွေရဲ့ ၊ ပြည်သူတွေနဲ့ အလှမ်းမဝေးဘဲ အမြဲလက်တွဲနေတဲ့ အစိုးရဖြစ်မှသာလျှင် သဘောတရားအတိုင်း ကိုက်ညီမယ်လို့ ကျွန်တော်ထင်တယ်”ဟု ၁၉၄၇ ခုနှစ်၊ မေ ၁၉ ရက်တွင်ကျင်းပသော ဖဆပလမဏာမ ပြင်ဆင်မှုညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသည့်မိန့်ခွန်းကောက်နုတ်ချက်မျိုးမှာ သတိပြုဆင်ခြင်စရာ ဖြစ်သည်။

သို့ပါ၍ နိုင်ငံသားတိုင်းသည် မိမိနိုင်ငံ၏ အပြောင်းအလဲ၊ မိမိဘဝ အပြောင်းအလဲအတွက် ကိုယ့်ကြမ္မာကိုယ် လွတ်လပ်စွာ ဖန်တီးခွင့်ရရှိရေးမှာ အဓိကအကျဆုံး နိုင်ငံသားအခွင့်အရေးကို လက်မလွတ်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်


No comments: