Thursday, September 27, 2012

ချစ်ခြင်းအားဖြင့် နှောင်ဖွဲ့အပ်သော


“ထား မျက်နှာ မကောင်း ပါလားကွယ်”

တစ်ယောက်နဲ့ တစ်ယောက် ကာလများစွာ အလွတ် ကျက်မှတ် ထားပြီးသား စိတ်တွေမို့ ထား ဘယ်လို ခံစား နေရတယ် ဆိုတာကို သူ သိနေပေမဲ့ သူ မနေနိုင်တော့လို့ မေးလိုက်တာကို ထား သိလိုက်ပါတယ်။


“နှမြောလို့ပါ” လက်ထဲက ပစ္စည်းလေးကို တယုတယ ကိုင်တွယ်ရင်းက သူ့ကို ကြည့်လို့ လှမ်းပြောလိုက်တယ်။

“ထား မနှမြောတတ်တာ ကိုယ် သိပါတယ်ကွာ”

“ဒီပြင်ဟာ မနှမြောပေမဲ့ ဒါလေးကိုတော့ နှမြောမိလို့ပါ”

“အင်း အတော် ဆိုးသွားလို့လား။ ကိုယ် နောက်တစ်ခု ပြန်ရှာဝယ်ပေးပါ့မယ်ကွာ”

ထားရဲ့ မျက်စောင်းဝင့်ဝင့်က သူ့ဆီ ရောက်သွားတယ်။
“မဖြစ်နိုင်တာ ပြောနေပြန်ပြီ။ တကယ် တစ်ထပ်တည်းကျတာ ရှာဝယ်ပေးနိုင်လို့လား”

“တစ်ထပ်တည်းတော့ ဘယ်ဟုတ်ပါ့မလဲကွာ။ အနီးစပ်ဆုံး ရှာကြည့်ပေးရမှာပေါ့”

ကျေနပ်တဲ့ အရိပ်အယောင်လေး ထားမျက်နှာပေါ်  ဖြတ်ပြေးသွားတာ တွေ့လိုက်ရမှ သူ နေသာသလို ရှိသွားပုံရတယ်။
“ထားကတော့ အစားထိုး ၀ယ်ပေးလို့ ရမယ်ဆို လည်း မလိုချင်တော့ပါဘူး။ ဘယ်လိုမှ ထပ်တူညီတာ ရ နိုင်တာမျိုးမှ မဟုတ်တာ”

“အင်းလေ ဟုတ်ပါ တယ်။ ဘယ်လောက်တူတာ လေးပဲ ရစေဦးတော့။ မျက်စိနဲ့ မမြင်ရတဲ့ အရာတွေလည်း ပါဝင်နေတာ ဆိုတော့ ထား နှမြောမယ်ဆို နှမြောလောက်ပါတယ်။ ဟုတ်ဘူးလား”

ထားရဲ့ မျက်စောင်း ချိုချိုလေးတစ်ခုက သူ့ဆီ လွင့်သွားရတယ်။
“ဟွန်း သိရဲ့သားနဲ့များ လေကုန်ခံ ပြောနေရသေးတယ်”

“နှမြောတာလည်း နှမြောပေါ့ကွာ။ ဒါပေမဲ့ နေ မကောင်းဖြစ်လောက်အောင် နှမြောရတယ်လို့။ တကယ့်စံ ပဲ။ ကဲပြော ချွေးလေး ထွက်သွားအောင် ဘဲသားမြူစွမ် ပြုတ်ပူပူလေး သောက်မ လားပြော”

“မသောက်ချင်တော့ ပါဘူး။ သွားရင်း လာရင်းနဲ့ သာ စူပါဂလူး ကော်ဘူးလေး တစ်ဘူးလောက် ၀ယ်ခဲ့စမ်း ပါရှင်”

“အင်း အင်း ၀ယ်ခဲ့ပေး မယ်။ ထားလည်း ခဏလောက် တစ်ရေး အိပ်လိုက်ဦး နော်”

“ထားကို အိပ်ဆေး တိုက်ခဲ့”

“အင်း ဟုတ်သား။ ရော့ ဒီမှာ ကိုယ့်ရဲ့ အိပ်ဆေး။ အိပ် ဆေးတိုက်တိုင်း မျက်လုံး လေးမှိတ်ထားပေးတာ ဟိုး အရင်တုန်းက အတိုင်းပဲနော်”

“ထားက ဘယ်တော့မှ အပြောင်းအလဲ မရှိသူဆိုတာ ကို ကိုက မသိဘူးလား”

“သြ ထားရယ်။ ကိုယ် မသိဘဲ နေပါ့မလားကွာ”

သူ့ရဲ့ အိပ်ဆေး ချိုမွှေး မွှေးလေးက ထားရဲ့ ရှင်မ တောင် သနပ်ခါးရနံ့သင်းပျံ့ ထုံနေတဲ့ မဟာနဖူးပြင်လေး ပေါ် ရောက်လာချိန်မှာ မျက် တောင်လေး ပိတ်သွားလျက် က ထားရဲ့နှုတ်ခမ်းလေးပြုံး သွားမိတယ်။

“ဟေ့ သက်ထား။ ဒီနေ့ တယ်လှနေပါလား။ ဒီနေ့ မေဂျာအလှ သရဖူဘွဲ့က တို့ သူငယ်ချင်းပဲ ရမယ်ထင် တယ်ဟေ့”

ပါးနပ်လွန်းတဲ့ နွယ်နွယ်က ထား အလှတွေ  ဒီနေ့မှ ထူးထူးခြားခြား ပြင် လာတာကို ရိပ်မိနေလေပြီ။ ရှက်သွေး ဖြန်းခနဲ ဖြစ်သွားမိတယ်။ အခန်းအပြင်ဘက်ကို ဝေ့၀ဲကြည့်လိုက်မိတော့ သူ့ရဲ့ အရိပ် အယောင်တောင် မမြင်ရသေး။ တစ်အောင့်နေ ရင် စာသင်ချိန် စတော့မှာမို့ အတန်းထဲမှာ လူစုံသလောက် ရှိနေကြပြီ။ အတန်းအပြင် ကော်ရစ်တာတစ်လျှောက် မှာလည်း တခြားမေဂျာက ကျောင်းသားများ အုံထလို့။ အရင် ရက်တွေတုန်းက ထား ကျောင်းကို ရောက်တာနဲ့ သူ့ ကို ထားရဲ့မြင်ကွင်းအောက် တစ်နေရာမဟုတ် တစ်နေရာ မှာ တွေ့နေရပြီ။ အခု သူ ဘယ်များရောက်နေလဲ။

ဒီနေ့ အတန်းထဲမှာ ဖရက်ရှာကွင်းနဲ့ ကင်း ရွေးပွဲ ရှိတာမို့ အားလုံး လှုပ်လှုပ်ရွရွ ရှိနေကြတယ်။ ထားတို့လို အခုမှ တက္ကသိုလ် စတက်ရတဲ့ ပထမနှစ်သမားတွေအတွက် ထူးထူးခြားခြား စိတ်လှုပ်ရှား နေရချိန်ပေါ့။ ထားနဲ့ ပထမဆုံး ကျောင်းတက်တက်ချင်း ခင်မင်ခွင့်ရခဲ့သူ နွယ်နွယ်က လူကောင်လေးက သေးချင်ပေမဲ့ သွားတက်လေး နှစ်ဖက် နဲ့ ချစ်စရာအပြုံးချိုချိုကို ပိုင်ဆိုင်ထားသူ၊ ပေါင်းသင်း ဆက်ဆံရေးကောင်းသူမို့၊ သူတို့မေဂျာရဲ့ ဘုရင်မအဖြစ် ကြိုတင်ရေပန်းစားနေသူလေး ပေါ့။ သူလိုလူက အခုလို လှမ်းပြောလိုက်တော့ ထား မနေတတ်အောင် ရှက်သွားမိ တယ်။

ထားက အရပ်မြင့်မြင့် အသားဖြူဖြူ၊ မပြင်မဆင်နဲ့  ခန္ဓာကိုယ်အချိုးအစား အသင့် အတင့်သာရှိပြီး နှုတ်နည်းသူ တစ်ဦးပါ။ အခုလို အလှမပြင် စဖူး အလှပြင်လာတာက မေဂျာကွင်းအတွက် မဟုတ် ဘူးဆိုတာ ထားကလွဲလို့ ဘယ်သူမှ မသိ။ ထား ၀တ် လာတဲ့ အသည်းနှလုံးပုံလေး တွေ ကျဲကျဲရက်ထိုးထားတဲ့ နံ့သာနုရောင် သိုးမွေးအနွေး ထည် ပါးပါးလေးရဲ့ အောက် ထားရဲ့ ၀ဲဘက်ရင်အုံလေးရဲ့ အပေါ်မှာတော့ အစိမ်းရောင် ကြောင်လေးနှစ်ကောင် ငြိမ် သက်စွာနဲ့ ရှိနေတယ်။ ကြောင် လေးနှစ်ကောင် ငြိမ်သက်နေ သလောက် ထားရဲ့နှလုံးသား က တဆတ်ဆတ်ခုန်လို့ လှုပ် ရှားနေတာ။

မနေ့ညက အဲဒီ သက်မဲ့ ကြောင်လေးနှစ်ကောင်ကို တစ်ညလုံး အိပ်မပျော်နိုင်ဘဲ ထား ထိုင်ကြည့်ခဲ့မိတယ်။ အိပ်ရာပေါ်က ထားရဲ့ ခေါင်း အုံးစွပ်ဖြူဖြူလေးပေါ်မှာ ယှဉ်တွဲနေတဲ့ အစိမ်းရောင် ကြောင်လေးနှစ်ကောင်ကို ကြည့်ရင်း မနက်ဖြန် ကျောင်း တက်ရင် ဒီကြောင်လေး နှစ် ကောင်ကို ခေါ်သွားဖို့ သင့် မသင့်ကို ခေါင်းတွေပူအောင် ထား စဉ်းစားခဲ့ရတယ်။

သိုးမွေးစ မျှင်မျှင်အိအိ ကျောက်စိမ်းရောင်လေးနဲ့ ပြုလုပ်ထားတဲ့ အမွေးပွပွလေးနဲ့ ကြောင်သေးသေးလေး နှစ် ကောင်က ချစ်စရာ အလွန်ကောင်းနေတယ်။ မျက်လုံး ပြူးပြူးလေးတွေနဲ့ နားရွက် လေးတွေ ကိုယ်စီထောင်လို့။ မျက်လုံးနေရာလေးမှာ ပလတ်စတစ် အကြည်အကြွလေးနဲ့ အ၀ိုင်းဖောင်းဖောင်းလေး လုပ်ထားတယ်။ မျက်ဆန်လေးကို အနက်ရောင် ပလတ်စတစ် အစေ့လေး တစ်စေ့စီ ထည့် ထားတယ်။ ကြောင်လေး နှစ်ကောင်ကို လှုပ်ကြည့်လိုက် ရင် မျက်ဆန်အနက်လေးက တလှုပ်လှုပ်နဲ့ ဟိုသည်ရွေ့ နေတာက တစ်ကောင်ကို တစ်ကောင် လှမ်းကြည့်နေသ လိုလို။ ဖောင်းဖောင်းကစ် ကစ် ကိုယ်လုံးလေးနှစ်ခုက ပူးကပ်ထားသလို ခေါင်းလေး နှစ်ခုကလည်း ပူးကပ်လို့။ သူတို့နှစ်ကောင်ကို အခုလို ပူးကပ်နေအောင် အနောက် ဘက်ကနေ ရွှေရောင်တွယ် ချိတ်သေးသေးလေးနဲ့ ပူးတွယ် ထားတယ်။

စိတ်ရင်းကောင်းတဲ့ ပျော်ပျော်နေတတ်တဲ့ သာမန် ယောက်ျားတစ်ယောက်ဖြစ်တဲ့ သူ့ကို ထား ခင်တွယ်နေမိတာ မဆန်း။ သူ ထားကို စိတ် ၀င်စားနေတာ မိန်းကလေးပီပီ ထား ရိပ်စားမိနေပြီ။ သူက ထားတို့လိုပဲ မေဂျာတူ၊ နောက်ဆုံးနှစ် ကျောင်းသား တစ်ယောက်။ ကျောင်းဖွင့်ပြီး တစ်ပတ်လောက်နေမှ ကျောင်းလာတက်တဲ့ သူက သူငယ်ချင်းတွေက ဒီနှစ် ဖရက်ရှာလေးတွေ ချောတယ်၊ သွားကြည့်မယ်ဆို ခေါ်လာတာ လိုက်လာရင်း ထားကို ဒုတိယအကြိမ် မြောက် တွေ့ခွင့်ရလိုက်တာ ဆိုပဲ။ မနေ့က သူ ကျောင်း ရှေ့မှာ သူငယ်ချင်းတွေကို စောင့်နေတုန်း ထားကို ပထမ ဆုံးအကြိမ် တွေ့ခဲ့ဖူးပြီး အဲဒီ တုန်းကတည်းက လူနဲ့ မမျှ တဲ့ ပန်းဖွားတွေ အများကြီး ပါတဲ့ ကချင်လွယ်အိတ် အနီကြီးကို ပခုံးမှာ ထုံးလွယ် ထားပြီး ထမီတိုတို ၀တ် ထားတဲ့ ထားကို သူ သတိ မပြုဘဲ မနေနိုင်ခဲ့ဘူးတဲ့လေ။

“ကိုယ့် အကြည့်တွေ ထားဆီက ခွာလို့ကို မရတော့ ဘူး။ ထားက သူငယ်ချင်းနဲ့ အားပါးတရ စကားပြောနေ တာ ကလေးလေးလိုပဲ။ သိပ် ချစ်စရာကောင်းတယ်”လို့ ခင်မင်ပြီး နောက်ပိုင်း သူပြော ပြတော့ ကျေနပ်စိတ်နဲ့ ထား ခေါင်းလေးကိုငုံ့ထားမိတယ်။

သူက ထားထက် အသက်ကြီးတယ်။ သူ့ အသံ  ချိုသြသြက ဆွဲဆောင်မှုရှိ တယ်။ သူက အရောင်လေး တွေနဲ့ လည်ခေါင်းတုံးအင်္ကျီ ကိုစွဲစွဲမက်မက် ၀တ်တတ်တာ ရယ်၊ ဟာသဇ၀နဉာဏ်ရှိတာ ရယ်၊ သူ့ရုပ်က မချောပေမဲ့ လူချစ်လူခင်ပေါတယ်။ လူ ကြားထဲမှာ ထင်ရှားနေတတ် တာရယ်က သူ့ရဲ့တခြား ယောက်ျားလေးတွေနဲ့ မတူတဲ့ ထူးခြားချက်။ အဲဒါတွေ ကြောင့် ထား သူ့ကို စသတိ ထားမိခဲ့တာ။

သူနဲ့ စကား စပြောဖြစ် တာကလည်း ရုပ်ရှင်ဆန်ဆန် ပဲ။ ထားရှိတဲ့နေရာရဲ့ မလှမ်း မကမ်းမှာ သူက အမြဲလိုလို ရှိနေခဲ့တယ်။ သူက ကျောင်း ဆင်း၊ ကျောင်းတက် ထား အနောက်ကနေ ဘာဆိုဘာမှ အနှောင့်အယှက် မပေးဘဲ  တကောက်ကောက် အရိပ်လို လိုက်နေခဲ့တာ မိန်းကလေးပီပီ ထား သိတာပေါ့။ ဒီလိုနဲ့ စကားပြောဖို့ မိတ်ဆွေဖွဲ့ဖို့ အားမထုတ်ဘဲ သူ နေလာ လိုက်တာ နှစ်လနီးပါး ရှိလာ တယ်။ သူ အဲဒီလို နေနေတာ ကိုက ထား စိတ်ကို ခိုးလိုး ခုလုဖြစ်စေတယ်။

တစ်ရက်။ သူ့ကို ထား ကိုယ်တိုင်က စကားစပြောဖို့ အခြေအနေ ဖြစ်လာခဲ့တယ်။ ကျူတိုရီရယ်အပြီး သူငယ်ချင်း တွေနဲ့လမ်းခွဲလို့ ကျောင်းရှေ့ ကားမှတ်တိုင်မှာ ဘတ်စ်ကား ကို ထား တစ်ယောက်တည်း စောင့်နေခဲ့တယ်။ အဲဒီနေ့က အိမ်မပြန်ခင် မေမေ့ကျန်းမာ ရေးအတွက် ဆူးလေဘုရား ကို ယတြာသွားချေဖို့ စီစဉ် ထားတယ်။ ပြီးရင် ဘုရား ကနေ ၁၅ မိနစ်သာသာ လမ်းလျှောက်ရင် ရောက်တဲ့ အိမ်ကို အေးအေးဆေးဆေး လမ်းလျှောက်ပြန်မယ် စိတ် ကူးထားတယ်။

မှတ်တိုင်မှာ ကားစောင့် နေတုန်း အရက်နံ့တွေ တ ထောင်းထောင်းထနေတဲ့ လူ နှစ်ယောက် ထားရဲ့ နံဘေး ကိုရောက်လာပြီး ရိသဲ့သဲ့တွေ လာပြောနေကြတယ်။  ပုံမှန် ဆိုမကြောက်တတ်ပေမဲ့ သူတို့ ဆီက အရက်နံ့ရလိုက်တာ ရယ်၊ ကားမှတ်တိုင်မှာ လူ တွေ များနေတာရယ်ကြောင့် နည်းနည်းလန့်သွားသလို ရှက် တဲ့စိတ်နဲ့ပါ မွှန်ထူနေမိတယ်။ အရှေ့မျက်နှာချင်းဆိုင်ကနေ ထားတို့ဘက်ကို ကားလမ်း ကူးလာတဲ့ သူ့ကို တွေ့လိုက် ချိန်မှာ အားကိုးရာရသွားသ လို ဟန်မဆောင်နိုင်တော့ဘဲ သူ့ကို လှမ်းခေါ်လိုက်မိတယ်။ အပြုံးမျက်နှာနဲ့ သူ အနား ရောက်လာချိန် အရက်သမား နှစ်ယောက် မယောင်မလည် နဲ့ ခပ်လှမ်းလှမ်းကို ခွာသွား တယ်။

စီးရမဲ့ ဘတ်စ်ကားရောက်လာတော့ ထားတို့ နှစ် ယောက်စလုံး ကားပေါ်တက် လိုက်တယ်။ ကားပေါ်မှာ နေရာလွတ်တွေ အများကြီးရယ်။ အမူးသမားနှစ်ယောက်ကလည်း ထားတို့အနောက်က လိုက်တက်လာတယ်။ ထားနဲ့ ဘေးနေရာလွတ်မှာ သူ့ကို လာထိုင်ဖို့ပြောမိတယ်။ သူက မထိုင်ဘဲ ခုံနှစ်ခုရဲ့ နောက်မှီပေါ် လက်နှစ်ဖက်ခွတင်ရပ် ရင်း “တစ်ယောက်တည်း ချောင်ချောင်ချိချိ ထိုင်လေ” လို့ပြောတယ်။ အရက်သမား နှစ်ယောက်က အနောက် ဆုံး ခုံတန်းမှာ နေရာယူလျက်က နေ သူ့ကို မကြည်ရှိုးနဲ့ လှမ်း ကြည့်နေတယ်။

ခဏနေတော့ သူက သူ့ လွယ်အိတ်ကြီးထဲက စာအုပ် တစ်အုပ် ထုတ်ပေးပြီး “ရော့ ဖတ်ချင်ဖတ်လေ”ဆို စာအုပ် တစ်အုပ်ကို လက်ထဲ ထည့် ပေးတယ်။ စာအုပ်အဖုံးကို ကြည့်လိုက်တော့ နန္ဒာသိန်းဇံ ရဲ့ မိတ်ကောင်းဆွေကောင်း များနဲ့ ခရီးသွားခြင်း ဆိုလို့ ထားတို့ နှစ်ယောက်သား မတိုင်ပင်ဘဲ ပြိုင်တူပြုံးလိုက် မိကြတယ်။ ထား စိတ်ထဲ အမူးသမားတွေကို မမှုတော့ သလို ခံစားလိုက်ရတယ်။ ထား စိတ်ထဲ လုံခြုံသွားသလို ပဲ။ ထား ရင်တွေ ခုန်နေခဲ့ တယ်။ ဒီလိုနဲ့ ကားပေါ်မှာ သူက ထားနဲ့အတူ ဆူးလေ ဘုရားအထိ မတ်တတ်ရပ် လျက် ပါလာခဲ့တယ်။

သူနဲ့ စစချင်း စကား ပြောဖြစ်တဲ့နေ့မှာပဲ ဘုရား အတူတူ ဖူးဖြစ်ခဲ့တာပါ။ မေမေ့မွေးနေ့ ဆူးလေဘုရား ရဲ့သောကြာထောင့်မှာ ထား ရှိခိုးဦးချနေတာကို တစိမ့်စိမ့် သူ ထိုင်ကြည့်နေခဲ့တာ ထား မမေ့သေးပါဘူး။ အိမ်အပြန် ဆူးလေကုန်းတံတားပေါ် အရောက် သူက ထားနာမည်ကို မေးတယ်။ ထားနာမည် သက်ထားခင်ခင်လို့ပြောတော့ “ကျွန်တော် ထားလို့ ခေါ်မယ်နော်”လို့ ပြောတယ်။ ထားကို အိမ်မှာ သက်ထားလို့ပဲ ခေါ်ကြတယ်။ ထားလို့ သူက စခေါ်ခဲ့တာပါ။ သူ့နာမည်ကို ရှက်ရှက်နဲ့ ပြန်မေးမိတော့ သူ့ မှတ်ပုံတင်ကတ်ကို ထုတ်ပြတယ်။ သူ့နာမည်ကြီးက ရိုးစင်းလိုက်တာ။ မှတ်ပုံတင်ကတ်က မွေးသက်္ကရာဇ်ကို ကြည့်ပြီး သူက ထားထက် အသက်ကြီးတာ သိလိုက်ရတယ်။

သူက ထား အတန်းရှိ ရာကို အချိန်ရတိုင်း အလာ မပျက်ပါပဲ။ ထားသူငယ်ချင်း တွေနဲ့တောင် သူ ခင်နေပြီ။ နွယ်နွယ့်အပြောနဲ့ဆို သူနဲ့ ထားက နားလည်မှု အရှိဆုံး မိတ်ဆွေတွေပဲပေါ့။ သူနဲ့ ထားရဲ့ကြားက သံယောဇဉ် က တဖြည်းဖြည်းနဲ့တင်းကျပ် လာခဲ့ပြီ။

မနေ့က ကျောင်းကန် တင်းမှာ ထိုင်တုန်း သူက ထားကို ချစ်စရာအပြာ ရောင် စက္ကူဘူးပိစိလေးတစ်ခု ထုတ်ပေးတယ်။ “အိမ်ရောက် မှ ထား ဖောက်ကြည့်နော်။ အခု မဖောက်နဲ့ဦး။ ကျွန်တော် ရှက်တယ်”လို့ သူက ပြော တယ်။ အမှန်က သူ့ထက် ထားရှက်နေမှာစိုးလို့ ပြော မှန်း ထား သိတာပေါ့။

“နက်ဖြန် ထားတို့ ဖရက်ရှာဝဲလ်ကမ်းနေ့မှာ ကျွန်တော် ကျောင်းကို အစော ကြီး ရောက်နေမယ်။ ထား ကို စောင့်နေမယ်နော်”

ထား ခေါင်းလေး ညိတ်လိုက်မိတယ်။ အိမ်ပြန် ရောက်တော့ အခန်းတံခါး ပိတ်ပြီး လွတ်အိတ်ထဲက စက္ကူဘူးလေးကို တထိတ် ထိတ်နဲ့ ထုတ်ကြည့်လိုက် တယ်။ အထဲမှာက အဖြူ ရောင်စာ ခေါက်လေး။ ရင် တလှပ်လှပ်နဲ့ ဖွင့်ကြည့်လိုက် တော့...
“တစ်ဘ၀စာ ရည်ရွယ် မိတာပါ။ ကျွန်တော့်ကို လက်ခံနိုင်မယ်ဆိုရင် မနက် ဖြန် ကျောင်းလာချိန် ရင်ထိုး လေးကို အသည်းနှလုံးနေရာ လေးမှာ ထိုးလာပေးပါလား။ ကြောင်လေး နှစ်ကောင်က ကျွန်တော်နဲ့ ထားပေါ့”

ရည်းစားစာ ဆိုတာကို ဆန့်ကျင်ဘက် ယောက်ျား လေးဆီက တုန်လှုပ်မှုမရှိဘဲ ထား လက်ခံရခဲ့ဖူးပါတယ်။ အခုတော့ ချစ်ပါတယ်လို့ တစ်လုံးမှ မပါဘဲ ရေးထား တဲ့ သူ့ရဲ့လက်ရေးစောင်း စောင်းလေးတွေက ထားရဲ့ စိတ်နှလုံးကို သိမ်းကျုံးယူ ငင်သွားတော့တယ်။ ချစ်စရာ အစိမ်းရောင် သိုးမွေးကြောင် လေး နှစ်ကောင်က စာရွက် လေးရဲ့အပေါ်ထောင့်စွန်း နေရာမှာ တွယ်ချိတ်ထား လျက်ကနေ ထားရဲ့ အရှက် သည်းနေတဲ့မျက်နှာနီနီကို လှမ်းကြည့်လို့။


ထား ၀တ်လာတဲ့ အသည်း နှလုံးပုံလေးတွေ ကျဲ ကျဲရက်ထိုးထားတဲ့ အနွေး ထည် ပါးပါးလေးရဲ့ အောက် ထားရဲ့ ၀ဲဘက်ရင်အုံလေးရဲ့ အပေါ်မှာ အစိမ်းရောင် ကြောင်လေးနှစ်ကောင် ငြိမ် သက်စွာနဲ့ ရှိနေတယ်။ ကြောင် လေးနှစ်ကောင်က ငြိမ်သက် နေသလောက် ထား ရင်တွေ က ပရမ်းပတာ ခုန်နေတယ်။ ဝေခွဲမရတဲ့ စိတ်တွေက ထားရဲ့ စိတ်ကိုအနားမပေးဘဲ လူး လာပြေးနေစေတယ်။ ရင် ထိုးလေးကို ဘာလို့ မထားခဲ့ဘဲ ထား တပ်လာခဲ့မိရတာလဲ။ တပ်ထားခဲ့ရင်လည်း ဘာလို့အပေါ်ကနေ အနွေး ထည် ထပ်ဝတ်လာမိခဲ့တာလဲ။ အမှန်က ထား ရှက်နေမိတာ။ ထားရဲ့ အတွေးတွေ ထားရဲ့ အိပ်မက်တွေမှာ သူ နေရာယူထားတာ ကြာမှကြာပေါ့။ သူ့မျက်နှာကို တွေးမြင်ရုံနဲ့ ထား လက်ဖျားလေး တွေ အေးစက်လို့တောင် လာ ရတယ်။

ဒီနေ့ ကျောင်းရောက် ကတည်းက သူ့ကို ထား အရိပ်အယောင်တောင် မတွေ့ ရဘူး။ ထား လက်ဖျားမှာ ချွေးစေးတွေနဲ့။ ကျောင်းခန်း ထဲမှာသာ ထိုင်နေရတယ်။ ထား စိတ်နဲ့လူ မကပ်ချင် ဘူး။ ကျောင်းတက်ချိန်နီးလာ တဲ့အထိ သူ့ကို ထား မတွေ့ရတော့ ၀မ်းနည်းချင်လာမိ တယ်။ စိတ်လည်း တိုလာ တယ်။ လက်ပတ်နာရီက စက္ကန့်တံလေးတွေက တရွေ့ရွေ့ သွားနေတယ်။ အခုထိ သူ့အရိပ်အယောင်တောင် မမြင်ရသေးဘူး။ ထားကို သူ ဒီလို နောက်စရာလား။ စိတ် တိုတိုနဲ့ ၀တ်လာတဲ့ အနွေး ထည်လေးကို ရင်ဘတ် ကြယ်သီးတွေ အကုန်စေ့ အောင် တပ်ထားလိုက်မိတယ်။ “သူကဖြင့် မလာဘူး။ ရင်ထိုး ကို တပ်လာမိတာ ရှက်ဖို့ ကောင်းလိုက်တာ”လို့ တွေး ရင်း ရင်ထဲတနုံ့နုံ့ ဖြစ်နေမိ တယ်။ ဒီနေ့မှ ထူးထူးခြားခြား အလှပြင်လာလို့ ဖရက် ရှာဝဲလ် ကမ်းအတွက် ပြင် လာတယ်လို့ သူငယ်ချင်းတွေ က ထင်နေကြပြီ။

ရှက်ဒေါသတွေက တစ် ကိုယ်လုံး ပျံ့လို့လာတယ်။ အတန်းအပြင်ဘက် ကော်ရစ် တာမှာလည်း ကျောင်းသား တော်တော်များများက ရစ်သီ ရစ်သီနဲ့။ သူတို့ အကြည့်တွေ က ကွင်းလို့ ရေပန်းစားနေတဲ့ ထားနဲ့နွယ်နွယ်တို့ အနားတစ် ၀ိုက်မှာ။ အပြင်က ကျောင်း သားတွေ ပစ်ပေါက်ထားတဲ့ စက်္ကူမြား သေးသေးချွန်ချွန် လေးတွေက ထားတို့ စားပွဲ ဘေးနားမှာ ဟိုသည် ပြန့်ကျဲ လို့။ ထားရဲ့ သိုးမွေးအနွေး ထည်လေးမှာတောင် မြား လေးတွေ လာချိန် နေသေးတယ်။ ထား အံကို တင်း တင်းကြိတ်ထားလိုက်မိတယ်။ ထား စိတ်ထဲပေါက်ကွဲနေ တာ နွယ်နွယ်တောင် ရိပ်မိတယ်။ ထား စိတ်တိုနေတာ စက္ကူမြားတွေကြောင့် မဟုတ် မှန်း နွယ်နွယ့်ကို ထား ဘယ် လို ပြောပြလို့ရပါ့မလဲ။

ဖရက်ရှာဝဲလ်ကမ်းမှာ ဘုရင်မဆုကို သူငယ်ချင်း နွယ်နွယ် ရသွားခဲ့တယ်။ သူ့ ကြောင့် ထားမှာ နွယ်နွယ့် အတွက် အပြည့်အ၀ ၀မ်း မသာနိုင်ပါဘူး။ ထား အိမ် ကို အမြန် ပြန်ရောက်ချင်နေ ပြီ။ အိပ်ရာထဲ ခေါင်းဝှက်လို့ ငြိမ်ငြိမ်လေး နေလိုက်ချင်ပြီ။ နွယ်နွယ့်ကို နှုတ်ဆက်ပြီး အိမ်ပြန်ဖို့ ကားဂိတ်ကို ခပ် သွက်သွက် လျှောက်လိုက် တယ်။ မှတ်တိုင်က ထွက်ခါနီး ဘတ်စ်ကားပေါ်ရအောင် တိုးတက်လိုက်တယ်။ အတွေးထဲမှာ ဒေါသစကား လုံးတွေ ပလုံစီထနေတယ်။ ကျောင်းမတက်ခင် အမြဲရှိနေ တတ်တဲ့သူက အခုတော့ ဘယ်ရောက်သွားပြီလဲ။ ဒီလို နေ့မျိုးမှာ ဂရုတစိုက်နဲ့ စော စောရောက်မနေသင့်ဘူးလား။ ထားကို ဒီလောက်တောင် အချိန်မပေးနိုင်ဘဲ ဘာလို့ ချစ် စကားပြောခဲ့ရတာလဲ။

ကျောင်းဆင်းချိန် ကြပ် ပိတ်ညပ်သိပ်နေတဲ့ ကားပေါ် မှာ ထားပါ ရောညပ်နေတယ်။ စပယ်ယာကို ကားခပေးမယ် လုပ်တော့ “ကိုယ့်အတွက်ပါ ပေးပေးနော်။ အကြွေမပါလို့” ဆိုတဲ့ သူ့အသံ ချိုသြသြကို အနောက်ဘက်က မထင် မှတ်ဘဲ ကြားလိုက်ရတယ်။ အမှတ်မထင် ထားဘေးနား ကို အတင်းတိုးဝှေ့လာရပ်တဲ့ သူ့ကို တွေ့လိုက်ရတယ်။ သူ အခုမှ ဘယ်နေရာကနေ ရောက်လာတာလဲ။ လူတွေနဲ့မို့ ဘာမှ မပြောချင်တာမို့ နှုတ် ဆိတ်လျက်က ကားခနှစ် ယောက်စာ ပေးပေးလိုက် တယ်။ တတ်နိုင်သမျှကို သူ့ ကို ကျောခိုင်းထားမိတယ်။ ဖြစ်နိုင်ရင် သူနဲ့ အဝေးဆုံးကို ထား ပြေးချင်နေမိပြီလေ။

ကားက ကျပ်လိုက်တာ မှ သူ့ရဲ့အသက်ရှူငွေ့နွေးနွေး က ထားရဲ့ လည်ကုပ်ပေါ် ရောက်နေတာကို သိလိုက်ရ တဲ့အထိပဲ။ အရင်က ကားစီး တိုင်း သူ့မျက်နှာဆီ မော့လို့ စကားတွေ ပြောခဲ့ပေမဲ့ ဒီတစ် ခါတော့ နှစ်ယောက်လုံး နှုတ် ဆိတ်နေတယ်။ ထား စိတ်ထဲ ၀မ်းနည်းဝမ်းသာသလို စိတ် နှစ်ခွကို ဘာလို့ ခံစားနေရတာ လဲ။ တစ်ဆက်တည်းမှာ အနွေးထည်အောက် ထားရဲ့ ၀ဲဘက်ရင်အုံလေးပေါ်က ကြောင်လေးနှစ်ကောင်ကို စိတ်ပူသွားမိတယ်။ လူတွေ တအားကျပ်လို့ ရင်ထိုးလေး များ ပြုတ်ကျသွားရင် ဆိုပြီး စိုးရိမ်လာမိတယ်။ သူက ထားရဲ့ မျက်နှာထား တင်း တင်းကြောင့်လား မသိ။ တိတ်ဆိတ်ငြိမ်သက်လို့ နေ လိုက်တာများ ကားပေါ်က ဆင်းတဲ့အထိပါပဲ။ ကတ္တရာ လမ်းမပေါ် ခြေချတော့ အနွေးထည်ကြီးနဲ့ ချွေးထွက် သန်တဲ့ ထားမှာ ချွေးတဒီးဒီး ကျနေလေပြီ။

ဆူးလေကုန်းတံတား က ဒီနေ့မှ တက်ရတာ ပိုမော နေသလိုလို။ ထား နဖူးက ချွေးတွေ သုတ်ဖို့ သူ အတင်း ကမ်းပေးတဲ့တစ်ရှူးစက္ကူကို ငြင်းလိုက်မိတယ်။သူ့မျက်နှာ ပျက်သွားတာကို ထား တွေ့ ဖြစ်အောင် တွေ့လိုက်တယ်။ အခုနေခါမှာ သူ့စိတ်ကသိ ကအောက်ဖြစ်အောင်ပဲ ထား လုပ်ချင်နေမိတယ်။ ထား ခံစားနေရတဲ့ အခိုက်အတန့်လို သူ့ကိုလည်း ထပ်တူ ခံစားစေ ချင်နေမိတာ။

“အရမ်းအိုက်နေတယ် မဟုတ်လား။ အနွေးထည် ချွတ်ထားလိုက်လေ”

ထားမှာ ကိုယ့် အခက် အခဲနဲ့ ကိုယ်မို့ ခေါင်းခါပြ လိုက်မိတယ်။ ထား ရင်ဘတ် မှာ ထိုးထားတဲ့ ကြောင်ရုပ် လေး သူ မြင်သွားမှာ စိုးမိတယ်။ ထား ဘယ်လိုလုပ် အနွေးထည်ကို ချွတ်လို့ ဖြစ် ပါ့မလဲ။
“ကျွန်တော် ဒီနေ့ စိတ် တွေ အရမ်း လှုပ်ရှားနေမိတယ်။ ထား ကျောင်းထဲ စ ၀င်လာကတည်းက ပေါ်တီ ကို တိုင်အကွယ်ကနေ ချောင်း နေခဲ့တာ”

ထား ကျွတ်ခနဲ လုပ်လိုက်မိရင်း “အပိုတွေ ပြောမနေနဲ့”လို့ ပြောချင်မိလိုက် တာမို့ အောက်နှုတ်ခမ်းလေးကိုသာ တင်းတင်းကိုက်ထားလိုက်မိတယ်။ ဒီလိုနေ့မျိုး ကျောင်းဆင်းမှ ကြပ်ပိတ်ညပ် နေတဲ့ ကားပေါ် တက်လာတဲ့ သူ့ကို ထား စိတ်မဆိုးသင့် ဘူးလား။ ဒီနေ့အတွက် တစ်ညလုံး စိတ်ကူးနဲ့ မက်ခဲ့ရတဲ့ သူနဲ့ထားရဲ့ အိပ်မက်ချိုချိုတွေ အခုတော့ သွားပြီပေါ့။ အဲဒီ လိုလူနဲ့ ထား ပေးရမဲ့ အဖြေ နဲ့ ထိုက်တန်လို့လား။

“ထား အင်္ကျီလေးကို ရင်တထိတ်ထိတ်နဲ့ အကွယ် ကနေ ကျွန်တော် လှမ်းကြည့် မိတာ။ မျှော်လင့်ထားတဲ့ ရင် ထိုးလေးကို မတွေ့လိုက်ရ တော့ ရင်ထဲမှာ တကယ် မကောင်းဘူး”

သူ့အသံတိုးရှရှက ထား မျက်ရည်တွေကို ချူနေသလို မို့ ထား အံကို တင်းတင်း ကြိတ်မိနေရပြီ။ ထား အလှ ပြင်လာတာ သူ့အတွက်။ သူမလာလို့ ထား ဘယ် လောက်တောင် စိတ်တွေ တို ခဲ့ရသလဲဆိုတာ သူ ဘာလို့ မသိနိုင်ရတာလဲ။ ထားရဲ့ အနွေးထည်အောက်မှာ သူ ပေးထားတဲ့ ရင်ထိုးလေး ရှိ နေနိုင်တယ်ဆိုတာ သူဘာလို့ မစဉ်းစားမိရတာလဲ။ သူ ထားကို နားမလည်ပါလား နော်။

“ထား အတန်းထဲ ၀င် သွားလောက်ချိန်မှ ထား အတန်းရှိရာကို တက်ခဲ့တာ။ အတန်းအပြင်မှာ ကျောင်း သားတွေကလည်း တစ်ပုံ ကြီး။ ကျွန်တော် ပြတင်း ပေါက်မှန်ကြားထဲက ထားကို ချောင်းကြည့်လိုက်တော့ သူတို့က စက္ကူမြားတွေနဲ့ ထားတို့ ထိုင်နေတဲ့နေရာကို ပစ်နေကြတယ်လေ။ ထား အကြည့်တွေကလည်း သူတို့ ဆီမှာပဲ။ ထား အလှတွေ ပြင်လာတာ ကျွန်တော့် အတွက် မဟုတ်ဘူးဆိုတာ တွေးမိတော့ သ၀န်တိုသလို လို ၀မ်းနည်းသလိုလိုနဲ့။ တစ်ခါမှ အဲဒီလို ခံစားချက် မျိုး မခံစားဖူးသေးဘူး”

ထား အိမ်နားရောက် တော့မှာမို့ ထုံးစံအတိုင်း သူက လမ်းခွဲဖို့ ခြေလှမ်း အရှိန်ကို လျှော့လိုက်တယ်။ ထား ခြေလှမ်းတွေက သူနဲ့ ထပ်တူနှေးသွားတယ်။ ထား စိတ်တွေက သူ့စကားသံ အောက်မှာ ဘာလို့များ ရုတ် ခြည်းပျော့ပျောင်းလာရတာလဲ မသိဘူး။ သူ့မျက်ဝန်းတွေကို ထား သေသေချာချာ စိုက် ကြည့်ချင်နေမိပြီ။

“ကျွန်တော် ညက အိပ် လို့တောင် မပျော်ဘူး။ ဒီနေ့ အတွက် တကယ်ကို စိတ် တွေ စောနေခဲ့ရတယ်။ စိတ် ကူးနဲ့ ၀မ်းသာကြည့်တာ တောင် တော်တော် ပျော်ခဲ့ ရတယ်။ တကယ်တော့ ထား ရဲ့ ကျွန်တော့်အပေါ် ခင်တွယ် မှုကို ကျွန်တော် ကိုယ်တိုင် ဖျက်ဆီးလိုက်မိတာပါ။ ထား ရဲ့ဆုံးဖြတ်ချက်ဟာ ထားရဲ့ ဆန္ဒပါ”

သူ့ခြေလှမ်းတွေ ရပ် တန့်လိုက်တယ်။ ထား နှလုံး သွေးတွေပါ ရပ်သွားရသလို ပဲ။ ထား အရမ်းစိုးရိမ်သွား မိပြီ။ ထား သူ့ကို ဘာမှ ပြော မနေချင်တော့ဘူး။ ထား တွေ ဝေနေရမဲ့ အချိန်မဟုတ်ဘူး ဆိုတာ သိလိုက်တယ်။ သူ့ကို ဒီထက်ပိုပြီး ထား မရက် စက်နိုင်တော့ဘူး။ ထား ကိုယ်ထားလည်း မညာချင် တော့ဘူး။ ဟန်ဆောင်ရတာ ကို ထား သိပ်မုန်းတယ်။ ထား သူနဲ့ မျက်နှာချင်း ဆိုင် လိုက်တယ်။

ထားရဲ့ လက်ချောင်း လေးတွေက အနွေးထည် ကြယ်သီးလေးတွေကို တစ်လုံးချင်းစီ ဖြုတ်နေမိတယ်။ သူက ဇဝေဇ၀ါနဲ့ ထားရဲ့ လက်ချောင်းလေးတွေကို လိုက်ကြည့်နေတယ်။ အနွေးထည် ကြယ်သီးအားလုံး ပြုတ်သွားချိန်မှာ အနွေးထည် လေးကို ချွတ်လို့ သူ့ပခုံးပေါ်  လွှားခနဲ ပစ်တင်လိုက်တယ်။ ထား ခေါင်းကို ရှက်ရှက်နဲ့ ငုံ့ထားလိုက်တော့ အင်္ကျီရင် ဘတ်ပေါ်က ကြောင်လေး နှစ်ကောင်နဲ့ မျက်လုံးချင်း ဆုံ မိတယ်။ ထားရဲ့နှုတ်ခမ်းအစုံ မှာ ရှက်ပြုံးတွေ ဝေနေမိပြီ။

တောက်ပတဲ့ အပြုံးနဲ့ သူ့ရဲ့ မချင့်မရဲ လက်သီး ဆုပ်ဖွဖွက ထား နဖူးပေါ် ရောက်လာချိန်မှာတော့ ထား အင်္ကျီရင်ဘတ် ၀ဲဘက်ပေါ် က အစိမ်းရောင်ကြောင်လေး နှစ်ကောင်က လန့်ဖျပ်ပြီး ခေါင်းလေးတွေ ပြန်ငုံ့သွား ကြတယ်။

ကြောင်လေးနှစ် ကောင်ကို ထားက တယုတယ ကိုင်ထားတယ်။ ထား လက်ထဲက တကွဲတပြားစီ ဖြစ်နေတဲ့ ကြောင်လေးနှစ် ကောင်ကို စူပါဂလူးနဲ့ သူက ပြန်ပူးကပ်ပေးနေတာကို မျက် တောင်မခတ်စတမ်း ကြည့် နေရင်း ဘေးကနေ ထား ကူညီပေးနေမိတယ်။

“နောက်ဆို ထားက သမီး မမြင်နိုင်တဲ့ နေရာမှာ သိမ်းထားလေ။ မဟုတ်ရင် သူက ကလေးဆိုတော့ ဘာမှ မသိဘူး။ ယူပြီး ကစားမှာ ပေါ့”

“ကို့ သမီးက ထား အလစ်မှာ ဗီရိုအံဆွဲ ဖွင့်ပြီး မွှေထားတာလေ။ ဒီကြောင် လေးနှစ်ကောင်ကို တကွဲ တပြားစီနဲ့ သူ့ ကျောင်းကွန် ပါဘူးထဲမှာ တွေ့တော့ ထား မျက်လုံးပြူးသွားတာပေါ့။ တခြားဟာဆို သမီးဆော့ လည်း ထား ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ အခုက”

“အင်းပါ ကိုယ် နား လည်ပါတယ်။ အခုလို စူပါ ဂလူးနဲ့ ပြန်ကပ်ပြီး သေချာ ပြန်သိမ်းထားလည်း ရတာ ပဲဗျ။ ဟုတ်ဘူးလား။ တ ကတဲ သိသိချင်း မပြောဘူး။ သုံးရက်လောက် ကျိတ် ၀မ်း နည်းနေရသေးတယ်။ အခုလို ဖျားယူမှ ဖွင့်ပြောရတယ်လို့”

မူလအတိုင်း သေသေ သပ်သပ်နဲ့ နေသားတကျ ဖြစ် သွားတဲ့ ကြောင်လေးနှစ် ကောင်ကို ကြည့်ပြီး သူနဲ့ ထား ပြိုင်တူနှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိတယ်။
သူ့လက်သီးဆုပ် ဖွဖွ က ထား နဖူးပေါ် ရောက် လာတော့ ဟိုအရင်အချိန် နေ့ တစ်နေ့ရဲ့ ချွေးတွေ ရွှဲနေတဲ့ အနွေးထည်အောက်က ကြောင်ကလေးနှစ်ကောင်ဆီ နှစ်ယောက်လုံးရဲ့ စိတ်တွေ ပြန်ရောက်လို့ သွားရတယ်။
မြသွေးနီ
(ရွှေအမြုတေ မဂ္ဂဇင်း၊အောက်တိုဘာလ ၂၀၁၂)

No comments: