Saturday, September 15, 2012

ခန္ဓာကိုယ်အလေးချိန်ကို လျော့စေနိုင်တဲ့ အစားအစာ - ၂


(Food for Losing Weight)
ဓာတ်စာဆိုတာကို ငယ်ငယ်တုန်းကဘာမှန်းမသိပါဘူး။ အသက်နည်းနည်းရလာတော့ ရာသီဥတုကိုမှီပြီး မိမိစားသုံးမယ့်အစားအစာကို နည်းလမ်းတကျစားသုံးတဲ့စနစ်တစ်ခုလို့တော့ နည်းနည်းသဘောပေါက်လာမိပါတယ်။ နောက်ပိုင်း စာတွေဖတ်လာတော့ ရောဂါ တစ်ခုခုခံစားရရင်လည်း သက်ဆိုင်ရာ ဓာတ်စာကိုစားသုံးခြင်းဖြင့် သက်သာပျောက်ကင်းမှုမြန်စေတယ်ဆိုတာကို သတိထားမိတာ လည်းပါတယ်။ 

ကဲပါ...ကျွန်တော်ဖတ်နေကျ မဂ္ဂဇင်းထဲက ကိုယ်အလေးချိန်လျော့ချရာမှာ သတိပြုစားသုံးသင့်တဲ့ အစားအစာအချို့ကို ပြန်လည် ကူး ယူဖော်ပြလိုက်ပါတယ်။ လွယ်လည်းလွယ် အလုပ်လည်းသိပ်မရှုပ်တဲ့ အစားအစာတွေပါ။ မူရင်းစာရေးသူက တရုတ်တိုင်းရင်းဆေး ကိုမှီးပြီးပြုစုရေးသားထားတာပါ။

ကြွက်နားရွက်မှို (Black Fungi)
ဆာလောင်မှုကို ထိန်းချုပ်ပေးနိုင်သောကြောင့် အစားအစာကို ခဏခဏစားသုံးမိတဲ့အမူအကျင့် ပျောက်သွားကာ ကိုယ်အလေးချိန်လျော့ ကျစေနိုင်ပါတယ်။ အူလမ်းကြောင်းလှုပ်ရှားမှုကို ကောင်းမွန်စေလို့ ၀မ်းမှန်မှန်သွားခြင်းကို အားပေးပါတယ်။ ခန္ဓာကိုယ်မှ အဆီဓာတ် စုပ် ယူခြင်းကို လျှော့ချပေးနိုင်ပါတယ်။ သွေးအတွင်းမှ ကိုလက်စထရောဓာတ်ကိုလျှော့ချပေးတာကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ အဖြစ်နည်းသွားနိုင်ပါတယ်။ လေမဖြတ်အောင်လည်း ကာကွယ်ပေးပါတယ်။

ကြွက်နားရွက်မှို အအေးသုပ် (Cold Black Fungi)
ပါဝင်သောပစ္စည်းများ
ကြက်နားရွက်မှို - ၃ပွင့်
ကြက်သွန်မြိတ် - အနည်းငယ်
ငရုတ်သီး - ၂တောင့်
ရှာလကာရည် - လက်ဖက်ရည်ဇွန်း ၄ဇွန်း
နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဆား - အနည်းငယ်
သကြား - အနည်းငယ်

နည်းစနစ်
- ကြွက်နားရွက်မှိုကို ဆေးပြီး ရေခဲရည် စိမ်ထားပါ။
- ရေခဲရည် စိမ်ထားတဲ့ ကြွက်နားရွက်မှိုများကို ပါးပါးလှီးပါ။ ငရုတ်သီးကိုလည်း မီးခြစ်ဆံကဲ့သို့ အချောင်းကလေးများ ဖြစ်အောင် လှီး လိုက်ပါ။ ရှာလကာရည်၊ နှမ်းဆီ၊ ဆားနဲ့သကြားတို့ကို ထည့်ပြီး နှံ့အောင်မွှေပြီး ကြက်သွန်မြိတ်ကို အနေတော်ဖြတ်ကာ ဖြူးပြီးရင် စားသုံးနိုင်ပါပြီ။

အာလူး (Potatoes)
အဟာရဓာတ်ချို့တဲ့သူများကို အားပြည့်စေခြင်း၊ အစာအိမ်၊ သရက်ရွက်၊အဆုတ်နဲ့ ကျောက်ကပ်အားတိုးစေခြင်း အစွမ်းသတ္တိတွေနဲ့ ပြည့်တဲ့ဓာတ်စာလို့ တရုတ်ရိုးရာ ဆေးသိပ္ပံပညာရှင်များက ယုံကြည်ထားပါတယ်။ 

အာလူးကိုရေရှည်စားသုံးပေးမည်ဆိုရင် အသက် ရှည်စေနိုင်သလို ခန္ဓာကိုယ်အလေးချိန်ကိုလျော့ကျစေနိုင်ပါတယ်။ သွေးလွှတ်ကြောအတွင်းနံရံများ ထူမာလာခြင်းကို ဟန့်တားပေး၊ အရေပြားအောက်က အဆီဆဲလ်များကို သေးငယ်သွားအောင် လျှော့ချပေး၊နှလုံးသွေးကြောဆိုင်ရာ ရောဂါများမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

အာလူးသုပ် (Potato Salad)
ပါဝင်သောပစ္စည်းများ
အာလူး - ၄ လုံး
ကြက်သွန်ဖြူ - လက်ဖက်ရည် ဇွန်းကြီး တစ်ဇွန်း (နုပ်နုပ်စဉ်းပြီးသား)
ချင်း - လက်ဖက်ရည် ဇွန်းကြီး တစ်ဇွန်း (နုပ်နုပ်စဉ်းပြီးသား)
ငရုတ်သီးစိမ်း - ၂တောင့်
မြေပဲလှော် - လက်ဖက်ရည် ဇွန်းကြီးနှစ်ဇွန်း (မညက်တညက် ထောင်းပြီးသား)
တရုတ်နံနံ - အနည်းငယ်
သံပရာသီး - တစ်လုံး
ငံပြာရည် - အနည်းငယ်

နည်းစနစ်
- အာလူးများကို ရေဆေးပြီး အခွံနွှင်ပါ။ အာလူးများကို ခြစ်နဲ့ခြစ်ပြီး ရေထဲမှာ တစ်နာရီစိမ်ထားပါ။ ပြီးရင် အာလူးရဲ့အရောင် ကြည်လင်လာတဲ့အထိ ရေနဲ့နှစ်ခါသုံးခါလောက် ဆေးပြီး ရေများ ကုန်စင်သွားအောင် ညှစ်ထုတ်လိုက်ပါ။ ရေညှစ်ပြီးသား အားလူးခြစ်ကလေးများကို ကြွေပန်းကန်တစ်ခုထဲမှာ ထည့်ထားပါ။
- နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူ၊ချင်းနဲ့ငရုတ်သီး၊ မြေပဲထောင်းတို့ကို ပန်းကန်လုံး တစ်ခုထဲမှာ ရောထည့်ပါ။ ငံပြာရည်ကို လိုသလောက် ထည့်ပြီး နှံ့စပ်အောင် မွှေပေးပါ။
- ခြစ်ထားတဲ့ အားလူးများအပေါ် သံပရာရည် ညှစ်ထည့်ပါ။ ရောမွှေထားတဲ့ အစာများကို ဖြူးပြီး နှံ့သွားအောင် ရောမွှေပါ။ ပြီးရင် လှီးထားတဲ့ တရုတ်နံနံရွက်ကလေးများကို ဖြူးပြီး ဆက်မွှေပါ။ အရသာမြည်းကြည့်ပြီး လိုတာထပ်ထည့်ပြီးရင် စားသုံးဖို့ အဆင်သင့် ဖြစ်ပါပြီ။

ဧ၀တီ
Credit: သရဖူမဂ္ဂဇင်း - စက်တင်ဘာလ 2012 ခုနှစ်

No comments: