Thursday, March 8, 2007

Today Reading

ကျွန်တော်ဖတ်ဖြစ်တဲ့ စာစောင်ထဲက သိချင်စရာကောင်းတယ်ဆိုတဲ့ အကြောင်းအရာ တစ်ချို့ကို ရေးပေးပါဦးမယ်။ ဆံပင်နက်အောင် အိမ်မှာပဲနေ့စဉ်လုပ်ဆောင်နိုင်တဲ့နည်း၊Indiaအနှိပ်ပညာမှ စိတ်ဝင် စားစရာ၊ ကော်ဖီ ဘယ်လိုပေါ်ပေါက်သလည်းစသဖြင့်ပေါ့။
ထောလပတ်ရွက် ဖြင့်ဆံပင်နက်အောင်လုပ်နည်း။
အရွက်လက်တစ်ဆုပ်စာကို ရေစင်စင်ဆေး၊ငရုတ်ဆုံနဲ့ထောင်းရတယ်၊ညက်အောင်ထောင်းပြီး စုယူ၊ပြီးတော့ ပန်းကန်တစ်ချပ် ခံပြီးအရေညှစ်ယူရပါတယ်။ ရေစက်လက် အရွက်ဆိုတော့ အရည်များများရပါတယ်။ အရည်နဲ့အရောင်က အစိမ်းရင့်ရင့်ပါ။အဲဒါရပြီဆိုတော့ အုန်းဆီစစ်စစ်ကို လက်ဖက်ရည်ဇွန်းလေးတစ်ဝက် လောက်ရောထည့်။(အုန်းဆီမရလည်း ပဲဆီထည့်လို့ဖြစ်ပါတယ်။ အုန်းဆီက မွှေးတယ်ပေါ့)။
ပြီးရင် သမအောင်မွှေပြီး ဆံပင်ကို အမြစ်ကစ လူးရတယ်။ သွားပွတ်တံလေးနဲ့ ဘီးဖြီးသလို လိမ်းလို့ရပါ တယ်။ဦးရေထဲ ၀င်အောင် ဖိရင်ပိုကောင်းပါတယ်။ အရေပြားထဲလက်နဲ့ဖိရင် အကောင်းဆုံးပဲတဲ့။ အဲဒီ အစိမ်းရင့်ကို လိမ်းလိုက်တဲ့အခါ ဆံပင်ဟာ စိမ်းမလာဘဲ မည်းသွားပါရော။
ပထမတစ်ပတ်တစ်ခါ ခေါင်းလျှော်ပြီးတိုင်းလိမ်းတယ်။နောက်ပိုင်း တစ်ပတ်နှစ်ပတ်နေမှ လိမ်းမယ်။ မျက်ခုံးမွှေးနည်းလို့်ဆိုရင်လည်း သွားပွတ်တံလေးနဲ့ ဆွတ်ပြီးလိမ်းပေးပါ။ ဆံပင်ပါးနေတယ်ဆိုရင်လည်း အဲဒီအရည်နဲ့ ပွတ်ပွတ်ပေးပါ။
နှိပ်နယ်ခြင်း အတတ်ပညာ
နှိပ်နယ်ခြင်းဟာ Indiaနိုင်ငံရဲ့ လူမှုအသိုင်းအ၀ိုင်းကြားမှာ နေ့စဉ် အသုံးပြုနေတဲ့ ရောဂါကာကွယ်ခြင်းနဲ့ ဆေးကုသနည်း တစ်မျိုးဖြစ်ပါတယ်။India နိုင်ငံသားအားလုံးနီးပါးနှိပ်နယ်ခြင်းအတတ်ကို တတ်မြောက်ကြ တယ်လို့တောင် ဆိုနိုင်ပါတယ်။ မွေးကင်းစအရွယ်ကစလို့ မိခင်က သူ့ရဲ့ရင်သွေးကို နှိပ်နယ်ပေးတဲ့ အလေ့ ရှိပါတယ်။ ဆယ်ကျော်သက်အရွယ် ကလေးများကလည်း မိဘဘိုးဘွားများကို ပြန်လည်နှိပ်နယ်ပေးကြတဲ့ အလေ့အထမျိုးကို သားစဉ်မြေးဆက် ကျင့်သုံးလာကြတာ ဖြစ်ပါတယ်။
Indiaနိုင်ငံမှာ ရောဂါဝေဒနာတွေကို ကုစားကာကွယ်ဖို့အတွက် အာယုဗေဒကုထုံး(ayurveda)နဲ့ အူနာနီ ကုထုံး(unani)များကို အဓိက အားထားကြပါတယ်။အာယုဗေဒကုထုံးနဲ့ အူနာနီကုထုံးတွေမှာ ဆေးပေးပြီး ကုသတာအပြင် နှိပ်နယ်ခြင်းကိုလည်း ကုထုံးတစ်ရပ်အဖြစ် ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။ နှိပ်နယ်ပေး ခြင်းက ရောဂါဝေဒနာများမဖြစ်ပွားအောင် ကာကွယ်ပေးနိုင်သလို သွေးလည်ပတ်မှုအားကို ကောင်းစေပြီး စိတ်နဲ့ ရုပ်ခန်ဓာတို့ ဆက်သွယ်မှု ဟန်ချက်ကိုပါ သဟဇာတဖြစ်စေတယ်လို့ ယူဆထားပါတယ်။
နှိပ်နယ်ပေးခြင်းနည်းလမ်းတွေထဲမှာ ပြေလျော့အောင် ညင်သာစွာပွတ်သပ်နှိပ်နယ်ခြင်း၊ လန်းဆန်းတက်ကြွ အောင် ခပ်သွက်သွက်နှိပ်နယ်ခြင်း၊သွေးပူအောင် ပွတ်တိုက်ဖျစ်ညှစ်ခြင်းမျိုးတွေပါဝင်ပါတယ်။ဒါ့အပြင် ခန်ဓာကိုယ် အနှံ့အပြားမှာ ရှိနေတဲ့ ဖိအားပေးပြီး ဖိနှိပ်ပေးရတဲ့ နှိပ်ကွက်များကို ဖိနှိပ်ပေးခြင်းမျိုးတွေကအစ ပါဝင်ပါတယ်။ နမူနာအနေနဲ့မင်္ဂလာပွဲမတိုင်ခင် သတို့သားသတို့သမီးတွေကို နှိပ်နယ်ပေးပုံအား ရေးပေး လိုက်ပါတယ်။
မင်္ဂလာပွဲအတွက် နှိပ်နယ်နည်း(Indian Bridal Massage)
Indiaမှာ မင်္ဂလာဆောင်မယ့် ၁၀ရက်အလိုလောက်ကစပြီး နေ့စဉ် သတို့သမီးနဲ့ သတို့သားတွေကိုနှိပ်နယ် ပေးတဲ့ ရိုးရာအလေ့အထ ရှိပါတယ်။ သတို့သမီးရဲ့ စိတ်ကို တည်ငြိမ်စေပြီး အသားအရေကို တောက်ပ ၀င်းလဲ့စေကာ သတို့သားရဲ့ အားမာန်တက်ကြွမှုကို အထောက်အပံ့ဖြစ်စေတယ်လို့ ဆိုပါတယ်။ဆေးဖက်ဝင် အပင်များ၊ အမွှေးအကြိုင်များနဲ့ စံပယ်ပန်းကနေ ထုတ်နုတ်ယူထားတဲ့ မွှေးရနံ့ဆီများ ရောစပ်ပြီး ကြိတ်ထား တဲ့(ubtan)အပ်တန် အနှစ်ပျော့ပျော့များကို သတို့သမီး အားလိမ်းကျံပေးကြတာဖြစ်ပါတယ်။ လိမ်းကျံတဲ့ အခါ အရေပြားထဲစိမ့်ဝင်ပျံ့နှံ့အောင် ပွတ်သပ်ဆုတ်နယ်ပေးရ ပါတယ်။ အပ်တန်(ubtan) အနှစ်ပျော့တွေ ထဲက အရည်များ အရေပြားထဲ စိမ့်ဝင်သွားလို့ အနှစ်ပျော့ပျော့ခြောက်သွေ့သွားတဲ့အခါ အနှစ်ပျော့ပျော့ တွေကွာကျလာအောင် ဆက်ပြီး ပွတ်သပ်ဆုပ်နယ်ပေးရပါတယ်။ပြီးမှ ရိုးရိုးရေနဲ့ဖြစ်စေ၊ နှင်းရည်နဲ့ဖြစ်စေ တစ်ကိုယ်လုံးကို ရေဖက်သုတ်ပြီး သန့်စင်ပါတယ်။ ဒီလို နှိပ်နယ်မှုခံယူအပြီးမှာတော့ အသားအရေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး နူးညံ့ပျော့ပျောင်းကာ တောက်ပ၀င်းလဲ့လာပါလိမ့်မယ်။
အပ်တန်(Ubtan)ရောစပ်ပြုလုပ်နည်း (Ubtan blend)
ဂျုံမှုန့်ဇွန်းကြီး - ဇွန်းကြီး လေးဇွန်း(တစ်ကိုယ်လုံး လိမ်းကျံပေးရန်အတွက်)
နှမ်း(ကြိတ်ပြီးသား အမှုန့်) - ဇွန်းကြီး နှစ်ဇွန်း
နနွင်းမှုန့် - ဇွန်းကြီး တစ်ဇွန်း
ပဲနံ့သာစေ့ - ဇွန်းကြီး တစ်ဇွန်း
မုန်ညှင်းစေ့(ကြိတ်ပြီးသားအမှုန့်) - ဇွန်းကြီးတစ်ဇွန်း
နှမ်းစေ့ - ဇွန်းကြီး သုံးဇွန်း
မုန်ညှင်းဆီ - ဇွန်းကြီး တစ်ဇွန်း
ဂျုံအနှံဆီ -ဇွန်းကြီးတစ်ဝက်
စံပယ်ရနံ့ဆီ -၁၀စက်
နံ့သာဖြူ ရနံ့ဆီ -၅စက်အားလုံးကို မွတ်ညက်နေတဲ့ အနှစ်ပျော့ပျော့အဖြစ် ရရှိအောင် ရောစပ်ပေးပါ။

No comments: