Monday, September 3, 2012

ရခိုင်အရေးအခင်း နှင့်ပတ်သက်၍ နိုင်ငံခြား ပညာရှင်တဦး၏ အမြင်-အင်တာဗျူး၊ အပိုင်း (၂)


``ကုလသမဂ္ဂနဲ့ နိုင်ငံ တကာလူမှုအဖွဲ့အစည်းတွေက ရိုဟင်ဂျာတွေကို ခုခံနိုင်စွမ်းအားနည်းတဲ့ အစုအဖွဲ့အဖြစ်မြင်ပြီး မျက်နှာသာပေးတဲ့အခါမှာ သာ မန်အရပ်သူ၊ အရပ်သား ရခိုင်တွေဟာ ငါတို့တော့ တစ်ခါထပ် ရှုံးရပြန်ပြီဆိုပြီး ဒေါသထွက်ကြတာပဲ။´´

ရခိုင်အရေးအခင်းနှင့်ပတ်သက်ပြီး ရခိုင်အရေးကျွမ်းကျင်သူ ပြင်သစ်ပညာရှင် ဒေါက်တာ ဂျာ့က်ပီ၊လိုက်ဒါနှင့် တွေ့ဆုံမေးမြန်းခြင်း

ဥာဏ်လင်း နှင့် ဇေယျာလှိုင်တွေ့မေးသည်။

(မော်ကွန်းမဂ္ဂဇင်း အမှတ် - ၁ တွင် ဖော်ပြပါရှိသော တွေ့ဆုံမေးမြန်းခန်းအား ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)
MAWKUN -- အနာဂတ်မှာ အလားတူပဋိပက္ခတွေ မဖြစ်အောင် ဘယ်လိုကာကွယ်ရင် အကောင်းဆုံးဖြစ်မလဲ။

LEIDER            - လောလောလတ်လတ်ပြဿနာက ဖြေရှင်းလို့ရသေးတဲ့ ပုံမပေါ်သေးဘူး။ အခုမှစတာပါ။ ပဋိပက္ခမှာ ပါဝင်သူ တွေအားလုံးက အခြားတစ်ဖက်ဟာ အမှားတွေလုပ်နေတယ်၊ ဘာတွေတော့ လုပ်ဆောင်ဖို့ ပျက်ကွက်တယ်စသဖြင့် စွပ်စွဲနေကြ တုန်းပါပဲ။ လူတွေဟာ ပြတ်ပြတ်သားသား တစ်ဖက်ဖက်မှာ ရပ်တည်နေကြတယ်။ မတူညီတဲ့အစုအဖွဲ့တွေဟာ ပိုပြီး ရန်စောင်လာ ကြတယ်။ သုံးနှုန်းတဲ့ ဘာသာစကားတွေက ရိုင်းစိုင်းလာတယ်။ ခံယူချက်တွေကလည်း အစွန်းရောက်လာကြတယ်။

တိုးတက်မှုကိုသွားတဲ့လမ်းက တစ်ဖက်နဲ့တစ်ဖက် ဆက်သွယ်မှုရှိဖို့၊ ဘုံရည်မှန်းချက်တွေရှိဖို့ လိုအပ်တယ်။ အဲဒါတွေ အသင့်ရှိပြီးမှ စတင်ကြတာပါ။ ဒါပေမဲ့ အဲဒါက ဘယ်တော့မှ ဖြစ်နိုင်မလဲဆိုတော့ (ပဋိပက္ခမှာ) ခံစားနေကြရတဲ့ လူတွေဟာ သူတို့ရဲ့နစ်နာမှုတွေ၊ မကျေမနပ်မှုတွေကို အပြည့်အ၀ ထည့်သွင်းစဉ်းစားပေးကြတယ်လို့ ခံစားလာရတော့မှပဲ ဖြစ်နိုင်ပါလိမ့်မယ်။ အမြဲတမ်းပါပဲ ၊ အစီရင်ခံစာတွေထွက်လာပြီဆိုရင် ရိုဟင်ဂျာတွေ နဲ့ပတ်သက်တဲ့ လူလူချင်းစာနာထောက်ထားရေးဆိုင်ရာ အဖြစ် အပျက်တွေကိုပဲ ဗဟိုပြုရေးသားကြတယ်။ အဲဒါကြောင့် ရခိုင်တွေရဲ့ရင်ထဲမှာ သူတို့ကိုတော့ မျှမျှတတသဘောမထားကြဘူး၊ မျှမျှတတမဆက်ဆံကြဘူးလို့ ခံစားနေကြရတာပဲ။

လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အစီရင်ခံစာတွေရဲ့ တရားဝင်တဲ့ ရည်ရွယ် ချက်တွေအပေါ်မှာတော့ ကျွန်တော်တို့ တကယ်ပဲ မေးခွန်း မထုတ်သင့်ပါဘူး။ အဲဒါတွေက ပွင့်လင်းမြင်သာမှုကို ရှိစေပါတယ်။ ဒါပေမဲ့ တင်းမာမှုတွေကို လျှော့ချဖြေထုတ်ဖို့ နည်းနာတွေကတော့ နိုင်ငံရေးနယ်ပယ်ထဲမှာရှိနေတယ်။ အဲဒါတွေက ဘာတွေလဲဆိုရင် ခံစားခဲ့ရသူတွေကို ပြောရေးဆိုခွင့်ပေးတာ၊ ကြားဝင်ဖျန်ဖြေတာ၊ ပညာရေး၊ ကျန်းမာရေးတို့လို ဘုံအကျိုးစီးပွားတူညီတဲ့အရာတွေနဲ့ လူတွေကို စေ့စပ်ညှိနှိုင်းပေးတာမျိုးပေါ့။

ရခိုင်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်တဲ့အလားအလာမှာ ဘာပါသင့် သလဲဆိုရင် အဲဒီဒေသမှာ နေထိုင်နေကြတဲ့ လူတွေရဲ့ဖြစ်တည်မှု၊ သူတို့ရဲ့ ပူးပေါင်းပါဝင်မှုတွေ ပါရှိရပါမယ်။ ရှေ့လာမယ့် အကြိတ် အနယ်စကားစစ်ထိုးပွဲတွေမှာ နိုင်ငံသားဖြစ်မှုဆိုတဲ့ကိစ္စကို ဗဟို ပြုဆွေးနွေးကြလိမ့်မယ်။ ဒါပေမဲ့ ဘယ်သူတွေဟာ နိုင်ငံသား ဖြစ်ခွင့်ရှိတယ်။ ဘယ်သူတွေဟာတော့ နိုင်ငံသားဖြစ်ခွင့်မရှိဘူး ဆိုတာနဲ့ ပတ်သက်လို့ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေဟာ လက်တွေ့ကျကျ ထည့်သွင်းစဉ်းစားကြရပါလိမ့်မယ်။


MAWKUN  - ရခိုင်လူမျိုးတွေဝေဖန်ကြတာရှိတယ်။ ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေဟာ ဘင်္ဂါလီတွေကို တော်တော်ဦးစားပေးတယ်လို့ဆိုတယ်။ အဲဒီ အဖွဲ့အစည်းတွေဟာ ရခိုင်ပြည်နယ်မှာ ရှိနေကြတာဟာ ဘင်္ဂါလီ တွေကိုပဲ ကူညီဖို့ဆိုတဲ့သဘောနဲ့ ရောက်နေကြတယ်လို့လည်း ဝေဖန်နေကြတယ်။ ဒီအချက်ပေါ်မှာ ဘာများသုံးသပ်ချင်ပါသလဲ။

LEIDER              - ဗုဒ္ဓဘာသာရခိုင်တွေမှာရှိတဲ့ ထင်ရှားတဲ့ လက္ခဏာက သူတို့ရဲ့ နိုင်ငံတော်ပျက်စီးသွားကတည်းက သူတို့ ကံကြမ္မာရဲ့ အရှင်သခင်ဟာ သူတို့မဟုတ်တော့ဘူး။ (ကိုယ့်ကံ ကြမ္မာကို ကိုယ်ဖန်တီးခွင့်မရှိတော့ဘူး)လို့ ခံစားနေကြရတယ်။ ကိုလိုနီခေတ်မှာ ၀င်ရောက်လာကြတဲ့ အိန္ဒိယလူမျိုးတွေရဲ့ လူမှု ရေး၊ စီးပွားရေးဖိအားတွေက ကိုယ်ပိုင်လက္ခဏာပျောက်ဆုံးနေတဲ့ ရခိုင်တွေရဲ့ခံစားချက်ကို ပိုပြီးပြင်းထန်သွားအောင် လုပ်လိုက်သလိုဖြစ်သွားတယ်။

ခြုံပြောရရင် ဒီအခြေအနေဟာ လွတ်လပ်ရေးရကတည်းက ပြောင်းကိုမပြောင်းလဲဘူး။ ကုလသမဂ္ဂနဲ့ နိုင်ငံ တကာလူမှုအဖွဲ့အစည်းတွေက ရိုဟင်ဂျာတွေကို ခုခံနိုင်စွမ်းအားနည်းတဲ့ အစုအဖွဲ့အဖြစ်မြင်ပြီး မျက်နှာသာပေးတဲ့အခါမှာ သာ မန်အရပ်သူ၊ အရပ်သား ရခိုင်တွေဟာ ငါတို့တော့ တစ်ခါထပ် ရှုံးရပြန်ပြီဆိုပြီး ဒေါသထွက်ကြတာပဲ။ ကျွန်တော့်အထင် ရခိုင် တွေရဲ့အခြေအနေဟာ တခြားမြန်မာနိုင်ငံသားတွေထက် ပိုဆိုးကြတယ်လို့ မဆိုလိုချင်ဘူး။ ဒါပေမဲ့ သူတို့ဟာ မျှတမှုမရှိဘူး၊ မတရား ဘူးလို့ ခံစားနေရကြတာပါ။ ကျွန်တော် ထင်ပါတယ်၊ အခုဆိုရင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာလူမှုအဖွဲ့အစည်း တွေမှာရှိတဲ့ တာဝန်ရှိ ၀န်ထမ်းတွေဟာ ဒီပြဿနာကို သဘောပေါက်၊ နားလည်ကုန် ကြပြီ။ ဘာကြောင့် သူတို့တစ်တွေဟာ ပြည်သူတွေရဲ့ ပစ်မှတ်ဖြစ် ကြရသလဲဆိုတာကိုလည်း နားလည်လာကြပြီလို့ ထင်တယ်။


MAWKUN - တချို့က ရခိုင်ပြည်နယ်ဟာ အနာဂတ်မှာ ကိုဆိုဗိုလိုမျိုး ဖြစ်လာနိုင်တယ်ဆိုပြီး ယူဆနေကြတာရှိတယ်။ ဒီအပေါ်မှာ ဘာများသုံးသပ်ချင်ပါသလဲ။

LEIDER              - ပြည်ထောင်စုမြန်မာနိုင်ငံဟာ မပြိုကွဲသေးပါဘူး။ ရခိုင်ပြည်နယ်ကလည်း လွတ်လပ်တဲ့ သမ္မတနိုင်ငံ အဖြစ်လည်း ကြေညာဦးမှာမဟုတ်ဘူး။ ကိုဆိုဗိုကိစ္စမှာ ဆားဗီးယားက ဆာ့ဗ်လူနည်းစုတွေဘက်ကနေ ၀င်စွက်ဖက်ပေမယ့် ရိုဟင်ဂျာတွေနဲ့ ဘယ်နိုင်ငံခြားအင်အားကြီးနိုင်ငံကမှ ၀င်ရောက်၊ စွက်ဖက်တာ မရှိသေးဘူး။ ဒါကြောင့် ယူဂိုစလားဗီးယားကနေ ကိုဆိုဗိုခွဲထွက်သွားခဲ့တဲ့ နောက်ခံအကြောင်းအရာနဲ့ ယှဉ်ထိုးကြည့်တာဟာ မဆီလျော်ပါဘူး။


MAWKUN - ရခိုင်ပြည်နယ်လိုပဲ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ အာသံပြည်နယ်မှာလည်း ဘင်္ဂါလီရွှေ့ ပြောင်းလုပ်သားတွေပါဝင်တဲ့ အုပ်စုလိုက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်။ လူဒါဇင်နဲ့ချီ သေကြေပြီး လူနှစ်သိန်းကျော် နေရပ်က ထွက်ပြေး တိမ်းရှောင်နေကြရတယ်။ ရခိုင်မှာဖြစ်တဲ့ အရေးကိစ္စနဲ့ အာသံမှာဖြစ်တဲ့အရေး ဘာတွေမှာ တူညီမှုရှိလဲ။

LEIDER             - တူညီမှုတွေရှိရင် မတူညီမှုတွေလည်း ရှိမှာပါ။ ဖြစ်စဉ်နှစ်ခုစလုံးကို ကြည့်မယ်ဆိုရင် တင်းမာမှုတွေ မြင့်တက်လာနေတာကို ကြိုတင်မသိရကောင်းလား၊ အကြမ်းဖက်မှုတွေ မဖြစ်ပွားအောင် ကြိုတင်မကာကွယ်နိုင်ကောင်းလားဆိုပြီး ပဋိပက္ခဖြစ်နေတဲ့ ဒေသကရော နိုင်ငံတကာကပါ အစိုးရ နှစ်ရပ်စလုံးကို ဝေဖန်တာတွေရှိတယ်။

တစ်ကမ္ဘာလုံးအနေအထားနဲ့ကြည့်မယ်ဆိုရင် စီးပွားရေးအရ နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းနေထိုင်ကြတာကို တားလို့တော့မရဘူး။ ဒါပေမဲ့ အကောင်းဆုံးစီမံကွပ်ကဲလို့ရတယ်။ အစိုးရအရာရှိတွေရဲ့ ငြင်းပယ်မှုတွေ၊ လုံခြုံမှုမရှိတာတွေ၊ ခေါင်းပုံဖြတ် တာတွေ၊ တုံ့ပြန်မှုနောက်ကျတာတွေ၊ ရောထွေးနေတာဟာ စိတ်မချရဘူး။ အဲဒါတွေဟာ ဒေသခံတွေ၊  ရွှေ့ပြောင်းလုပ်သားတွေကို ထိခိုက်စေတယ်။ နောက်ဆုံး လူတွေကိုကိုင်တွယ်တာမှားတဲ့ အစိုးရတွေလည်း သူတို့ရဲ့ဂုဏ်သိက္ခာတွေ အထိအခိုက်ခံရတယ်။

အစိုးရတွေဟာ ရွှေ့ပြောင်းလုပ်သားတွေကြောင့် သူတို့နိုင်ငံရဲ့ စီးပွားရေးကို ရေရှည်ကောင်းကျိုးတွေဖြစ်ထွန်းတယ်ဆိုရင် တရားမ၀င် ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်တဲ့ကိစ္စကို အရေးယူဆောင်ရွက်ဖို့ စိတ်အားမထက်သန်ကြဘူး။ ရခိုင်ပြည်နယ်မှာ တွေ့ရတဲ့ အခြေအနေမျိုးက အဲဒီလိုအခြေအနေမျိုးတော့ မဟုတ်ဘူး။ ရခိုင်မှာဖြစ်နေတာက အခြားအစုအဖွဲ့တစ်ခုက (သူတို့နယ်မြေမှာ) အခြားအစုအဖွဲ့တစ်ခုရှိနေတာဟာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်တယ်လို့ ခံစားနေရတယ်။


MAWKUN - ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဦးရေများပြားနေတာဟာ ပတ်ဝန်းကျင်နဲ့ ဒေသတွင်းနိုင်ငံတွေပေါ်မှာ ၀န်ထုပ်ဝန်ပိုးတွေ ဖြစ်လာစေမလား။ ဖြစ်မယ်ဆိုရင် ဘယ်လိုပုံစံမျိုးတွေ ဖြစ်လာမလဲ။ အုပ်စုလိုက်တိုက်ပွဲတွေ မဖြစ်အောင် ဘယ်လိုကြိုတင်ကာ ကွယ်လို့ရမလဲ။

LEIDER             - ရခိုင်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ ကို ဘင်္ဂါလီတွေ တရားမ၀င် ၀င်ရောက်မှုတစ်ခုတည်းကြောင့် ဖြစ်ရတာလို့စဉ်းစားရင် မှားသွားမယ်။ ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တွေရှိနေတာဟာ တရားမ၀င် ရွှေ့ပြောင်းလာကြလို့ဆိုတဲ့ ယေဘုယျယူဆချက်ဟာ လက်ခံရခက်ပါတယ်။  နှစ်ပေါင်းများစွာကတည်းက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်က မွတ်ဆလင်တွေဟာ သင်္ဘောတွေနဲ့ ထိုင်းနဲ့ မလေးရှားကို ထွက်သွားကြတယ်။

ဟိုမှာ သူတို့ဟာ ရိုဟင်ဂျာတွေဖြစ်တယ်လို့ပြောကြတယ်။ ပြီးတော့ သူတို့ဟာ တိုင်းပြည်မဲ့ဒုက္ခသည်တွေအဖြစ် ဆက်ဆံခံကြရတယ်။ အဲဒီတော့ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ တရားမ၀င်ဒုက္ခသည်တွေအတွက် ဆွဲဆောင်မှုကောင်းတဲ့ နေရာတော့ ဟုတ်ဟန်မတူဘူး။

တစ်ဖက်မှာ ကျယ်ပြန့်တဲ့ ဒေသတွင်းအခြေအနေကို ကြည့်မယ်ဆိုရင် စီးပွားရေးအရ ရွှေ့ပြောင်းနေထိုင်ကြတာဟာ အရေးကြီးတဲ့ သွင်ပြင်လက္ခဏာတစ်ခုအဖြစ် သေချာပေါက်ရှိနေတယ်။ ဒါပေမဲ့ ဒေသခံတော်တော်များများရဲ့ စိတ်ထဲမှာ အခိုင်အမာယူဆထားတဲ့ တရားမ၀င်ရွှေ့ပြောင်း၊ လာရောက်နေထိုင်ကြတဲ့ အတွက်ကြောင့်လို့ဆိုတဲ့ အချက်တစ်ခုတည်းနဲ့က မလုံလောက်တော့ဘူး။ အလွယ်တကူ ဖြတ်သန်းသွားလာလို့ရတဲ့ နယ်စပ်ရှိနေတာ၊ ခြစားမှုတွေရှိနေတာ၊ လူဦးရေရွေ့လျားမှုကို အစိုးရက ခြေရာခံဖို့ပျက်ကွက်တာ စတာတွေကို ကျွန်တော်တို့ ကြားသိလာရလိမ့်မယ်။

ကိန်းဂဏန်းတွေမရှိတာရယ်၊ အားကိုးအားထားပြုရလောက်တဲ့ သတင်းအချက်အလက်နဲ့ နောက်ခံအကြောင်းတရားတွေမရှိတာနဲ့ကိုပဲ လေးနက်တဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့ ဆယ်စုနှစ်အတော်များများ နှောင့်နှေးခဲ့ရတယ်။ အရှေ့မြောက်အိန္ဒိယဒေသကို ဘင်္ဂလားဒေ့ရှ်လူမျိုးတွေ ရွှေ့ပြောင်းသွားကြတာနဲ့ပတ်သက်ပြီး အစီရင်ခံစာတွေ ထပ်ခါထပ်ခါ ပေါ်ထွက်လာခဲ့ဖူးတယ်။ ဒါပေမဲ့ မြန်မာနယ်စပ်တစ်လျှောက်မှာ ရွှေ့ပြောင်းသွားလာနေကြတဲ့ ပကတိအခြေအနေမှန်ဟာ ဘယ်လိုဟာမျိုးလဲဆိုတာကို လွတ်လပ်ရေးရကတည်းက ကျွန်တော်တို့ မသိကြတော့ပါဘူး။

ဆိုတော့ကာ သူတို့ဟာ ဘယ်လိုလူတွေပဲဖြစ်ဖြစ် နယ်စပ်ကို ဘယ်လိုပဲ ဖြတ်ကျော်ဝင်ရောက်ပြီးတော့ပဲ လာကြလာကြ ဒီကနေ့ကမ္ဘာမှာ အစိုးရတွေဟာ သူတို့တွေကို ကန်ထုတ်ပစ်လိုက်လို့ မရတော့ပါဘူး။ ကျွန်တော် ထပ်ပြောပါဦးမယ်။ အရေးကြီးတဲ့ကိစ္စက အိမ်ရှင်နိုင်ငံတွေမှာ ရွှေ့ပြောင်းလုပ်သားတွေဟာ အဲဒီနိုင်ငံရဲ့စီးပွားရေးအတွက် ရေရှည်မှာအလုပ်ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတာပါပဲ။ ထိုင်းမှာဆိုရင် မြန်မာလုပ်သား သိန်းပေါင်းများစွာဟာ ထိုင်းနိုင်ငံရဲ့စီးပွားရေးက လိုအပ်နေတဲ့ လုပ်သားအင်အားကို ဈေးပေါပေါနဲ့ ပံ့ပိုးပေးနေတယ်။

တစ်ဖက်မှာ ရွှေ့ပြောင်းလုပ်သား တွေကို မှတ်ပုံတင်ပြီး ထိန်းချုပ်ဖို့ဆိုတဲ့ နိုင်ငံရေးယူဆချက်ရှိနေတယ်။ တစ်ဖက်မှာတော့ အစိုးရက ဘာတွေဘယ်လိုပဲလုပ်နေ လုပ်နေ ၀မ်းရေးအတွက် ရွှေ့ပြောင်းကြရတဲ့ စီးပွားရေးဖိအား တွေကရှိနေတယ်။ အဲဒီနှစ်ခုကြားမှာ ကွာဟမှုက တော်တော်ကို ကြီးနေတယ်။


MAWKUN - မကြာသေးခင်က ပါကစ္စတန်က တာလီဘန်အဖွဲ့က ရခိုင်မှာသေဆုံးသွားတဲ့ မွတ်ဆလင်တွေအတွက် သူတို့လက်စားချေတဲ့အနေနဲ့ မြန်မာအစိုးရကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ တကယ်တမ်းသာ သူတို့ခြိမ်းခြောက်တဲ့ အတိုင်း လုပ်ကြမယ်ဆိုရင် ဘယ်လိုလူမှုရေးနဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို မြင်တွေ့ရမလဲ။

LEIDER              - မြန်မာပြည်က မွတ်ဆလင်ခေါင်းဆောင်တွေဟာ တာလီဘန်အဖွဲ့တွေရဲ့ အဲသလို ဟောင်ဖွာ၊ ဟောင်ဖွာ ကြေညာချက်တွေထုတ်နေတာကို မကြိုဆိုရုံမက ပယ်ကို ပယ်ချ လိုက်ကြပါလိမ့်မယ်။ နိုင်ငံတကာက ပူးတွဲကာကွယ်မှုပေးထားတဲ့ ကိစ္စတွေ၊ မီဒီယာတွေကလည်း ၀ိုင်းရေးနေကြတဲ့ ကိစ္စတွေမှာ အစွန်းရောက်အဖွဲ့တွေဟာ လူအများရဲ့  အာရုံစိုက်မှုတွေကို ရယူဖို့ စိတ်အားထက်သန်ကြတယ်။ ယေဘုယျအားဖြင့် အောင်လည်း အောင်မြင်ကြပါတယ်။

အဲဒီတော့ သူတို့ဟာ အပြင်လူတွေ ဖြစ်ပေမယ့် ပါဝင်ပတ်သက်နေကြပြီ။ တကယ်တော့ သူတို့ရဲ့ အစွန်းရောက်အမြင်တွေဟာ သူတို့အတွက်ပဲ ကိုယ်စားပြုကြတယ်။ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုဟာ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် လုံခြုံရေးဆိုင်ရာ ပြဿနာဖြစ်လာမယ်ဆို ရင် နှစ်ဖက်အစိုးရအနေနဲ့ ပူးပါင်းဖြေရှင်းသင့်ပါတယ်။

အုပ်စု လိုက်တိုက်ခိုက်တာတွေ၊ အကြမ်းဖက်တာတွေဟာ တော်တော်ကို စိုးရိမ်နေရတဲ့ အနေအထားဖြစ်နေပါပြီ။ ဒီလိုအနေအထားမှာ အကြမ်းဖက်သမားတွေရဲ့ ကွန်ရက်တွေ ခြေကုပ်ယူမသွားနိုင်အောင် အခြေအနေတွေကို ထိန်းသိမ်းဖို့ ကြိုးစားကြရပါလိမ့်မယ်။       ။

No comments: