၂ဝဝ၁
ခု ဇွန်လအတွင်းက အရာရှိငယ် မားကပ်စ်နှင့် အဖွဲ့ဝင် (၃) ဦး ပါဝင်သည့် အမေရိကန်
Navy Seals အထူး ထောက်လှမ်းရေးအဖွဲ့ငယ်တစ်ဖွဲ့သည် ပါကစ္စတန်နယ်စပ်အနီး ရှိ အာဖဂန်နိုင်ငံထဲတွင်
လျှို့ဝှက်ထောက်လှမ်းရေးမစ်ရှင်တစ်ခုအဖြစ် လှုပ်ရှားနေကြ၏။ ယင်းတို့၏ အဓိကတာဝန်မှာ အိုစမာ
ဘင်လာဒင်၏ အနီးကပ်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် တာလီဘန်ခေါင်းဆောင်တစ်ဦး ပုန်းအောင်းနေထိုင်ရာစခန်းကို
ရှာဖွေထောက်လှမ်းရန် ဖြစ်သည်။ ထောက်လှမ်းရေးသတင်းများအရ အဆိုပါ တာလီဘန်ခေါင်းဆောင်သည်
တောတန်းများအကြားရှိ ရွာပုန်းတစ်ခုတွင် လက်နက်ကိုင်အင်အား ၁၅ဝ ခန့်နှင့်အတူ နေထိုင်လျက်ရှိသည်။
သို့ဖြင့် မားကပ်စ်တို့အဖွဲ့သည် အဆိုပါရွာပုန်းကို စီးမိုးမြင်သာနိုင်မည့် တောင်ကြောပေါ်သို့
တက်လာခဲ့ကြသည်။
တောင်ကြောပေါ်တွင်
ထောက်လှမ်းရေးတပ်ဖွဲ့ နေရာယူပြီးချိန်မှာပင် ကောင်ရေတစ်ရာကျော်ခန့်ရှိသည့် ဆိတ်အုပ်တစ်အုပ်ကို
မောင်းလာသည့် ဆိတ်ကျောင်းသား သုံးဦးနှင့် ပက်ပင်းတိုးမိကြတော့သည်။ ဆိတ်ကျောင်းသမားများမှာ
လက်နက်တစ်စုံတစ်ရာ ကိုင်ဆောင်ထားခြင်းမရှိသည့် သာမန်အာဖဂန်အရပ်သားများ ဖြစ်ကြ၏။ သို့တိုင်
ပုံမှန်လှည့်လည် ဆိတ်ကျောင်းသွားမည့် လူများလော (သို့) တာလီဘန်များထံ ပြေး၍ သတင်းပေးမည့်သူများလော
မခွဲခြားနိုင်ပေ။ ယင်းတို့ကို ဖမ်းချုပ်ချည်နှောင်စရာလည်း ဘာပစ္စည်းကိရိယာမျှ မပါခဲ့ကြချေ။
ထိုအခါ ထောက်လှမ်းရေးအဖွဲ့အနေဖြင့် စဉ်းစားဆုံးဖြတ်စရာဆို၍ နှစ်ချက်သာရှိတော့သည်။ ဆိတ်ကျောင်းသမားများ
အားလုံးကို သတ်ပစ်လိုက်မည်လော (သို့) လုံးဝအပြီးတိုင် လွှတ်ပေးလိုက်တော့မည်လော။
ထိုအခါ
လျှို့ဝှက်ထောက်လှမ်းရေး အဖွဲ့ဝင်များအကြားတွင် သဘာဝကျစွာ အငြင်းပွားစရာ ဖြစ်လာတော့သည်။
အဖွဲ့ဝင်တစ်ဦးက 'ယခုအချိန်မှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ အသက်ရှင်ရပ်တည်ရေးအတွက်
လုပ်သင့်တာမှန်သမျှ အားလုံးလုပ်ပိုင်ခွင့်ရှိတယ်။ စစ်ဘက်ရေးရာ အမြင်အရ ပြောရရင် ရှင်းပါတယ်။
သူတို့ကို လွှတ်ပေးလိုက်လို့မရဘူး။ အကုန်လုံး သတ်ပစ်လိုက်ဖို့ပဲရှိတယ်' ဟူ၍ သူ့သဘောထားကို
ရှင်းလင်းပြတ်သားစွာ ပြောကြားခဲ့၏။ ကျန်အဖွဲ့ဝင်နှစ်ဦးကမူ သူတို့သဘောထားကို ဖော်ပြလိုသောဆန္ဒ
မရှိကြ။ အထက်အရာရှိ ဆုံးဖြတ်သည့်အတိုင်း နာခံလိုသော သဘောထားသာ ရှိကြ၏။ အရာရှိဖြစ်သူ
မားကပ်စ်၏ ဆန္ဒကလည်း ရှင်းပစ်လိုက်မှဖြစ်မည် ဆိုသောအမြင် ရှိ၏။ သို့သော် ဘာသာရေးအစွဲအလမ်းကြီးသူ
မားကပ်စ်အနေဖြင့် လက်နက်မဲ့အရပ်သားများကို သတ်ပစ်လိုသောဆန္ဒက နည်းနည်းမျှမရှိလှ။ သို့ဖြင့်
လက်နက်မဲ့အရပ်သား ဆိတ်ကျောင်းသမားသုံးဦးကို လွှတ်ပေးလိုက်တော့သည်။ သို့တိုင် နာရီပိုင်းအတွင်းမှာပင်
သူ့ဆုံးဖြတ်ချက် လုံးဝမှားသွားပြီဖြစ်ကြောင်း မားကပ်စ်ကိုယ်တိုင် ကောင်းစွာ သိရှိနားလည်ခဲ့ရသည်။
သို့သော် သူ၏ အမှားမှာ လုံးဝပြင်ဆင်ခွင့်မရအောင် နောက်ကျသွားခဲ့ရလေပြီ။
မားကပ်စ်တို့လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဝင်
လေးဦးကို AK 47 နှင့် ဒုံးကျည်လက်နက်မျိုးစုံ တပ်ဆင်ထားသည့် တာလီဘန်တပ်ဖွဲ့ဝင် အင်အားတစ်ရာနီးပါးခန့်တို့က
ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့ကြ၏။ ပြင်းထန်သည့် တိုက်ပွဲဖြစ်စဉ်၏ မိနစ်ပိုင်းအတွင်းမှာပင်
မားကပ်စ်၏ ရဲဘော်သုံးဦးစလုံး ကျဆုံးသွားခဲ့ရသည်။ မားကပ်စ်က ဆက်သွယ်ရေးစက်နှင့် အကူအညီတောင်းသဖြင့်
ကူညီရန်ရောက်ရှိလာသည့် ရဟတ်ယာဉ်တစ်စီးသည် ဒုံးကျည်ထိမှန် ပျက်စီးသွားခဲ့ရသည်။ အဆိုပါ
ရဟတ်ယာဉ်ပျက်စီးမှုနှင့်အတူ လိုက်ပါလာသည့် Navy Seals အထူးတပ်ဖွဲ့ဝင် (၁၆) ဦးလည်း ကျဆုံးသွားခဲ့ရသည်။
မားကပ်စ်ကိုယ်တိုင်မှာလည်း ဒဏ်ရာပြင်းထန်သဖြင့် တောင်ပေါ်မှအောက်သို့ လှိမ့်ချလိုက်ရသည်။
ထိုမှ ၇ မိုင်ခန့်ဝေးသည့် ပက်ရှ်ထွန်ရွာသို့ လေးဘက်ထောက် အရောက်သွားပြီး ပုန်းအောင်းနေခဲ့သည်။
နောက်ပိုင်းတွင် မားကပ်စ်သည် သူ၏ အတွေ့အကြုံများနှင့်ပတ်သက်၍ စာအုပ်တစ်အုပ် ရေးခဲ့ရာ၌
'ဒါဟာ
ကျွန်တော့်ဘဝတလျှောက်လုံးမှာ အရူးသွပ်ဆုံး၊ အမိုက်မဲဆုံး၊ အဆိုးဝါးဆုံး ချမှတ်မိတဲ့
ဆုံးဖြတ်ချက် တစ်ရပ်ပါ။ ကျွန်တော်လည်း စိတ်လွတ်ကိုယ်လွတ်များ ဖြစ်နေသလား မသိပါဘူး။
တကယ်တော့ ကျွန်တော့်ဆုံးဖြတ်ချက်က ကျွန်တော့်ရဲဘော်တွေကို သေဒဏ်ချမှတ်ရာမှာ လက်မှတ်ထိုး
ပေးလိုက်မိတာပါပဲ။ ဒီဆုံးဖြတ်ချက်ချတာ ကျွန်တော်ပါ။ ဒီဆုံးဖြတ်ချက်အမှားဟာ သူတို့တွေ
ကျွန်တော့်ကို တက္ကဆက်အရှေ့ပိုင်းသုဿာန်မှာ ဂူသွင်းသဂြုင်္ိဟ်လိုက်တဲ့အချိန်အထိ ကျွန်တော်နှင့်အတူ
ရှိနေတော့မှာပါ'
ဟူ၍
နောင်တကြီးစွာဖြင့် ဖော်ပြခဲ့ပါသည်။
မည်သို့ပင်ဖြစ်စေ
ဤဖြစ်ရပ်၏ အခြေခံပြဿနာမှာ သာမန်မှားခြင်း မှန်ခြင်း ကိစ္စသက်သက်မျှသာ မဟုတ်ပါ။ ကျင့်ဝတ်အမြင်နှင့်
ယှဉ်တွဲသုံးသပ်ရမည့် အမှားအမှန်ပြဿနာ ဖြစ်သည်။ ကျင့်ဝတ်သဘောအရ ပြောကြမည်ဆိုလျှင် သာမန်လက်နက်မဲ့အရပ်သားများကို
လက်နက်ကိုင်တပ်ဖွဲ့မှ သတ်ဖြတ်ခြင်းသည် အလွန်ကြီးမားသည့် ကျင့်ဝတ်ဆိုင်ရာ အမှားကြီးတစ်ရပ်
ဖြစ်သည်။ သို့တိုင် သာမန်အရပ်သားမဟုတ်ဘဲ သူလျှိုဒလံ၊ ရန်သူ့ဘက်တော်သားများ အမှန်ပင်
ဖြစ်နေပြန်လျှင်လည်း စစ်ရေးပဋိပက္ခ ပြင်းထန်နေချိန်မျိုးတွင် အရေးယူသတ်ဖြတ်ခြင်းမှာ
နှိုင်းယှဉ်မှုအရ မှန်သည်ဟု ဆိုရမည်သို့ ရှိနေပြန်၏။ မည်သို့ပင်ဖြစ်စေ အမှားအမှန်ပြဿနာကို
ကျင့်ဝတ်ပြဿနာရှုထောင့်တစ်ခုတည်းမှကြည့်လျှင် အဆုံးအဖြတ်ပေးရန်ခက်သည့် မသေချာ မရေရာမှုများ
ရှိနေနိုင်ကြောင်း သတိပြုအပ်ပေသည်။ ထို့ပြင် ကျင့်ဝတ်ပြဿနာ၏ အခြား အရေးပါသည့် မျက်နှာစာတစ်ရပ်မှာ
တရားမျှတမှုပင် ဖြစ်သည်။ ယေဘုယျအားဖြင့် လက်နက်မဲ့ သာမန်အရပ်သားများကို လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က
လက်နက်ဖြင့် တိုက်ခိုက်သတ်ဖြတ်မှုသည် အလွန်ဆိုးဝါးယုတ်ညံ့သည့် တရားမျှတခြင်း ကင်းမဲ့မှုတစ်ရပ်
ဖြစ်သည်။ သို့တိုင် ရန်ဘက်စစ်တပ်ချင်း အပြန်အလှန် လက်နက်ကိုင်တိုက်ခိုက်ကြခြင်းမှာမူ
သာမန်အားဖြင့် တရားမျှတသည့် ဖြေရှင်းနည်းဟု ဆိုရပေမည်။ ခြုံပြောရလျှင် ကျင့်ဝတ်ပြဿနာ၏
အခြေခံစံထားချက်တစ်ရပ်မှာ တရားမျှတမှုရှိခြင်း မရှိခြင်း ဖြစ်သည့်အလျောက် ကျင့်ဝတ်ဆိုင်ရာ
အမှား အမှန်ကို စဉ်းစားဆုံးဖြတ်ရာတွင် တရားမျှတမှု ပြဿနာကို လည်း ထည့်သွင်းစဉ်းစားရန်
မလွဲမသွေ လိုအပ်ပါလိမ့်မည်။
တရားမျှတမှု၏ အမှားအမှန်
ယေဘုယျအားဖြင့်
ဖွံ့ဖြိုးပြီး ဒီမိုကရေစီနိုင်ငံများတွင် ကျင့်ဝတ်ဆိုင်ရာ တရားမျှတမှု ရှိခြင်း မရှိခြင်း
ပြဿနာများ၏ အမှားအမှန်ကိစ္စများ၌ များသောအားဖြင့် အမြင်မတူကြသည် များ၏။ အနောက်တိုင်းနိုင်ငံများတွင်
အချို့က ကိုယ်ဝန်ဖျက်ချခြင်းကို မှန်ကန်သည်ဟု ထောက်ခံကြ၍ အချို့က မှားယွင်းသည်ဟု ကန့်ကွက်နေကြပေသည်။
အချို့က ဆင်းရဲသားများကို ထောက်ပံ့ကူညီနိုင်ရန် ချမ်းသာသူများအား အခွန်ကောက်ခံရန် အားပေးခဲ့ကြပြီး၊
အချို့ကမူ ယင်းတို့၏ အရည်အချင်းနှင့် ကြိုးပမ်းမှုတို့ကြောင့် ရရှိလာကြသည့် အကျိုးအမြတ်ပေါ်တွင်
အခွန်ကောက်ခံရန်မလိုဟု ယူဆကြ၏။ အချို့ပုဂ္ဂိုလ်များက အကြမ်းဖက်သမားအဖြစ် သံသယရှိသူများအား
ဖမ်းဆီးနှိပ်စက်ခြင်းကို ကန့်ကွက်ပြောဆိုနေကြစဉ် အချို့က အကြမ်းဖက်သမား နှိမ်နင်းရေးတွင်
ဤသည်မှာ အကောင်းဆုံးနှင့် နောက်ဆုံးနည်းလမ်း ဖြစ်သည်ဟု ယုံကြည်နေကြ၏။ အမေရိကန်နိုင်ငံ၏
အချို့သော ပြည်နယ်များတွင် အကြမ်းဖက်သမားများကို သေဒဏ်ပေးသည့်စနစ် ကျင့်သုံး၍ အချို့ပြည်နယ်များကမူ
ရာသက်ပန် ထောင်ဒဏ်ပေးသည့်စနစ် ကျင့်သုံးကြ၏။ ဆိုရလျှင် အမြင်ကွဲပြားခြားနားမှုများ အမှန်ပင်ရှိနေခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ
တရားမျှတမှု၏ အမှားအမှန်ဆိုင်ရာ လွတ်လပ်စွာ ဆွေးနွေးငြင်းခုံမှုများကြောင့် လူအချို့
ရွေးကောက်ပွဲအနိုင်ရပြီး အချို့ရှုံးနိမ့်ကြရ၏။ ပုဂ္ဂိုလ်အချို့ သမ္မတဖြစ်လာပြီး အချို့ရာထူးလက်လွတ်ခဲ့ကြ၏။
ယင်းသို့ ကျင့်ဝတ်ဆိုင်ရာ ငြင်းခုံပွဲများ လူထုထဲတွင် လွတ်လပ်စွာ ကျင်းပနိုင်ခဲ့ခြင်းကြောင့်
ကျင့်ဝတ်ဆိုင်ရာ အမှားအမှန် ပြဿနာများကို ရှင်းလင်းပြတ်သားစွာ ဆုံးဖြတ်ဖြေရှင်းနိုင်သည်ကား
မဟုတ်ပေ။ ဒီမိုကရေစီစနစ်ဖြင့် အများစု အနည်းစု ပြဿနာများကိုကား အဆုံးအဖြတ်ပေးနိုင်စွမ်း
ရှိမည်မဟုတ်ပေ။ ရံဖန်ရံခါတွင် အမှန်တရားသည် လူနည်းစုဘက်တွင် ရှိနေတတ်ပေသည်။ ထို့ပြင်
မိမိတို့၏ ကျင့်ဝတ်ဆိုင်ရာ အမြင်များသည် ပြုပြင်ဖြည့်ဆည်းရန် မလိုတော့သည့် အမှန်တရားများပင်ဖြစ်သည်
ဆိုသည့် တရားသေ အစွဲအလမ်းများကို ဆုပ်ကိုင်ထားခြင်းသည် ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်သစ်ဆီသို့
ချီတက်နေသည့် ကမ္ဘာကြီး၏ အထွေထွေဦးတည်ချက်နှင့် ဆီလျော်ကိုက်ညီခြင်း မရှိတော့ပေ။ မည်သို့ပင်ဆိုစေ
လွတ်လပ်စွာ ဆွေးနွေး ငြင်းခုံခြင်းများက အပြောင်းအလဲများကို လက်ခံစဉ်းစားရန် အနိမ့်ဆုံးအားဖြင့်
တွန်းကန်အားပေးနိုင်လိမ့်မည်။ ထိုအခါတွင် တရားမျှတမှုနှင့် မတရားမမျှတမှု / တန်းတူညီမျှမှုနှင့်
တန်းမတူမညီမျှမှု / တစ်ဦးချင်းအခွင့်အရေးနှင့် အများကောင်းစားရေး စသည်တို့ကို မည်သို့အကြောင်းအကျိုးရှိသော
ဆင်ခြင်တုံတရားဖြင့် စဉ်းစားလက်ခံကြမည်နည်း။
ကျင့်ဝတ်ဆိုင်ရာအဘိဓမ္မာ
အဆိုပါ
ကျင့်ဝတ်ဆိုင်ရာ အမှားအမှန်ပြဿနာများ အကြောင်းကို ပြန်လည်စဉ်းစား သုံးသပ်ကြမည် ဆိုလျှင်
အခြေခံမူသဘောနှင့် စီရင်ဆုံးဖြတ်မှုတို့၏ အပြန်အလှန် ဆက်ဆံရေးတို့ကို ဦးစားပေး စဉ်းစားရမည်ပင်
ဖြစ်သည်။ အခြေခံမူသဘောမှာ အရင်းခံအားဖြင့် လူတို့သည် တရားမှန်ကန်သော အမှုကိုသာ ပြုလိုကြ၏။
ထိုတရားမှန်ကန်သည့် အမှုကို လက်တွေ့ပြုမူ ဆောင်ရွက်ရင်း အကျိုးသက်ရောက်မှုကို အဆုံးအဖြတ်ပြုကြရ၏။
ထိုအဆုံးအဖြတ်ဖြင့် အခြေခံမူသဘောတို့အပေါ် ထပ်မံဖြည့်ဆည်း ပြုပြင်ကြရမြဲဖြစ်၏။ ယင်းဖြည့်ဆည်းပြုပြင်ထားသည့်
အခြေခံမူသဘောကိုပင် လက်တွေ့ပြန်လည်စမ်းသပ်မှု ပြုမူလှုပ်ရှားပြီးနောက် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ
ချမှတ်ရပြန်သည်။ ယင်းသို့ မူသဘောနှင့် အဆုံးအဖြတ်သဘောတို့ အပြန်ပြန်အလှန်လှန် ဆက်ဆံမှုပြုပြီးသည့်အခါ
ကျင့်ဝတ်ဆိုင်ရာ နှုန်း၊ စံ၊ တန်ဖိုးများ အသိအမှတ် ပေါ်ထွန်းလာခဲ့ရသည်။ အဆိုပါ ကျင့်ဝတ်ဆိုင်ရာ
နှုန်း၊ စံ၊ တန်ဖိုးများမှာ ရေရှည်ဖြစ်ပေါ် တိုးပွားလာခြင်း၏ အကျိုးဆက်ဖြစ်သော်လည်း မပြောင်းလဲနိုင်သည့်
ပုံသေနည်းများကား မဟုတ်ကြပေ။
ယင်းသို့
ကျင့်ဝတ်ဆိုင်ရာ အခြေခံမူသဘောများနှင့် အဆုံးအဖြတ်ပေးမှုတို့၏ အတွင်းသဘောဆက်ဆံရေးတို့ကို
ဂရိခေတ်ကပင် ဆိုကရေးတီး၏ ကထာများ (Dialogues of Socraties) နှင့် အရစ္စတိုတယ်
(Aristotal) ၏ ကျင့်ဝတ်ဆိုင်ရာဒဿန(Moral Philosophy) ကျမ်းများတွင် တွ့ခဲ့ကြရသည်။ အရစ္စတိုတယ်၏
အဆိုအရ ကျင့်ဝတ်ဆိုင်ရာ အခြေခံမူများနှင့် ဆုံးဖြတ်ချက်တို့ အပြန်အလှန် ဆက်ဆံမှုပြုရုံမျှဖြင့်
ကျင့်ဝတ်ဆိုင်ရာအမြင်များ လင်းပွင့်တိုးတက်မှု မရနိုင်ပေ။ အကြောင်းမှာ အခြေခံမူသဘောတို့မည်သည်
ရေရှည်လက်ခံထားသည့် အစွဲအလမ်းများသာ ဖစ်ကြ၏။ ထိုအစွဲအလမ်းများဖြင့် လူ့အဖွဲ့အစည်းအတွင်း
ဖြစ်ပျက်နေသမျှကို ကြည့်မြင်နေသမျှ မှန်ကန်သောဆုံးဖြတ်ချက် ချနိုင်မည်မဟုတ်ပေ။ ထိုကျင့်ဝတ်အမြင်များ၏
လင်းပွင့်တိုးတက်မှုဆိုသည်မှာ တစ်ယောက်တည်း ထိုင်စဉ်းစားနေရုံမျှဖြင့် မဖြစ်နိုင်ပေ။
လူတစ်ဦးချင်း၏ စိတ်ထဲ၊ ဦးနှောက်ထဲတွင် အစွဲအလမ်းအခံများကြောင့် ဒွိဟသံသယများ ပဋိပက္ခများဖြင့်
မှန်ကန်စွာ ဆုံးဖြတ်ချက်ချနိုင်ဖွယ် မရှိပေ။ ကျင့်ဝတ်အမြင်များ လင်းပွင့်တိုးတက်ရန်
မိတ်ဆွေအသိုင်းအဝိုင်း နေ့စဉ်လူမှုဘဝ အပြောင်းအလဲများနှင့် အစဉ်ထိကပ် ဆက်စပ်နေရန်လိုသည်။
ထိုသို့ လူမှုဘဝအဝန်းအဝိုင်းအတွင်းမှ အမြင်ပြောင်းလဲမှုများနှင့် ထိတွေ့ဆက်စပ်နေမှသာ
အရိုးစွဲနေသော အခြေခံမူသဘောများကို ဖြည့်ဆည်းပြောင်းလဲနိုင်မည် ဖြစ်၏။ ဤသို့ ပြောင်းလဲနိုင်မှလည်း
ကျင့်ဝတ်ဆိုင်ရာအမြင်များ လင်းပွင့်တိုးတက်လာမည်ဖြစ်သည်။
ပလေတို၏
'သမ္မတနိုင်ငံ'ကျမ်း အလိုအရ ဆိုကရေးတီးက အထက်ပါအမြင်ရှိသူပုဂ္ဂိုလ်တို့မှာ လိုဏ်ဂူထဲတွင်
အကျဉ်းချခံထားရသူများနှင့်တူသည် ဆို၏။ ထိုသူတို့မှာ ဂူထဲရှိ ရုပ်ဝတ္ထုများ၏ အရိပ်ကိုသာ
မြင်တွေ့ဖူးပြီး ယင်းတို့ကိုပင် အစစ်အမှန်ဟု ထင်နေခဲ့ကြ၏။ ထိုဂူထဲမှ ထိုးဖောက်ထွက်လာနိုင်သူ
ဒဿနပညာရှင်သာ နေရောင်ခြည်အောက်ရှိ အရာများအားလုံးကို ပကတိသဘာဝအတိုင်း မြင်နိုင်စွမ်းရှိကြသည်။
နေရောင်ခြည်အောက်တွင် ရောက်နေသူ ဒဿနပညာရှင်သည်သာလျှင် ဂူထဲရှိ အမှောင်ထုအောက် ရောက်ရှိနေသူများကို
အုပ်ချုပ်နိုင်မည် ဖြစ်ပေသည်။ ပလေတိုကိုယ်တိုင်၏ အမြင်အရမူ ကျင့်ဝတ်ဆိုင်ရာ အစွဲအလမ်းများမှ
ရုန်းထွက်ကာ နေ့စဉ်နေထိုင်မှုဘဝဆိုင်ရာ ဖြစ်ရပ်များနှင့် ကင်းကွာပြီး စဉ်းစားဆင်ခြင်နိုင်မှ
တရားမျှတမှုနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ ကောင်းမှု၏သဘောသဘာဝကို ဆုပ်ကိုင်နိုင်မည် ဖြစ်သည်။
ပလေတိုပြောသည့် ကျင့်ဝတ်ဆိုင်ရာ အစွဲအလမ်းများမှ ရုန်းထွက်ရမည်ဆိုသည့် သဘောထားမှာ မှန်ပါသည်။
သို့သော် နေ့စဉ်နေထိုင်မှုဘဝဆိုင်ရာ ဖြစ်ရပ်များနှင့် ကင်းကွာစွာ စဉ်းစားဆင်ခြင်ရမည်ဆိုသည့်
သဘောထားမှာ မမှန်ကန်ပါ။ လူမှုအသိုင်းအဝိုင်းအတွင်းမှ နေ့စဉ်ဘဝဆိုင်ရာ အတွေ့အကြုံများနှင့်
ပေါင်းစပ်ဖြည့်ဆည်းနိုင်မှသာ ကျင့်ဝတ်ဆိုင်ရာ အစွဲအလမ်းများမှ ရုန်းထွက်စေနိုင်ပြီး
ကျင့်ဝတ်များကို လင်းပွင့်ဖွံ့ဖြိုး တိုးတက်စေနိုင်မည် ဖြစ်သည်။ အဆိုပါ ဖွံ့ဖြိုးလာသော
ကျင့်ဝတ်အမြင်သစ်များကိုလည်း ကောင်းမြတ်မှန်ကန်မှု ရှိမရှိဆိုသည်ကို လူ့အဖွဲ့အစည်းထဲတွင်
လက်တွေ့ပြန်လည် အသုံးချကြည့်ခြင်းဖြင့် ထပ်မံစစ်ဆေးစမ်းသပ်ကြရမည်ဖြစ်သည်။ ထို့ကြောင့်
ကျင့်ဝတ်နှင့် လူ့အဖွဲ့အစည်းတို့သည် အပြန်အလှန် ဆက်စပ်နေသကဲ့သို့ အပြန်အလှန် ပဋိပက္ခလည်း
ဖြစ်နေကြသည့် ဒိုင်ယာလက်တစ်နည်းကျ ဆက်ဆံရေးဖြစ်သည်။ အလားတူ အခြေခံမူသဘောနှင့် အဆုံးအဖြတ်ပေးမှုတို့သည်လည်း
အနုပဋိလောမသဘောအရ အပြန်အလှန် အကြောင်းအကျိုးပြု ဆက်ဆံမှုပင် ဖြစ်သည်။ ဆိုကရေးတီး၏စကားဖြင့်
ချုပ်ပြောရလျှင်
'ဂူထဲရှိ
နံရံပေါ်မှအရိပ်များ (ပြည်သူများ) နှင့် ထိတွေ့ဆက်ဆံမှုမပြုသော ဒဿနသည် အတွေးအခေါ်အရ အမြုံသာ
ဖြစ်နေပေလိမ့်မည်'
တချိန်တည်းတွင်
ကျင့်ဝတ်ဆိုင်ရာ အမြင်များနှင့် လူ့အဖွဲ့အစည်းတို့ ပေါင်းမိသည့်အခါ နိုင်ငံရေးပြဿနာများအဖြစ်သို့
သဘာဝကျစွာ အသွင်ပြောင်းသွားတော့သည်။ ထိုအခါ ကျင့်ဝတ်ဆိုင်ရာအဘိဓမ္မာက လူ့အဖွဲ့အစည်းကို
မည်သို့သောဥပဒေဖြင့် စိုးမိုးအုပ်ချုပ်မည်နည်းဟု မေးခွန်းထုတ်လာနိုင်စရာ ရှိပေသည်။
ပဒေသရာဇ်အုပ်စိုးမှုပုံစံ၊ အရင်းရှင်အုပ်စိုးမှုသဏ္ဌာန်၊ ကွန်မြူနစ်အုပ်စိုးမှုစနစ်တို့သည်
လူ့အဖွဲ့အစည်းတွင် လွှမ်းမိုးနေသော ကျင့်ဝတ်နှုန်းစံများနှင့် ကိုက်ညီပါ၏လော။ ဒီမိုကရေစီစနစ်သည်
လူ့အဖွဲ့အစည်းအတွင်း တန်းတူညီမျှမှုနှင့် တရားမျှတမှုဆိုသည့် ကျင့်ဝတ်အခြေခံများကို မည်သို့
အာမခံနိုင်မည်နည်း။
ဤမေးခွန်းများ၏
အဖြေများကို သမိုင်းခေတ်ကာလတလျှောက်ရှိ မတူသောခေတ်တွင် မတူသည့် နိုင်ငံရေးဒဿနပညာရှင်များက
အမျိုးမျိုးဖြေရှင်းပြနိုင်ရန် ကြိုးစားခဲ့သည်များ ရှိခဲ့ကြပါသည်။ ဤမှာဘက်တွင် အရစ္စတိုတယ်အီမန်နျူရယ်
ကန့် (I.Kant)၊ ဂျွန်စတူးဝပ်မီးလ် (John Stuart Mill)၊ ဂျွန်ရောလ် (John Rawls) နှင့်
ကားလ်မာ့က်စ်တို့သည် ကြီးကျယ်ထင်ရှားသည့် ပညာရှင်ကြီးများပင် ဖြစ်ကြသည်။ လူမှုဘဝ ရှင်သန်အသက်ဝင်
လှုပ်ရှားစေရန် တွန်းအားပေးခဲ့ကြသည့် တရားမျှတမှုနှင့် အခွင့်အရေး၊ တာဝန်ရှိမှုနှင့် သဘောတူညီမှု၊
ဂုဏ်ပြုမှုနှင့် ကောင်းမှု၊ ကျင့်ဝတ်နှင့် တရားဥပဒေဆိုင်ရာ ပညာရှင်များ၏ အတွေးအမြင်များကို
လက်လှမ်းမီသမျှ လေ့လာဆွေးနွေးသွားကြရပါဦးမည်။ သို့မှသာ ကျင့်ဝတ်ဆိုင်ရာ တရားမျှတမှု၏
အမှားအမှန်ပြဿနာကို ပိုမိုပီပြင် ရှင်းလင်းစွာ နားလည်လာနိုင်ပါလိမ့်မည်။
-
သန်းစိုးနိုင် -
Credit: http://nyanmuyar.blogspot.com/2014/03/dialogues-of-socraties-aristotal-moral.html
No comments:
Post a Comment