Thursday, February 12, 2015

အမျိုးသားခေါင်းဆောင် စောစံဖိုးသင် (ဦးစံဖိုးသင်) ၏ သမီးကြီးဖြစ်သူ ဒေါ်ရို့စ်သင်နှင့် တွေ့ဆုံမေးမြန်းခြင်း



ဖေဖော်ဝါရီလ ၁၃ ရက်ဆိုလျှင် အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်း နှစ် ၁ဝဝ ပြည့်တော့မည် ဖြစ်သည်။ သို့အတွက် အမျိုးသားခေါင်းဆောင်ကြီးကို ဂုဏ်ပြုသည့်အနေဖြင့် ဦးအောင်ဆန်းမိသားစုနှင့်အတူ ရင်းရင်းနှီးနှီးနေထိုင်ဖူးခဲ့သည့် ကရင် အမျိုးသားခေါင်းဆောင် စောစံဖိုးသင် (ဦးစံဖိုးသင်) ၏ သမီးကြီးဖြစ်သူ ဒေါ်ရို့စ်သင်နှင့် တွေ့ဆုံမေးမြန်းခဲ့မှုကို ဦးအောင်ဆန်း နှစ် ၁ဝဝ ပြည့် အထူးထုတ် ခေတ်ရနံ မဂ္ဂဇင်း အတွက် ရေးသားဖော်ပြအပ်ပါသည်။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးစသည့် မူဝါဒရေးရာများ မပါဝင်ဘဲ အမျိုးသားခေါင်းဆောင်ကြီးနှင့် ဇနီးဖြစ်သူ ဒေါ်ခင်ကြည်တို့၏ စိတ်နေစိတ်ထား နှင့် စရိုက်သဘာဝ တစ်စိတ်တစ်ပိုင်းကို ယခုတွေ့မေးတွင် ဖော်ပြထားပါသည်။

မေး ။ ။ အဖီးနဲ့ အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်းတို့မိသားစုနဲ့ ဘယ်လိုစပြီး ဆုံခဲ့ တွေ့ခဲ့ရတယ်၊ ပတ်သက် ဆက်နွယ်ခဲ့ရတယ် ဆိုတာ ပြောပြပေးပါလား။
ဖြေ။ ဗိုလ်ချုပ်နဲ့ ကျမ ဘယ်လိုစတွေ့လဲ ဆိုတော့ ပထမဦးဆုံး အဲဒီအချိန်မှာ ... ကျွန်မ အဖေ ဝန်ကြီးလုပ်တဲ့အချိန်မှာပဲ သွား လည်တော့ တာဝါလိန်းအိမ်မှာစတွေ့ဖူးတယ်။ အဲဒီမှာ ကျွန်မတို့ကို ဘာနဲ့ဧည့်ခံလဲ သိလား၊ ကျွန်မဖြင့် စိတ်တောင်မကောင်းဘူး။ ငါ့အဖေ က ဗိုလ်ချုပ်အောင်ဆန်းဆီ သွားလည်တာ ကျွန်မစိတ်ထင် ကိတ်မုန့်တွေ၊ ချောကလက် တွေနဲ့ ဧည့်ခံမယ် ထင်တာပေါ့။ တခြားလူကြီး တွေ အိမ်သွားလည်တော့ အဲဒီလို ဧည့်ခံတာ လေ။ ကျွန်မက ကလေးသာသာ အရွယ်ပဲ ဆိုတော့ ဗိုလ်ချုပ်အိမ်သွားလည်တာ ကောင်း ကောင်းတော့ စားရမှာပဲလို့ စိတ်ထဲမှာ ထင် ထားတာ။ အဖီးက ထင်တာတော့ ကောင်း ကောင်းမွန်မွန် ကျွေးမှာပေါ့နော်။ ဘာနဲ့ဧည့်ခံ လိုက်တယ်လို့ သမီးထင်သလဲ။ လက်ဖက်ရည် ကြမ်းနဲ့ ပဲပြုတ်နဲ့ ဧည့်ခံလိုက်တာ။ အခုကျ တော့ ဗိုလ်ချုပ်အိမ်သွားတာ လက်ဖက်ရည် ကြမ်းနဲ့ ပဲပြုတ်လောက်နဲ့ပဲဧည့်ခံတယ်ဆိုတော့ ကျွန်မစိတ်ထဲ ထင်ထားတာနဲ့ မကိုက်ဘူးပေါ့။

မေး ။ ။ ဗိုလ်ချုပ်အောင်ဆန်း ဘယ်လောက် ရိုး သားတယ်၊ ဟိတ်ဟန်မထုတ်ဘူး၊ ဂုဏ်တွေ ပကာသနတွေကို မမက်မောဘူးဆိုတာကို အဲဒါက သက်သေပြလိုက်တာပေါ့နော် အဖီး။
ဖြေ။ ဟုတ်တယ်။ ဟုတ်တယ်။ ကျွန်မ ကတော့ ကလေးအရွယ်ဆိုတော့ အဖေ့ကို ပြောမိတာပေါ့။ ''အဲအဖေရယ်... ဘယ်လို လဲ၊ ဗိုလ်ချုပ်က လက်ဖက်ရည်ကြမ်းနဲ့ ပဲပြုတ် လောက်နဲ့ပဲ ဧည့်ခံတာလား''။ အဖေက ''မဟုတ်ဘူး။ ဒါ မြန်မာ့ရိုးရာကို ဖော်ထုတ် တာ'' ဆိုပြီး ကျွန်မကို စိတ်ကောင်းအောင် ပြောတာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ အိမ်မှာ ဘာ စားကောင်းသောက်ဖွယ်တွေမှ မရှိဘဲ၊ ဘာ စားကောင်းသောက်ဖွယ်တွေကိုမှ မစားဘဲ၊ လူထုနှင့်အတူ အေးအတူ ပူအမျှ နေထိုင်စားသောက်တယ်ဆိုတာကို ကျွန်မ နောက် အသက်ကြီးလာတော့မှ စဉ်းစားမိပါ တယ်။ အဲဒီတုန်းက ကျွန်မ ၁ဝနှစ် ကျော် ကျော်လောက်ပဲ ရှိဦးမယ်။

မေး ။ ။ ဗိုလ်ချုပ် လုပ်ကြံခံရပြီးတဲ့နောက်ပိုင်း မှာ အမေကြီး ဒေါ်ခင်ကြည်နဲ့ အဖီးတို့နဲ့အတူ နေခဲ့သေးတယ်လို့ အဖီးပြောတော့ အဲဒီတုန်း က အဖြစ်အပျက်လေးတွေ ပြောပြပါဦး။
ဖြေ။ ကျွန်မတို့အဖေ ဝန်ကြီးဖြစ်တဲ့အချိန်မှာ
ဦးသော် ပုဂံစက်ဆိုပြီး သမိုင်းဘက်မှာ အကြီး ကြီးရှိတယ်။ အဲဒီနားမှာ ကျွန်မတို့နေတာ၊ ထူး ထူးဆန်းဆန်းဟင်းလျာလေးတွေ ကျွန်မအမေ က ချက်ကျွေးလေ့ရှိတယ်။ အမေကလည်း ချက်တတ်ပြုတ်တတ်တော့ အဒေါ်ခင်ကြည် ကြိုက်တာလေးတွေ ချက်ရင် တယ်လီဖုန်း ဆက်ပြီး ပြောပါတယ်။ အိမ်ကို ထမင်းလာစား ဖို့ ဖိတ်တာပေါ့။ ဖုန်းဆက် ဖိတ်လိုက်ရင် အဒေါ်ခင်ကြည် တစ်ခါတည်းတန်းပြီးရောက် လာတယ်။ နှစ်အိမ့် တစ်အိမ် သိပ်ခင်တာ ဆိုတော့ အဒေါ်ခင်ကြည်က ရောက်လာတာ နဲ့ သူကြိုက်တဲ့ဟင်းဆို မီးဖိုထဲတန်းဝင် အိုး အဖုံးကိုဖွင့်ပြီး ခူးခပ်စားတော့တာပဲ။ အဲဒီ လောက်အထိ အဒေါ်ခင်ကြည်နဲ့ ကျွန်မတို့ မိသားစု ခင်မင် ရင်းနှီးကြတာပါ။ တာဝါလိန်းအိမ်မှာ အတူနေကြ တော့ ကျွန်မသိလာရတာက အဒေါ်ခင်ကြည်က စည်းကမ်း သိပ် ကောင်းတယ်။ သူ့ကလေးတွေ..အောင်ဆန်းဦး၊ အောင်ဆန်း လင်း၊ အောင်ဆန်းစုကြည်တို့ကို စည်းနဲ့ကမ်းနဲ့ထားတာ။ စားတဲ့ နေရာမှာလည်း စည်းနဲ့ကမ်းနဲ့၊ နေတာထိုင်တာမှာလည်း စည်းနဲ့ ကမ်းနဲ့၊ တကယ့်ကို စနစ်တကျနဲ့ ပြုစုပျိုးထောင်ခဲ့တာပါ။ ကိုဦး (အောင်ဆန်းဦး) ဆိုရင် ထမင်းစားရင် ဟင်းအများကြီးထည့်ပေးမှ ကြိုက်တယ်။ သူ့အမေ limit နဲ့ ထည့်ပေးတာ။ မဟုတ်ဘူး။ သူက ထပ်ထပ်တောင်းတယ်။ အဒေါ်ခင်ကြည်က မရဘူး။ စားလို့ ကုန်မှ နောက်ထပ်ထည့်ပေးတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းက ကျတော့ ပဲပြုတ်ပဲ ကြိုက်တာ။ သူက အညာသားလေ၊ ပဲကို သိပ်ကြိုက်တာ။ တစ်ခါမှာ အန်တီခင်ကြည်က ဖားသားတွေကို အခွံခွာပြီးတော့ ဆီပြန်ကြော်ကျွေးတယ်။ ဖားသားပေါင်ကြီးတွေ အကြီးကြီးတွေပဲ။ စပါးလင်နဲ့ ငရုပ်ကောင်းနဲ့ မွှေးနေအောင် ချက် ကျွေးတာ။ ကြက်သားလိုလို ဘာလိုလိုပေါ့လေ။ အဲဒီမှာ အန်ကယ် အောင်ဆန်းက ထမင်းစားခါနီး မေးတယ်တဲ့ ''ဒါဘာဟင်းလဲ'' လို့ မေးတာ။ အန်တီခင်ကြည်က ''စားမှာသာ စား မမေးနဲ့၊ စားပြီးမှ ပြောမယ်'' လို့ ပြောလိုက်တယ်။ အန်ကယ်အောင်ဆန်း စားလိုက် တာ မြိန်တယ်ထင်ပါရဲ့။ တစ်ချိန်လုံး ဖားသားတွေချည်းပဲ ကော်စား နေတာတဲ့။ စားလည်းပြီးရော ''ဘာဟင်းလဲ'' လို့ မေးပြန်တယ်တဲ့။ အန်တီခင်ကြည်က ''ဖားသားလေ'' လို့ ဖြေလိုက်တော့ အဲဒီမှာ အန်ကယ်အောင်ဆန်း မျက်နှာမကောင်းဘူးတဲ့။ ''မျက်နှာသာ မကောင်းတာ တစ်ချိန်လုံးစားနေတာ ဖားသားချည်းပဲ'' လို့ အန်တီ ခင်ကြည်က ပြန်ပြောတယ်။ အန်ကယ်နဲ့ အန်တီခင်ကြည် လက်ထပ်တဲ့အချိန်မှာ အန်ကယ်ပါလာတာက သေတ္တာငယ်ငယ် လေး တစ်လုံးပဲပါလာတာလို့ အန်တီက ပြောပါတယ်။ ချည် လုံချည်လေး နှစ်ထည် သုံးထည်၊ အင်္ကျီလေးက နှစ်ထည် သုံးထည် နဲ့ စွပ်ကျယ်အစုတ်လေးတွေ ပါတယ်။ ဒါပဲပါတော့ အန်တီ ခင်ကြည်က အံ့သြတယ်လေ။ တိုင်းပြည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ် ကြီး အဲဒီလိုလူနဲ့ လက်ထပ်တာ၊ အဲဒီလူပါလာတဲ့ပစ္စည်းက ပုဆိုးနဲ့ အင်္ကျီက နှစ်ထည် သုံးထည်၊ စွပ်ကျယ်က အစုတ်ကလေးတွေ ဆိုတော့ အန်တီခင်ကြည်မှာ အံ့သြလို့မဆုံးနိုင်ဘူးပေါ့။ အန်ကယ် အောင်ဆန်းဟာ ဘယ်လောက်ရိုးသားဖြူစင်တယ်၊ ရာထူးအာဏာ ကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးမရှာဘူးဆိုတာ သမီးတို့ အဲဒါကို ကြည့်တာနဲ့တင် သိနိုင်တယ်လေ။

မေး ။ ။ ဟိုဆရာသမားတွေနဲ့တော့ အကွာကြီး ကွာတာပေါ့နော်။ တိုင်းပြု ပြည်ပြု လွှတ်တော် သွားတက်တော့ ဝတ်စရာပုဆိုးကောင်းကောင်း လောက်လောက်ငငမရှိလို့ အမေကြီး ဒေါ်ခင်ကြည်က သူ့ရဲ့ ဘန်ကောက်လုံချည်တွေကို အထက်ဆင်ဖြုတ်ပြီး ဆင်လိုက်ရ တာလို့ အမေကြီး ဒေါ်ခင်ကြည်ကပြောဖူးကြောင်း အဖီးခုနပြောတဲ့ အထဲမှာပါတယ်။ အဲဒါလေး အကျယ်တဝင့်ရှင်းပြပါဦး။
ဖြေ။ အင်း ဟုတ်တယ်။ အန်တီခင်ကြည်က အမျိုးသမီးဆိုတော့ ဘန်ကောက်လုံချည် ကောင်းကောင်းတွေ ရှိတာပေါ့နော်။ သူ့ ယောက်ျား လွှတ်တော်တက်ရတော့မယ်ဆိုတော့ တစ်နေ့လာ လည်း ဒီပုဆိုး၊ တစ်နေ့လာလည်း ဒီပုဆိုးနဲ့ မသင့်တော်ဘူးလေ။ အစည်းအဝေးကလည်း တော်တော်ကြီးကျယ်တာကိုး။ ခွကျပြီဒီ တစ်ခါတော့ ဘယ်လိုလုပ်ရမလဲ စဉ်းစားရင်း သူ့လုံချည်တွေကို အထက်ဆင်တွေဖြုတ်၊ မီးပူတိုက်ပြီး ဆင်လိုက်ရတယ်။

မေး ။ ။ အဲဒီအချိန်မှာ အမေကြီး ဒေါ်ခင်ကြည်နဲ့ အဖီးတို့နဲ့ နေခဲ့တဲ့အချိန်မှာ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) က အသက် ဘယ်လောက်လောက်ရှိပြီလဲ။
ဖြေ။ အဲဒီအချိန် ဒေါ်စုက လေးနှစ်ကျော်ကျော်လောက်ပဲရှိဦးမယ်။ အဲဒီအချိန်မှာပဲ ကိုလင်း(အောင်ဆန်းလင်း) က ရေကန်ထဲ လိမ့်ကျ တာလေ။ အန်ကယ်အောင်ဆန်း လုပ်ကြံခံရမယ့်နေ့က ယောက်ျား ကို ကားထဲအထိသွားပို့ပြီး နှုတ်ဆက်ခဲ့တာ။ အဲဒီမှာ ဘယ်လောက် မှ မကြာဘူး၊ ဗြုန်းဆို သူ့ခင်ပွန်း လုပ်ကြံခံရတယ်ဆိုတဲ့ သတင်း ဝင်လာတယ်။ နောက်တစ်ခါ Children Welfare အစည်းအဝေး တက်နေတုန်းမှာပဲ။ အစည်းအဝေး တက်နေချိန်ပေါ့။ အောင်ဆန်း လင်းကို ရေကန်ထဲမှာအသက်မရှိတော့ဘူးပေါ့။ ဆိုတော့ ချက်ချင်း သူကြားပြီးတော့ အိမ်ပြန်လာတယ်။ ကတိုက်ကရိုက် ပြန်လာရ တာ။ အဲဒါမျိုးတွေ သူ့ဘဝမှာဖြစ်ခဲ့ရတယ်။ ဗိုလ်ချုပ် ဆုံးတော့ လည်း သူအိပ်တဲ့အခန်းထဲမှာပဲ အလောင်းကို ထားတယ်။ ဧည့်ခန်း မှာ အလောင်းမပြင်ဘူး။ သူ့သားလေးဆုံးတော့လည်း သူ့သားလေး အိပ်တဲ့အခန်းမှာပဲ ထားတယ်။ ကိုလင်းဈာပနကို အဲဒီတုန်းက သမ္မတကြီး စဝ်ရွှေသိုက် ကိုယ်တိုင် လာပို့ပါတယ်။

မေး ။ ။ သမီးတို့က အန်တီစုကိုတော့ မြင်ဖူးတာပေါ့။ နောက် ဦးအောင်ဆန်းဦးကိုလည်း ဓာတ်ပုံတွေထဲမှာ မြင်ဖူးတယ်။ ဒါပေမယ့် ဦးအောင်ဆန်းလင်းကို မမြင်ဖူးဘူးပေါ့။ သူက ဘယ်သူနဲ့တူတာလဲ အဖီး။
ဖြေ။ ဒေါ်အောင်ဆန်းစုကြည်က သူ့အဖေနဲ့ ဆင်တယ်။ အောင် ဆန်းလင်းကလည်း သူ့အဖေပုံစံပဲ။ မေးရိုးခပ်ကြီးကြီးလေးနဲ့။ အောင်ဆန်းဦးကတော့ အမေဘက်တူတယ်။ ဒါနဲ့ ပြောရဦးမယ်။ ဗိုလ်ချုပ်က ဆေးရုံတက်တော့ ဒေါ်ခင်ကြည်နဲ့ အဲဒီမှာတွေ့တာ။ အန်ကယ်အောင်ဆန်းက ဆေးရုံတက်နေရတာလေ။ ကုလိုက်တော့ နေကောင်းသွားပြီ။ ဒါပေမဲ့ သူက ဒေါ်ခင်ကြည်ကို သဘောကျနေ တော့ ဆေးရုံက မဆင်းတော့ဘူး။ ဘာဖြစ်လို့ မဆင်းလဲဆိုတော့ ဒေါ်ခင်ကြည်က အဖြေမပေးသေးဘူးလေ။ ဆင်းခိုင်းတာလည်း မဆင်းဘူးဆိုတော့ ဒေါ်ခင်ကြည်ကို ဦးကျော်ငြိမ်းနဲ့ ဦးဘဆွေက ''ဒကာမကြီးရေ၊ ခွင့်ပေးလိုက်ပါတော့။ အဖြေပေးလိုက်ပါတော့၊ ဒကာမကြီးအဖြေမပေးရင် ဆင်းတော့မှာ မဟုတ်ဘူး။ အဲဒီတော့ ဒကာမကြီး အဖြေပေးမှ ဆင်းမှာ'' လို့ ပြောရတယ်။ အဲဒီတော့မှ အန်ကယ်အောင်ဆန်း ဆေးရုံကဆင်းသွားရောတဲ့။

မေး ။ ။ အမေကြီး ဒေါ်ခင်ကြည်က တကယ်ထူးချွန်တဲ့ အမျိုး သမီးကြီးလို့လည်း သိရပါတယ်။
ဖြေ။ ဟုတ်ပါတယ်။ သူနာပြုသင်တန်းလည်း အောင်တယ်။ အင်္ဂလိပ်လိုလည်း ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တယ်။ မြန်မာ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကိုလည်း သေသေချာချာ သိတယ်။ အိန္ဒိယကို သံအမတ်ကြီးအနေနဲ့ ပို့တော့လည်း ထူးထူးချွန်ချွန် ထမ်းဆောင်နိုင်ခဲ့တာပဲ။
နေရူးသမီး၊ အင်ဒီရာဂန္ဒီ ဗမာပြည်ကိုအလည်လာတော့ ကျွန်မမေးတယ်။ ''အန်တီ သွားမတွေ့ဘူးလား။ ဒီလောက်တောင် နေရူးနဲ့ ရင်းနှီးတာ၊ ဓာတ်ပုံလည်း တွဲရိုက်ထားတာ၊ အကြီးကြီးပဲ။ ဒီလောက်ခင်တာ'' လို့ ကျွန်မမေးတယ်။ အန်တီက ပြောတယ်။ သွားတွေ့ဖို့က အန်တီတာဝန် မဟုတ်ဘူးတဲ့။ အစိုးရတာဝန်တဲ့။ အစိုးရပေးတွေ့မှ သွားတွေ့လို့သင့်တော်မယ်ပေါ့။ သူတို့ Arrange လုပ်ပေးမှ သွားတွေ့လို့ ဖြစ်မယ်လို့ပြောတယ်။ အဲဒီအချိန်က ဗိုလ်ချုပ်နေဝင်းအစိုးရလက်ထက်၊
မေး ။ ။ ဖြစ်သွားတဲ့အနေအထားတွေ၊ ဖတ်ရတဲ့ စာတွေအရဆိုရင် သူက စိတ်ဓာတ်တော့ တော်တော်ခိုင်မာတဲ့ပုံပဲ။
ဖြေ။ စိတ်ဓာတ်တော့ တော်တော်ကြံ့ခိုင်တယ်။ ပြီးတော့ သူလွျှေငူ ဏသတနမ လည်းကောင်းတယ်။ သံအမတ်ကြီး ဘာညာဖြစ်တာ လည်း ဗိုလ်ချုပ်ကတော်ကြောင့်ရယ်လို့ မဟုတ်ဘူး။ သူကိုယ်တိုင် လည်း အရည်အချင်းရှိတဲ့ သူတစ်ယောက်ဖြစ်နေလို့ပါ။ သူ့ ယောက်ျားဆုံးပြီးတဲ့နောက် Children Welfare မှာ တာဝန်ကြီး ကြီး ထမ်းဆောင်ခဲ့တာပါ။ သူက အမျိုးသမီးခေါင်းဆောင်ပဲ။

မေး ။ ။ နောက်ဆုံးတစ်ချက်ပေါ့နော်။ အဖီးရဲ့အမြင်လေးကို ပြောပြပေးစေချင်ပါတယ်။ ဗိုလ်ချုပ်ကို တိုင်းရင်းသားတွေက ချစ်ခင်ယုံကြည်မှု အပြည့်ရှိတယ်လို့ သိရပါတယ်။ အဲဒါဘာကြောင့် ပါလဲ။
ဖြေ။ ဗိုလ်ချုပ်ကို တိုင်းရင်းသားတွေက ချစ်တယ်။သူကလည်း တိုင်းရင်းသားတွေအပေါ်မှာ ရက်ရက်ရောရောရှိတယ်။ ပြောရမယ် ဆိုရင် ကျွန်မတို့ ကရင်တွေကလည်း ရိုးသားတယ်။ ဗိုလ်ချုပ် အောင်ဆန်းက တိုင်းရင်းသားတွေအပေါ်မှာ မေတ္တာပြတယ်။ ဒါ ကြောင့် တိုင်းရင်းသားတွေကလည်း ဗိုလ်ချုပ်အပေါ်မှာဆို မေတ္တာ ရှိကြတယ်၊ မေတ္တာပြကြတယ်။ အခုလည်း မြန်မာပြည်မှာ ဒီလို သာ မေတ္တာပြ။ မြန်မာပြည်မှာ သမ္မတကြီး ဦးသိန်းစိန်တို့ မေတ္တာ စပြတဲ့အခါမှာ ချစ်မှာပဲ။ အခုလည်း ဦးသိန်းစိန်တို့ မေတ္တာ ပြသ လောက် ဆက်ပြပါ။ ဗိုလ်ချုပ်ကိုချစ်တယ်ဆိုတာလည်း ဗိုလ်ချုပ်က မေတ္တာပြတယ်။ တိုင်းရင်းသားတွေကိုလည်း စည်းရုံးတယ်။ တိုင်းရင်းသားတွေကလည်း ဗိုလ်ချုပ်ကို ညီအစ်ကိုလိုပဲ။ ကျွန်မ အဖေနဲ့ဆို ခေါင်းအုံးတစ်လုံးတည်း အိပ်လာတာပဲ။ ခေါင်းအုံး တစ်လုံးတည်း အိပ်ပြီး ဂျပန်ကို တော်လှန်လာကြတာ။ ဒါကြောင့် အခုအစိုးရလည်း မေတ္တာပြပါ။ တိုင်းရင်းသူ တိုင်းရင်းသားကို မေတ္တာပြလေလေ အောင်မြင်လေလေပဲ။ ဒါက ကျွန်မဘာသာ ကျွန်မ ပြောတာမဟုတ်ဘူး။ ဘုရားပေးတဲ့ အာရုံပဲ။ We are hunger for love လေ။ တိုင်းရင်းသူ တိုင်းရင်းသားတွေက ချို့တဲ့တဲ့ အချိန်မှာ မေတ္တာပြတဲ့သူတွေကို ချစ်မှာပဲ။ ဦးသိန်းစိန်တို့လည်း အခု မေတ္တာပြနေပြီလို့ မြင်ပါတယ်။ ဆက်ပြပါလို့ပဲ ပြောချင်ပါ တယ်။ ဒါမှလည်း ငြိမ်းချမ်းရေးက အကောင်အထည် ပေါ်လာမှာ ပါ။ ဗုဒ္ဓဘာသာလည်း မေတ္တာ၊ ခရစ်ယာန်လည်း မေတ္တာပဲ။ မေတ္တာမပြမချင်းကတော့ တဒိုင်းဒိုင်းနဲ့ နေမှာပါပဲ။ ဒါကြောင့် ကျွန်မတို့ အထူးဆုတောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်တာမျိုးတွေမရှိဖို့။ ကမ္ဘာကြီးငြိမ်းချမ်းဖို့၊ အထူးဆုတောင်း ပွဲတွေ လုပ်ဖို့ရှိတယ်။

ယမင်းမြတ်အေး

No comments: