Sunday, September 30, 2012

အခွင့်အရေးအတွက် တန်းတူ မျှော်လင့်ချက် ထားနေဦးမည့် အနွမ်းပန်း ဘ၀များ


ဘတ်စ်ကား မှတ်တိုင်နားမှာ ထိုင်နေတဲ့ အမျိုးသမီး (၃) ယောက်။ ဘယ် ဘစ်ကားလာလာ မလိုက်သွားပဲ ကျီးကန်းတောင်းမှောက် မျက်လုံးတွေနဲ့ မှတ်တိုင်မှာ ကျောက်ချ နေကြတယ်။ အဲ့အထဲမှာ နှစ်ယောက် ကတော့ ဘောင်းဘီရှည်နဲ့ တီရှပ်နဲ့ တစ်ယောက်ကတော့ အ၀ါရောင်ပေါ်မှာ ပန်းပွင်တွေ ပုံဖော်ထားတဲ့ လုံချည်၊ အဖြူရောင်တီရှပ်နဲ့ပါ၊ သူတို့ရပ်နေတာ နေ့လည် ၁ နာရီကတည်း ရပ်နေတာ အခုဆို (၃) နာရီကျော်လောက် ကြာပြီ။

ထမီအ၀ါ ၀တ်ထားတဲ့ အသက် (၄၀) အရွယ်ရှိ အမျိုးသမီးသည် ဖခင်မဲ့ ကလေးငယ် (၆) ဦးကို တာဝန်ယူ ကျွေးမွေးနေသည့် မိခင်တစ်ဦးဖြစ်သလို လူကြီး၊ လူငယ်၊ လူလတ်နှင့် မရွေးဆက်ဆံနေရသည့် လိင်အလုပ် သမားတစ်ဦးလည်း ဖြစ်သည်။ “နောက်နေ့ ဘာစားကြမလဲ။ နောက်နေ့ နောက်နေ့တွေ အတွက်  ဈေးဖိုးကို အလျင်မှီအောင်ရှာနိုင်ဖို့ ကျွန်မဒီအလုပ်ကို နေ့တိုင်းလုပ်ဖြစ်တယ်။” ဟု အထက်ပါ လိင်အလုပ်သမား မသန္တာက ပြောပါတယ်။

မသန္တာမှာ မိသားစု စားဝတ်နေရေးအတွက် နေ့တိုင်း အလုပ်ကို ရင်တထိတ်ထိတ်ဖြင့် ဘုရားတကာ လုပ်နေရသည်ဟူ၍လည်း ဆိုသည်။ သူတို့ရဲ့ နေ့စဉ်လုပ်ငန်းခွင်ဖြစ်သော အင်းလျား ကန်ဘောင်နားက ပြည်လမ်း မကြီးအပေါ်တွင် ၀မ်းရေးအတွက် နေ့စဉ်လုပ်ငန်းခွင် ဆင်းနေရခြင်းဖြစ်သည်။ လိင်လုပ်သားတွေကို ဖမ်းဆီးဖို့ ရဲများကလည်း ၄င်းတို့နှင့် ခပ်လှမ်း လှမ်းတွင် အရန်သင့် စောင့်နေကြသည်။

အလုပ်လုပ်၍ ရသောပိုက်ဆံများကို အလကားလိုချင်သည့် ဖမ်းဆီးရဲများက လိင်လုပ်သားဆီက အကြပ်ကိုင် ငွေညစ်တောင်းနေတာကိုလည်း ကျွန်တော်တို့ မကြာခဏ တွေ့ဖူးကြသည်။ တစ်ခါတစ်ရံ ပိုက်ဆံ တစ်ခုတည်း ပင်မဟုတ် လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုကိုလည်း အနိုင်ကျင့် တောင်းယူလေ့ရှိကြောင်း လိင်လုပ်သားများထံက သိရသည်။
ထို့အပြင် သူတို့၏ ဧည့်သည်များကလည်း မကြာခဏဆိုသလိုပင် အမျိုးသား ၄၊ ၅ ဦးဖြင့် တပြိုင်တည်း လိင်ဆက်ဆံခံရသည့် အဖြစ်မျိုးလည်း ကြုံတွေ့နေရတက်သည်ဟု သိရသည်။ ယင်းသို့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုမျိုးနှင့် တွေ့ကြုံလာသည့် အချိန်မျိုးတွေ အားကိုးရာမယ့် တိုင်ကြားမည့် ဌာနမည်ကာ မရှိသဖြင့် သူတို့အတွက် ကာကွယ်ပေးနိုင်မည့် အခွင့်အရေးလေးတွေ လိုချင်သည်ဟု မသန္တာက ပြောသည်။

မိန်းမ လိင်လုပ်သားတွေဟာ ရန်ကုန်မြို့ရဲ့အင်းလျားကန် ပြည်လမ်းမပေါ်မှာတင် အယောက် (၃၀) (၄၀) ခန့် ရှိနေပြီး၊ ပန်းဆိုးတန်း၊ လမ်းလေး လမ်းများနှင့် မင်္ဂလာဈေးနားတွေ သာမက တခြား KTV၊ အနှိပ်ခန်း များတွင် အလုပ်လုပ်ကိုင်နေသည့်    ပြည့်တန်ဆာ လိင်လုပ်သားများသည် ရန်ကုန်မြို့တွင်းတွင် အယောက် (၃၀၀၀)ကျော်  ရှိသည်ဟူ၍လည်း သိရသည်။ ယင်းသို့  ရန်ကုန်မြို့တွင်းတွင် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် လွတ်လပ်စွာ လုပ်ကိုင်ခွင့်ကို လိုလား လာကြသည်ကို မင်္ဂလာဈေးနီးရှိ မိန်းမလိင်လုပ်သား (၃၀) ကျော်၏ ခေါင်းဆောင်က ပြောသည်။
“တခြားနိုင်ငံတွေမှာ တရားဝင် လုပ်နေကြပေမဲ့ ဒီမှာတော့ တရားမ၀င် လုပ်ကိုင်နေရပါတယ်၊ ဒါပေမဲ့ သူတို့တွေလည်း သိကြပါတယ်၊ ရဲတွေကို ကျွန်မတို့ အလုပ်အတွက် တစ်နေ့ ပိုက်ဆံ တစ်သိန်းလောက် ပေးနေ ရတယ်။” ဟု ၎င်း ခေါင်းဆောင်ဖြစ်သူ သက်လက်ပိုင်းအရွယ် အမျိုးသား တစ်ယောက်က ပြောသည်။

နိုင်ငံတော်မှလည်း လိင်လုပ်သားများ ပပျောက်စေရန်အတွက် လွန်ခဲ့သော ၁၉၄၉ ခုနှစ်က ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ပြဌာန်းခဲ့ပါသည်။ ယခင်က လိင်လုပ်သားများကို တစ်နှစ်ထက် မပိုသည့် ထောင်ဒဏ် ချမှတ်နိုင်ခဲ့ပြီး ယခုအချိန်တွင်မူ (၃) နှစ်ထက် မပိုသည့် ထောင်ဒဏ်ချမှတ်ကြောင်း သိရသည်။ အချို့လိင်လုပ်သားများသည် ယင်းလုပ်ငန်းများ၌ မပျော်မွေ့သော်လည်း အိမ်ထောင်ဦးစီးကဲ့သို့ တာဝန်ယူ ထားရသဖြင့် မိသားစု စားဝတ်နေရေးလောက်ငှနိုင်ရန် လုပ်နေရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ တစ်ညကို အနည်းဆုံး နှစ်ယောက်လောက်နဲ့ အိပ်ရတယ်။ တစ်ယောက်နဲ့ဝင်ရင် ခေါင်းက ၆၀၀၀ ပေးတယ်၊ နှစ်ယောက်ဆိုတော့ တစ်သောင်းကျော်တော့ ရတယ်။” ဟု မင်္ဂလာဈေးအနီးရှိ လိင်လုပ် သားလုပ်ကိုင်နေသူ မငယ်က ညည်းညူစွာ ပြောဆိုနေသည်။ သူမမှာ လေဖြတ်နေသည့် မိခင်နှင့် ကလေးတစ် ယောက်အား ရှာဖွေကျွေးမွေးနေရသူ ဖြစ်သည်။

မြန်မာပြည် အနေဖြင့် မိန်းမ လိင်လုပ်သားများအတွက် ပြဌာန်းထားသော အက်ဥပဒေအား ပြောင်းလဲရန် အတွက် လွှတ်တော်တွင်း၌ မိန်းမအရေအတွက် အားနည်းနေသေးတာကြောင့် ဆွေးနွေးနိုင်ရန် မဖြစ်နိုင်သေးကြောင်းကို အင်ဂျန်းယန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။ “အဲ့ဥပဒေပြောင်းလဲဖို့ ဆိုတာကတော့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ အားလုံးအေးဆေးဖြစ်သွား ရင်တော့ ဆွေးနွေးနိုင်ပါ လိမ့်မယ်” ဟု ဒေါ်ဒွဲဘူက ဆက်ပြောသည်။
မြန်မာနိုင်ငံ အနေဖြင့် မိန်းမလိင်လုပ်သားများ အခွင့်အရေးအတွက်မူ ဘာသာရေးနှင့် ယဉ်ကျေးမှုများကြောင့်ဖြစ်နိုင်ရန် ခက်ခဲနိုင်ကြောင်းကိုလည်း သိရသည်။ အိမ်နီးနားချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံမူ မိန်းမ၊ ယောက်ျား လိင်လုပ်သားများအတွက် အခွင့်အရေးများ ပေးထားပြီး ထိုအလုပ်ကို လုပ်ကိုင်ကျသူများမှာလည်း မွန်မြတ်သောအလုပ်အဖြစ် ဂုဏ်ယူလျက်ရှိကြကြောင်း ကိုလည်း သိရသည်။

ပြည်သူ့ လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းမှလည်း လိင်လုပ်သားများအား ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ ပေးသင့်ကြောင်း ထောက်ပြ ပြောဆိုသည်။ “သူတို့ကို လိုင်စင်တွေ ချပေး လိုက်မယ်ဆိုရင် မြန်မာ့ ယဉ်ကျေးမှုနဲ့ ကိုက်ညီပါ့ မလားဆိုတော့ လူတွေက မြန်မာ့ ယဉ်ကျေးမှု မြန်မာ့ ယဉ်ကျေးမှုနဲ့သာ ပြောနေကြတာလေ၊ အခုဆိုရင် ယဉ်ကျေးမှုက ပေါင်းစုံဝင်လာနေကြတာ အဘက်ဘက်က စဉ်းစားပြီးတော့ အကျိုး ရှိမယ်ဆိုရင် လိုင်စင်တွေချပေးသင့်တယ်” ဟု ဒေါ်ဖြူဖြူသင်းက ဆက်လက်ပြောသည်။

မြန်မာ လိင်လုပ်သားများကွန်ရက်က ဥက္ကဌ ဒေါ်နှင်းနှင်းယုလည်း မြန်မာနိုင်ငံရှိ လိင်လုပ်သားများအား လူ့အခွင့်အရေးများကို တန်းတူ ရစေချင်ကြောင်းကိုလည်း ပြောခဲ့သည်။ “Human Right တဲ့ သူတို့လည်း ရသင့်တာပေါ့လေ ပိုပြီးတော့ ထူးခြားပြီးတော့ မလိုချင်ပါဘူး အခုလက်ရှိရှိနေတဲ့ လူ့အခွင့်အရေးပါလို့ ပြောတဲ့ လူ့အခွင့်အရေးတွေနဲ့ တန်းတူ ရစေချင်တယ်။”ဟု သူမက ဆိုသည်။

လိင်လုပ်သားများအား ဖမ်းဆီးနိုင်သော ပုဒ်မ ၃(ခ) မှာ ဧည့်သည့်နှင့် တွဲလျက်တွေ့မှ ဖမ်းဆီးနိုင်သော်လည်း ၎င်းတို့ ဧည့်သည်ရှာနေချိန် လမ်းသွားချိန်များတွင်လည်း ဖမ်းဆီးမှုများ ရှိနေသောကြောင့် အဆိုပါ ဥပဒေများကို ပြင်ဆင်လိုကြောင်း သိရသည်။

အင်းလျားကန်တ၀ိုက်မှ လိင်လုပ်သား ဒေါ်သန္တာကတော့ သူမသည် အသက်အရွယ်ရလာပြီး အခြားအလုပ်များ မလုပ်နိုင်တော့သဖြင့် လိင်လုပ်သားအဖြစ်သာ ဆက်လုပ်မည်ဖြစ်ကြောင်း ပြောသည်။ “ကျွန်မကတော့ ဒီလောကထဲမှာ ဒီတိုင်းပဲ ရပ်တည်သွားရမှာပဲ၊ ကျွန်မတို့အတွက် အခွင့်အရေးလေးတွေ ရလာရင်တော့ ၀မ်းသာမိမှာပါ။” ဟု သူမက ဆိုသည်။ ဆက်လက်၍ ပြည်လမ်းကြီးရှိနေသမျှ အနွမ်းပန်းဟု လူအများ သတ်မှတ်ခံ အမျိုးသမီး လိင်လုပ်သားများအနေဖြင့်လည်း ရှာဖွေစားသောက်နေကြဦးမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။


ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် ရရေး တောင်းဆိုပြီ

 ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် မရသော မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်း (လိင်လုပ်ငန်း)များ တရားဝင် လုပ်ကိုင်ခွင့် ရရန် လွှတ်တော် အမတ်များထံ တင်ပြ တောင်းဆိုသွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည့်တန်ဆာများ ကွန်ရက် (Sex Worker In Myanmar Network) ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ပြောကြားသည်။

“လူတွေ လက်ခံလာမှ ကျွန်မတို့က တောင်းဆိုရ အဆင်ပြေမယ်လေ။ မြန်မာ့ ယဉ်ကျေးမှု အရ မပေးမှာတော့ စိုးရိမ် တယ်” ဟု ၎င်းကရှင်းပြသည်။ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် မရသောကြောင့် လိင်မှ တစ်ဆင့် ကူးစက် တတ်သော ရောဂါများ ထိန်းချုပ် ရာတွင် ခက်ခဲပြီး ပြည့်တန်ဆာများ အတွက် လုံခြုံမှု ကင်းမဲ့ကာ နိုင်ငံသား အခွင့်အရေးများ ဆုံးရှုံးလျက် ရှိကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ လွှတ်တော် အမတ် တွေကို Advocacy (မူဝါဒ လျှောက်လဲ) လုပ်ဖို့ တခြား နိုင်ငံတွေနဲ့ ယှဉ်ပြီး သုတေသန လုပ်နေပါတယ်” ဟု မြန်မာနိုင်ငံ ပြည့်တန်ဆာများ ကွန်ရက် အား ထောက်ပံ့ နေသော ဗြိတိန်သံရုံးရှိ ပျိုးပင် အဖွဲ့မှ ဒေါက်တာမျိုးလွင်က ပြောပြသည်။

မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ခွင့် ရပါက လူမှုရေး အခက်အခဲကြောင့် ခိုးဝှက် လုပ်ကိုင် နေရသူများနှင့် အသက်ကြီးပိုင်းပြည့်တန်ဆာများ အခက်အခဲ တွေ့သည်မျိုးလည်း ဖြစ်ပေါ် လာနိုင်ကြောင်း ဒေါ်နှင်းနှင်းယုက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ကိုင်ခွင့်ကို ‘ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ’ အရ လုပ်ကိုင်ခွင့် မရှိကြောင်း၊ ယခု တောင်းဆိုမှုမှာ ယင်းဥပဒေကို ပယ်ဖျက်၍ လုပ်ကိုင်ခွင့် ပြုပေးရန် တောင်းဆိုသည် မျိုး ဖြစ်နိုင်ကြောင်း၊ အခြားနိုင်ငံ များတွင် ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင်ခွင့် ပြုသော်လည်း မြန်မာ့ ယဉ်ကျေးမှု ဓလေ့အရမူ အံမဝင်သည့် အနေအထားဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်ယခင် ဒီမိုကရေစီ စနစ် ကျင့်သုံးစဉ်ကလည်း ခွင့်ပြုသည်ကို မတွေ့ရကြောင်း၊ သို့သော် လိင်လုပ်သားများ အနေနှင့်မူ ၎င်းတို့၏ အခွင့်အရေးကို တောင်းဆို နိုင်ကြောင်း၊ ခွင့်ပြု၊ မပြုကိုမူ ဥပဒေပြု အာဏာပိုင်းက စဉ်းစားရမည့် ကိစ္စဖြစ်ကြောင်း တရား လွှတ်တော် ရှေ့နေ ဦးကိုနီက ရှင်းပြသည်။

“ကျွန်တော့် ထင်မြင်ချက် အရတော့ မြန်မာ့ ယဉ်ကျေးမှု ဓလေ့အရ အံမဝင်နိုင်သလို တစ်ဖက်ကလည်း သူတို့ရဲ့ အခွင့် အရေးဖြစ်နေတော့ ဥပဒေပြု အာဏာပိုင် တွေဘက်က ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရမယ်။ အမြော် အမြင် ကြီးကြီးနဲ့ လုပ်ဆောင်ရမယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ ပြည့်တန်ဆာများ ကွန် ရက် (SWIM Network) ကို ၂၀၀၉ ခုနှစ်တွင် စတင် တည်ထောင်ပြီး ၂၀၁၁ ခုနှစ် ဧပြီလ ၂၃ရက် နေ့တွင် အတည်ပြု ဖွဲ့စည်းကာ အဖွဲ့ဝင် ၇၀၀ ဦးရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

No comments: