၂ဝဝ၄ ခုနှစ် နွေရာသီက ချာလီမုန်တိုင်းကြီး မက္ကဆီကိုပင်လယ်ကွေ့ကနေ
ဖလော်ရီဒါပြည်နယ်ကို ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခတ်ဖြတ်သန်းပြီး အတ္တလန်တိတ်သမုဒ္ဒရာထဲကို
ဝင်ရောက်သွားခဲ့သည်။ မုန်တိုင်းဒဏ်ကြောင့် ဖလော်ရီဒါ ပြည်နယ်တစ်ခုလုံး ကြေမွပျက်စီးသွားခဲ့ရပြီး
လူ(၂၂)ယောက် သေဆုံးကာ ဒေါ်လာ(၂၂)ဘီလီယံဖိုးခန့် ဆုံးရှုံးနစ်နာခဲ့ရသည်။ ဒီမုန်တိုင်း
တိုက်ခတ်ပြီးနောက်ပိုင်းမှာ အိမ်ရာတိုက်တာ၊ သစ်ပင်ကြီးငယ်၊ လမ်းတံတား အပျက်အစီးတွေ
အားလုံးကို ထုံးစံအတိုင်း အလျင်အမြန်ပြန်လည်ပြုပြင်ကြရသည်။ ဒါပေမယ့် ထုံးစံအတိုင်းမဟုတ်တာ
ဝယ်ယူရတဲ့ပစ္စည်းတွေရဲ့ ဈေးနှုန်း၊ ပြင်ဆင်စရိတ်တွေရဲ့ တန်ဖိုးနှုန်းထားက ပုံမှန်နှုန်းထားထက်
မတရားသဖြင့် မြင့်တက်လာခဲ့သည်။ ဓာတ်ဆီဈေးနှုန်းက အရင်တစ်ဂါလံကို နှစ်ဒေါ်လာကနေ ဆယ်ဒေါ်လာ
ဖြစ်သွား သည်။ အရင်စတိုးဆိုင်တွေက ဒေါ်လာ ၅ဝ နဲ့ ရောင်းနေကျပစ္စည်းတွေက ဒေါ်လာ ၂၅ဝ အထိ
တက်သွားခဲ့သည်။ အိမ်ပြိုသွားလို့ တည်းခိုခန်းပေါ် တက်နေရသူတွေကလည်း အရင်ကအခန်းခ တစ်နေ့ဒေါ်လာ
၎ဝ ကနေ ၁၆ဝ အထိ မြင့်တက်သွားကြတာကို ပေးရသည်။ ဒီမှာတင် ဖလော်ရီဒါတစ်နယ်လုံး ရုတ်တရက်
ကုန်ဈေးနှုန်းတွေ ထိုးတက်သွားတဲ့ပြဿနာကို မကျေမနပ် ပြောဆိုဝေဖန် ကန့်ကွက်လိုက်ကြတာ
ပွက်လောရိုက်သွားခဲ့၏။
ဒီကိစ္စနဲ့ပတ်သက်ပြီး USA TODAY သတင်းစာကြီး ကလည်း 'မုန်တိုင်းအလွန်
ကောင်းကင်ယံမှာ၊ လင်းတတွေတော့ ဝဲပျံနေကြပြီ' ဆိုတဲ့ ခေါင်းစည်းနဲ့ သတင်းဆောင်းပါးအရှည်ကြီးတစ်ပုဒ်
ရေးလိုက်တော့ မီးလောင်ရာလေပင့်ဖြစ်ပြီး တစ်နိုင်ငံလုံးမှာ ဆွေးနွေးငြင်းခုံပွဲကြီးတစ်ရပ်
ပေါ်ပေါက်လာပါတော့၏။ 'လူတွေက ဒုက္ခရောက်နေချိန်မှာ ဈေးနှုန်းတွေတင်ပြီး အမြတ်ထုတ်တာ တရားမျှတရဲ့လား'။
အဲဒီအချိန်က ဖလော်ရီဒါပြည်နယ်ရဲ့ ရှေ့နေချုပ် ချာလီခရစ်ကတော့ 'မုန်တိုင်းကြီးတိုက်ခတ်ပြီး
လူတွေဒုက္ခရောက်နေတာကို အခွင့်ကောင်းယူ အမြတ်ထုတ်မယ်ဆိုတဲ့ လူတွေရဲ့လောဘရမ္မက်စိတ်ကတော့
တုန်လှုပ်ချောက်ခြားစရာ ကောင်းလွန်းပါတယ်ဗျာ'ဟု မှတ်ချက်ချခဲ့၏။ ကုန်ဈေးနှုန်း ရုတ်တရက်မြှင့်တင်မှု
တားဆီးကာကွယ်ရေးဥပဒေ ချမှတ်ထားသည့် ဖလော်ရီဒါပြည်နယ်၏ ရှေ့နေချုပ် ခရစ်၏ရုံးခန်းသို့
ကန့်ကွက်တိုင်တန်းလွှာပေါင်း နေ့စဉ်နှစ်ထောင်ဝန်းကျင်မျှ ရောက်ရှိနေတော့သည်။ ထိုကန့်ကွက်လွှာများထဲတွင်
ရှေးဟောင်းအလယ်ခေတ်ကကဲ့သို့သော ကာလမျိုးမှာပင် ကုန်စည်ဖလှယ်ရေးတွင် 'တရားမျှတသော ဈေးနှုန်း'
(Justice Price) စနစ် ကြီးစိုးလွှမ်းမိုးခဲ့ကြောင်း ထောက်ပြကြ၏။ တရားမျှတသောဈေးနှုန်းဆိုသည်ကို
အစဉ်အလာတန်ဖိုးအရ (သို့) သင့်တင့်လျောက်ပတ်သည့် တန်ဖိုးဖြင့်သင့်ရမည်ဟု ယူဆခဲ့ကြ၏။
သို့သော် ဈေးကွက်စီးပွားရေးပညာရှင်များကမူ ဈေးနှုန်းဆိုသည်ကို 'ရောင်းလိုအား'နှင့်
'ဝယ်လိုအား'က ဆုံးဖြတ်သတ်မှတ်ခြင်းသာဖြစ်၍ 'တရားမျှတသောဈေးနှုန်း'ဟူသည်မရှိဟူ၍ ပြတ်သားစွာ
ပယ်ချခဲ့ကြ၏။
ထိုစဉ်ကTAMPA TAIBUNE သတင်းစာတွင် ဈေးကွက်စီးပွားရေးပညာရှင်
ထောမတ်ဆိုဝဲလ်က 'ဈေးနှုန်းမြင့်တက်တယ်ဆိုတာ အတော်စိတ်လှုပ်ရှားစရာ ကောင်းတာပေါ့။ ဒါပေမဲ့
ဘောဂဗေဒသဘောအရတော့ ဘာမှအလေးထား စဉ်းစားစရာလိုတဲ့ပြဿနာ မဟုတ်ပါဘူး။ ဖလော်ရီဒါမှာ ဆောင်းတွင်းဆို
ရေခဲတစ်ထုပ် နှစ်ဒေါ်လာနဲ့ရပေမယ့် နွေမှာတော့ ဆယ်ဒေါ်လာပေးရပါလိမ့်မယ်။ တကယ်တော့ ဈေးနှုန်းဆိုတာ
ရောင်းသူနဲ့ဝယ်သူအကြား ကုန်ပစ္စည်းတစ်ခုအပေါ် ရိုးရိုးလေး အပေးအယူလုပ်ကြတဲ့ သဘောပါပဲ'
ဟု ရှင်းပြခဲ့၏။ အလားတူ ဈေးကွက်လေ့လာသူ ဆောင်းပါးရှင် ဂျက်ဖ်ဂျက် ကော့ဘီကလည်း' အမှန်တော့
ဈေးကွက်ထဲမှာ ဈေးနှုန်းမြင့်မားလာတာကို ဘာမှစွဲချက်တင်နေစရာမလိုပါဘူး။ ဒါလောဘရမ္မက်ကြီးမှုသက်သက်လည်း
မဟုတ်ပါဘူး။ လွတ်လပ်တဲ့ ဈေးကွက်ရဲ့ သဘောသဘာဝပါပဲ။ ဈေးတွေတက်လာတော့ လူတွေကတော့ ဒေါသဖြစ်ကြမှာပေါ့။
ဒါပေမယ့် ဒီဒေါသကို လွတ်လပ်တဲ့ဈေးကွက်က ထည့်တွက်မှာတော့ မဟုတ်ပါဘူး' ဟူ၍ ဆောင်းပါးရေးခဲ့၏။
ထိုအခါ ဖလော်ရီဒါပြည်နယ်၏ ရှေ့နေချုပ် ခရစ်ကလည်း အဆိုပါ
TAMPA နေ့စဉ်သတင်းစာတွင် အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားတုံ့ပြန်ခဲ့၏။ ထိုပေးစာတွင်
'မုန်တိုင်းနဲ့ရင်ဆိုင်နေရတဲ့ အရေးပေါ်ကာလမျိုးအတွင်း ဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့ ဘဝရပ်တည်ရေးအတွက်
အခြေခံလိုအပ်ချက်တွေကို ဝိုင်းဝန်းကူညီ ဖြည့်ဆည်းပေးနေရတဲ့ကာလမျိုးမှာ ဈေးနှုန်းတွေမြှင့်တင်လိုက်တယ်ဆိုတာ
ဗူးလေးရာ ဖရုံဆင့်တင်လိုက်တဲ့ သဘောပဲ။ ဒါကို အစိုးရတစ်ရပ်အနေနဲ့ သာမန်ဈေးကွက် အပေးအယူသဘောဆိုပြီး
ရပ်ကြည့်မနေနိုင်ဘူး။ ပြည်သူလူထုဘဝ အဆင်ပြေသက်သာရေးအတွက် လိုအပ်တဲ့ ထိန်းချုပ်မှုတွေ
ဝင်ရောက်ဆောင်ရွက်ပေးရမှာပဲ' ဟု သူ၏သဘောထားကို ထုတ်ဖော်ကြေငြာလိုက်၏။ ဤသို့ဖြင့် ချာလီဟာရီကိန်းအလွန်ကာလတွင်
ဈေးနှုန်းများမြှင့်တင်လိုက်သည့်ကိစ္စအပေါ် အငြင်းပွားမှုသည် 'ကျင့်ဝတ်နှင့် တရား ဥပဒေ'
(MORALITY AND LAW) ပြဿနာတို့အကြား အငြင်းပွားရသည့် အနေအထားသို့ ရောက်ရှိသွားတော့သည်။
ဤသို့ဖြင့် မေးစရာမေးခွန်းများစွာ ပေါ်ပေါက်လာတော့သည်။
- သဘာဝဘေးအန္တရာယ် ကျရောက်နေခြင်းမျိုးကို အခွင့်ကောင်းယူကာ
ရောင်းသူများက ဈေးနှုန်းမြှင့်တင်ခြင်းသည် လွတ်လပ်သောဈေးကွက်လောကတွင် အပြစ်ရှိပါသလား။
- ယင်းသို့သောအနေအထားတွင် အစိုးရနှင့် တရားဥပဒေတို့က ရပ်ကြည့်နေရမည်လော။
- လွတ်လပ်သောဈေးကွက်တွင် ရောင်းသူနှင့် ဝယ်သူအကြား အပေးအယူလုပ်ထားကြသည့်
ဈေးနှုန်းကို အစိုးရက တရားဥပဒေအရ ဝင်ရောက်ကန့်သတ်သင့်သလော။
- အဆိုပါကျင့်ဝတ်ပြဿနာကို ဥပဒေအရ ကိုင်တွယ်ဖြေရှင်း သင့်ပါသလား။
အထက်ပါမေးခွန်းများမှာ လူတစ်ဦးချင်းစီအကြား ဆက်ဆံရေးပြဿနာသက်သက်မျှ
မဟုတ်ပေ။ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို မည်သို့စည်းရုံးသင့်သည်၊ ယင်းသို့စုစည်းရာတွင်
တရားဥပဒေပါဝင်ရမည့် အခန်းမှာ မည်သို့ဖြစ်သင့်သည်၊ လူ့အဖွဲ့အစည်း၏ ညီညွတ်တည်ငြိမ်ရေးအတွက်
အခြေခံလိုအပ်ချက်မှာ ဤဟာပင်ဖြစ်သည်။ တနည်းအားဖြင့် ချုပ်ပြောရလျှင် လူ့အဖွဲ့အစည်းအတွင်းရှိ
'တရားမျှတမှု' (Justice) ပြဿနာပင်ဖြစ်၏။ ဤပြဿနာကို ဖြေရှင်းရေးအတွက် အရင်းခံအကျဆုံး
လုပ်ငန်းမှာ 'တရားမျှတမှု' ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ကို ဖွင့်ဆိုနိုင်ရန်ကြိုးပမ်းရေးပင်
ဖြစ်သည်။ 'တရားမျှတမှု'၏ သဘောသဘာဝကို ပြည့်စုံမှန်ကန်စွာ နားလည်ရေးပင်ဖြစ်သည်။
ဆိုခဲ့သော ချာလီမုန်တိုင်းလွန်ကာလတွင် ဈေးနှုန်းမြင့်တက်ခြင်းအပေါ်
ငြင်းခုံခြင်းများကို ချုပ်ကြည့်လျှင် 'တရားမျှတမှု'ရှိရေးအတွက် ဘက်အသီးသီးမှ အမြင်အမျိုးမျိုးဖြင့်
ချဉ်းကပ်တင်ပြခဲ့ခြင်းဖြစ်၏။ ယင်းဘက်အသီးသီး၏ အမြင်အမျိုးမျိုးကို ထပ်မံသုံးသပ် ပေါင်းရုံးကြည့်မည်ဆိုလျှင်လည်း
အခြေခံပြဿနာ သုံးရပ်ပေါ်တွင် လည်ပတ်လှုပ်ရှားနေကြောင်း တွေ့ကြရပေလိမ့်မည်။ ယင်းတို့မှာ-
(၁) အများပြည်သူတို့၏ အဆင်ပြေသက်သာမှုကို အကြီး မားဆုံး
မြှင့်တင်ပေးရေး (Maximizing Welfare)
(၂) လွတ်လပ်မှုကို အပြန်အလှန်လေးစားရေး (Respecting
Freedom)
(၃) ကောင်းမြတ်မှန်ကန်သည့်တရားများ ထွန်းကားရေး
(Promoting Virtue)
တို့ဖြစ်ကြ၏။ လက်တွေ့အားဖြင့် ဈေးကွက်မှန်သမျှတွင် လက်တွေ့အခြေခံလိုအပ်ချက်
နှစ်ရပ်ရှိ၏။ ဦးစွာအားဖြင့် အများပြည်သူများ အဆင်ပြေသက်သာရေးကို ဦးစားပေးကြရမည်ဖြစ်၏။
ထို့ကြောင့်လည်း စူပါမားကက်ကြီးများတွင် တစ်ထိုင်တည်း တစ်နေရာတည်း လိုရာမှန်သမျှ ဝယ်ယူရရှိနိုင်စေမည့်
တစ်နေရာတည်းအပြီး ဝန်ဆောင်မှုများ ပေးနေခြင်း ဖြစ်၏။ ဒုတိယအားဖြင့် ဈေးကွက်မှန်သမျှသည်
စားသုံးသူများ၏ လွတ်လပ်ခွင့်ကို လေးစားလိုက်နာရမည်ဖြစ်၏။ စားသုံးသူများ ဝယ်လိုသောပစ္စည်း၊
ရလိုသော အရည်အသွေး၊ ပေးလိုသောဈေးနှုန်း မှန်သမျှကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးရေး
ဖြစ်၏။
သို့သော် ချာလီမုန်တိုင်းတိုက်ပြီးနောက် ထူးခြားသောအနေအထားအောက်တွင်
လုပ်ငန်းရှင်များက ဈေးနှုန်းများမြှင့်တင်လိုက်ကြ၏။ ယင်းတို့အား ဤသို့ဈေးနှုန်းမြှင့်တင်လိုက်ခြင်းဖြင့်
ဈေးကောင်းရလိုသော ထုတ်လုပ်သူများက ပြည်သူလူထု လိုအပ်တာမှန်သမျှ အလျင်အမြန် အမြောက်အများ
ထုတ်လုပ်လာကြသဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မြန်ဆန်သွက်လက်လာသည်ဟု ဆိုကြ၏။ ထို့ပြင်
မုန်တိုင်းကျလိုက်သည့် ထူးခြားသောအခြေအနေမျိုးအောက်တွင် စားသုံးသူများ၏ လွတ်လပ်စွာရွေးချယ်ခွင့်ဆိုသည်မှာ
မလွှဲမရှောင်သာစွာ အကန့်အသတ်ရှိလာ၏။ စားသုံးသူများ၏ ဝယ်လိုအား ရုတ်တရက် မြင့်တက်များပြားလာခြင်းကြောင့်
ဈေးကွက်သဘာဝအရ အပြိုင်အဆိုင်ရောင်းချကြရင်း ဈေးနှုန်းမြင့်တက်လာရခြင်းဖြစ်သည်ဟူ၍ ခုခံချေပခဲ့ကြသည်။
သို့သော် စားသုံးသူများဘက်ကလည်း ဝယ်လိုအား များပြားလာခြင်း၊
ကုန်စည်ပြတ်လပ်ခြင်းတို့ကြောင်း ဈေးနှုန်းမြင့်တက်မှု အတန်အသင့်ရှိလာခြင်းမျိုးကို နားလည်ပေးနိုင်ကြ၏။
'မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ' ဆိုသော သဘောထားဖြင့် လူအများ သေကောင်ပေါင်းလဲဖြစ်နေချိန်မျိုးတွင်
ကုန်ဈေးနှုန်းများ မိုးသို့ထိုးထောင် အပြိုင်အဆိုင် မြှင့်တင်နေ ကြသည့် လုပ်ငန်းရှင်'လင်းတ'ကြီးများကို
ဒေါသထွက်နေကြခြင်းဖြစ်၏။ ယင်းသို့ပေါက်ကွဲထွက်လာသည့် ဒေါသမှာ အရင်းခံအားဖြင့် တရားလွန်'တရားမမျှတမှု'
(Injustice)ဟူသည့် စိတ်ခံစားမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်နယ်ရှေ့နေချုပ်
ခရစ်က 'စားသုံးသူများရဲ့ ဒေါသပေါက်ကွဲမှု အရင်းအမြစ်မှာ ဈေးကွက်အခြေခံကြောင့်မဟုတ်၊
ကျင့်ဝတ်အခြေခံကြောင့်သာ ဖြစ်တယ်။ မုန်တိုင်းကြောင့် လူထုဒုက္ခမျိုးစုံ ခံစားနေရချိန်မျိုးမှာ
ရသလောက် အမြတ်ထုတ်လိုက်မယ် ဆိုတဲ့ လောဘရမ္မက်စိတ်ကို ဒေါသထွက်နေကြတာပါ' ဟု ကောက်ချက်ချခဲ့၏။
လောဘရမ္မက်ဆိုသည်မှာ မကောင်းမှု အကုသိုလ်စိတ်ဖြစ်၏။ အထူးသဖြင့်
မုန်တိုင်းကြောင့် လူထုဒုက္ခရောက် နေချိန်မျိုးတွင် လောဘရမ္မက်တက်သောစိတ်မှာ ကျင့်ဝတ်သဘောအရ
အလွန်ဆိုးရွားလှ၏။ ထို့ပြင် ဤယုတ်ညံ့သော စိတ်ထားမျိုးကို လူတစ်ဦးတစ်ယောက်ချင်းအပေါ်
ထားရှိခြင်း မဟုတ်။ လူ့အဖွဲ့အစည်းအပေါ် ထားရှိခြင်းဖြစ်၍ ပိုမိုရိုင်းစိုင်း ယုတ်မာလှ၏။
လူ့အဖွဲ့အစည်းအပေါ် ထားရှိသည့် ဤစိတ်ရိုင်းစိတ်မိုက်မျိုးကို လူ့အဖွဲ့အစည်းကလည်း ထိုက်တန်သည့်
ပြစ်ဒဏ်ပြန်ခတ်သင့်ပေသည်။ သို့မှသာလျှင် ပြည်သူများကလည်း 'တရားမျှတသည်' (Justice) ဟု
ယူဆကြပေလိမ့်မည်။ ထို့ကြောင့်လည်း ကမ္တွာကြီးကို စစ်မီးစစ်လျှံထဲသို့ ထိုးသွင်းလာခဲ့သော
ဟစ်တလာအား သမိုင်းက ဒဏ်ခတ်ခဲ့ခြင်းကို ပြည်သူများက ကြိုဆိုခဲ့ကြခြင်းဖြစ်၏။ နျူရင်ဘတ်
စစ်ခုံရုံးသည် နာဇီစစ်ရာဇဝတ်ကောင်များကို ထိုက်တန်စွာ သေဒဏ်ပေးလိုက်ခြင်းဖြင့် ကမ္တွာကြီး၏
'တရားမျှတမှုဆိုင်ရာ' စံနမူနာ ဖြစ်လာခဲ့ရပေသည်။ ထို့အတူ ယနေ့ မီလိုဆီဗစ်ကဲ့သို့သော စစ်ရာဇဝတ်ကောင်များကို
စစ်ဆေးအပြစ်ဒဏ်ပေးနေသည့် ဟိဂ်မြို့ရှိ 'ကမ္တွာ့တရားခုံရုံး'သည်လည်း ကမ္ဘာကြီး တွင် 'တရားမျှတမှု'ထွန်းကားရေးအတွက်
အာမခံချက်ပေးနေသည့်နေရာပင် ဖြစ်သည်။ ချုပ်ကြည့်လျှင် ဆိုခဲ့သည့်အတိုင်း 'တရားမျှတမှု'ဆိုသည်တွင်
ပြည်သူများ သက်သာအဆင်ပြေရေးနှင့် 'လွတ်လပ်ခွင့်'သာမက 'ကောင်းမွန်မြင့်မြတ်သည့် ကျင့်ဝတ်နှုန်းစံများ'
ပါဝင်ရန်လည်း အရေးကြီးပေသည်။ ထိုကောင်းမြတ်သည့် ကျင့်ဝတ်နှုန်းစံများ ဥပဒေအဖြစ် ပုံပေါ်မှသာလျှင်
'တရားမျှတမှု'ကို အပြည့်အဝ ခံစားခွင့်ရမည် ဖြစ်ပေသည်။ ယင်းသို့ လူ့အဖွဲ့အစည်းတွင် 'တရားမျှတမှု
လွှမ်းမိုးရေးအတွက် မြင့်မြတ်ကောင်းမွန်သောကျင့်ဝတ်များ' တရားဥပဒေအဖြစ် ရှင်သန်လှုပ်ရှားလာရေးဆိုသည်မှာ
'ခေတ်သစ်နိုင်ငံရေးဒဿနနယ်ပယ်'ကို အကြီးကျယ်ဆုံး စိန်ခေါ်နေသော မေးခွန်းကြီးပင်ဖြစ်ပေသည်။
- တရားမျှတသော လူ့အဖွဲ့အစည်းတွင် ပြည်သူများအတွင်း မြင့်မြတ်ကောင်းမွန်သော
ကျင့်ဝတ်များ တိုးပွားကောင်းမွန်လာအောင် စွမ်းဆောင်နေပါသလော။
(သို့မဟုတ်)
- ပြည်သူများအနေဖြင့် ကောင်းမွန်သည့် ဘဝနေထိုင်မှုပုံစံကို
သူတို့ကိုယ်တိုင် ရွေးချယ်နိုင်ရေးအတွက် တရားဥပဒေသည် မတူသောကောင်းမှုဆိုင်ရာ အမြင်အမျိုးမျိုးကြားတွင်
ပါဝင်ဆုံးဖြတ်ပေးနိုင်ခြင်းမရှိဘဲ ကြားနေအဖြစ် ရှိနေသင့်ပါသလော။
ကောင်းမှုနှင့် မကောင်းမှုဆိုသည့် ကျင့်ဝတ်ဆိုင်ရာ ကျမ်းဂန်များအလိုအရ
အထက်ပါမေးခွန်းများကပင် နိုင်ငံရေးဒဿနဆိုင်ရာ ရှေးရိုးစံထားအမြင်နှင့် ခေတ်သစ်အတွေးအမြင်တို့ကို
စည်းတားခွဲခြားပေးခဲ့ခြင်းဖြစ်ပါသည်။ အရစ္စတိုတယ် (Aristotle) ၏ အမြင်အရ 'တရားမျှတမှု'
ဆိုသည်မှာ လူထုကို ယင်းတို့နှင့်ထိုက်တန်သည့် ကျင့်ဝတ်ဆိုင်ရာတန်ဖိုးများကို အပ်နှင်းခြင်းပင်ဖြစ်၏။
ထိုသို့အပ်နှင်းရန်အတွက် မည်သူက မည်သည်နှင့်ထိုက်တန်သည်ကို ဆုံးဖြတ်ရန် ကောင်းမှုနှင့်
မကောင်းမှုတို့ကို ခွဲခြားနိုင်ရမည်ဖြစ်ပြီး မည်သို့သော ကောင်းမှုက မည်မျှထိုက်တန်သည်ကိုလည်း
အဆုံးအဖြတ်ပေးရမည်ဖြစ်၏။ ထို့ပြင် သူ၏အယူအဆအရ မည်သို့သော လူမှုဘဝပုံစံက လူထု၏စိတ်ဆန္ဒနှင့်
ကိုက်ညီသည်ကို တိုင်းပြည်၏ဖွဲ့စည်းပုံဥပဒေ၏စနစ်တစ်ရပ်က ရောင်ပြန်ဟပ်ပြနိုင်စွမ်းမရှိလျှင်
အဆုံးအဖြတ်ပေး ပုံဖော်နိုင်ရန် အခက်အခဲရှိ၏။ ချုပ်လိုက်လျှင် အရစ္စတိုတယ်၏ သဘောထားမှာ
ပြည်သူလူထု၏ ကောင်းမွန်သော နေထိုင်မှုဘဝပုံစံကို ပုံဖော်ပေးနိုင်ရေးတွင် တရားဥပဒေသည်
ကြားနေပေး၍မဖြစ်နိုင်ပေ။
အထက်ပါအမြင်နှင့် ဆန့်ကျင်စွာပင် ခေတ်သစ် ဒဿနပညာ၏ဖခင် အီမယ်နျူရယ်ကန့်
(Immanule kant) မှ ၂ဝ ရာစု နိုင်ငံရေးဒဿနပညာရှင် ဂျွန်ရောလ် (John Rawls) အထိသော ပုဂ္ဂိုလ်ကြီးများကမူ
တရားမျှတမှုဆိုသည်ကို အဓိပ္ပာယ်ဖွင့်ဆိုမှုသည် ကောင်းမွန်သောကျင့်ဝတ် (သို့) လူမှုဘဝပုံစံစသည့်
အခိုင်အမာ အကြောင်းအချက်အချို့ကို အခြေပြု၍ မဆုံးဖြတ်သင့်၊ တရားမျှတသည့် လူ့အဖွဲ့အစည်း၌
ကောင်းမွန်သော နေထိုင်မှုဘဝပုံစံကို ရွေးချယ်ခွင့်တွင် လူတစ်ဦးချင်းစီ၏ လွတ်လပ်မှုကို
အပြန်အလှန် လေးစားအသိအမှတ်ပြုရန် လိုအပ်လိမ့်မည်ဟု ယူဆကြသည်။ ဆိုရလျှင် ကျမ်းရိုးအယူအဆများက
'ကောင်းမြတ်မှန်ကန် သောကျင့်ဝတ်'ကို စံထားခဲ့ကြပြီး ခေတ်သစ်နိုင်ငံရေးဒဿနကမူ 'လွတ်လပ်ခွင့်ကို
မဏ္ဍိုင်ပြု စဉ်းစားတွေးခေါ်ခဲ့ကြပေသည်။
ဆိုရလျှင် အထက်ပါနိုင်ငံရေးဒဿနနှင့် စပ်လျဉ်းသည့် ရှေးရိုးစံထား
အမြင်များနှင့် ခေတ်သစ်ဒဿနအယူ အဆများ ကိုယ်စီပင်လျှင် အားကောင်းချက်အားနည်းချက် ကိုယ်စီရှိကြသည်ပင်ဖြစ်၏။
အထူးသဖြင့် ဒဿနပညာရှင်များအကြားထက် သာမန်ပြည်သူလူထုအကြားတွင် 'တရားမျှတမှု' ဆိုသည်နှင့်
စပ်လျဉ်း၍ ပိုမိုကျယ်ပြန့်ရှုပ်ထွေးသော အမြင်အမျိုးမျိုး ရှိတတ်ကြပေသည်။ စင်စစ်အားဖြင့်
'တရားမျှတမှု'ကို အလေးအနက် ဖွင့်ဆိုရခြင်းမှာ လူ့လောကအနှံ့အပြားတွင် 'မတရားမမျှတမှုများ'
အနှံ့အပြားရှိသောကြောင့်ပင် ဖြစ်၏။ မတရားမမျှတမှုများကို ကျော်လွှားအနိုင်ယူနိုင်ရေးအတွက်
တရားမျှတမှု၏ အခြေခံများကို ရှင်းလင်းပီပြင်စွာ နားလည်ထားရန် လိုအပ်ပေသည်။ လူတိုင်း
တရားမျှတမှုကို လိုလားတောင်းဆိုကြခြင်း၏ ဦးတည်ချက်မှာ ကောင်းမြတ်မှန်ကန်သည့် ကျင့်ဝတ်များ
လွှမ်းမိုးသည့် ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့ အစည်းမျိုးကို ဖန်တီးလိုကြ၍ပင်ဖြစ်သည်။
တနည်းဆိုရလျှင် ကြွယ်ဝချမ်းသာ၍ လွတ်လပ်သော လူ့အဖွဲ့အစည်းမျိုးကို တောင့်တလိုလားကြခြင်းဖြစ်၏။
ထိုလိုလားချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲတွင် ထည့်သွင်းတည်ဆောက်နိုင်မှသာ
လူ့အဖွဲ့အစည်းတွင် 'တရားမျှတမှု'သည် ရှင်သန်သက်ဝင်လာမည်ဖြစ်သည်။ ထို့ကြောင့်လည်း လွတ်လပ်ရေးခေတ်
နိုင်ငံတော်သီချင်းတွင်
'တရားမျှတ လွတ်လပ်ခြင်းနှင့်မသွေ
ဒို့ပြေ ဒို့မြေ၊ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့
ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြေ'
စသည့် စကားလုံးများ ပါဝင်ခဲ့ခြင်း ဖြစ်ပေမည်။
-
သန်းစိုးနိုင် -
No comments:
Post a Comment