Monday, February 16, 2015

ပြည်ထောင်စုမြန်မာနိုင်ငံ ဦးပိုင်လီမိတက် (Union of Myanmar Economic Holdings Limited) အပိုင်း (၃)




Asia World ကို Crony capitalist ခရိုနီအရင်းရှင် (ခရိုနီ) လို့ပြောနိုင်တယ်။ UMEH ဦးပိုင်ကို (ခရိုစိမ်း) လို့ အရပ်ခေါ် ခေါ်နိုင်ပါတယ်။

မြန်မာစီးပွားရေးကော်ပိုရေးရှင်း
မြန်မာစီးပွားရေးကော်ပိုရေးရှင်း (မစက)သည် စစ်တပ်မှ စီမံခန့်ခွဲလုပ်ကိုင်သည့် စီးပွားရေးအဖွဲ့အစည်း နောက်တခု ဖြစ်သည်။ ၎င်းသည် တပ်မတော်၏အလျှို့ဝှက်ဆုံး စီးပွားရေးအဖွဲ့အစည်းတခု ဖြစ်ကောင်းဖြစ်မည်။ ၁၉၈၉ ခု၊ မတ်လတွင် နဝတ အစိုးရသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေတွင် စီးပွားရေးလုပ်ငန်း ၁၂ ခုကို နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း အဖြစ် လုပ်ကိုင်ရန် အစိုးရ၌သာ အခွင့်အရေးရှိသည်။ သို့သော် တခြားလူပုဂ္ဂိုလ် သို့မဟုတ် တခြားအဖွဲ့အစည်းတခုခုနှင့် ဖက်စပ်လုပ်ကိုင်နိုင်သည်ဟု ဖော်ပြပါရှိသည်။

နဝတ ဥပဒေ ၉/၈၉ အရ ဤစီးပွားရေးလုပ်ငန်းများမှာ
၁။ ကျွန်းသစ်ထုတ်ယူခြင်းနှင့်ပြည်တွင်းပြည်ပ၌ ရောင်းဝယ်ခြင်း။
၂။ ရွာသူရွာသားများက ၎င်းတို့တကိုယ်ရေသုံးစွဲရန် ၎င်းတို့ကိုယ်တိုင်စိုက်ပျိုးထားသည့် ကျေးရွာပိုင် လောင်စာထင်း စိုက်ပျိုးခြင်းများမှလွဲ၍ သစ်တောစိုက်ပျိုးခြင်းနှင့်ထိန်းသိမ်းခြင်း။
၃။ ရေနံနှင့်သဘာဝဓါတ်ငွေ့ရှာဖွေခြင်း၊ ထုတ်လုပ်ခြင်းနှင့် အလားတူ ထုတ်ကုန်များ ထုတ်လုပ်ခြင်း။
၎။ ပုလဲ၊ ကျောက်စိမ်း၊ အဖိုးတန်ကျောက် ရှာဖွေခြင်း၊ ထုတ်ယူခြင်းနှင့်တင်ပို့ခြင်း။
၅။ အစိုးရက သုတေသနလုပ်ငန်းအတွက် အရံထားရှိသည့် ငါးလုပ်ငန်းမှ ငါးနှင့်ပုဇွန်မွေးမြူရေးနှင့် ထုတ်လုပ်ခြင်း။
၆။ စာတိုက်နှင့်ကြေးနန်းဆက်သွယ်ရေးလုပ်ငန်း။
၇။ လေကြောင်းနှင့်ရထားပို့ဆောင်ရေးလုပ်ငန်း။
၈။ ဘဏ်နှင့်အာမခံလုပ်ငန်း။
၉။ အသံထုတ်လွှင့်ခြင်းနှင့်ရုပ်မြင်သံကြားလုပ်ငန်း။
၁ဝ။ သတ္ထုရှာဖွေခြင်းနှင့်ထုတ်ယူခြင်း၊တင်ပို့ခြင်း။
၁၁။ ပုဂ္ဂလိကအား ဥပဒေအရ ခွင့်ပြုထားသည့် လုပ်ငန်းများနှင့်သမဝါယမမှ လုပ်ကိုင်သည့် လျှပ်စစ်ထုတ်ယူခြင်း လုပ်ငန်းများမှ လွဲ၍ လျှပ်စစ်ထုတ်ယူခြင်း လုပ်ငန်းများ။
၁၂။ ရံဖန်ရံခါ အစိုးရမှ အမိန့်ကြော်ငြာစာများဖြင့် ပြဋ္ဌာန်းထားသည့် လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာပစ္စည်းများ ထုတ်လုပ်ခြင်း စသည်တို့ ဖြစ်သည်။

သို့သော် ၁၉၉၇ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် ဖော်ပြပါ အပိုဒ်သစ်တခု ထပ်ထည့်ပြီး နဝတ ဥပဒေ အမှတ် ၆/၉၇ ဖြင့် ဤ ဥပဒေကို ပြင်ဆင်ခဲ့သည်။ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးရန်အလို့ငှာ နိုင်ငံတော်ဘဏ္ဍာမှ အသုံးစရိတ် လျော့ကျစေ ရန် နှင့် နိုင်ငံတော်ဝန်ထမ်းများ သက်သာချောင်ချိရေးအကျိုးစီးပွားအတွက် အစိုးရသည် အမိန့်ကြော်ငြာစာဖြင့် စီးပွားရေး လုပ်ငန်းတခု လုပ်နိုင်စွမ်းရှိသည့် အဖွဲ့အစည်းတခုခုကို နိုင်ငံတော်ဘဏ္ဍာမှ ငွေကြေးထည့်ဝင်ခြင်း မပြုသော်လည်းဘဲ၊ စပ်ဆိုင်သည့် ဝန်ထမ်းအဖွဲ့အစည်းတခုခုက ပိုင်ဆိုင်သည့် ရန်ပုံငွေများမှ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဖြင့် ဖွဲ့စည်းနိုင်သည်။

နောက် နှစ်ရက်သုံးရက်ကြာသောအခါ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းဖွဲ့စည်း ရန် အစိုးရသည် နဝတ အမိန့်ကြော်ငြာစာ အမှတ် ၄/၉၇ ကို ထုတ်ပြန်ခဲ့သည်။ ရည်ရွယ်ချက်ကို အောက်ပါအတိုင်း ဖော်ပြထားသည်။

နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးရန်အလို့ငှာ တပ်မတော်၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြင့် ကာကွယ်ရေး အသုံး စရိတ် လျှော့ချရန်၊ တပ်မတော်စစ်မှုထမ်းများ၏ သက်သာချောင်ချိရေးကို လုပ်ဆောင်ရန်နှင့် တပ်မတော်အတွက် အခြား လိုအပ်သောကိစ္စရပ်များအကောင်အထည် ဖော်ရန်ဟူ၍ဖြစ်သည်။

အစပထမ၌ ဦးပိုင်လီမိတက်သည် စစ်ရေးချုပ်ရုံးအောက်၌ရှိပြီး မစက (MEC) သည် စစ်ထောက်ချုပ်ရုံးလည်းဖြစ်သည့်၊ ပျောက်ကွယ်မသွားသေးသည့် စစ်ဖက်ရေးရာဝန်ကြီးဌာနအောက်တွင်ရှိသည်။ ထိုအချိန်က ကာကွယ်ရေး ဝန်ကြီးဌာနအား အသစ်ဖွဲ့စည်းလိုက်သလို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဝင်းမြင့်နှင် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးတင်လှတို့အား ဖယ်ပစ်လိုက်ပြီး ဦးပိုင်လီမိတက်ကို Bureau of Defense Industries အောက်တွင်ထားလိုက်သည်၊ (မစက) ကို စစ်ထောက်ချုပ် ရုံးအောက်တွင် ဆက်လက်ထားရှိသည်။ အစိုးရသည် စီးပွားရေးလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ရန် (မစက) အား လုပ်ပိုင်ခွင့်ပေးခဲ့သည်။ (ဇယား ၆.၁၃ တွင် ရှု)။

ဤအထဲတွင် ကုန်သွယ်ရေးနှင့်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းကုန်သွယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ စက်မှုထုတ်ကုန်ထုတ်လုပ်ရေးလုပ်ငန်းနှင့်ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ လေကြောင်း၊ မီရထားနှင့်တခြားပို့ဆောင်ရေးလုပ်ငန်း၊ ကျောက်မျက်နှင့်သတ္ထုတူးဖော်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေးနှင့်အာမခံလုပ်ငန်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ရှာဖွေရေး၊ တူးဖော်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းနှင့် ရေနံနှင့် သဘာဝဓါတ်ငွေ့ထွက်ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊ ကြေးနန်းဆက်သွယ်ရေးလုပ်ငန်းနှင့် ၁၉၈၉ ခုနှစ်၊ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းဥပဒေအရ အစိုးရလက်ဝါးကြီးအုပ်လုပ်ငန်းများဖြစ်သည့် စီးပွားရေးလုပ်ငန်းအားလုံး ပါဝင်သည်။

တပ်မတော်အား ၎င်းတို့ကိုယ်ပိုင် စက်မှုနှင့်နည်းပညာ အခြေစိုက်ဌာနများ တည်ဆောက်ရေးကို အကူအညီ ပေးရန် (မစက) ကို ပုံဖော်ထားသည်။ (မစက) ၏ကနဦး ရင်းနှီးမြှုပ်နှံမှုမှာ ကျပ်ငွေ (၁ဝ) ဘီလျံရှိသည်။ ဤရင်းနှီးမြှုပ်နှံမှု အရင်းပမာဏမှာ မကြာသေးမီနှစ်များအတွင်း ၎င်း၏ စီးပွားရေး လုပ်ငန်းဆောင်ရွက်မှုများ တိုးချဲ့လိုက်သည်မှစပြီး သိသိသာသာ တိုးချဲ့လိုက်ခြင်းဖြစ်သည်။

ဇယား ၆.၁၁
ဦးပိုင်အောက်ရှိကုမ္ပဏီများ
စဉ် ကုမ္ပဏီအမျိုးအစား ၁၉၉၉-၂ဝဝဝ ၂ဝဝ၁-ဝ၂ ၂ဝဝ၃-ဝ၄ ၂ဝဝ၆-ဝ၇
၁။ ဦးပိုင်က ရာနှုန်းပြည့်ပိုင် ၁၅ ၁၆ ၁၇ ၃၅
၂။ အစုစပ်လုပ်ငန်း (ဦးပိုင်အခွဲ) ၁၈ ၂၁ ၁၁ ၉
၃။ အစုစပ်လုပ်ငန်း (တွဲဖက်) ၇ ၁၁ ၈ ၇
စုစုပေါင်း ၄ဝ ၄၈ ၃၆ ၅၁
[ကိုးကား။ ။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် ညွှန်ကြားရေးမှူး အစီရင်ခံစာ(နှစ်အလိုက်)]

ဇယား ၆.၁၂
ဦးပိုင်အမြတ်နှင့်ခွဲဝေမှု(ကျပ်သန်းပေါင်း)ကအဆင့်အစုရှယ်ရာဝင် ခအဆင့်အစုရှယ်ရာဝင်စဉ် ဘဏ္ဍာရေးနှစ် အမြတ်
ရာခိုင်နှုန်း ပမာဏ ရာခိုင်နှုန်း ပမာဏ
၁။ ၁၉၉ဝ-၉၁ ဝ.၆၁ --- --- --- ---
၂။ ၁၉၉၁-၉၂ ၆.၆၇ ၁ဝ ၄.ဝဝ ၁ဝ ၂.ဝ၂
၃။ ၁၉၉၂-၉၃ ၅.၉၉ ၄ဝ ၂.၄၇ ၁ဝ ၃.၆၂
၎။ ၁၉၉၃-၉၄ ၂၅.၁၂ ၄ဝ ၅.ဝ၇ ၁၅ ၇.၅၈
၅။ ၁၉၉၄-၉၅ ၅၂.၈၉ ၄ဝ ၁၃.၁၁ ၃ဝ ၁၉.၆၆
၆။ ၁၉၉၅-၉၆ ၂၁၈.၆၂ ၁၂.၅ ၄၁.၂၅ ၃ဝ ၁ဝ၇.၉ဝ
၇။ ၁၉၉၆-၉၇ ၇၃၃.၁၇ ၃ဝ ၉၉.ဝဝ ၃ဝ ၃၁၆.၆၇
၈။ ၁၉၉၇-၉၈ ၁၂၂၅.၈၃ ၃ဝ ၆၄.ဝဝ ၃ဝ ၆၅၁.၈၃
၉။ ၁၉၉၈-၉၉ ၁၁၈၄.၁၉ ၃ဝ ၂၈.၇၅ ၃ဝ ၉၄၉.၄ဝ
၁ဝ။ ၁၉၉၉-၂ဝဝဝ ၂၆၃၄.၈၆ ၁၂.၅ ၄၁.၂၅ ၃ဝ ၁၄၂၉.၆၅
၁၁။ ၂ဝဝဝ-ဝ၁ ၃၄၃၃.၁၇ ၁၂.၅ ၄၁.၂၅ ၃ဝ ၂၁၃၃.၆၉
၁၂။ ၂ဝဝ၁-ဝ၂ ၃၂၅၄.၁၈ ၁၂.၅ ၄၁.၂၅ ၃ဝ ၂၈၈၉.၃၅
၁၃။ ၂ဝဝ၂-ဝ၃ ၄၇၉၂.၄၁ ၁၂.၅ ၄၁.၂၅ ၃ဝ ၃၉၆ဝ.၎
၁၄။ ၂ဝဝ၃-ဝ၄ ၆၉၅၉.၁၆ ၁၂.၅ ၄၁.၂၅ ၃ဝ ၅ဝ၄ဝ.၅၁
၁၅။ ၂ဝဝ၄-ဝ၅ ၈၉၄၃.၉၇ ၁၂.၅ ၄၁.၂၅ ၃ဝ ၇၂၆၆.၅၄
၁၆။ ၂ဝဝ၅-ဝ၆ ၉၉၈၁.၁၂ ၁၂.၅ ၄၂.၂၉ ၃ဝ ၈၈၃၇.၉၇
၁၇။ ၂ဝဝ၆-ဝ၇ ၁၂ဝ၁ဝ.၇ဝ ၁၂.၅၁ ၄၂.၂၉ ၃ဝ ၁ဝ၂၆၈.၆၅
စုစုပေါင်း ၅၅၄၆၂.၆၆ --- ၇၈၉.၇၃ --- ၄၃၈၈၅.၅၂
[ကိုးကား။ ။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် ညွှန်ကြားရေးမှူး အစီရင်ခံစာ(နှစ်အလိုက်)]

ဇယား ၆.၁၃
(မစက) အောက်ရှိစက်ရုံများ (၂ဝဝ၆)
စက်ရုံ တည်နေရာ ထုတ်ကုန်/မှတ်ချက်
၁။ သံမဏိစက်ရုံ (၁) အောင်လံ သံမှို
၂။ သံမဏိစက်ရုံ (၂) မြောင်းဒကာ တံတားဘောင်
၃။ သံမဏိစက်ရုံ (၃) အင်းစိန်(ရွာမ) သံမှို၊ square match၊ သံဆူးကြိုး
၎။ သံမဏိစက်ရုံ (၄) မြင်းခြံ သံသတ္ထုရိုင်း
(ဆောက်လုပ်ဆဲ စီမံကိန်း)
၅။ ဘိလပ်မြေစက်ရုံ မြိုင်ကလေး ဘိလပ်မြေ
၆။ ဘိလပ်မြေစက်ရုံ ကျောက်ဆည် ဘိလပ်မြေ
၇။ စကျင်ကျောက်ပြားစက်ရုံ မန္တလေး စကျင်ကျောက်ပြား
၈။ ဂရင်နိုက်ကျောက်ပြားစက်ရုံ လွိုင်ကော် ဂရင်နိုက်ကျောက်ပြား
၉။ အောက်စီဂျင်စက်ရုံ ရန်ကုန် (မင်းဓမ္မ) အောက်စီဂျင်ဓါတ်ငွေ့
၁ဝ။ အမှတ် ၁ သကြားစက်ရုံ ကန့်ဘလူ သကြား
၁၁။ မက်သနောစက်ရုံ ကန့်ဘလူ မက်သနော
၁၂။ အမိုးပြားစက်ရုံ အင်းတကော် အိမ်မိုးသွပ်ပြား
၁၃။ ရန်ကုန်ဆေးဝါးစက်ရုံ မှော်ဘီ ဆေးထိုးပိုက်၊အိမ်သုံးဆေး
၁၄။ SIGMA ဝိုင်ယာစက်ရုံ လှိုင်သာယာ ဝိုင်ယာကြိုး
၁၅။ ဒဂုံဘီယာချက်စက်ရုံ ရွှေပြည်သာ ဘီယာ (SKOL/ DAGON)
၁၆။ သင်္ဘောပျက် သံတိုသံစ စက်ရုံ သီလဝါ သံတိုသံစများ (သံမဏိစက်ရုံ ၁ အတွက်)
၁၇။ ကျောက်မီးသွေးထုတ်လုပ်ရေးစက်ရုံ မောတောင် ကျောက်မီးသွေး (ထိုင်းနိုင်ငံသို့အဓိကပို့ရန်)
၁၈။ ဂေါဒန်မိုင်း သီပေါ ဂျစ်ပဆန်
၁၉။ အင်းဝကူးသန်းရောင်းဝယ်ရေး ရန်ကုန် သွင်းကုန်၊ ထုတ်ကုန် (ပဲနှင့်ပဲမျိုးစုံ)
၂ဝ။ အင်းဝဘဏ် ရန်ကုန် ဘဏ္ဍာရေးလုပ်ငန်း
၂၁။ ကုန်စည်ခန့်ခွဲခြင်းလုပ်ငန်း ရန်ကုန် ကွန်တိန်နာ လုပ်ငန်း

(မစက) အောက်ရှိ အင်းဝဘဏ်သည် အရင်းငွေ ကျပ် (၁၅) ဘီလျံဖြင့်လှည့်ပတ်နေပြီး အပ်နှံငွေ (၈)ဘီလျံနှင့် ချေးငွေ (၄) ဘီလျံရှိသည်။ အင်းဝဘဏ်သည် မကွေး၊ လာရှိုး၊ ဟဲဟိုးရှိ လေဆိပ် များနှင့်လေယာဉ်ပြေးလမ်းများ ဆောက်လုပ်ခြင်းနှင့် တိုးချဲ့ခြင်းလုပ်ငန်းများအတွက် ဆောက်လုပ်ရေးကုမ္ပဏီများအား ဘဏ်ချေးငွေ စုစုပေါင်း ကျပ် (၂) ဘီလျံ ထုတ်ပေးခဲ့သည်။ တခြားချေးငွေ ကျပ်သန်း (၅ဝဝ) သည် ငါးကန်တူးဖော်ရေးစီမံကိန်းများသို့ ရောက်သွား သည်။ ဝန်ဆောင်မှုနှင့် ကုန်သွယ်ရေးကဏ္ဍအား ချေးငွေများမှာ ကျပ် (၁.၅) ဘီလျံခန့် ရှိသည်။ မစကသည် လျှပ်စစ် ဓါတ်အား မီဂါဝပ် (၇၁ဝဝ) ကျော်ထုတ်ပေးနိုင်မည့် တာဆန်းရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရေးကိုလည်း ထိုင်းကုမ္ပဏီနှင့်အတူ လုပ်ကိုင်ဆောင်ရွက်နေသည်။

(မစက) အောက်တွင် အထင်ရှားဆုံးနှင့်လူသိအများဆုံးလုပ်ငန်းမှာ အာမခံလုပ်ငန်းဖြစ်သည်။ ၁၉၇၇ ခုနှစ်အထိ နိုင်ငံ တော်ပိုင် မြန်မာ့အာမခံလုပ်ငန်းသည် မြန်မာနိုင်ငံတွင် တခုတည်းသော အာဏာပိုင်သည့် အသက်နှင့်အထွေထွေ အာမခံကုမ္ပဏီ ဖြစ်သည်။ သို့သော် ၁၉၉၆ ခုနှစ် ဇွန်လ ၂၄ရက်နေ့နှင့် ၁၉၉၇ခုနှစ် ဇွန်လ ၂၆ရက်နေ့တွင် မြန်မာ့အာ မခံ လုပ်ငန်းဥပဒေ (အမှတ် ၆၊ ၁၉၉၆) နှင့် မြန်မာ့အာမခံဥပဒေ (ကြော်ငြာအမှတ် ၁၁၆၊ ၁၉၉၇) တို့ကို အသီးသီး ထုတ်ပြန်လိုက်ခြင်းနှင့်အတူ အစိုးရသည် (မစက) အား အာမခံလိုင်စင် ထုတ်ပေးခဲ့သည်။ ဤသည်မှာ ယခုကဲ့သို့ လိုင်စင်ထုတ်ပေးသည့် တခုတည်းသောကုမ္ပဏီ ဖြစ်တန်ရာသည်။

(မစက) သည် မြန်မာ အပြည်ပြည်ဆိုင်ရာအာမခံ ကော်ပိုရေးရှင်းကို အာမခံပေးသူ အဖြစ်လည်းကောင်း၊ မြန်မာ အပြည်ပြည်ဆိုင်ရာ အာမခံဝန်ဆောင်မှုလုပ်ငန်း ကော်ပိုရေးရှင်းကို ကြားခံအာမခံဆောင်ရွက်ပေးသူ အဖြစ်လည်းကောင်း ၁၉၉၇ ခုနှစ်၊ သြဂုတ်လတွင် ဖွဲ့စည်းခဲ့ပြီး အာမခံဈေးကွက်အတွင်း ဝင်ရောက်ခဲ့သည်။

မြန်မာအပြည်ပြည်ဆိုင်ရာအာမခံကော်ပိုရေးရှင်းတွင် အဓိကရှယ်ယာပိုင်ဆိုင်သူများမှာ (မစက) (၅၅%)၊ Jarney Asia Bhd၊ မလေးရှား (၂၇%)၊နှင့် မိုက်ကယ်ညွန့်နှင့်ကုမ္ပဏီ (၁၈%) တို့ဖြစ်သည်။ မြန်မာအပြည်ပြည်ဆိုင်ရာ အာမခံ ကော်ပိုရေးရှင်းသည် (မိုက်ကယ်ညွန့်နှင့်ကုမ္ပဏီ)နှင့် Swiss Underwriting Services တို့ကို အာမခံကိုယ်စား လှယ်အဖြစ် ခန့်အပ်ထားသည်။ သို့သော် ၁၉၉၈ ခုနှစ် သြဂုတ်လ (၁) ရက်နေ့တွင် မြန်မာ အပြည်ပြည်ဆိုင်ရာအာမခံ ကော်ပိုရေးရှင်းသည် အာမခံကိုယ်စားလှယ်ခန့်အပ်မှုကို ပြန်လည်ရုတ်သိမ်းခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုကို သိမ်းယူခဲ့သည်။ နောက်ပိုင်းတွင် Jarney Asia Bhd၊ မလေးရှားသည်လည်း ၎င်း၏ရှယ်ယာများကို အင်းဝဘဏ်သို့ လွှဲပြောင်းပေးခဲ့သည်။ စီးပွားရေးအရအောင်မြင်သော်လည်း အစိုးရ၏ဆုံးဖြတ်ချက်နှင့်အညီ နောက်ဆုံးတွင် မြန်မာအပြည်ပြည်ဆိုင်ရာ အာမခံ ကော်ပိုရေးရှင်းကို ၂ဝဝဝ ခုနှစ် အစောပိုင်းတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့သည်။ ထို့ပြင် တချို့ မစက အောက်ရှိ စက်ရုံများနှင့်ဝန်ဆောင်မှုလုပ်ငန်းများကို ဖျက်သိမ်းခြင်း သို့မဟုတ် တခြားအစိုးရဌာနများသို့ လွှဲပြောင်းခြင်းများ ပြုလုပ်ခဲ့သည်။

တပ်မတော်မှစီမံခန့်ခွဲသည့် အခြားစီးပွားရေးလုပ်ငန်းများ
၁၉၈၉ ခုနှစ်ထိတိုင် စစ်တပ်အတွက်မရှိမဖြစ်လိုအပ်သည့် ရိက္ခာပစ္စည်းများအတွက်ပင်လျှင် စက်မှု (၁) ဝန်ကြီးဌာန အောက်ရှိ နိုင်ငံပိုင်စက်ရုံများအပေါ် မှီခိုနေရပေသည်။ ၁၉၈၉ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးက စက်မှု (၁) ဝန်ကြီးဌာနမှ စက်ရုံ (၃) ခုအား စီမံခန့်ခွဲမှုကို သိမ်းယူခဲ့သည်။ ၎င်းတို့မှာ တပ်မတော် အထည်ချုပ်စက်ရုံ (မင်္ဂလာဒုံ)၊ တပ်မတော်မိုးကာကင်းဗတ်စစက်ရုံ (သမိုင်း)နှင့် တပ်မတော်ရှူးဖိနပ်စက်ရုံ (အင်းတိုင်) တို့ဖြစ်ကြသည်။ နောက်ထပ် စက်ရုံ (၆)ခုကိုလည်း စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံးသို့ လွှဲပြောင်းပေးခဲ့သည်။ ဤသည်တို့မှာ တပ်မတော်ချည်မျှင်စက်ရုံ (မိတ္ထီလာ)၊ တပ်မတော်ချည်မျှင်စက်ရုံ (သမိုင်း)၊ တပ်မတော်ဘောလုံး စက်ရုံ (မှော်ဘီ)၊ တပ်မတော်သတ္ထုပစ္စည်းစက်ရုံ (အုတ်ကျင်း)၊ တပ်မတော်သားရေစက်ရုံ (မန္တလေး) နှင့်တပ်မတော် ဆေးဝါး စက်ရုံ (မှော်ဘီ) တို့ ဖြစ်သည်။

ထို့ကြောင့် လောလောဆယ်ဆယ်တွင် စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး (ကကနက်) သည် တပ်မတော် အသုံးပြုရေးအတွက် လက်နက်နှင့်ခဲယမ်းမီးကျောက်များထုတ်လုပ်ခြင်းအပြင် စက်ရုံ (၉) ရုံကိုလည်း လည်ပတ် လုပ်ကိုင်လျှက်ရှိသည်။ အများစုမှာ စစ်တပ်သီးသန့်သုံးဖြစ်သော်လည်း အချို့ ပစ္စည်းများမှာ စစ်တပ်သုံးမဟုတ်သည့် ကူးသန်းရောင်းဝယ်ရေး ရည်ရွယ်ချက်အတွက် ထုတ်လုပ်သည့် ပစ္စည်းများဖြစ်သည်။ အထင်ရှားဆုံးပြရလျှင် ဘောလုံးစက်ရုံနှင့် ဆေးဝါးစက်ရုံမှပစ္စည်းများ ဖြစ်သည်။ ဤလုပ်ငန်းများမှ တပ်မတော်အတွက် တစုံတရာဝင်ငွေရပြီး သာမန်စစ်သည်များ၏ မိသားစုများအတွက် အလုပ်အကိုင်များကိုလည်း ဖန်တီးပေးသည်ဟု ပြောဆိုသည်။

စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးအပြင်၊ ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး (ကကပံ့) ကလည်း စက်ရုံအများအပြားကို လုပ်ကိုင်နေသည်။ ၎င်းတို့မှာ တပ်မတော်လ္ဘက်စက်ရုံ (နမ့်ဆန်)၊ တပ်မတော်လ္ဘက်စက်ရုံ (သံတောင်)၊ တပ်မတော်လ္ဘက်စက်ရုံ (ရန်ကုန်)၊ တပ်မတော်စည်သွပ်စက်ရုံ (မန္တလေး)၊ တပ်မတော်စည်သွပ်စက်ရုံ (သံတွဲ)၊ တပ်မတော် ပုဇွန်ငါးပိနှင့်ငါးချဉ်စက်ရုံ (မှော်ဘီ)၊ တပ်မတော်ဘီစကွတ်နှင့်ခေါက်ဆွဲစက်ရုံ (မှော်ဘီ) နှင့်တပ် မတော်ဂျုံမှုန့်စက်ရုံ (သြဘာ) တို့ ဖြစ်ကြသည်။ ဤစက်ရုံများက စစ်တပ်ရိက္ခာအတွက်သာမက စီးပွားရေးရည်ရွယ် ချက်အတွက်လည်း ကုန်ပစ္စည်းများ ထုတ်လုပ်သည်။

စီးပွားရေးရည်ရွယ်ချက်အတွက် နေတံဆိပ် SUN နို့ဆီဗူး ထုတ်လုပ်ရန် ၁၉၉၇ ခုနှစ်၊ မေလတွင် ညွှန်ကြားရေးမှူးရုံးက ပျဉ်မပင်နို့ထွက်ပစ္စည်းစက်ရုံကို သိမ်းပြီး ပုဂ္ဂလိကပိုင်ကဏ္ဍသို့ ကန်ထရိုက် ချပေးခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာန (ယခင်) ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး (ကကလှမ်း) ကလည်း စီးပွားရေးလုပ်ငန်းများတွင် ကျယ်ကျယ် ပြန့်ပြန့် ပါဝင်ခဲ့ဖူးသည်။ ဤသည်မှာ ထောက်လှမ်းရေးအသိုင်းအဝိုင်းတွင် ထူးထူးခြားခြား မဟုတ်ပေ။ ၎င်းတို့၏ လျှို့ဝှက် စစ်ဆင်ရေးများအား ဘဏ္ဍာငွေ ထောက်ပံ့ရန် ရှေ့တန်းအဖွဲ့အစည်း အများအပြား ထူထောင်စဉ်ကတည်းကဖြစ်သည်။

တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးက စားသောက်ဆိုင်များ ဖွင့်လှစ်ထားခြင်း၊ စာအုပ်များ၊ ဂျာနယ်များ ထုတ်ဝေခြင်းနှင့် ဖြေဖျော်ရေးပစ္စည်းများ ထုတ်လုပ်နေခြင်းများသည် လုံးဝ လူသိထင်ရှား ဖြစ်လှသည်။ ၂ဝဝ၄ ခုနှစ် နိုဝင်ဘာလတွင် တပ်မတော် ထောက်လှမ်းရေး ကမကထပြုထားသည့် စေတမန် တေးဂီတထုတ်လုပ်ရေးကုမ္ပဏီလီ မိတက်၊ မြက်ခင်းသစ်အနုပညာအုပ်စု တို့ကို ပြည်ထဲရေးဝန်ကြီးဌာနက ဖျက်သိမ်းခဲ့သည်။ အလားတူ မြန်မာသတင်း ဂေဇက် (Myanmar News Gazettee) နှင့် ဝံသာနု၊ နှစ်ပါတ်တခါထုတ်ဝေသည့် ဂျာနယ်များ၊ မြက်ခင်းသစ် လစဉ်ထုတ် မဂ္ဂဇင်းနှင့် တနှစ် ၄ ကြိမ်ထုတ်ဝေသည့် မြန်မာ့မြင်ကွင်း (Myanmar Perspective) ထုတ်ဝေခွင့်လိုင်စင်များကိုလည်း ရုပ်သိမ်းခဲ့သည်။

ယခင်ပြည်သူ့စစ်နှင့်ပြည်သူ့ဆက်ဆံရေးညွှန်ကြားရေးမှူးရုံး (ကကပြည်) သည် ၁၉၉ဝ စုနှစ်အစောပိုင်းက မြဝတီ ပုံနှိပ်တိုက်ကို သိမ်းယူခဲ့သည်။ လစဉ်ထုတ် မဂ္ဂဇင်း ၂ စောင်၊ လစဉ်ထုတ် ကလေးမဂ္ဂဇင်းတစောင်၊ အပါတ်စဉ်ထုတ် ဂျာနယ်တစောင်နှင့် စာအုပ်အနည်းငယ် ထုတ်ဝေခဲ့သော်လည်း၊ ပုံနှိပ်တိုက်သည် ထောက်ပံ့မှုအပေါ် အကြီးအကျယ် မှီခိုနေရပုံပေါ်သည်။ ဤ ညွှန်ကြားရေးမှူးရုံး၏ တစိတ်တပိုင်းဖြစ်သည့် မြဝတီရုပ်မြင်သံကြားဌာနသည် ရုပ်သံ စီးပွားရေးအတွက် ကြော်ငြာအေဂျင်စီများကို လည်ပတ်လုပ်ကိုင်နေသည်။ ထိုလုပ်ငန်းမှ ဝင်ငွေတစုံတရာ ရကောင်း ရနေမည်ဖြစ်သော်လည်း ထုတ်လုပ်မှုစရိတ်နှင့်ထုတ်လွှင့်မှုစရိတ်များ မလုံလောက်ချေ။ အဆင့်အသီးသီးရှိ တပ်ရင်းတပ်ဖွဲ့များသည် စီးပွားရေးလုပ်ငန်းများတွင် ဆက်လက်ပါဝင် လုပ်ကိုင်နေကြသည်သာမက တိုးချဲ့၍ပင် လုပ်ကိုင်နေကြသည်။ အောက်ခြေအဆင့်တပ်ဖွဲ့များ၌ စားသောက်ဆိုင်လုပ်ငန်းနှင့် အခြားအိမ်တွင်းမှုလုပ်ငန်းစသည့် သာမန်စီးပွားရေးလုပ်ငန်းများ အပြင်၊ တချို့တပ်ရင်းများသည် ရေခဲစက် သို့မဟုတ် ကုန်လမ်းသယ်ယူပို့ဆောင်ရေးစသည့် အငယ်စားလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေကြသည်။

စစ်တပ်က တပ်ပိုင်အဆောက်အဦး၊ လျှပ်စစ်များသာမက ထရပ်ကားများကိုပင် စီးပွားရေးလုပ်ငန်းအတွက် ငှားရမ်းသည့်ကိစ္စ အများအပြားရှိသည်။ သို့သော် အကျိုးခံစားခွင့်ရရှိသည့် တပ်ရင်းတပ်ဖွဲ့များအကြား နေရာ အတော်များများ၌ ကွာဟမှုရှိပုံပေါ်သည်။ ထောက်ပံ့မှုများတွင် အဆမတန်ကွာဟမှုရှိသည်။ တချို့တပ်ရင်းတပ်ဖွဲ့များသည် လစဉ်ထောက်ပံ့ငွေ အတော်ကောင်းမွန်စွာ ပေးနိုင်ပြီး၊ အထူးသဖြင့် ဝေးလံသော ဒေသများရှိ တပ်ရင်းတပ်ဖွဲ့များမှာမူ ငွေ သားထောက်ပံ့မှုမှာ အနိမ့်ဆုံးလိုအပ်ချက် ဖြည့်ဆီးနိုင်ရန်ပင်ခက်ခဲလှသည်။ ၂ဝဝဝ ခုနှစ်တွင် ၁၅ဝဝ ကျပ်မျှသာ ထောက်ပံ့နိုင်ပြီး ၂ဝဝ၃ ခုနှစ်တွင် ကျပ် (၃ဝဝဝ) သာ ထောက်ပံ့နိုင်သည်။

ဤဖြစ်ရပ်များမှာ အဖွဲ့အစည်း စည်းလုံးညီညွတ်မှုကို စတင်ခြိမ်းခြောက်နေပြီး၊ တပ်ရင်းဘားတိုက်များတွင် လိုင်စင်မဲ့ ကားများထားပေးခြင်း၊ သို့မဟုတ် စစ်ထရပ်ကားများဖြင့် မှောင်ခိုကုန်များ သယ်ယူပေးခြင်း စသည့် ဥပဒေပြင်ပ စီးပွား ရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ရန် တပ်ရင်း တပ်ဖွဲ့များကို အားပေးနေခြင်းလည်း ဖြစ်သောကြောင့်၊ တပ်မတော် ခေါင်းဆောင်မှုက တသီးပုဂ္ဂလ စီးပွားရေးလုပ်ငန်းများ ရပ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။

ဝန်ကြီးဌာနများနှင့်ဦးစီးဌာနများသည် ဝန်ထမ်းသက်သက်သာချောင်ချိရေးအကြောင်းပြပြီး ရံပုံငွေ ရှာဖွေရန်အတွက် စီးပွားရေးလုပ်ငန်းများ ဖွဲ့စည်းရတော့မည်မဟုတ်။ ၂ဝဝ၃ ခုနှစ်ဒီဇင်ဘာလမှစ၍ ဝန်ထမ်းအားလုံးအတွက် တဦးလျှင် ကျပ် ၅ဝဝဝ လစဉ်အပိုဆောင်း ငွေပေးထားပြီး ဖြစ်သည့်အတွက် ဤနှစ်ကုန်တွင် စီးပွားရေးလုပ်ငန်းအားလုံး ရပ်ဆိုင်း ကြရန် ဟု ၂ဝဝ၄ ခုနှစ် စက်တင်ဘာလ (၃ဝ)ရက်နေ့၊ ကက်ဘိနက်အစည်းအဝေး၌၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လမ်းညွှန်ချက် ပေးခဲ့သည်။ စိုက်ပျိုးရေးလုပ်ငန်းများမှလွဲ၍ စီးပွားရေးလုပ်ငန်းအားလုံးနှင့် တပ်ရင်းရံပုံငွေနှင့်ဆက်စပ်သည့် တရားဝင် ပိတ်ပင်ထားသည့်လုပ်ငန်းများကို ၂ဝဝ၄ ခုနှစ် မတ်လ (၃၁)ရက်နေ့တွင် အဆုံးသတ်ရန် ဒီဇင်ဘာလတွင် ကာကွယ်ရေး ဝန်ကြီးဌာနက တပ်မတော်တပ်ရင်းတပ်ဖွဲ့အားလုံးသို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ ဤအမိန့်သည် စီးပွားရေး လုပ်ငန်းအချို့အား ဝန်ကြီးဌာနများ သို့မဟုတ် အဖွဲ့အစည်းအသီးသီးသို့ လွှဲပြောင်းပေးရန်နှင့် မလွဲပြောင်းသည့် လုပ်ငန်းများအားလုံး ဖျက်သိမ်းပစ်ရန် ဖြစ်သည်။

တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးကို ဖျက်သိမ်းပစ်ပြီး နောက်တွင် ဤညွှန်ကြားချက်ကို ပိုမို ထိရောက် စွာ အကောင်အထည်ဖော်ခဲ့သည်။ ထို့ကြောင့် တပ်ရင်းတပ်ဖွဲ့အကုန်လုံး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းအားလုံးကို ရပ်ဆိုင်းခဲ့သည်။

စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် စီးပွားရေးလုပ်ငန်းများ
စစ်ရေးချုပ်ရုံးအောက်တွင် မတူခြားနားသည့်စစ်မှုထမ်းဟောင်းများအတွက် စီးပွားရေးအဖွဲ့အစည်း (၂)ခုရှိသည်။ တခု မှာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ စည်းရုံးရေးကော်မတီ (မစစက) ဖြစ်ပြီး အခြားတဖွဲ့မှာ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံး၏ ကြီးကြပ်မှုအောက်တွင် ရှိသည်။ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ စည်းရုံးရေး ကော်မတီသည် ကျပ်ငွေ (၉.၆) ဘီလျံတန်ဖိုးရှိသော နာမည်အမျိုးမျိုးဖြင့် စီးပွားရေးလုပ်ငန်း (၂၆) ခု ပိုင်ဆိုင်သည်။ ၎င်းသည် ဒေသအသီးသီးတွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ စစ်မှုထမ်းဟောင်း အဖွဲ့များအား ချေးငွေများ ချပေးသည်။ စစ်မှုထမ်းဟောင်းအဖွဲ့ စည်းရုံးရေးကော်မတီအောက်ရှိ အကျော်ကြားဆုံး စီးပွားရေး အဖွဲ့အစည်းများမှာ ရွှေအင်းဝအလုပ်အကိုင်အေဂျင်စီနှင့်ရွှေအင်းဝ ဘတ်စ်ကားလိုင်းတို့ ဖြစ်သည်။

ဤ ၂ ဖွဲ့စလုံးကို ၂ဝဝ၁ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၂ဝဝ၂ ခုနှစ် ဇွန်လတွင် (မစစက) သည် ရန်ကုန်မြို့တွင် တပ်မတော်အထူးကုဆေးခန်းကို ဖွင့်လှစ်ခဲ့သည်။ ဝန်ထမ်းများမှာ တပ်မတော်ဆေးရုံများမှ လက်ရှိ ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ ဖြစ်သည်။ မူလက အခကြေးငွေ သင့်တင့်လျောက်ပတ်စွာဖြင့် ကောင်း ကောင်း ကုသပေးသည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ အရာရှိကြီးများနှင့် အောက်ခြေရဲဘော်မိသားစုများအကြား ခွဲခြားမှုများရှိသည်ကို တွေ့ရှိရသည်။

၂ဝဝ၁ နှင့်၂ဝဝ၄ အကြား (၄) နှစ်အတွင်း (မစစက) သည် အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုများအတွက် ကျပ်ငွေ (၁၄၃ဝ.၅)သန်း ထောက်ပံ့ပေးခဲ့ပြီး အရာရှိ (၄၆) ယောက်၊ အဖွဲ့ဝင် (၁၇၉) ယောက်နှင့် မိသားစုဝင် (၁၈၂) ယောက် တို့အား ပြည်တွင်း၌ အလုပ်အကိုင်များ ရှာဖွေပေးခဲ့သည်။ ထို့ပြင် ၎င်းတို့၏အဖွဲ့ဝင်များနေထိုင်ရန် တန်ဖိုးနည်းအိမ်ယာ အလုံး (၁၂ဝ) ခန့် တည်ဆောက်ပေးခဲ့သည် ဟုဆိုသည်။

ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးရုံး (ကကပြန်) သည် သန်မြန်သူစီးပွားရေးလုပ်ငန်းကို ကြီးကြပ်သည်။ ၎င်းတွင် သန်မြန်သူဘတ်စ်ကားလိုင်းနှင့် သန်မြန်သူဆောက်လုပ်ရေးအုပ်စု တို့ပါဝင်သည်။ မသန်မစွမ်းစစ်သည်များ သက်သာ ချောင်ချိရေးအတွက်ဖြစ်သည်။ ဤ ညွှန်ကြားရေးမှူးရုံးက မသန်မစွမ်းစစ်သည်များအတွက် ဝင်ငွေရရန် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပို့ချပေးသည်။ မသန်မစွမ်းစစ်သည် (၁၇၇) ယောက်အတွက် ရေရှည် အထောက်အပံ့ဖြစ်ရန် ဦပိုင်းလီမိတက်၌ အစုရှယ်ယာများဝယ်ပေးပြီး၊ တခြားစစ်သည် (၁၃၄ဝ) အား ထောက်ပံ့ပေးသည် ဟု ဆိုထားသည်။ မသန်မစွမ်းစစ်သည်များအတွက် ငွေလှူပွဲအခမ်းအနားများကို ရံဖန်ရံခါ သတင်းမီဒီယာများသို့ အစီရင်ခံပေးပို့သည်။ သန်မြန်သူ ဘတ်စ်ကားလိုင်းသည် ရန်ကုန်မြို့တွင်း၌ ဘတ်စ်ကားလိုင်း တဒါဇင်ကျော် ပြေးဆွဲနေသည်။ မော်လမြိုင်၊ ဘားအံ၊ မုံရွာ၊ လွိုင်ကော်တွင် လုပ်ငန်းခွဲများရှိပြီး အဝေးပြေး ဘတ်စ်ကားလိုင်းများ ပြေးဆွဲနေသည်။
MEC မြန်မာ့စီးပွါးရေးကော်ပိုရေးရှင်း

ဆရာကျွန်တော့့် ပါ။ Myanmar Economic Cooperation (MEC) ရဲ့အကြောင်းလည်း ဖော်ပြပေးအုံး။ MEC ကိုလည်း စစ်တပ်ကလူတွေပဲ ချယ်လှယ်နေတာပါပဲ။ ကျွန်တော်က့ စက်ရုံ၊့ မှာလုပ်နေတဲ့ဝန်ထမ်းပါ။ ဦးပိုင်ဆိုးသလို MEC ကလည်း စစ်တပ်ထိပ်ပိုင်းလူတွေတွက် လုပ်နေတယ်လို့ပဲထင်ပါတယ်ဆရာ။ ကျွန်တော်အားလုံးတော့ မသိပါဘူးဆရာ။ စက်ရုံတွေမှာခန့်ထားတဲ့ စက်ရုံမူးတွေကလည်း စစ်တပ်ကလူတွေပါပဲ။ နောက်ပြီး အဓိကစာရင်းဇယားကိုင်တဲ့ ရုံးအဖွဲ့ ဆိုရင်လည်း စစ်တပ်ကထွက်လာတဲ့ ဗိုလ်ကြီးငြိမ်းဆိုတဲ့လူတွေများပါတယ်။ ဦးပိုင်ပဲလူသိများနေတယ်လို့ ထင်ပါတယ်။ MEC ကိုသိပ်မသိသေးဘူးထင်ပါတယ်။ ဆရာဖြစ်နိုင်ရင် MEC ရဲ့သမိုင်းကိုလည်း တင်ပေးစေလိုပါတယ်။

• Myanmar Economic Corporation (MEC) မြန်မာ့စီးပွါးရေးကော်ပိုရေးရှင်းဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ စစ်တပ်ကနေ ဦးစီးလုပ်ကိုင်နေတဲ့ အကြီးဆုံး (ကွန်ဂရိုမားရိတ်) အုပ်စုကြီး နှစ်ခုထဲက တခုဖြစ်တယ်။
• ကျန်တခုကတော့ Union of Myanmar Economic Holdings Limited (UMEH) ခေါ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ ဦးပိုင်လီမိတက်ဖြစ်တယ်။
• MEC ကို ၁၉၉၇ မှာဖွဲ့ခဲ့တယ်။ ရုံးချုပ်က ရန်ကုန်၊ အလုံလမ်းမှာရှိတယ်။ အရင်ဒုသမတ ဦးတင်အောင်မြင့်ဦးဟာ MEC ချယ်ယာမင်ဖြစ်တယ်။
• အကြီးစား စက်မှုလုပ်ငန်းတွေကနေ စစ်သုံး ဥပမာ ဘိလပ်မြေ၊ ရာဘာတွေထောက်ပံ့ပေးနိုင်ဘို့ဖြစ်တယ်။ ဒါပေမဲ့ လုပ်ငန်းအတော်များများကို လှို့ဝှက်လုပ်ကိုင်နေတယ်။ ၂ဝဝ၉ ခုနှစ်အထိ MEC အောက်မှာ စက်ရုံပေါင်း ၂၁ ခု ရှိနေပြီ ဖြစ်တယ်။ သံမဏိစက်ရုံ ၄ ခု၊ ဘဏ်တခု (အင်းဝဘဏ်)၊ ဘိလပ်မြေစက် ၁ ခုပါတယ်။ ဒါ့ပြင် အာမခံလုပ်ငန်းကိုလည်း လက်ဝါးကြီးအုပ်ထားတယ်။
• ၂ဝဝဝ ခုနှစ်မှာ Cybermec Information Technology Center ကိုထူထောင်လိုက်တယ်။
• MEC ကို ကာကွယ်ရေးဝန်ကြီးဌာန၊ Directorate of Defence Procurement (DPP) စစ်လက်နက် ဝယ်ယူရေးဌာန အောက်မှာထားတယ်။ ရှယ်ယာကို လက်ရှိစစ်မှုထမ်းနေသူတွေသာပိုင်ဆိုင်တယ်။
• နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်တာတွေရှိပေမဲ့ မြန်မာပြည်မှာ အကြီးဆုံးစီးပွါးရေးကော်ပိုရေးရှင်းကြီး ဖြစ်တယ်။
• US ယူအက်စ်အစိုးရက (ဆန်ရှင်) လုပ်ထားတဲ့စာရင်းထဲမှာပါတယ်။
• UMEHL ကိုရော MEC ကိုပါ ပြည်ထောင်စုလွှတ်တော်ကနေ ဘာမှစွက်ဖက်ပိုင်ခွင့်မရှိဘူး။


ဖေ့စ်ဘွတ်မှာဖတ်ရတဲ့ MEC တိုင်စာများ
(၁)
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ အလုံမြို့နယ် အထက (၇) ၌ လာရောက် ကျောင်းတက် နေရသည့် ကျောင်းသားကျောင်းသူများမှာ အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ မေဒေးဆိပ်ကမ်းရှိ သမ္ဗန်ဆိပ်အား တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC က ခြံစည်းရိုးခတ်ရာ ဖြတ်သန်းမသွားလာနိုင်တော့သဖြင့် ခြံစည်းရိုး ဖယ်ရှားပေးရန် တောင်းဆိုနေသည့် ဓာတ်ပုံများအား ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်အေးအေးမြင့်က ဆန္ဒပြ ကျောင်းသားများဟု ခေါင်းစဉ်တပ်၍ ကျောင်းနံရံများ၌ ကပ်ထားကြောင်း ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ဒေါ်စန္ဒာမြင့်က နိုဝင်္ဘာလ ၂ဝ နေ့တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။ အဆိုပါသမ္ဗန်ဆိပ်အား မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC က နိုဝင်္ဘာလ ၁၆ ရက်နေ့တွင် ခြံစည်းရိုးခတ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသွားရာတွင်အသုံးပြုသည့် လမ်းကြောင်း ပိတ်သွားသဖြင့် ကျောင်းသား ကျောင်းသူများ ၄ ရက်ကြာ ကျောင်းမတက်နိုင်ဖြစ်နေရာ ယင်းခြံစည်းရိုးခတ်ထားမှုကို ဖျက်သိမ်းပေးရန် နိုဝင်ဘာလ ၁၇ ရက်နေ့ကတည်းက ကျောင်းသားမိဘများက တောင်းဆိုနေခြင်းဖြစ်သည်။

(၂)
မြန်မာ့စီးပွါးရေးကော်ပိုရေးရှင်း MEC ဒုရင်္ဂဗိုလ်သကြားစက်ရုံတွင် ဖြစ်နေသော အဖြစ်အပျက်များကို တင်ပြခွင့်ပြုပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။ ကျွန်မသည် ဒုရင်္ဂဗိုလ်သကြားစက်ရုံမှ ဝန်ထမ်းတစ်ဦးဖြစ်ပါသည်။ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါသည်။ ကျွန်မတို့စက်ရုံနှင့် ရုံးပိုင်းဆိုင်ရာများတွင် အရာရှိနှင့် အရာထမ်း၊ အမှုထမ်းများရှိပါသည်။ အရာရှိ ၅ ယောက်တို့သည် လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး၊ ဝန်ထမ်းများအပေါ် မတရားစနစ်ကျင့်သုံး အနိုင်ကျင့်နေပါသည်။ သူတို့သည် သကြားစက် ကြံရာသီ ပြီးဆုံးတာနဲ့ စက်ရုံမှူး၊ ဒုစက်ရုံမှူး၊ လက်ထောက်စက်ရုံမှူး၊ ခွဲမှူး၊ စုမှူးများသာ စက်ပိတ်ပွဲဆိုပြီးပြလို့ ထိပ်တန်း စားသောက်ဆိုင်မှာ ပျော်ပွဲစားနေကြပြီး၊ ကျန်တဲ့ စိတ်မှူး၊ စက်ကျွမ်း ၃၊ ၄၊ ၅ များကိုတော့ မင်းတို့ကိုဂရုမစိုက်ဘူး မင်းတို့ကို ကျွေးစရာမလိုဘူး၊ ပေးစရာမလိုဘူး၊ ငါတို့က စစ်ထောက်ချုပ်ကိုပိုင်တယ်။ MEC ရုံးချုပ်ကိုလည်းပိုင်တယ်။ မင်းတို့တိုင်ချင်ရင်တိုင်၊ ဘယ်ကိုတိုင်တိုင် ဂရုမစိုက်ဘူးဆိုပြီး၊ လက်ထောက်စက်ရုံမှူး ဦးအောင်ဌေးမြင့်က ပြောပါတယ်။ ဖုန်းတွေကိုလည်း စစ်ထောက်ချုပ်ကမပြောဘဲနဲ့ ပြောတယ်ဆိုပြီး စိတ်မှူးနှင့် အောက်ဝန်ထမ်းများမကိုင်ရဘူးတဲ့။

သူတို့ဟာ နေ့စဉ် ပြည်ကဒေါ်ချိုဝင်းချီ သကြားအိတ်တွေကို ပေါ်ပေါ်လွင်လွင် ရောင်းနေပါတယ်။ တင်လဲရည်ဆိုလဲ အောင်လံဦးကံထွန်း အရက်ချက်စက်ရုံကိုရောင်းပါတယ်။ ဒီလိုတွေ ရုံးချုပ်၊ စစ်ထောက်ချုပ်တွေ မသိအောင်ခိုးပြီး ရောင်းနေတာကို ဝန်ထမ်းများက ဓါတ်ပုံရိုက်ပြီးတိုင်မှာကို သူတို့ကြောက်လို့ စိတ်မှူးနှင့် အောက်ဝန်ထမ်းများ ဖုန်းမကိုင်ရ၊ ကင်မရာများမယူရ၊ ဓါတ်ပုံရိုက်ပြီး Fb ကနေတိုင်တဲ့သူကို ရဲစခန်းပို့မယ်ဆိုပြီး ဦးအောင်ဌေးမြင့်က ဝန်ထမ်းများကို ခြိမ်းခြောာက်နေပါတယ်။

ဓါတ်အားပေးဌါနမှာက ကျွန်မရဲ့ သူငယ်ချင်းမိန်းကလေးက သူနေ့တိုင်း အောင်လံကိုပြန်ရင် ဖယ်ရီကားပေါ်မှာ ပြောပြပါတယ်။ အင်ဂျင်မမောင်းဘဲနဲ့ အမောင်းပြပြီး၊ ဒီဇယ်တွေထုတ်ရောင်းပါတယ်။ ဓါတ်အားပေးဌာနက တာဝန်ခံအမျိုးကလဲ ခိုးရောင်းလို့ရတဲ့ ပိုက်ဆံကို ကျန်တဲ့ဝန်ထမ်းများ မပေးဘူးတဲ့။ လက်ထောက် စက်ရုံမှူး ဦးအောင်ဌေးမြင့်နဲ့သာ ညှိပြီးယူတယ်တဲ့။ စတိုကနေ နှစ်ဂါလံထုတ်ပြီး ဂိတ်ပါတ်လုပ်ပြီး အပြင်ကိုငါးလံခိုးပြီး ရောင်းချနေတာ။ ဓါတ်အားပေးတာဝန်ခံပဲလို့ ကျွန်မသူငယ်ချင်းက ပြောပြောပြပါတယ်။ ယခုလည်း ဓါတ်အားပေးဌါနမှာ အပေါ်နဲ့ အောက်ဝန်ထမ်းတွေ အဆင်မပြေဘူး။ ပြဿနာ ခဏခဏတက်နေတယ်လို့လည်းပြောပါတယ်။ ခိုးရောင်းလို့ ရတာမှန်သမျှ အရာရှိလေးဦးနဲ့ စက်ရုံမှူး ခွဲမှူးများကိုတော့ အနည်းငယ်ခွဲဝေပေးပြီး၊ စုမှူး။ တာဝန်ခံများကိုလည်း အနည်းငယ်ပေးပါတယ်။ ကျန်တဲ့ဝန်ထမ်းများကိုတော့ လုံးဝမပေးတဲ့အပြင် ဖိနှိပ်နေတဲ့ဒဏ်ခံနေရပါတယ်။

ဒါကြောင့် အလွဲသုံးစားလုပ်နေတဲ့ အရာရှိလေးဦးအား စစ်ဆေးပြီး အရေးယူဆောင်ရွက်ပေးပါရန် လေးစားစွာဖြင့် တိုင်ကြားလိုက်ရပါတယ်။ ကျွန်မတိုင်တာကို မယုံဘူးဆိုရင် စက်ရုံကို လာရောက်ပြီး စုံစမ်းကြည့်ပါ။ အောက်ခြေ ဝန်ထမ်းများကို မေးပြီး စုံစမ်းကြည့်ပါ။ အားလုံးပေါ်ပါလိမ့်မယ်။ ဒီနှစ်အဆိုးဆုံးပါ။ ဒီသတင်းကို တိုင်ကြားသော ကျွန်မက ကုန်ချောဌာနက ထုတ်ကျွမ်း ၄ ရာထူးပါ။ အလုပ်သမား အဖွဲ့တွေကိုလည်း သူတို့က ခွဲခြားဆက်ဆံနေတာကိုလည်း သိရပါလိမ့်မယ်။

(ပြီး)

No comments: