Tuesday, September 4, 2012

ငါးပိရည်ရဲ့ ရင်းမြစ် ငါး-ငါးပိ


မြန်မာ့ရိုးရာစားစရာတွေများစွာရှိတဲ့အထဲမှာ ဒီလအတွက်ကတော့ မြန်မာတို့နဲ့ခွဲခြားမရနိုင်တဲ့“မြန်မာ့ ထမင်းဝိုင်းက ငါးပိရည်” ရဲ့ အရင်းအမြစ် ငါး-ငါးပိပြုလုပ်စားသုံးပုံများနဲ့ အာဟာရတန်ဖိုးများကိုတင်ပြဖို့ စီစဉ်ထားပါတယ်။

မြန်မာတိုင်းရင်းသားတွေမြတ်နိုးတန်ဖိုးထားစားသုံးလေ့ရှိတဲ့ ငါးပိရည်ဟာ ငါး-ငါးပိကို ကျိုပြီးစားသုံးကြတာ ဖြစ်ပါတယ်။ ငါး-ငါးပိဆိုတဲ့အတိုင်း ငါးနဲ့ပြုလုပ်ရတာဖြစ်ပါတယ်။ ငါး-ငါးပိလုပ်မယ်ဆိုရင်တော့ ငါးကျည်း၊ ငါးခူ၊ ငါးရံ့၊ ငါးပြေမ၊ ငါးစင်ရိုင်း၊ ငါးခုံးမစတဲ့ ငါးများကို အသုံးပြုလေ့ရှိ ပါတယ်။

ပထမဆုံး ငါးများကို ဗိုက်ဖောက်၊အညစ်အကြေးထုတ်ပြီး ရေဆေးရပါမယ်။ အကြေးရှိတဲ့ငါးပြေမနဲ့ ငါးရံ့အကောင်လိုက် ထည့်မယ်ဆိုရင်
တော့ အကြေးထိုးပြီးမှ ဗိုက်ဖောက်ကာအညစ်အကြေးထုတ်ပြီး ရေစင်အောင်ဆေးရပါမယ်။ရေစင်အောင်ဆေးထားပြီးတဲ့ငါးများကို
ရေစစ်ထားရပါမယ်။ ရေစစ်သွားတဲ့အခါ ငါးတွေကို ဆားသင့်ရုံထည့်ပြီးအိုးတစ်လုံးနဲ့သိပ်ထားရပါမယ်။

နှစ်ရက်လောက်ကြာတဲ့အခါ သိပ်ထားတဲ့ငါးတွေကိုထုတ်ပြီး ၂နေ၊ ၃နေလောက်လှန်းရပါမယ်ရှင်။ ငါးတွေ ခပ်ထန့်ထန့်ဖြစ်သွားတဲ့အခါ
အကောင်မပျက်ထုထောင်းပြီးစဥ့်အိုးတစ်လုံးထဲကို ခပ်နာနာ ဖိသိပ်ထည့်ထားရပါမယ်။ ငါးတွေရဲ့အပေါ်က ဆားများအုပ်ကာ စဥ့်အိုး ထိပ်ကို ၀ါးခြမ်းစိတ်များနဲ့ အုပ်ဖိထားရပါမယ်။ အဲဒီလိုဖိသိပ် သိုမှီးထားတဲ့ငါးများဟာ ၂လ၊ ၃လအကြာမှာတော့ စဥ့်အိုးအပေါ်ကို ငံပြာရည်တွေ စိမ့်ထွက်လာပါလိမ့်မယ်။

အဲဒီလို စိမ့်ထွက်လာတဲ့ ငံပြာရည်များဟာ အချိုလေးပင်ပြီး အရသာရှိလှပါတယ်။ ငံပြာရည်များ စိမ့်ထွက်လာတဲ့အခါ အတွင်းကငါးများဟာ ငါး-ငါးပိဖြစ်နေပြီမို့ အပေါ်ကအုပ်ဖိထားတဲ့ဝါးခြမ်းများကိုဖယ်၊ ဆားများကို ဖယ်လိုက်တဲ့အခါသန့်ရှင်းပြီး မွှေးကြိုင်နေတဲ့ ငါး-ငါးပိများကို
စိတ်တိုင်းကျပြုလုပ်သုံးဆောင်နိုင်ကြပြီဖြစ်ပါတယ်။

ငါး-ငါးပိကို အများဆုံးအသုံးပြုကြတာကတော ငါးပိရည်ကျိုစားတဲ့နည်းဖြစ်ပါတယ်။ ငါး-ငါးပိကို ငါးပိရည်ကျိုစားတဲ့နည်းအပြင်
ငါး-ငါးပိကိုကြော်စား၊ နှပ်စားလို့လည်းရပါတယ်။  ပထမဆုံး ငါးပိရည်ကျို ပြုလုပ်စားသုံးနည်းကို တင်ပြလိုပါတယ်။

ငါးပိရည်ကျိုမယ်ဆိုရင်တော့ -
• ငါး-ငါးပိ - ၅ကျပ်သား
• ငရုတ်သီးစိမ်း - ၁၀ တောင့် (သို့)
• ငရုတ်သီးအလှော်မှုန့်- ၁ဇွန်း
• ငါးပနော် - တစ်ကောင်
• နနွင်းမှုန့် - အနည်းငယ်အပြင်
• ကြက်သွန်ဖြူ - ၂ဥ
• ဆင်ခရမ်းချဉ်သီး(သို့)
• ရိုးရိုးခရမ်းချဉ်သီး - တစ်လုံး လိုအပ်ပါတယ်။

ငါးပိရည်ကျိုတဲ့ ငါးပိတစ်ဆ၊ ရေနှစ်ဆထည့်ကျိုရပါမယ်။ နနွင်းမှုန့်လေးနည်းနည်းလောက်ပါထည့်ကျိုပြီး ပွက်ပွက်ဆူလို့ရေတစ်ဝက်ခန်း တဲ့အထိဆက်ကျိုရပါမယ်။

အပွက်နာမှ ငါးအသားလေးတွေပါကြေပြီးအချိုအရသာလေးပင်မှာ ဖြစ်ပါတယ်။

ငါးပနော်ကို အညစ်အကြေးထုတ်၊ ရေစင်အောင်ဆေးပြီး မီးကင်ရပါမယ်။ ငါးကျက်လောက်တဲ့အခါ အရေခွံများခွာ၊ အရိုးနွှာ၊အသားထွင်ပြီး ငရုတ်ဆုံထဲမှာထည့်ထောင်းရပါမယ်။

အဲဒီထဲကို ငရုတ်သီးမှုန့်တစ်ဇွန်း(သို့မဟုတ်) ပီနံသီးကိုမီးသင်းပြီး အညှာခြွေကာ ထည့်ထောင်းရပါမယ်။ ကြက်သွန်ဖြူကိုပါ အခွံခွာပြီး
ထည့်ထောင်းရမှာဖြစ်ပါတယ်။ အဲဒီ အထောင်းအထုတွေကိုပန်းကန်တစ်လုံးထဲ ဆယ်ယူထည့်ထားရပါမယ်။

ဆင်ခရမ်းချဉ်သီး(သို့)ခရမ်းချဉ်သီး တစ်လုံးလောက်ကို မီးအုံးပြီးအခွံခွာကာ ထောင်းထုပြီး စောစောက ငါးနဲ့ငရုတ်သီး၊ ကြက်သွန်ဖြူထောင်း ထည့်ထားတဲ့ပန်းကန်ထဲကို ရောထည့်ရပါမယ်။

အဲဒီ ပန်းကန်ထဲကိုမှ စောစောက ပွက်ပွက်ဆူအောင်ကျိုပြီး အရိုးစစ်ထားတဲ့ငါးပိရည်တွေလောင်းထည့်ကာ ဖျာ်လိုက်တဲ့အခါ အနံ့အရသာ ပြည့်စုံကောင်းမွန်လှတဲ့ငါးပိရည်ဖျော် ကောင်းကောင်းတစ်ခွက်ကို ရရှိပြီဖြစ်ပါတယ်။

ငါးပိရည်ဖျော်တဲ့အခါ ပီနံသီးကို မီးသင်းပြီးဖျော်နိုင်သလို ငရုတ်သီးခြောက်ကိုလှော်ထောင်းပြီးထားတဲ့ ငရုတ်သီးအိမ်လှော်ထောင်းမွှေးမွှေး လေးနဲ့လည်း ဖျော်နိုင်ပါတယ်။

ငါးပနော်အလွယ်မရနိုင်တဲ့အခါ ငါးအစား ပုစွန်ခြောက်မှုန့်ထည့်ပြီးတော့လည်းဖျော်စားနိုင်ပါတယ်။

စိတ်တိုင်းကျဖျော်ထားတဲ့ငါးပိရည်ကျိုကို ဘူးသီးနုပြုတ်၊ ပေါက်ပန်းဖြူရွက်ပြုတ်၊ငှက်ပျောဖူးပြုတ်၊ ပဲစောင်းလျားသီးပြုတ်၊ တညင်းသီး၊ ကြောင်လျှာသီးမီးအုံးစတဲ့ တို့စရာစုံစုံနဲ့တွဲဖက်သုံးဆောင်နိုင်သလိုကန်စွန်းရိုးနီ၊ ပဲတီချဉ်၊ ဟင်းဂလာချဉ်၊ကတက်ချဉ်စတဲ့ ချဉ်ဖတ်စုံနဲ့လည်း
တွဲဖက်စားသုံးနိုင်ပါတယ်ရှင်။

ငါးပိရည်နဲ့ တို့စရာပါရင် အဓိက သားငါးဟင်းလျာတွေကိုတောင် စားဖို့လက်တွန့်နေတတ်ကြတာအမှန်ပါ။

ငါးပိရည်ကျိုဟင်းတစ်ခွက်ဟာ မြန်မာတို့ရဲ့ ထမင်းဝိုင်းမှာ ခံ့ခံ့ထည်ထည် နေရာယူလေ့ရှိပါတယ်။ ငါးပိရည်မပါရင် ထမင်းမမြိန်ဘူးလို့ဆိုကာ နေ့စဉ်လို ထမင်းဝိုင်းမှာ အမြတ်တနိုးထား စားသူများလည်း အများအပြားရှိကြပါတယ်။ ငါး-ငါးပိကို ငါးပိရည်ကျိုစားရုံသာမက ကြော်စားလို့ လည်း ရပါတယ်။

ငါး-ငါးပိကြော်မယ်ဆိုရင်တော့ ငါး-ငါးပိ၁၀ သား၊ ပီနံသီး၂ကျပ်သား၊ ကြက်သွန်နီ၂ ဥ၊ ကြက်သွန်ဖြူ ၂ဥနဲ့ ဆီ၅ကျပ်သားလိုအပ်ပါတယ်။
ငါး-ငါးပိကြော်တဲ့အခါ ရေကျိုငါးပိထဲကငါးအကောင်ခပ်သန့်သန့်လေးတွေကိုရွေးထုတ်ပြီး နုပ်နုပ်ပါအောင်စဉ်းရပါမယ်။ တချို့ကတော့ ဓားနဲ့စဉ်းပြီး ငရုတ်ဆုံထဲမှာညက်နေအောင်ထောင်းကြပါတယ်။

ကြက်သွန်နီကိုအခွံသင်ပါးပါးလှီးပြီး ပီနံသီးတွေကို ရေဆေး၊ အညှာခြွေကာ ညက်နေအောင်ထောင်းရပါမယ်။ ပီနံသီးထဲကို ကြက်သွန်ဖြူ
ထည့်ထောင်းရပါမယ်။

အားလုံးအဆင်သင့်ဖြစ်တဲ့အခါ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကျက်အောင်တည်ရပါမယ်။ ဆီကျက်တဲ့အခါ ကြက်သွန်နီကို ထည့်ကြော်ရ ပါမယ်။ ကြက်သွန်နီမွှေးနံ့ထွက်ပြီး မရဲတရဲမှာကြက်သွန်ဖြူနဲ့ ပီနံသီးထောင်းထားတာတွေထည့်ပြီး ကြော်ရပါမယ်။ ပီနံသီးကော ကြက်သွန်ဖြူ ပါမွှေးနံ့ရလာတော့မှစောစောက နုပ်နုပ်ပါအောင် စဉ်းထားတဲ့ ငါး-ငါးပိတွေကို ထည့်ကြော်ရပါမယ်။

ခဏအကြာမှာတော့ မွှေးကြိုင်ပြီး ခပ်စေးစေးလေးဖြစ်နေတဲ့ ငါး-ငါးပိကြော်ကိုရရှိပြီမို့ စိတ်တိုင်းကျသုံးဆောင်နိုင်ကြပြီဖြစ်ပါတယ်။ ငါး-ငါးပိကြော်ကိုတော့ ပဲဟင်းချိုပူပူလေးနဲ့တွဲဖက်သုံးဆောင်လေ့ရှိကြပါတယ်။ ပဲဟင်းချိုပူပူလေး သောက်လိုက်၊ ငါး-ငါးပိကြော်လေးနဲ့
ထမင်းလေးကိုမြှုပ်ပြီး စပ်စပ်လေးစားလိုက်နဲ့အလွန်ထမင်းမြိန်စေတဲ့ ဟင်းအမယ်တွဲဖြစ်ပါတယ်။ တချို့ကတော့ ငါး-ငါးပိကြော်ထဲကို
ပုစွန်ခြောက်မှုန့်ထည့်ပြီး ကြော်လေ့ရှိပါတယ်။ တကယ်တော့ပုစွန်ခြောက်မှုန့်ထည့်စရာ မလိုလောက်အောင် ငါး-ငါးပိကြော်က
အရသာရှိလှပါတယ်ရှင်။

ငါး-ငါးပိကိုနှပ်စားလို့လည်းရပါတယ်။ ငါး-ငါးပိထဲက ငါးပိအကောင်လေးတွေ ရွေးထည့်ရပါမယ်။ အဲဒီငါးပိကောင်ပေါ်ကမှ ငရုတ်သီးစိမ်း လေးတွေကို ပါးပါးလှီးထည့်၊ကြက်သွန်ဖြူနှစ်ဥလောက်ကို ထောင်းထည့်ပြီးကြက်သွန်နီနှစ်ဥလောက်ကိုလည်းအခွံသင်ပါးပါးလှီးပြီး အုပ်ထည့်ထားရပါမယ်။

အဲဒီလို အဆင်သင့်ပြုလုပ်ထားတဲ့ ငါး-ငါးပိပန်းကန်လုံးလေးကို ထမင်းအိုးနှပ်တဲ့အခါ ထမင်းအိုးငှဲ့ပြီးတာနဲ့ ထမင်းအိုးထဲမှာထည့်ပြီး
အဖုံးကိုပိတ်လို့ နှပ်ထားရပါမယ်။ ခဏအကြာမှာတော့ထမင်းလည်းနပ်၊ ငါးပိလည်းနပ်ပြီမို့ ငါးပိနှပ်မွှေးမွှေးလေးကိုအရသာရှိရှိ သုံးဆောင်နိုင်ကြပြီဖြစ်ပါတယ်။

ငါး-ငါးပိနှပ်မွှေးမွှေးလေးကိုတော့ မနက်အစောထမင်းကြမ်းနဲ့ စားသုံးနိုင်သလို ထမင်းပူပူလေးနဲ့လည်း စားသုံးနိုင်ကြပါတယ်။
ခံတွင်းပျက်ပြီး စားသောက် မကောင်းဖြစ်နေကြတဲ့နာလန်ထစလူနာများအတွက် အထူးသင့်တော်တဲ့ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။
ငါး-ငါးပိထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကိုလေ့လာတဲ့အခါ ကျန်းမာရေးဝန်ကြီးဌာနက ရေးသားတဲ့ “မြန်မာ့အစားအစာ၏အာဟာရ”
စာအုပ် အလိုအရ ငါး-ငါးပိစားသုံးမှုကြောင့် အင်အားဓာတ်၊ ပရိုတင်းဓာတ်နဲ့ အဆီဓာတ်တို့ပါဝင်တာတွေ့ရပါတယ်။

ဒီလအတွက်တော့ Food Magazine ရဲ့မြန်မာ့ရိုးရာအစားအစာ မြတ်နိုးသူ စာရှုသူများအတွက်မြန်မာတိုင်းရင်းသားများမြတ်နိုးတန်ဖိုးထား
စားသုံးကြတဲ့ ငါးပိရည်ရဲ့ရင်းမြစ်ဖြစ်တဲ့ ငါး-ငါးပိကို အမျိုးမျိုးစီမံဖန်တီးစားသုံးပုံများကို အားပါးတရတင်ပြလိုက်ရပါတယ်။
စာရှုသူများ ခံတွင်းမြိန်မြိန် စီမံဖန်တီးနိုင်ကြပါစေရှင်။


• ဆန်းဆန်းဦး(မြန်မာ့အသံ)

Ref: https://www.facebook.com/pages/FOOD-Magazine/415155881844290  

No comments: