ပြည်ထောင်စုမြန်မာနိုင်ငံ
ဦးပိုင်လီမိတက် (Union of Myanmar Economic Holdings Limited) (သို့) တပ်မတော် လက်ဝါးကြီးအုပ်
စီးပွားရေးလုပ်ငန်းအကြောင်း အပိုင်း (၁)
Asia
World ကို Crony capitalist ခရိုနီအရင်းရှင် (ခရိုနီ) လို့ပြောနိုင်တယ်။ UMEH ဦးပိုင်ကို
(ခရိုစိမ်း) လို့ အရပ်ခေါ် ခေါ်နိုင်ပါတယ်။
နဝတ မတိုင်မီ တပ်မတော်၏စီးပွားရေးလုပ်ငန်း
(သို့) ဦးပိုင်၏အဖ
၁၉၅ဝ
စုနှစ်အစောပိုင်းတွင် တပ်မတော်သားများအား စားသုံးကုန်ပစ္စည်းများ အဖိုးနှုန်းချိုသာစွာ
ရောင်းချပေးရန် DSI (Defense Services Institute) ကို တည်ထောင်ခဲ့သည်။ စီးပွားရေးလုပ်ငန်းများတွင်
ကျယ်ပြန့်စွာ ပါဝင်လုပ်ကိုင်ရန် လုပ်ငန်းကဏ္ဍကို တိုးချဲ့ခဲ့သည်။ ၁၉၅ဝ စုနှစ်နှောင်းပိုင်းတွင်
DSI သည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး စီးပွားရေး လုပ်ငန်းကြီးဖြစ်လာသည်။ ထိုခေတ်ကာလက
တပ်မတော်လုပ်ခင်း အတော်များများသည် ၁၉၅ဝ ခုနှစ် အထူးကုမ္ပဏီ အက်ဥပဒေအရ တစိတ်တပိုင်းအထူးအဆင့်အတန်းရသောကြောင့်
အောင်မြင်ကြလာသည်။ DSI သည် ဘဏ်လုပ်ငန်း၊ သင်္ဘောလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊
စာအုပ်ထုတ်ဝေရေးလုပ်ငန်းနှင့် လက်လီစီးပွားရေး လုပ်ငန်းတို့ကို လည်ပတ်လုပ်ကိုင်သည်။
ဤစီးပွားရေးလုပ်ငန်းများမှရရှိသော
ဝင်ငွေများကို တပ်မတော်သားများနှင့် ၎င်းတို့၏မိသားစုများ သက်သာချောင်ချိရေးနှင့် နေထိုင်မှုဘဝ
ကောင်းမွန်ရေးတို့အတွက် အသုံးပြုခဲ့သည်။ လုပ်ငန်းအချို့ကို တပ်မတော်၏ နိုင်ငံရေးအစီအစဉ်
ရှေ့ပြေး ယာဉ်အနေဖြင့် ထိုစဉ်ကတည်းက လုပ်ဆောင်ခဲ့သည်။ ဥပမာ ၁၉၅ဝ စုနှစ် အစောပိုင်းကာလက
DSI က ပိုင်သည့် မြဝတီပုံနှိပ်လုပ်ငန်းမှ လစဉ်ထုတ် မြဝတီစာစောင်ကို ထုတ်ဝေခဲ့သည်။ ၁၉၅၂
ခုနှစ်တွင် ပထမဆုံးထုတ်ဝေသည့် မြဝတီမဂ္ဂဇင်းသည် တပ်မတော်အကျိုးစီးပွားကို ဖော်ထုတ်သည့်
စိတ်ဓါတ်စစ်ဆင်ရေးလက်နက်တခုဖြစ်သည်။ တပ်မတော်သည် Guardian ဂါဒီယန်သတင်းစာနှင့် ဂါဒီယန်မဂ္ဂဇင်းကိုလည်း
ထုတ်ဝေခဲ့သည်။ ၎င်းတို့သည် စစ်တပ်ကို ထောက်ခံသောအမြင်ကို ကိုယ်စားပြုနေကြသည်။ စီးပွားရေးအခြေခံပေါ်တွင်သာ
ထုတ်ဝေဖြန့်ချိသည်။
၁၉၆ဝ
စုနှစ်စောစောပိုင်းတွင် DSI အောက်တွင် လုပ်ငန်းအနည်းငယ်သာကျန်ပြီး အများစုမှာ အသစ်ဖွဲ့စည်း
ထူထောင်လိုက်သည့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုကော်ပိုရေးရှင်း BEDC (ဘီအီးဒီစီ) အောက်သို့
ရောက်ရှိသွားသည်။ ဘီအီးဒီစီကို တပ်မတော်အောက်တွင် ထိထိရောက်ရောက် စီမံခန့်ခွဲခဲ့သည်။
ဘီးအီးဒီစီသည် သွင်းကုန်ပို့ကုန် လုပ်ငန်းနှင့်အင်းဝဘဏ်၊ အင်းဝစာအုပ်တိုက်မှအစ ဘီးအီးဒီစီ
အရက်ဆိုင်အထိ ခြေလှမ်းကျဲခဲ့သော အရင်းအနှီးတရပ် ဖြစ်သည်။ ဗမာ့စီးပွားရေးနယ်ပယ်တွင်
အဓိကလွှမ်းမိုးနေရာယူလာတော့မည့် အဖွဲ့အစည်းတရပ်ဟူ၍ ထိုအချိန်က စီးပွားရေးအသိုင်းအဝိုင်းက
စောင့်ကြည့်နေခဲ့ကြရသည်။
ဤအရင်းအနှီးသည်
အာဏာနှင့်ပေါင်းစပ်ထားသော စစ်ဗျူရိုကရက်အရင်းအနှီးများဖြစ်သဖြင့် အခွင့်ထူးအခွင့်ကောင်း
များလည်း အများအပြားခံစားခွင့်ရခဲ့သည်။ အလွယ်ဆုံးဥပမာမှာ စစ်တပ်အရာရှိများ၏ လစာမှန်သမျှ
အင်းဝဘဏ်မှတဆင့် ထုတ်ယူနိုင်ရန် စီစဉ်နိုင်ခဲ့သည်။ ရန်ကုန်နှင့်ပြည်အကြားရှိ စပါးစက်အချို့နှင့်
စပါးများကို လက်ဝါးကြီးအုပ်ဝယ်ပြီး ပြည်ပတင်ပို့ခွင့်ရခဲ့သည်။ သွင်းကုန်လိုင်စင်များလည်း
အမြောက်အများရခဲ့သည်။
ထိုစဉ်က
ဘီးအီးဒီစီပေါ်ပေါက်လာမှုကို သာမန်ဟုယူဆလျှင် အမှားကြီးမှားပေလိမ့်မည်။ အင်မတန် အခိုင်အမာကျသော
နောက်ခံနိုင်ငံရေးအကြောင်းရင်းများ ရှိနေပေသည်။ ထိုအချိန်က ဗမာပြည်နိုင်ငံရေးလောကမှာ
မတည်မငြိမ် ကသောင်ကနင်း ရှိလှသည်။ တပြည်လုံးတွင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ
အားကောင်းဆဲရှိနေသလို ဖဆပလအဖွဲ့မှာမူ နှစ်ခြမ်းကွဲထွက် သွားခဲ့လေပြီ။ ဤတွင် စစ်တပ်အတွင်းမှ
စစ်ဗိုလ်များ အနေဖြင့် ကိုယ့်အစွမ်းကိုယ် စမ်းသပ်ကြည့်လိုစိတ်များ တဖွားဖွားပေါ်နေသည်။
နိုင်ငံရေးဇတ်ခုံပေါ်တက် ဗလပြရန်ပင်တာစူလျက်ရှိသည်။ ၁၉၅၈ အာဏာသိမ်းပွဲမှာ ၁၉၆၂ အာဏာသိမ်းပွဲအတွက်
ဝတ်စုံပြည့်ဇတ်တိုက်ခြင်းဟုဆိုနိုင်သည်။
တိုင်းပြည်အတွင်း၌သော်လည်းကောင်း၊
နိုင်ငံတကာနယ်ပယ်၌သော်လည်းကောင်း နိုင်ငံရေးအင်အားစုတရပ်အဖြစ် ဗြောင်ထွက် ရပ်ပြမည်ဆိုလျှင်
စစ်ရေးအင်အားသာမက ဓနအင်အားပါ ကျောထောက်နောက်ခံ ရှိဖို့လိုသည်ဟု ယူဆခဲ့ကြဟန်ရှိသည်။
သို့ဖြင့် ဒီအက်စ်အိုင် (DSI) ခေါ် တပ်မှ ဦးစီးခဲ့သောကုန်ပစ္စည်းအရောင်းဆိုင်များမှ
အတွေ့အကြုံ ရထားသော စစ်ဗိုလ်များသည် ဘီအီးဒီစီကို တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။ ထိုစဉ်က
အရင်းအနှီးဟူရာတွင် စစ်သားများလစာထဲမှ လစဉ်ဖြတ်ယူသည်လည်းပါခဲ့သည်။ သို့သော် ပြည်ပထွက်ပြီးဆက်သွယ်ခြင်း၊
ထိုမှတဆင့် လာဘ်လာဘသာမက အခြားသော ပွဲစားခံစားခွင့် (ဝေခံစံစားခွင့်) စသည့် အခွင့်ထူးများ
ကို ခံစားရသူများမှာမူ လက် တဆုပ်စာ ထိပ်ပိုင်းမှအရာရှိကြီးများသာ ဖြစ်ခဲ့သည်။
ဘီအီးဒီစီကိုဦးစီးသော
စစ်ဗိုလ်များက နိုင်ငံတကာနိုင်ငံရေး၊ စီးပွားရေးနယ်ပယ်တွင် ဝင်ဆန့်လာအောင် လုပ်ကြသည်။
နိုင်ငံခြားမှ နိုင်ငံရေး၊ စီးပွားရေး၊ အင်အားစုများနှင့် ဆက်သွယ်မှု၊ ရင်းနှီးမှု၊ အထူးသဖြင့်
ဂျပန်နိုင်ငံရေးလောက၊ စီးပွားရေးလောကနှင့် ရင်းနှီးမှုရှိလာအောင် လုပ်ခဲ့ကြသည်။
သို့သော်
စစ်အုပ်စုဟူ၍ နိုင်ငံရေးစစ်မြေပြင်သို့ထွက်လာရာတွင် ၎င်းတို့အတွင်းရှိ မွေးရာပါရောဂါကို
မကုစားနိုင်ပဲ ထွက်ခဲ့ခြင်းသာဖြစ်သည်။ ယင်းရောဂါမှာ အခြားမဟုတ်၊ စစ်အုပ်စုအတွင်း၌ စစ်အုပ်စုကွဲများ
ထပ်မံကွဲနေခြင်းပင် ဖြစ်သည်။ ဘီးအီးဒီစီပေါ်ခဲ့ခြင်းသည်ပင်လျင် ထိုစဉ်က စစ်အုပ်စုအတွင်း၌
ဗိုလ်ချုပ်နေဝင်းတဦးတည်း ပြည်တွင်းပြည်ပ ဝင်ငွေများနှင့် ကြွယ်ဝနေခြင်းကို မကျေနပ်သဖြင့်
နောက်အုပ်စုတခုမှ ထိပ်ပိုင်းက စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် ဘီအီးဒီစီကို
ဗိုလ်ချုပ်ကြီးနေဝင်းက အင်မတန်မျက်စိစပါးမွေးစူးခဲ့သည်ဟု အဆိုရှိခဲ့သည်။
ထို့ကြောင့်
၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးသည့်နောက် ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတော်အာဏာကို လက်ဝါးကြီးအုပ်
သိမ်းပိုက်ပြီး အခြားနိုင်ငံရေးအင်အားစုများကို နှိပ်ကွပ်ခြင်းနှင့်အတူ စစ်တပ်အတွင်း၌လည်း
အခြားသော စစ်အုပ်စုဝင်များကိုလည်း အပြတ်နှိမ်နှင်းတော့သည်။ ကျနော်ကတော့ ဒီကောင်တွေရဲ့ပါးစပ်တွေထဲကဟာတွေ
အကုန်ကော်ထုတ်ပစ်မှာပဲ ဟု ခေါင်းဆောင်ချင်း ဆွေးနွေးပွဲတခုတွင် ဦးနေဝင်းကထုတ်ပြောခဲ့သည်။
သို့ဖြင့် ဘီအီးဒီစီ၊ အင်းဝဘဏ်စသည့် လုပ်ငန်းအားလုံး ပြည်သူပိုင်စာရင်းတွင် ပါသွားတော့သည်။
၁၉၆၂
ခုနှစ်၊ တော်လှန်ရေးကောင်စီအမည်ဖြင့် တပ်မတော်က အာဏာသိမ်းပြီး မြန်မာ့နည်းမြန်မာ့ဟန်
ဆိုရှယ်လစ် စီးပွားရေးစနစ်ကို စတင်ချိန်၌ ဤတပ်မတော်စီးပွားရေးလုပ်ငန်းများသည် ပြည်သူပိုင်လုပ်ရေး
အစီအစဉ်အောက်တွင် ပထမဆုံးရောက်ရှိသွားကြသည်။ ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ (၂ဝ) ရက်နေ့တွင်
တော်လှန်ရေးကောင်စီအစိုးရသည် DSI နှင့် BEDC ပိုင်ဆိုင်သည့်ပိုင်ဆိုင်မှုနှင့်ကုမ္ပဏီအားလုံး
စုစုပေါင်း (၄၇) ခုကို ပြည်သူပိုင်အဖြစ် သိမ်းပိုက်ခဲ့သည်။ ပြည်သူပိုင်သိမ်းချိန်က
DSI အောက်တွင် ကုမ္ပဏီ (၅) ခုရှိပြီး BEDC အောက်တွင် ကုမ္ပဏီ ၄၂ ခုရှိသည်။ (နောက်ဆက်
တွဲ (ခ)နှင့် (ဂ)တွင် ရှု)
၁၉၆၂
ခုနှစ်မှ ၁၉၈၈ ခုနှစ်၊ ဆိုရှယ်လစ်ခေတ်တလျှောက်လုံး တပ်မတော်ကို စီးပွားရေးလုပ်ငန်းများမှ
ထိန်းချုပ်ရန် လိုအပ်ခဲ့သည်။ ထို့ကြောင့် စစ်တပ် စီးပွားရေးလုပ်ငန်းများမရှိခဲ့၊ သို့သော်လည်း
တပ်မတော်သည် အခြေခံကုန်ထုတ်လုပ် ရေးတွင် ပါဝင်ခဲ့သည်။ အများစုမှာ တပ်မတော်သားများနှင့်
၎င်းတို့၏မိသားစုများ သက်သာချောင်ချိရေးလုပ်ငန်းများတွင် ဖြစ်ပြီး အဓိကအားဖြင့် အသေးစားလုပ်ငန်းအနေဖြင့်
တဦးချင်းလုပ်ကိုင်ခြင်းဖြစ်သည်။ တပ်ရင်းရံပုံငွေမှ ဘဏ္ဍာရေး အထောက်အပံ့ ရယူသည်။ ဥပမာ၊
တပ်ရင်းအလိုက် စပါးနှင့် အသီးအရွက်စိုက်၊ ကြက်ဝက်ငါး မွေးမြူ၊ စားသောက်ဆိုင်၊ အရက်ဆိုင်ဖွင့်ခြင်း၊
ဗီဒီယိုပြခြင်းနှင့် ဖယောင်းတိုင်လုပ်ငန်းကဲ့သို့ အိမ်တွင်းမှုလုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ဖြစ်သည်။
အာလုံးကို တပ်ရင်းရံပုံငွေက စိုက်ပေးသည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ၊ တပ်မတော်က အာဏာသိမ်းပြီးနောက်မှသာလျင်
စစ်တပ်စီးပွားရေးလုပ်ငန်းများ အကြီးအကျယ် ပြန်လည်ရှင်သန်လာခြင်းဖြစ်သည်။
ဦးပိုင်အစ
၁၉၉ဝ
ပြည့်နှစ် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုအဖွဲ့အစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနက
ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမီတက် The Union of Myanmar
Economic Holdings Limited ကို ၁၉၅ဝ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေ အရ ဖွဲ့စည်းကြောင်း အမိန့်ကြော်ငြာစာ
အမှတ် ၇/၉ဝ ဖြင့် ကြေညာခဲ့သည်။ ၁၈-၉-၁၉၈၈ နေ့၊ အာဏာသိမ်းပြီးနောက်ပိုင်း တပ်မတော်ကတည်ထောင်ခဲ့သည့်
ပထမဦးဆုံး စီးပွားရေးလုပ်ငန်းဖြစ်သည်။
ဦးပိုင်ဆိုသည်မှာ ကုမ္ပဏီလုပ်ငန်းများ
နှစ်ပေါင်းများစွာ ကြီးထွားခြင်းမရှိအောင် ပိတ်ပင်ခြင်းခံနေရသည့် ဗမာပြည်တွင် စီးပွားရေးဦးပိုင်လီမိတက်
ဆိုသည်ကို လူအချို့အတွက် နားဆန်းနေသလိုရှိသည်။ ဦးပိုင်ဆိုသည်မှာ သာမန်စီးပွားရေး လုပ်ငန်းတခု
(သို့မဟုတ်) စက်မှုလုပ်ငန်းတခုကို လုပ်ကိုင်သည့် ငွေအရင်းအနှီး မဟုတ်ချေ။ ရှိသမျှအရင်းအနှီးအားလုံးကို
လုပ်ငန်းတခုခုတွင် မြှုပ်ပြီးလုပ်ခြင်း မဟုတ်ချေ။ လုပ်ငန်းကိုင်ငန်း အမြောက်အများတွင်
စိုးမိုးသည့်အနေအထားရရန် (ရှယ်ယာအားလုံး၏ ၄ဝ% ထက်ပိုပြီးလိုအပ်ခဲ့သည်။) အရင်းအနှီးကို
ဖြန့်ခွဲပြီး ချုပ်ကိုင်လိုက်သည်။ တခါတရံ ချေးငွေပုံစံမျိုးမှစတင်ပြီး အဆင့်ဆင့် တိုးဝင်ခြင်းလည်း
ရှိတတ်သည်။ ၎င်းတို့ပထမဆုံး အစုစပ်ဖော်ထုတ်လိုက်သည့် ဖရဇ်ဝါနာ၊ ဒေဝူးတို့နှင့် ဖက်စပ်လုပ်ငန်းများဆိုလျင်
အခြားပြင်ပမှ ရှယ်ယာပိုင်ရှင်များ ပါဝင်စရာမရှိသဖြင့် နိုင်ငံခြား အရင်းရှင်ကုမ္ပဏီကြီးများနှင့်
၎င်းတို့သာ ထင်သလို ချယ်လှယ်နိုင်ကြဘွယ်ရာရှိသည်။
ဤသို့အစုဝင်ပြီး
ချုပ်ကိုင်ထားသော လုပ်ငန်းများက တဖန်အခြားသော လုပ်ငန်းကိုင်ငန်းများကို တည်ထောင်ခြင်း၊
အစု ရှယ်ယာဝယ်ယူခြင်း စသည့်နည်းများဖြင့် ချုပ်ကိုင်ပါလိမ့်ဦးမည်။ (ရှယ်ယာအားလုံး
တန်ဘိုး၏ ၄ဝ% ထက်ပို၍မလိုချေ)။ ဦးပိုင်စနစ်ဆိုသည်မှာ ဤနည်းဖြင့် မိမိအရင်းထက် အဆပေါင်းများစွာပိုသော
လုပ်ငန်း ကိုင်ငန်းများကို ချုပ်ကိုင်သည့် လက်ဝါးကြီးအုပ် အရင်းအနှီးဖြစ်သည်။ စစ်တပ်ဦးပိုင်လီမိတက်သည်
အထူးကုမ္ပဏီတခု အနေဖြင့် ၎င်းမှအပြည့်အဝ ပိုင်ဆိုင်သော ကုမ္ပဏီများနှင့် ကုမ္ပဏီခွဲများသည်
အခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေးကို ရရှိခံစားရမည်ဖြစ်သည်။ သို့သော် တွဲဖက်လုပ်ကိုင်သော
ကုမ္ပဏီများမှာ ဤအခွင့်ထူးကို မခံစားရချေ။
ဦးပိုင်လီမိတက်သည်
ဖရစ်ဝါနာ၊ ဒေဝူးတို့နှင့် ဖက်စပ်လုပ်ခြင်းဖြင့် ပွဲဦးထွက်ခဲ့သည်။ သေးသေးမွှားမွှားလုပ်ငန်းနှင့်
အရှုံးအမြတ်မသေချာသော လုပ်ငန်းမျိုးတွင် မပါဝင်ကြချေ၊ ထို့ပြင် စစ်အုပ်စု၏ သခင်ရင်းများဟု
ဆိုနိုင်လောက်သည့် ကုမ္ပဏီများနှင့်လုပ်ကိုင်ခြင်း ဖြစ်သည်။ အနောက်နိုင်ငံမှ လက်ဝါးကြီးအုပ်အရင်းအနှီးများထဲတွင်
စက်မှုလုပ်ငန်း၊ ကမ္ဘာကျော်အရက်လုပ်ငန်း၊ စာနယ်ဇင်းလုပ်ငန်း၊ ကြေးစားဘောလုံး အသင်းစသည်တို့ကို
တပြိုင်နက်ထဲ ပိုင်ဆိုင်ထား ခြင်းမျိုးများ ရှိသည်။ ထို့ကြောင့် ဘီအီးဒီစီ အရက် ထုတ်လုပ်ဖူးသော၊
ကွမ်းယာဆိုင်ကိုပင် ပြည်သူပိုင် သိမ်းဖူးသော စစ်အုပ်စုသည် ကုဋေတထောင်ဟူသော အရင်းအနှီးကြီးဖြင့်
တိုင်းပြည်ရှိအရေးပါသော၊ အမြတ်ရသော လုပ်ငန်း ကိုင်ငန်းများတွင် ရှယ်ယာဝင်ပါကာ ချုပ်ကိုင်တော့မည်ဖြစ်သည်။
ဤတွင်
ယင်းစီးပွားရေး ဦးပိုင်လီမိတက်အား မည်သူတွေက ပိုင်ဆိုင်မည် ချုပ်ကိုင်မည်ဆိုသော ပြဿနာကို
ဆက်ပြောစရာ လိုလာသည်။ ဤလီမိတက်တွင် အစုရှယ်ယာဝင်တိုင်း မဲပေးခွင့်ရှိသည်ဆိုသော လွတ်လပ်မှု
မျိုးကြောင့် သာမန်စစ်သားကလေးနှင့် စစ်ပြန်တပ်ကြပ်အိုကြီးတို့ကလည်း လီမိတက်၏ ပေါ်လစီများ၊လုပ်ငန်းများကို
ချယ်လှယ် ဆုံးဖြတ်ခွင့်ရကြမည်လော။ သည်အခွင့်အရေးမျိုးကို အစုရှယ်ယာဝင်တိုင်း ခံစားရလိမ့်မည်ဟု
၁၉ ရာ စုနှစ် ကထဲကပင် မယုံကြည်ခဲ့ကြဟု ဖြေရပါလိမ့်မည်။
ယခု
စစ်တပ်ဦးပိုင်လီမိတက်တွင်အစုရှယ်ယာဝင်များက ဒါရိုက်တာရွေးချယ်ခွင့် မည်သို့ရှိကြောင်း
ရှင်းအောင် မကျေညာချေ။ ယေဘုယျအားဖြင့်တော့ မဲပေးခွင့်မှာ အစုရှယ်ယာ ပိုင်ဆိုင်မှုနှင့်
အညီ ဖြစ်တတ်သည်။ ဥပမာ တစုပိုင်သူက တမဲ။ အစု (၁ဝဝ) ပိုင်သူက မဲ (၁ဝဝ) ပေးခွင့်ရှိသည်မျိုး
ဖြစ်သည်။ ဒါဖြင့်အရွေးခံခွင့်ကရော မည်သို့ ရှိပါသနည်း။ ယင်းအမိန့် ကြော်ငြာစာ၏ အပိုဒ်
(၆)တွင် အစုရှယ်ယာ ကျပ်တသိန်းပိုင်ဆိုင်သူ မည်သူမဆို ဒါရိုက်တာအဖြစ် အရွေးခံနိုင်သည်
ဟု ဖော်ပြထားသည်။ စစ်တပ်အဝန်းအဝိုင်းတွင် ကုမ္ပဏီတခု၌ ရှယ်ယာ တသိန်းဖိုးပါဝင်နိုင်သူ
(လူတဦးလျင် သုံးသိန်းဖိုးအထိ ရှယ်ယာဝယ်ယူနိုင်သည်ဟုဆိုသည်) ဆိုသည်မှာ မည်သို့သော လူစားများ
ဖြစ်မည်နည်း။ အကယ်၍ တပ်ရင်း၊ တပ်မ စသည့် အဖွဲ့အစည်းများက အမိန့်ကြော်ငြာစာ၏ အပိုဒ်
(၆)အရ ရှယ်ယာတန်ဘိုး တသိန်း အထက် ဝယ်ယူပြီး ဒါရိုက်တာ ဝင်ရောက်အရွေးခံပါပြီတဲ့၊ ယင်းအဖွဲ့အစည်းများကိုယ်စား
တပ်ထောက်အရာခံဗိုလ်ကို ဝင်ရောက်အရွေးခံခိုင်းမည်လော။ ထို့ပြင် အပိုဒ်(၂) တွင် ပဋ္ဌမအဖွဲ့ဝင်များအဖြစ်
ပါဝင်ရမည့်သူများ စာရင်း၌ စစ်အရာရှိကြီးပေါင်း (၁၄) ဦးပါပြီးဖြစ်နေသည်ကိုလည်း သတိပြုသင့်သည်။
ဤဦးပိုင်လီမိတက်၏
အစုရှယ်ယာများကို တစုလျင် ကျပ် ၁ဝဝဝ/-နှုန်း သတ် မှတ်ထားခြင်းဖြစ်သည်။ လက်ရှိ ကျပ်ငွေ
တန်ဘိုးအရဆိုလျှင် ဤသည်မှာ သာမန်စစ်သားများ ဝယ်ယူပါဝင်နိုင်အောင် စီစဉ်ထားခြင်းဖြစ်သည်ဟု
စဉ်းစားစရာ ရှိသည်။ သို့သော် ဤလုပ်ငန်းမျိုးနှင့် ဤလောကမျိုး ကိုယ်တွေ့ ဖြတ်သန်းဖူး
သူများကမူ ပြုမိကြပေလိမ့်မည်။ ဥပမာ၊ ၂ဝ ရာစုအစောပိုင်းကာလ၊ ဂျာမဏီနိုင်ငံတွင် ရှယ်ယာတခုလျှင်
မတ် ၁ဝဝဝ/- ဟု အနည်းဆုံး သတ်မှတ်ထားသည်။ ဗြိတိန်တွင်မူ တပေါင်သာ သတ်မှတ်ထားသည်ဖြစ်ရာ
ရှယ်ယာကို ဝယ်ယူနိုင်သူ ပိုများသည်။ ထိုအခါ ရှယ်ယာ ပိုင်ဆိုင်မှုအပေါ် မူတည်ပြီး ရွေးချယ်သော
ဒါရိုက်တာဘုတ်အဖွဲ့ စသည်တို့တွင် ရှယ်ယာများကို လက်ဝါးကြီးအုပ် ပိုင်ဆိုင်သူများမှာ
မဲကိုအစိုင်အခဲဖြင့်ရရန် အာမခံချက်ရှိပြီးဖြစ်နေသည်။
ကျန်အရွေးချယ်ခံနိုင်ခွင့်မရှိသူတို့၏
မဲများမှာမူ သူတယောက်ကိုယ်တပေါက် ကြဲကွဲသွားတော့သည်။ ဘယ်လိုမှ စု စည်း၍ မရနိုင်ချေ။
ထို့ကြောင့်လည်း ဂျာမဏီနိုင်ငံမှ အကြီးဆုံး စက်မှုလုပ်ငန်းရှင်ကြီးနှင့်ဘဏ္ဍာအရင်းရှင်ကြီးတဦးဖြစ်သူ
စီးမန်းစ် SIEMANS က ဗြိတိသျှ နယ်ချဲ့စနစ်ရဲ့ အုတ်မြစ်ဟာ တပေါင်တန်ရှယ်ယာစနစ်ပဲဟု
မနာလိုစွာဖြင့် ပြောခဲ့ခြင်းဖြစ်သည်။
ဦးပိုင်လီမိတက်ကို
ဘာကြောင့်တည်ထောင်တာလဲ
(နဝတ)
အစိုးရက ထုတ်ဖော်ကြေငြာသည်ဖြစ်စေ၊ မကြေငြာသည်ဖြစ်စေ ဤအဖွဲ့အစည်းကို တည်ထောင်လိုက် ခြင်းကြောင့်
အောက်ပါအကျိုးဆက်များ ဖြစ်ထွန်းလာပေလိမ့်မည်။ သူတို့ ရည်မှန်းချက်ဟုလည်း ဆိုနိုင်သည်။
(က) စီးပွားရေး
တော်လှန်ရေးနာမည်ပဲခံခံ၊
မဆလ နာမည်ပဲခံခံ၊ နောင်တွင် တစည (သို့မဟုတ်) ပြည်ခိုင်ဖြိုးပဲ ဖြစ်ဖြစ် အခြားနာမည်
တခုခုပဲခံခံ နိုင်ငံတော်အာဏာကို စစ်တပ်ဖြင့် သိမ်းယူထားချိန်တွင် စစ်ဗျူရိုကရက်များ၏
စီးပွားရေးအတွက် အစစအရာရာအာမခံချက် ရှိနေသည်။ ပြည်တွင်းပြည်ပ ကြိုက်သလို ရင်းနှီးမြှုပ်နှံကြသည်။
ကြိုက်ရာနိုင်ငံနှင့် ဆက်သွယ်နိုင်သည်။ ဖုံးချင်သလောက်ဖုံး၊ ထုတ်ပြောချင်သလောက် ထုတ်ပြောနိုင်သည်။
စေတလုံးပိုင်နေကြသည်။ ထို့ပြင် နိုင်ငံရေးပင်စင်ဥပဒေဆိုသည်မျိုး အပါအဝင် ၎င်းတို့ထင်သလို
ဥပဒေများ ထုတ်ပြန်ပြီး ကြိုက်သလို ခံစားနိုင်ကြသေးသည်။
သို့သော်
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကာလလို အရပ်သားအစိုးရလက်သို့ အာဏာကိုလွှဲရမလိုလို ဖြစ်လာသော
အခါတွင်မူ ယခင်အခွင့်အရေးမျိုးများအတွက် အာမခံချက်များ နည်းလာနိုင်သည်။ ထို့ကြောင့်
စစ်တပ်အဝန်းအဝိုင်း တခုလုံးအတွက် (အထူးသဖြင့် စစ်ဗိုလ်ချုပ်ကြီးများ၏မိသားစုအတွက်သာ)
စီးပွားရေးအရ လင်းတတသောင်းနားနိုင်သော သစ်ပင်ကြီးတပင် ရှိဖို့လိုလာသည်။ အနည်းဆုံး ခြေမမြဲတောင်
လက်တော့မြဲရစေမည်။ ဤသို့သောဟာကွက်ကို ဖြည့်ဆည်းရန်မှာ ကိုယ့်လက်ထဲအာဏာရှိတုန်း စီစဉ်ဖန်တီးရလျှင်
အလွယ်ဆုံး အကောင်းဆုံးပင် မဟုတ်ပါလော။
ထို့ပြင်
ဤဦးပိုင်လီမိတက်ကို လက်ညှိုးထိုးပြီး စစ်ဗိုလ်ချုပ်များအနေဖြင့် ၎င်းတို့နည်းမျိုးစုံဖြင့်
ရရှိထားသော ငွေမည်းများကို တရားဝင်အောင် ပွဲထုတ်နိုင်ပေတော့မည်။ ယခင်လို ထီလက်မှတ်ဝယ်ရန်
လိုမည်မဟုတ်တော့ချေ။
(ခ) နိုင်ငံရေး
လူတိုင်းသိမြင်နေသည့်အချက်တချက်မှာ
ထိုကာလက သူတို့တပ်တွင်း၌ ပိုမိုများပြားသထက် များပြားလာသော မဆလ၊ တစညနှင့်နဝတဆန့်ကျင်ရေး
နိုင်ငံရေးနိုးကြားမှုကို ထိုင်းမှိုင်းသွားစေရေးဆိုသော ရည်ရွယ်ချက်ဖြစ်သည်။ ထိုင်း၊
ဖိလစ်ပိုင် စသည့် နိုင်ငံများမှ စစ်အုပ်စုများလုပ်လေ့ရှိသလို အောက်ခြေကို စားကြွင်းစားကျန်လေးများနှင့်
ချွေးသိပ်ရန် စီစဉ်ခြင်းပင်။
နောက်ပြီး
မူလက ကြေးစားဆန်ဆန် လစာဆိုသည့် အနှောင်အတဲတခုထဲနှင့် ဖွဲ့စည်းထားသည့် စစ်တပ်အား စည်းလုံးစေရန်
နောက်ထပ်သံယောဇဉ်အနှောင်အတဲတခု ထပ်ဖြည့်လိုက်ခြင်းဟုလည်း ဆိုနိုင်သည်။ တပါတည်းတွင်
တပ်ထဲမှာပဲ ဆက်ရှိရှိ၊ တပ်အပြင်မှာပဲရှိရှိ အားလုံးတလှေထဲစီး၊ တခရီးထဲသွားချည်းပဲ။
ထို့ကြောင့် စစ်အုပ်စုထိပ်သီးပိုင်း၏ တသွေး၊ တသံ၊ တမိန့်ကို နာခံရန် အမြဲအသင့်ရှိရေးဆိုသော
စိတ်ဓါတ်ကို ခံစားခွင့်ပြပြီး ရိုက်သွင်းပေးနေခြင်းလည်း ဖြစ်သည်။
ထို့ပြင်
ပြည်သူထူထု ဘက်ပေါင်းစုံဆန့်ကျင်မှု၊ မကျေနပ်မှုတွေ ပြင်းထန်သထက် ပြင်းထန်လာပြီး ဗိုလ်ချုပ်ကြီးများသာ
အိတ်ဖောင်းသည့် စစ်အုပ်စုအဖို့ အထီးကျန်ဖြစ်သထက် ဖြစ်လာချိန်တွင် မိမိအင်အားကို နည်းမျိုးစုံဖြင့်
အားဖြည့်ပြီး သေဘော်ညှိသည့် လုပ်ရပ်တခုလည်း ဖြစ်သည်ဟု ဆိုနိုင်သည်။ အရေးကြီးသည့် နောက်အကြောင်းတကြောင်းမှာ
နောင်မှာပေါ်ပေါက်လာနိုင်သည့် အရပ်သားအစိုးရအပေါ်တွင် စစ်အုပ်စုနှင့်စစ်တပ်က ဘက်စုံ၌
မားမားကြီးမိုးနေနိုင် အောင် ပြင်ဆင်နေသည့် အစီအစဉ်များထဲမှ တခုဖြစ်သည် ဆိုသည့်အချက်ဖြစ်သည်။
နောင် မည်သည့်အစိုးရ တက်လာလာ စစ်အုပ်စုနှင့် စစ်ဗျူရိုကရေစီယန္တယားမှာ စစ်ရေးအရ (ထို့ကြောင့်
နိုင်ငံရေးအရပါ) မလွှဲမရှောင်သာ အသိအမှတ်ပြုရသော အင်အားတရပ်သာမကတော့ဘဲ စီးပွားရေးအရပါ
အသိအမှတ်ပြုနေရာပေးရသည့် အဖြစ်မျိုး ဆိုက်လာပေရော့မည်။
ထိုစဉ်က
ကုဋေတထောင် ဆိုသည်မှာ (နောင်ပွားများလာမှာကို ထည့်မတွက်လျင်ပင်) ဗမာပြည် ၏ သာသာထိုးထိုး
တွက်ထားသည့် အမျိုးသားထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဘိုးနီးပါးပင် မဟုတ်ပါလား။
(ဂ) လူမှုရေး
အလွယ်ဆုံးပြောရလျှင်
၎င်းတို့အသိုင်းအဝိုင်းထဲမှလူများ၊ သားသမီးများအတွက် ဝင်ငွေကောင်း၊ အခွင့်အရေးကောင်းသော
အလုပ်အကိုင်များ အာမခံချက် ရှိလာပါလိမ့်မည်။ နိုင်ငံခြားထွက်ခြင်း၊ နိုင်ငံခြားငွေ
ပိုင်ဆိုင်ခြင်း။ (ဤသည်တို့မှာ ဗမာပြည် အနေအထား အရတော့ လာဘ်ကြီးတပါး ဖြစ်ချေသည်) စသည့်
အခွင့်အရေးများလည်း ရကြပေမည်။ သင်္ဘောသားခေတ်မှ စစ်တပ်ဦးပိုင်လီမိတက်အမှုထမ်းခေတ်သို့ပင်
ရောက်လေဦးမည်လား မသိ။ နောက်ပြီး စစ်ဗိုလ်ချုပ်ကြီးများသည် စစ်အစိုးရလက်ထက် မဟုတ်တာတောင်မှ
စီးပွားရေးဗျူရိုကရက်ကြီးများအဖြစ်နှင့်လည်း စီးပွားရေးနယ်ပယ်အားလုံးတွင် ချယ်လှယ်စိုးမိုးကြနိုင်ပေလိမ့်မည်။
ဒေါက်တာတင့်ဆွေ
(မှတ်ချက်။
ဦးဗလ ရေးသားချက်တွေကို အခြေခံထားခြင်းသာဖြစ်ပါတယ်။ စာတမ်းက ၂၅ မျက်နှာရှည်လို့ အပိုင်းခွဲတင်ပါမယ်။)
No comments:
Post a Comment