Wednesday, September 12, 2012

ပုစွန်ထုပ်ကြက်ဥဆီပြန်၊ ကညွတ်နဲ့ဂျူးဖူးပုစွန်ခြောက်နှပ်၊ မှိုကြော်ချက်ဟင်းရည်


ဒီတစ်လအတွက် ဆရာမလမင်းမိုမိုက ပုစွန်ထုပ်ဆီပြန်ရယ် ကညွတ်ကိုပုစွန်ခြောက်နဲ့နှပ်တာရယ် ပြီးတော့ မှိုကြော်ကိုအရည်သောက် သဘော ကြဲကြဲလေးချက်ထားတဲ့ဟင်းအတွဲအစပ်ကို ချက်ပေးထားပါတယ်။ ကျွန်တော်သတိထားမိတာက ကညွတ်ဟင်းမှာထည့်တဲ့ ဂျူးဖူးဆိုတာကိုပါ။ သူကဂျူးမြစ်ရဲ့အပေါ်ပိုင်း ကြက်သွန်မြိတ်လိုမျိုးအဖူးပါဆဲအရွက်နုလေးတွေကိုဆိုလိုတာထင်ပါရဲ့။ ကျွန်တော်ကတော့ ဂျူးမြစ်ယူပြီးရင်အပေါ်ပိုင်းတွေကိုလွှင့်ပစ်တာပဲ ဒီလိုချက်စားလို့ရမှန်းမသိတာအမှန်ပါ။

ကဲ ထမင်းပူပူလေးနဲ့မြိန်စေမယ့်ဟင်းလျာလေးတွေကို သူငယ်ချင်းတို့ချက်စားကြည့်ကြပါဦးနော်။

ပုစွန်ထုပ်ကြက်ဥဆီပြန်
လိုအပ်သောပစ္စည်းများ
ပုစွန်ထုပ်အလတ် ၄၀သား၊ ဆီ ၇ကျပ်သား၊ ကြက်သွန်နီ ၂-၃ဥ၊ ငရုတ်သီးစိမ်း ၇-၈တောင့်၊ ပင်စိမ်းရွက် ၁၅ရွက်ခန့်၊ အုန်းနို့မှုန့် စားပွဲတင်ဇွန်း ၂ဇွန်း၊ ကြက်ဥ ၂လုံး၊ ဆား^နနွင်း^ဟင်းခတ်မှုန့် အနည်းငယ်စီ။

ချက်ရန်ကြာမြင့်ချိန် - ၁၅မိနစ်ခန့်
- ပုစွန်ထုပ်အရွယ်ခပ်ငယ်ငယ်များကို ခေါင်းခွံနှင့်ကိုယ်ထည်အခွံခွာကာ သန့်စင်ပါ။ ထို့နောက် ဆား၊နနွင်းမှုန့်အနည်းငယ်၊ ဟင်းခတ် မှုန့် အနည်းငယ်တို့နှင့် နယ်ထားပါ။
- ကြက်သွန်နီ နှစ်ဥကို ထက်ခြမ်းခြမ်းပြီး အဖတ်ခွာထားပါ။ အုန်းနို့မှုန့်ကို ရေအေးနှင့် (လက်ဖက်ရည်ပန်းကန် တစ်ဝက်စာခန့်) ဖျော်ထားပါ။
- ပုစွန်များကို ဆီပူပူတွေကြော်ပါ။ တစ်ဖက်ကို နှစ်မိနစ်ခန့်ကြော်ပြီး နောက်တစ်ဖက်လှန်ကာ နှစ်မိနစ်ခန့်သာကြော်ပါ။ ပုစွန်များကို ဆယ်၍ ဆီစစ်ထားပါ။ ဆီကို ဆက်အပူပေးထားပြီး ကြက်သွန်ဖတ်များထည့်၍ ဆီသတ်ပါ။ ကြက်သွန်နွမ်းလျှင် အုန်းနို့ရည် ထည့်မွှေပါ။ အုန်းနို့ရည်ဆူပွက်လျှင် ငရုတ်သီးစိမ်းနှင့် ပင်စိမ်းရွက်ထည့်ပါ။ ဆယ်ထားသော ပုစွန်ကြော်များကိုထည့်ပါ။ သုံးမိနစ်ခန့် အုန်းနို့တွင် ချက်ပေးပါ။
- ဆီပြန်စပြုလျှင် ပုစွန်များကို ဘေးတစ်ဖက်ကပ်၍ ကြက်ဥနှစ်လုံးကို ဖောက်ထည့်လိုက်ပါ။ အနှစ်ရောအကာပါ ရောနှောကြေမွှအောင် မွှေပေးပါ။ ကြက်ဥကြက်လျှင် ဘေးကပ်ထားသော ပုစွန်နှင့် ပြန်လည်ဆွဲယူ ရောနှောပြီးမွှေကာ ချက်ချင်းချပါ။ အလွန်အရသာရှိသော ပုစွန်ကြက်ဥဆီပြန်ဟင်းကို ရပါပြီ။

ကညွတ်နဲ့ဂျူးဖူးပုစွန်ခြောက်နှပ်
လိုအပ်သောပစ္စည်းများ
ကညွတ် ၁စည်း၊ ဂျူးဖူး ၁စည်း၊ ဆီ ၄-၅ ကျပ်သား၊ ပုစွန်ခြောက်မှုန့် စားပွဲဇွန်း ၂ဇွန်း၊ ကြက်သွန်နီ ၂ ဥ၊ ကြက်သွန်ဖြူ ၄မွှာ၊ ငရုတ်သီး တောင့် ၁၀တောင့်ခန့်၊ ဆား ဟင်းခတ်မှုန့် အနည်းငယ်စီ။

ချက်ရန်ကြာမြင့်ချိန် - ၁၅ မိနစ်ခန့်
- ကညွတ်ကို အနေတော်ပိုင်းဖြတ်ပါ။ ဂျူးဖူးကိုလည်းအနေတော် ဖြတ်တောက်ထားပါ။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို တောက် တောက်စဉ်းပါ။ ဒယ်အိုးတွင် ကညွတ်၊ ဂျူးဖူး၊ဆီ၊ ကြက်သွန်ဖြူ၊နီ တောက်တောက်စဉ်း၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးတောင့်၊ ဆား၊ ဟင်းခတ်မှုန့်တို့ အားလုံးရောထည့်၍ လက်နှင့်ဆုပ်ညှစ်ကာ အရသာရောနှောသမအောင်နယ်ပေးပါ။
- ထို့နောက် ဒယ်အိုးကို မီးဖိုတွင်တင်ပြီး နှပ်၍ ချက်ပါ။ ဆီပြန်လာလျှင် ကြာကြာထားပါ။ ကညွတ်အကျက်လိုလျှင် ရေကို ဇွန်းကလေးနှင့် နည်းနည်းချင်းသာထည့်၍ မွှေပါ။ မိမိစိတ်ကြိုက်နူးသော အနေအထားတွင် ရေလုံးဝခြောက်အောင် ဆီပြန်စေပြီး ချလို့ရပါပြီ။

မှိုကြော်ချက်ဟင်းရည်
လိုအပ်သောပစ္စည်းများ
မှို ၂၀သားခန့်၊ ကြက်သွန်နီ ၁ဥ၊ ကြက်သွန်ဖြူ ၃မွှာ၊ ဆီ ၂ကျပ်ခွဲသား၊ ခရမ်းချဉ်သီး ၂လုံး၊ ငရုတ်သီးစိမ်း ၅-၆တောင့်၊ ဆား ဟင်းခတ်မှုန့် အနည်းငယ်စီ

ချက်ရန်ကြာမြင့်ချိန် - ၂၀ မိနစ်ခန့်
- ဖက်ဆွတ်မှိုနှင့်ချက်လျှင် အရသာပိုရှိပါသည်။ မရလျှင် ငွေနှင်းမှိုခေါ် မှိုအဖြူပွင့်များနှင့်လည်းချက်နိုင်ပါသည်။ မှိုများကို ကောင်းစွာ သန့်စင်ပါ။ သဲစင်ပါစေ။ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ဆီကို အပူပေးပြီး ကြက်သွန်ဖြူ၊နီ ဆီသတ်ပါ။
- မှိုကို ရိုးတံအရင်ထည့်၍ လုံးပါ။ မှိုမှထွက်လာသော ရေမျှနှင့် နူးနိုင်ပါသည်။ မှိုရိုးတံနူးမှ မှိုပွင့်ဖတ်များနှင့် ခရမ်းချဉ်သီး ငရုတ်သီးစိမ်းတို့ ထည့်ပြီး အသာအယာမွှေပါ။ ဆားနှင့် ဟင်းခတ်မှုန့်ထည့်ပါ။ ရေကို နှစ်သက်သလောက် ထည့်ပြီး ရေဆူလျှင် အပေါ့အငန်မြည်းကာချ လို့ရပါပြီ။

Credit: The Chic Magazine – No.23, September, 2012

No comments: