Wednesday, February 29, 2012

လက်တွေ့လုပ်ပြတာပဲ မြင်တွေ့ချင်ကြတယ်

အခုတလောစာရေးရတာ ပျော်တယ်လို့ ခံစားမိလာသလိုလို ရှိတယ်။ စာတွေကို စက်နဲ့လှည့်ထုတ်သလို နှစ်ပေါင်းများစွာ ရေးနေပေမယ့်၊ တာဝန်ဝတ္တရားတစ်ခုအနေနဲ့သာ ရေးလာခဲ့တာဖြစ်တယ်။ စာရေးရတာ ပျော်တယ်လို့ မခံစားရတာ ကြာလှပြီ။ နှစ်ပေါင်း ၅၀ တောင် ရှိခဲ့ပြီ။

လူမပြောင်း စနစ်ပြောင်း

ပြီးခဲ့တဲ့နှစ်ကစပြီး အစိုးရပုံသဏ္ဌာန်အပြောင်းအလဲ လုပ်လိုက်တယ်။ အရင်ကလည်း ဒီလူတွေ၊ အခုလည်း ဒီလူတွေဖြစ်နေပေမယ့် 'လူမပြောင်း စနစ်ပြောင်း' ဆိုသလို၊ တစ်သွေးတစ်သံတစ်မိန့် အာဏာရှင်ပုံစံကနေပြီး ရွေးကောက်ပွဲတို့၊ လွှတ်တော်တို့ ပုံစံကို ပြောင်းလဲကျင့်သုံးလိုက်တယ်။ အစိုးရအဖွဲ့သစ်ရဲ့ သမ္မတကြီးက လွှတ်တော်မှာ ပထမဆုံးမိန့်ခွန်းပြောကြားတော့ အစိုးရအဖွဲ့နဲ့တကွ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးဟာ မဲဆန္ဒရှင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသူများဖြစ်တာကြောင့် ပြည်သူ့ဆန္ဒကို အမြဲတမ်းဦးထိပ်ထား လေးစားလိုက်နာကြရမှာဖြစ်ကြောင်း၊ ဘယ်ကိစ္စမဆို ပြည်သူတွေစိတ်ချမ်းသာအောင် လုပ်ဆောင်ကြရ မှာဖြစ်ကြောင်း၊ သဘော ထား အယူအဆ မတူကွဲပြားသူများနှင့်လည်း လက်တွဲဆောင်ရွက်နိုင်အောင် နည်းလမ်းများ ရှာကြံကြရမှာဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကိုလည်း မဖြစ်မနေ လုပ်ဆောင်ပြီး သတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေး စတုတ္ထ မဏ္ဍိုင်ခိုင်မြဲစေရေးကိုလည်း အလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့တယ်။

ယုံရခက်ကြီးပါပါ

ဒီမိန့်ခွန်းကို ကြားရသူတိုင်း တအံ့တသြ ဖြစ်ကြတယ်။ နှစ်ပေါင်းငါးဆယ်လုံးလုံး မကြားခဲ့ဖူးတဲ့ ပြည်သူ့ဆန္ဒကို ဦးထိပ်ထားရမယ်တို့ အယူအဆမတူသူတွေ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သေးသူတွေနဲ့ တောင် မတူတာတွေအသာထားပြီး တူတာတွေ လက်တွဲလုပ်ဆောင်သွားမယ်ဆိုတာတို့ကိုလည်း မယုံရခက်၊ ယုံရခက်နဲ့ ''ယုံရခက်ကြီးပါပါ''ဆိုတဲ့ သီချင်းလိုဖြစ်နေကြတယ်။ ယုံရခက်နေသူတွေကိုလည်း အပြစ်ပြောလို့ မဖြစ်ဘူးလေ။သူတို့မှာလည်း အတွေ့အကြုံတွေက မနည်းတော့ဘူးကိုး။ ရှင်ကြီးဝမ်းလည်း ၀င်ခဲ့ဖူး၊ ရှင်ငယ်ဝမ်းလည်း ၀င်ခဲ့ဖူးဆိုသလိုဖြစ်နေကြလေတော့ ပြောတိုင်း မယုံတတ်ကြတော့ဘူး။

မရဲတရဲသွေးတိုးစမ်း

သမ္မတကြီးမိန့်ခွန်းပြောပြီး မကြာခင်မှာပဲ သိသာထင်ရှားတဲ့အပြောင်းအလဲကို အရင်ဦးဆုံးပြလိုက်တာကတော့ စာပေစိစစ်ရေး ဖြစ်တယ်။ ချုပ်ကိုင်တင်းကျပ်မှုတွေ အတော်များများကို လျော့ပေးလိုက်တယ်။ အရင် က လုံးဝရေးလို့မရတာတွေ ရေးလို့ရလာတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းတင်တို့နာမည်တွေကို ရေးလို့ရလာရုံတင်မက သူတို့ကိုယ်တိုင်ရေးတဲ့စာတွေပါ ထည့်သွင်းဖော်ပြခွင့် ပြုလာတယ်။ နောက်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေ စာစောင်မှန်သမျှမှာ နေ့စဉ်မလွတ်တမ်း မြင်တွေ့လာရတယ်။ ဂျာနယ်သမားတွေကလည်း ဖြည်းဖြည်းချင်း မရဲတရဲနဲ့ သွေးတိုးစမ်းသလို ဟိုဟာလေးနည်းနည်းရေးလိုက် ဒီဟာလေး နည်းနည်းတို့ကြည်လိုက်နဲ့ စာပေစိစစ်ရေးကို အကဲစမ်းကြည့်နေကြတယ်။

အရဲကိုးပြီးမေးကြည့် ပြောကြည့်

ပြည်သူလူထုဘက်ကလည်း အလားတူပဲ။ စစချင်းတော့ ကြောက်ကြောက်နဲ့ ဆယ်အိမ်ခေါင်းလောက်ကို ပြန်ပြောကြည့်တယ်။ ပြောလို့ရတော့ အရဲကိုးပြီး ရပ်ကွက်လူကြီးကို ပြန်လှန်မေးခွန်းထုတ်ကြည့်၊ ဖြစ်ချင်တာ ပြောကြည့်တယ်။ ရမှန်းသိတော့ မြို့နယ်အဆင့် ရုံးတွေ၊ ဌာနဆိုင်ရာတွေအထိ ပြောစရာရှိတာပြော၊ မေးစရာရှိတာမေး လုပ်ဝံ့လာကြတယ်။ ပြည်သူတွေက အဲဒီလိုမေးကြပြောကြတာတွေကို သတင်းမီဒီယာတွေကလည်း အမှန်အတိုင်း ရေးသားဖော်ပြလာကြတယ်။ အခုတစ်နှစ်နီးပါးရှိလာတော့ စာနယ်ဇင်းဆိုတာ ပြည်သူလူထု အားကိုးအားထားပြုစရာ နေရာတစ်ခုပါလားလို့ ပြည်သူတွေက လက်ခံယုံကြည်လာကြတယ်။ သူတို့ ရင်ဖွင့်စရာရှိတာတွေကို ဖွင့်ဟတိုင်တည်ကြတယ်။ သူတို့ကိုယ်စား ပြော ပေး ရေးပေးဖို့ တောင်းဆိုကြတယ်။

ပြည်သူကိုသစ္စာရှိရတယ်

စာနယ်ဇင်းသမားဆိုတာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသူများမဟုတ်ပေမယ့် ပြည်သူတွေ ၀ယ်ယူအားပေးကြတဲ့ ပိုက်ဆံကို စားနေကြရတာဖြစ်လေတော့ ပြည်သူတွေရဲ့တောင်းဆိုချက်တွေ၊ လိုအင်ဆန္ဒတွေကို အမြဲတမ်းဦးထိပ်ထားပြီး ဖြည့်ဆည်းပေးကြရတယ်။ ပြည်သူ့အပေါ်မှာ အမြဲတမ်းသစ္စာရှိရမယ်။ ပြည်သူ့မျက်နှာကို အမြဲတမ်း ထောက်ထားရတယ်။ ပြည်သူကလွဲပြီး ဘယ်သူ့မျက်နှာကိုမှ မကြည့်ရဘူး။ အစိုးရကို မျက်နှာချိုသွေးပြီး အခွင့်အရေးမယူရ၊ မတောင်းရသလို နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေကို မြှောက်ပင့်ပြီး''သာပေါင်းညာစား''လည်း မလုပ်ရဘူး။ အခုအချိန်မှာ အားကိုးအားထားပြုလောက်တဲ့ စိတ်ချယုံကြည်နိုင်တဲ့ စာနယ်ဇင်းက အရေအတွက်အားဖြင့် နည်းနေသေးပေမယ့် စာနယ်ဇင်းသမားရဲ့ ဂုဏ်သိက္ခာနဲ့ စည်းကမ်းကျင့်ဝတ်တွေကို လေးလေးနက်နက် လိုက်နာစောင့်ထိန်းတဲ့ လူငယ်စာနယ်ဇင်းသမားလေးတွေရဲ့ အရေအတွက်ကတော့ တော်တော်လေး အားရစရာကောင်းတာ တွေ့ရတယ်။

လစာတိုးပေးရေးကိစ္စ

ပြည်သူတွေရဲ့ ဆန္ဒကို ဦးထိပ်ထားရမယ့် ၀တ္တရားရှိတာနဲ့အညီ အခုလည်း ပြည်သူတွေ ရေးစေချင်တဲ့ အကြောင်းတချို့ကို ရေးလိုက်ရပါတယ်။ ရေးလို့ ဖြစ် မဖြစ်၊ ရေးဖို့ သင့် မသင့် ချီတုံ ချတုံဖြစ်နေတာကြောင့် နည်းနည်းတောင် နောက်ကျသွားတယ်။ အခုတော့ နယ်ပယ်ပေါင်းစုံက ပြည်သူတွေရဲ့ ရင်ဖွင့်သံတွေက နားမဆံ့အောင် ကြားနေရတာကြောင့် ဘယ်ကိစ္စမဆို ပြည်သူတွေစိတ်ချမ်းသာအောင် ဆောင်ရွက်ရမယ်ဆိုတဲ့ သမ္မတ ကြီးရဲ့စကားကို လက်ကိုင်ပြုပြီး ရေးသင့် ရေးအပ်တာကို ရေးလိုက်တာဖြစ်တယ်။ ပထမဆုံး ပြည်သူတွေပြောစေ ရေးစေချင်တာက နိုင်ငံ့ဝန်ထမ်းအား လုံးလစာတိုးပေးရေးကိစ္စ ဖြစ်တယ်။ ဒီကိစ္စကို ပြည်သူတွေကစပြီး တောင်းဆိုခဲ့တာမဟုတ်ဘူး။ တောင်းတိုင်းရတာ မဟုတ်လို့ မတောင်းဘဲ ငြိမ်နေခဲ့ကြတာကြာပါပြီ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာ ဖြစ်တယ်။

လိုက်လျောညီထွေမှုမရှိ

သူရဦးရွှေမန်းက အဆိုတင်သွင်းရာမှာ ''ယနေ့တာဝန်ထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းရဲ့ လက်ရှိရရှိနေသော လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများမှာ ယနေ့ခေတ်ကာလနဲ့ လိုက်လျောညီထွေမှု မရှိပါ။ အဲဒါကြောင့် ယနေ့ဝန်ထမ်းများ၏ လုပ်ခ လစာစရိတ်နှင့် ချီးမြှင့်ငွေများအား ထိုက်သင့်သလို အလျင်အမြန် တိုးပေးရန်လိုသည်ဆိုတဲ့အချက်ကို ထောက်ပြခြင်း ဖြစ်ပါတယ်။ အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်သလို အူမတောင့်ပြီး သီလမစောင့်ရင်တော့ သူ့တာဝန်ပဲဖြစ်ပြီး သူတို့တရားကို သူတို့စီရင်မှာ ဖြစ်ပါတယ်''လို့ ပြောသွားခဲ့တယ်။ အဲဒီအဆိုကို အစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန၀န်ကြီး ဦးလှထွန်းက ပြန်လည်ဖြေကြားရာမှာ ဘဏ္ဍာရေးရှုထောင့်အမျိုးမျိုးက ရှုမြင်တွက်ချက်ပြီး အဆိုတင်သွင်းသလို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာမဖြစ်နိုင်ဘဲ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာမှ ဖြစ်နိုင်ကြောင်း အကျယ်တ၀င့် ရှင်းလင်းပြောကြားသွားတယ်။
အနိမ့်ဆုံးလစာ တစ်သိန်းပေးသင့် သူရဦးရွှေမန်းကတော့ ငွေကုန်ကြေးကျများပြီး အကျိုးမရှိတဲ့ စီမံကိန်းများကို ရပ်ပစ်လိုက်ပြီး နိုင်ငံတော် ဘဏ္ဍာထဲလာသင့်ပေမယ့် ၀င်မလာတဲ့ ယိုပေါက်၊ ထွက်ပေါက်တွေကို ပိတ်ပစ် လိုက်ရင် တိုးပေးနိုင်ပါတယ်လို့ ထပ်မံ ဆွေးနွေးတင်ပြတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့စွဲနဲ့ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌဆီကို ပေးပို့တဲ့ သ၀ဏ်လွှာမှာလည်း သူရဦးရွှေမန်းက ပြည်သူ့ဝန်ထမ်းများ အတွက် လုပ်ခလစာများအား အနိမ့်ဆုံး ကျပ်တစ်သိန်းဖြစ်သင့်ကြောင်း ဖော်ပြထားပါတယ်။ ဒီအဆိုကိုကြားလိုက်ရတော့ ပြည်သူလူထုတစ်ရပ်လုံး ၀မ်းသာအားရ ဖြစ်သွားကြတယ်။ ရုံးမှာ အရာရှိကြီးဖြစ်နေ၊ တက္ကသိုလ်မှာ ဆရာမကြီး ဖြစ်နေပေမယ့် ပြင်ပက ပန်းရန်ဆရာတစ်ယောက် လက်သမားဆရာတစ်ယောက်၊ တက္က စီမောင်းသူတစ်ယောက်လောက်မှ မရတဲ့လစာရိက္ခာလေးနဲ့ ထီးဖြူ ဖိနပ်ပါး ဖြစ်နေကြရသူတွေအဖို့တော့ လစာတိုးမယ်ဆိုတဲ့ စကားလောက် ဘယ်စကားမှ နားဝင်မချိုပါဘူး။

ကူကြပါ၊ ကယ်ကြပါ

ဒါပေမယ့် ၀န်ကြီးဦးလှထွန်းက လစာတိုးပေးလိုက်ရင်တိုးလာမယ့် ကုန်ကျစရိတ်တွေကို သေသေချာချာ တွက်ပြပြီး၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ မဖြစ်နိုင်ကြောင်း ပြောလိုက်တော့ အမြင့်ဆုံးရောက်သွားတဲ့ စိတ် ဓာတ်တွေ အောက်ဆုံးထိအောင် ''ဖုတ် ကနဲ'' ပြုတ်ကျသွားတော့တယ်။ လက်လှမ်းမီရာ သတင်းမီဒီယာသမားတွေဆီ လှမ်းပြီ ကူကြပါဦး၊ ကယ်ကြပါဦး၊ ရေးပေးကြပါဦးနဲ့ ပူဆာကြတယ်။ ဒီတော့လည်း တာဝန်ကျေဖို့ မကြိုးစားဘဲ နေလို့မဖြစ်တော့ဘဲ ရေးရ ပြောရတော့တယ်။ ဘဏ္ဍာရေးဝန်ကြီးတွက်ချက်ပြတဲ့ ကုန်ကျစရိတ်တွေ သိပ်ပြီး မြင့်တက်လာမယ်ဆိုတာ မှန်ပါတယ်။ ငွေကြေးဖောင်းပွမှုလည်း မလွှဲမရှောင်သာ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါပေမယ့်ဝန်ကြီးက ကုန်ကျမယ့်ဘက် တစ်ခုကိုပဲ ပြောသွားပြီး ရလာဖို့ရှိတဲ့ ဘက်တွေကိုတော့ ပြောမသွားခဲ့ပါဘူး။

ဝင်နေတာတွေရှိပါတယ်

ကျွန်တော်တို့မှာ နှစ်စဉ်ဒေါ်လာ သန်းနဲ့ချီဝင်နေတဲ့ မုတ္တမကမ်းလွန်က ဓာတ်ငွေ့ဝင်ငွေတွေရှိနေပြီး တခြားနေရာတွေကထွက်နေတဲ့ ဓာတ်ငွေ့တွေကလည်း ၀င်လာဦးမှာပါ။ နှစ်စဉ် နှစ်ကြိမ် သုံးကြိမ် ကျင်းပနေတဲ့ ကျောက်စိမ်းနဲ့ တခြားရတနာကျောက်မျက်တွေ ပုလဲတွေက ၀င်ငွေတွေ ရှိပါတယ်။ လောလောဆယ် ပြင်ပပေါက်ဈေး ကျပ်သိန်းထောင်နဲ့ချီ တန်ဖိုးရှိတဲ့ နိုင်ငံပိုင်ရုံးအဆောက်အဦတွေနဲ့ စက်ရုံကြီးငယ်တွေ ထုတ်ရောင်းနေတာလည်း ရာနဲ့ချီရှိနေပါပြီ။ အဲဒီကငွေတွေလည်း နည်းမှာ မဟုတ်ပါဘူး။ ဒါ့အပြင် လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းပြောခဲ့တဲ့ မလိုအပ်တဲ့ စီမံကိန်းကြီးတွေ ပယ်ဖျက်တာတွေ၊ လျော့ချတာတွေလုပ်ခဲ့ရင် ထွက်လာမယ့် ငွေကြေးအလုံးအရင်းတွေလည်း အများကြီးပါ။ အရင်အစိုးရတွေလက်ထက်မှာ လုပ်ခဲ့တဲ့ တချို့စီမံကိန်းများဆိုရင် နိုင်ငံတော်ဘဏ္ဍာအဖြစ်ရလိုက်တာ နည်းနည်း၊ ပြင်ပစီးပွားရေးသမားနဲ့ ဌာနဆိုင်ရာ လုပ်ပိုင်ခွင့်ရှိသူ လက်ဝါးချင်းရိုက်ပြီး သူတို့အိတ်တွေထဲ ရောက်သွားတာက များများ ဖြစ်နေတာတွေရှိပါတယ်။ ဒါတွေကို ဥပဒေအတိုင်း တိတိကျကျ စစ်ဆေးလိုက်ရင် နိုင်ငံတော်ဘဏ္ဍာအများကြီး တိုးသွားစရာရှိပါတယ်။

အခွန်ရှောင်တာ၊ လိမ်တာ

တစ်ဖက်ကလည်း အခွန်ရှောင်တာ လုံးဝမဆောင်တာတွေကို သေသေချာချာ စိစစ်ဖော်ထုတ်လုပ်သင့်ပါတယ်။ မနှစ်က Weekly Eleven ဂျာနယ်မှာ နှစ်စဉ် အခွန်အများဆုံး ပေးဆောင်နေတဲ့ လုပ်ငန်းရှင် ၁၀ ဦးဆို တဲ့စာရင်းတစ်ခု ဖော်ပြခဲ့တယ်။ ကြည့်လိုက်တော့ နိုင်ငံတော်သူဌေးကြီးအဖြစ် စာရင်းဝင်ခဲ့တဲ့ လုပ်ငန်းရှင်ကြီးတွေထဲက တစ်ဦးမှပါတာ မတွေ့ရပါဘူး။ တစ်ခုခုတော့ မှားနေပြီဆိုတာ ဒီမှာတင် ထင်ရှားနေပါပြီ။ ဒါပေမယ့် ဘယ်သူကမှ ပြုပြင်ဖို့ စိတ်ကူးမရှိခဲ့ကြပါဘူး။ ဒီလိုအခွန်ရှောင်တာ၊ လိမ်တာ လုံးဝမသွင်းဘဲနေတာတွေကိုသာ အသေအချာ ကြပ်မတ်လိုက်ရင် ၀န်ထမ်းအနိမ့်ဆုံးလစာကို တစ်သိန်းမဟုတ်ဘူး။ သုံးသိန်းလောက်တောင် ပေးနိုင်လိမ့်မယ်လို့ တွေးလိုက်မိပါတယ်။


ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ ပူးပေါင်းပါဝင်မှုမရနိုင်ရင် ဘယ်လုပ်ငန်းမှ မအောင်မြင်နိုင်ဘူး။ အထူးသဖြင့် အခုလိုဆန့်ကျင်ဘက်တစ်ခုကနေ တခြားဆန့်ကျင်ဘက်တစ်ခုကို ခုန်ပြီး ကူးပြောင်းတဲ့ အပြောင်းအလဲမျိုးမှာ ပြည်သူလူထုရဲ့ ယုံကြည်မှုဟာ အခရာအကျဆုံးဖြစ်တယ် ...


ဖုန်းအမျိုးမျိုးကိစ္စ

ဖျက်သိမ်းပစ်သင့်တဲ့ စီမံကိန်းတွေထဲမှာ ဈေးအမျိုးမျိုးပြောင်းပြီး ရောင်းနေတဲ့ ဖုန်းစီမံကိန်းတွေလည်း ထိပ်ဆုံးက ပါသင့်တယ်။ ၁၅ သိန်းတန်၊ ၁၀ သိန်းတန်၊ ငါးသိန်းတန် အခု နှစ်သိန်းတန်ဆိုပြီး ရောင်းနေတဲ့ ဖုန်းတွေကိစ္စ အရင်က သာမန်ပြည်သူတွေ ဘာမှမသိကြဘူး။ တလောက ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ပိုက်ဆံ ၅၀၀၀ ရှိရုံနဲ့ လူတိုင်း ဖုန်းကိုင်နိုင်မယ့် စီမံကိန်းကို သမ္မတကြီးဆီ တင်ပြထားတယ်။ ခွင့်ပြုချက်ရတာနဲ့ ချက်ချင်း အကောင် အထည်ပေါ်လာမယ်လို့ ပြောလိုက်တော့မှ တစ်နိုင်ငံလုံး အုံးအုံးကျွက်ကျွက် ဖြစ်သွားတယ်။ ဆက်သွယ်ရေးက သတင်းစာရှင်းလင်းပွဲလုပ်ပြီး နည်းပညာအရရော၊ ဥပဒေအရပါ လုံးဝ မဖြစ်နိုင်ဘူးလို့ ငြင်းတယ်။

ပုတ်သင်ဥပေါ်သလို

ညောင်မြစ်တူးရင်း ပုတ်သင် ဥပေါ်သလို ဖြစ်ကုန်တယ်။ ၅၀၀၀နဲ့ ရောင်းမယ်ဆိုတဲ့ ကုမ္ပဏီဘက်ကလည်း နည်းပညာတွေ ဘယ်လောက်မြင့်မြင့် ဖြစ်အောင်လုပ်နိုင်တယ်လို့ထပ်ပြီး စာနယ်ဇင်းရှင်းလင်းပွဲလုပ်ပြီး ပြောတယ်။ အဲဒီလိုအပြန်အ လှန်ရှင်းကြတော့မှ အရင်က ဖုန်းဈေးတွေ ၁၅ သိန်း၊ သိန်း ၂၀ ထိ ဘာကြောင့် ဖြစ်ခဲ့တာလဲဆိုတာ လူတွေက သိကုန်ကြတယ်။ ပွစိပွစိနဲ့ ပြောကုန်ကြတယ်။ ပြည်သူတွေ စိတ်ချမ်းသာအောင်၊ ဆောင်ရွက်ကြရမယ်လို့ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် မကြာခဏ ပြောကြားနေတာတောင် ဒီလိုအဖြစ်မျိုးတွေ ဆက်ပြီး ရှိနေဆဲပါလားလို့ ညည်းတွားမိကြတယ်။

လက်တွေ့လုပ်ပြဖို့လို

ပြုပြင်ပြောင်းလဲရေးဆိုတာ ပါးစပ်နဲ့တင် ပြောင်းနေလို့မရဘူး။ စာရွက်ထဲမှာ ရေးထားရုံနဲ့လည်း မရဘူး။ ''Actions Speak louder than words" ဆိုတဲ့စကားလို လက်တွေ့ပြဖို့ လိုတယ်။ မြန်မာ့ဆိုရှယ်လစ် အစိုးရခေတ် တုန်းကလည်း အပြောတွေကတော့ ချိုနေတာပဲ။ ရှေးကကျောမွဲတွေ ငဘ တွေလို့ခေါ်နေတဲ့ လယ်သမားဆင်းရဲသားတွေကို ''ဦးကြီး ဦးကြီး''နဲ့ ရွှန်းရွှန်းကို ဝေနေတာပဲ။ အလုပ်သမားတွေကိုလည်း ''လုပ်သားပြည်သူ''တွေလို့ ခေါ်ခဲ့တယ်။ လုပ်သားပြည်သူနေ့ စဉ်သတင်းစာထဲမှာလည်း နိုင်ငံတော်စီမံကိန်းတွေ အကြီးအကျယ် အောင်မြင်နေကြတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ပေါင်မုန့်တစ်လုံး ၀ယ်ရဖို့တောင် ပြည်သူမုန့်တိုက်ရှေ့ မနက်အစောကြီး သွားတန်းစီရတယ်။ မစီနိုင်ရင် ဗီဗီအိုင်ပီ(VVIP) တွေရထားတဲ့ ပါမစ်ကို ၀ယ်ထားရတယ်။ ပေါင်မုန့်ပါမစ်ကိုတောင် အလွတ်မပေးဘဲ ယူသူတွေလည်း အများကြီးပဲ။

တရုတ်စာဖတ်သလို

အဲဒီတော့ ဌာနဆိုင်ရာတွေက ပြောတဲ့စကားတွေကို ပြည်သူတွေက အယုံအကြည် မရှိတော့ဘူး။လုပ်သား ပြည်သူ့နေ့စဉ်လို အစိုးရသတင်းစာထဲပါတာတွေကိုလည်း မယုံကြည်တော့လို့ ဘယ်သူမှ မဖတ်တော့ဘူး။ သတင်းစာဖတ်တဲ့အခါ တရုတ်စာအုပ်တွေ ဖတ်သလို နောက်ဆုံးကစပြီးလှန်တဲ့ အလေ့အကျင့်ဟာ လုပ်သားပြည်သူ့ နေ့စဉ်ခေတ်က စလိုက်တာဖြစ်တယ်။ အခုအထိ လူတိုင်း ဒီအကျင့်ကြီးစွဲနေတုန်းပဲ။ သတင်းစာရောက်တာနဲ့ နောက်ဆုံးစာမျက်နှာကို အရင်လှန် ကြည့်လိုက်ကြတယ်။ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ ပူးပေါင်းပါဝင်မှု မရနိုင်ရင် ဘယ်လုပ်ငန်းမှ မအောင်မြင်နိုင်ဘူး။ အထူးသဖြင့် အခုလို ဆန့်ကျင်ဘက်တစ်ခုကနေ တခြားဆန့်ကျင်ဘက်တစ်ခုကို ခုန်ပြီးကူးပြောင်းတဲ့ အပြောင်းအလဲမျိုးမှာ ပြည်သူလူထုရဲ့ ယုံကြည်မှုဟာ အခရာအကျဆုံးဖြစ်တယ်။ အပြောတွေ၊ ကိန်းဂဏန်းတွေ၊ စာရင်းဇယားတွေကို မြန်မာ့ဆိုရှယ်လစ်ခေတ်မှာကတည်းက ငြီးငွေ့လှပါပြီ။ အခုတော့ လက်တွေ့လုပ်ပြတာပဲ မြင်တွေ့ချင်ကြပြီဆိုတဲ့အကြောင်း ပြည်သူများက ပြောစေချင်တဲ့အတိုင်း ပြောလိုက်ရပါတယ်ဗျာ။

Written by လူထုစိန်ဝင်း

Credit: http://www.news-eleven.com/index.php?option=com_content&view=article&id=12507:2012-02-26-07-42-24&catid=78:2009-11-13-06-25-17&Itemid=135

Tuesday, February 28, 2012

အိပ်ခ်ျအိုင်ဗွီကာကွယ်ရေးကို ၀န်ကြီးဌာနနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန် တင်ပြ

အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ရေး၊ ကုသရေး၊ ပြုစုစောင့် ရှောက်ရေးလုပ်ငန်းများကို ကျန်းမာရေး ၀န်ကြီးဌာနမှ ဌာနဆိုင်ရာများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အလှူရှင်များ အတူပိုမို ပူးပေါင်းဆောင်ရွက်ကြရန်နှင့် အခြားအသိပေးတောင်းဆို လိုသည့် အချက်များကို အဖွဲ့ဝင်များစုပေါင်း လက်မှတ်ရေးထိုးကာပေးပို့ရန် ဖေဖော် ၀ါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် လှုမှုရေး အဖွဲ့အစည်းများကွန်ရက် (အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်) ၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် အဖွဲ့ဝင်များက ဆုံးဖြတ်ခဲ့သည်။

"ကျွန်တော်တို့အဖွဲ့က မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရောဂါကာကွယ်၊ ကုသရေး၊ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နေတဲ့ ပြည်တွင်းလူမှုရေးအဖွဲ့စည်း ၁၃၂ ခု ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ကွန်ရက် တစ်ခုပါ။ ကျွန်တော်တို့ ကွန်ရက်ကနေ အဖွဲ့ဝင်တွေကို ပိုက်ဆံမထောက်ပံ့ပေးပါဘူး။ "လက်ရှိအခြေအနေရ ပြည်တွင်း လူမှုရေး အဖွဲ့စည်းတွေဟာ လှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာ တချို့သောဒေသ ဆိုင်ရာ အစိုးရအဖွဲ့စည်းတွေရဲ့ အသိ အမှတ်ပြုမှုမခံရဘူး။ ခွင့်ပြုချက်မရဘူး။ အခုဆိုရင် မန္တလေးကအဖွဲ့က ဒါကို တင်ပြပေးတယ်။ နောက်ပြီး သူတို့အဖွဲ့ တွေရပ်တည်ဖို့ ရန်ပုံငွေ အရမ်းနည်း တယ်။ ဒါမျိုးတွေကို ကျွန်တော်တို့ ကွန်ရက်ကနေ တင်ပြတောင်းဆိုပေးသွားမှာပါ"ဟု ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ က ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအကြံပေးဖြစ်သူ ဒေါက်တာအောင်ထွန်းသက် ကလည်း ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများမှာ အစိုးရမှ တရားဝင်အသိအမှတ်ပြုမှု မရရှိသေးသောကြောင့် လှုပ်ရှားရ ခက်နေကြောင်းနှင့် မကြာခင်တွင် တရားဝင်အဖွဲ့စည်းအဖြစ် အသိအမှတ် ပြုနိုင်ရန်အတွက် မှတ်ပုံတင်နိုင်တော့မည်ဖြစ်ကြောင်း ပြောကြားသည်။

ရွှေရည်စောမြင့်
အတွဲ ၂၈ ၊ အမှတ် ၅၅၈ ( ၂၄ ၊ ၂ - ၁ ၊ ၃၊ ၂၀၁၂)

မြန်မာတိုင်းမ်
- အိပ်ခ်ျအိုင်ဗွီကာကွယ်ရေးကို ၀န်ကြီးဌာနနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန် တင်ပြ

HIV positive ရှိသူများမှာ မိမိကိုယ်ကို သေကြောင်းကြံမှုများ ရှိလာ

HIV positive ရှိသူများမှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကြောင့် မိမိကိုယ်ကို သေကြောင်းကြံမှုများ ပိုမိုများပြားလာကျကြောင်း အိတ်ခ်ျအိုင်ဗီ ပိုးကူးစက်ခံရသူများ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှ သိရှိရသည်။ အဆိုပါ ဖြစ်စဉ်များ ဖြစ်ရခြင်းမှာ ပတ်ဝန်းကျင်မှ ခွဲခြားနှိမ်ချ ဆက်ဆံမှုများ၊မိမိမိသားစုက ခွဲခြားနှိမ်ချဆက်ဆံခံကြခြင်းနှင့် ဆေးဝါးမလုံလောက်မှုများ၊ အပြင်အခြားစီးပွားရေး အခက်အခဲများကြောင့် ကိုယ့်ကို ကိုယ် သေကြောင်းကြံ မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

“HIV ရှိတယ်လို့ ပြောလိုက်တာနဲ့ လူတွေမှာလန့်ဖြန့် သွားကြတယ်၊HIV ရှိတယ်လို့ ကိုယ့်ကိုကိုယ် ခံစားလာကြရင်ကို ရှက်တယ်၊ကြောက်တယ်၊ရွံ့တယ် ပြီးရင် ပတ်ဝန်းကျင် အထင်မြင်သေးခံရမှာ ကြောက် တယ်၊ ပတ်ဝန်းကျင်က ပစ်ပယ်ခံရမှာကြောက်တယ်ဆိုတာတွေကြောင့် အဆုံးစီရင်တာ ဖြစ်နိုင်တယ်”ဟု ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ မှ တာဝန်ခံ တစ်ဦးဖြစ်သူ ဒေါက်တာ နေ၀င်းကပြောသည်။

အချို့လူတွေမှာ သူသည်လူမမာ ဖြစ်သည်၊ နာတာရှည်ရောဂါ ဖြစ်သည့်အတွက်ကြောင့် မိသားစု အပေါ် ၀န်ထုပ်ဝန်ပိုး ဖြစ်သည်ဟု ခံစားရသောကြောင့် အဆုံးစီရင်တာ ဖြစ်နိုင်ကြောင်း ဒေါက်တာနေ၀င်း ဆက်လက်ပြောဆိုသည်။စိတ်ဖိစီးမှု့များ၊ ဆေးရုံ၏ဒုက္ခများ၊ HIV positive နှင့် နေထိုင်နည်းကို မသိသောကြောင့် မိမိကိုယ်ကို အဆုံးစီရင်ရခြင်း ဖြစ်သည်ဟု ဦးချစ်ကိုကို ကလည်း သုံးသပ်ပြောဆိုသည်။

“positive မှ negative မှ မဟုတ်ဘူး လူတိုင်းမှာ ဒုက္ခမျိုးစုံ ရှိနိုင်တယ် အဓိက care လုပ်မယ့်သူ ရှိရမယ် ဘယ်လို ရပ်တည်ရမယ် ဆိုတာသိရမယ် ဘယ်လိုသက်သာမယ်ဆိုသိရမယ် အဲဒါတွေ သိရင် ဒီလို ပြဿနာတွေ မဖြစ်နိုင်ဘူး”ဟု ဦးချစ်ကိုကို ကဆိုသည်။ သွေးစစ်တော့မယ်ဆိုရင် သွေးမစစ်ခင် လူတိုင်းကကြိုတင် နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း၊ နှစ်သိမ့်ဆွေးနွေးခြင်း လုပ်ထားတဲ့အတွက် ပိုးရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ အဆိုပါ သေကြောင်းကြံမှုများ မဖြစ်နိုင်ကြောင်း ဦးချစ်ကိုကို ပြောသည်။

HIV ပိုးရှိသူ၏ မိသားစု၊သူငယ်ချင်း၊ပတ်ဝန်းကျင်မှာရှိတဲ့ သူများလဲ အသိပညာပေးဆွေနွေးမှုများ ပြုလုပ်သင့်ကြောင်း၊positive တယောက်အတွက် စိတ်ခံစားမှုက အရေးကြီးကြောင်း၊ မိမိတို့မှာရှိတဲ့ ပြဿနာ များကို ဖွင့်ပြော တိုင်ပင်လို့ ရတဲ့သူရှိပါက ၄င်းဖြစ်စဉ်များ မဖြစ်နိုင်ကြောင်း သိရှိရသည်။ HIV နဲ့ပတ်သက်၍ နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်လိုပါက ဖုန်းနံပါတ် ၀၉ ၇၃၁၉၈၉၁၃ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရှိရသည်။

ရွှေမြစ်မခ - HIV positive ရှိသူများမှ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကြောင့် မိမိကိုယ်ကို သေကြောင်းကြံမှုများ ရှိလာ

အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူများအား မြို့နယ်သုံးမြို့နယ်တွင် အခမဲ့ကုသပေး

အေအာဗွီဆေးဝါးဖြင့် ကုသရန်လိုအပ်နေသည့် အိပ်ခ်ျအိုင်ဗွီဝေဒနာရှင်များအား မြို့နယ်သုံးမြို့နယ်တွင် အခမဲ့ဆေးကုသပေးလျက်ရှိကြောင်း ကရုဏာလရိပ်အဖွဲ့(ရန်ကုန်)မှ သိရသည်။

''ကျွန်တော်တို့အဖွဲ့မှာ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင် ၂၀၀ ကျော်ရှိတဲ့အထဲမှာ အေအာဗွီ ဆေးတိုက်ကျွေးနေရတဲ့လူနာ ၁၄၀ ကျော်လောက်ရှိပါတယ်။ အဖွဲ့အနေနဲ့ သာကေတ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း နေရာသုံးနေရာမှာ အေ အာဗွီဆေးတွေ ပေးပါတယ်။ လက်ရှိပထမအဆင့် ဆေးသောက်နေရတဲ့ လူနာ ၁၃၀ ကျော်ရှိပြီး ဒုတိယအဆင့် ဆေးသောက်နေရတဲ့လူနာ သုံးဦးရှိပါတယ်။ ဝေဒနာရှင်တွေလည်း ဆက်သွယ်ပြီး ဆေးကုသမှုခံယူနိုင်ပါတယ်'' ဟု ကရုဏာလရိပ်အဖွဲ့(ရန်ကုန်)မှ တာဝန်ရှိသူက ဆိုသည်။

ကရုဏာလရိပ်အဖွဲ့(ရန်ကုန်)သည် ပြည်သူများအား ကျန်းမာရေးနှင့် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုအတွက် အသိပညာပေးရန်၊ ချို့တဲ့နွမ်းပါးသော ဝေဒနာရှင်များအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ကုသမှုပိုင်းဆိုင်ရာ ကူညီ ထောက်ပံ့မှုများပေးရန်၊ ပြုစုစောင့်ရှောက်မှု လိုအပ်နေသူများအတွက် အသက်အရွယ်မရွေး ကူညီစောင့်ရှောက်မှုပေးရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကရုဏာလရိပ်အဖွဲ့(ရန်ကုန်) အနေဖြင့် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီ အက်စ်ရောဂါ ပညာပေးလုပ်ငန်းများ၊ တွေ့ဆုံဆွေးနွေးပွဲများ၊ အိမ်တိုင်ရာရောက် ပြုစုစောင့်ရှောက်မှုလုပ်ငန်းများ၊ အခွင့်အရေးယူဝင်ရောက် လာသည့်ရောဂါများကို စစ်ဆေးမှုနှင့် ကုသမှုခံယူနိုင်ရန် ပံ့ပိုးပေးခြင်း၊ အာဟာရ ပံ့ပိုးပေးခြင်း၊ နှစ်သိမ့်ဆွေး နွေးပညာပေးခြင်းနှင့် သွေးစစ်ဆေးနိုင်ရန် ထောက်ပံ့ပေးခြင်း စသည့်လုပ်ငန်းများကို အခမဲ့ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

Eleven Media Group
- အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူများအား မြို့နယ်သုံးမြို့နယ်တွင် အခမဲ့ကုသပေး

Monday, February 27, 2012

ဝိပဿနာနှင့် လူငယ်တို့သတိပြုစရာ

မျက်မှောက်ခေတ်တွင် မြန်မာနိုင်ငံရှိ လူငယ်အတော်များများ ၀ိဿနာကို စိတ်ဝင်စားလာကြကြောင်း ၀မ်းမြောက်ဖွယ်တွေ့ရှိရသည်။ လွန်ခဲ့သောဆယ်စုနှစ် တစ်စုလောက်အထိ ၀ိပဿနာနှင့် ပတ်သက်သော စာအုပ်စာတမ်းများသည် အသက်ငါးဆယ်၊ ခြောက်ဆယ် ကျော်အရွယ် လူကြီးပိုင်းအတွက်သာ အဓိကထားရည်ရွယ်ရေးသား စီစဉ်ထုတ်ဝေခဲ့ကြသော်လည်း ယခုအခါမူ အသက်နှစ်ဆယ်မှ လေးဆယ်ဝန်းကျင်လူငယ်ထု စာဖတ်ပရိသတ်အကြိုက် အရေးအသား၊ အပြင်အဆင်များဖြင့် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ အနုပညာ လောကမှ နာမည်ကြီးသော၊ လူငယ်ပရိတ်သတ်လည်းရှိသော ပုဂ္ဂိုလ်များကိုယ်တိုင်ပင် ၀ိပဿနာနှင့် ပတ်သက်သည့် အပြောအဆို အရေးအသားများရှိလာခဲ့သည်။ ၀ိပဿနာကို လေ့လာလိုက်စားသည့် လူငယ်များတွင် နောက်ခံအကြောင်းရင်းအမျိုးမျိုးရှိစေကာမူ မြတ်ဗုဒ္ဓ၏အဆုံးအမကို လိုက်နာကျင့်သုံးလာကြသည်မှာ ကျွန်ုပ်တို့အဖို့ သာဓုခေါ်စရာပင်ဖြစ်သည်။ ၀ိပဿနာလိုက်စားသူတွေ များ လာလေလေ ၀ိပဿနာ ကမ္မဋ္ဌာန်းနည်းပြဆရာများ၊ ကမ္မဋ္ဌာန်းတိုက်များလည်း မြန်မာနိုင်ငံအ၀ှမ်း တိုးပွားလာလေလေပင်ဖြစ်တော့သည်။

ဤနေရာတွင် ကျွန်ုပ်တို့ သတိပြုအပ်သည်မှာ ထိုကမ္မဋ္ဌာန်းတိုက်တို့အနေနှင့် အရေအတွက်သာမက အရည်အချင်းပါ တိုးတက်လာစေ ရေး ဖြစ်သည်။ ကမ္မဋ္ဌာန်းတိုက် အတော်များများမှာ ပရိယတ္တိ၊ပဋိပတ္တိစွယ်စုံရ သံဃာတော်အရှင်မြတ်များ၊ လူဝတ်ကြောင်ဆရာကြီးများ၏ ဦးဆောင်လမ်းညွှန်မှုဖြင့်၊ ၀ိပဿနာ ဘာဝနာပွားများနည်းများကို ပို့ချလျက်ရှိရာ သာသနာတော်အတွက် လွန်စွာအားရကျေနပ်ဖွယ် လည်း ကောင်းလှပါသည်။ သို့ရာတွင် အချို့အချို့သော ကမ္မဋ္ဌာန်းတိုက်များမှာကား ဗုဒ္ဓဘာသာပိဋကတ်စာပေကို သင်ရိုးနည်းကျလည်း မသင်ဖူး၊ ပရိယတ္တိ၊ပဋိပတ္တိစွယ်စုံရ ဆရာသမားများထံမှာ စနစ်တကျနည်းနာခံယူဖူးခြင်းလည်းမရှိပါဘဲ မိမိကိုယ်ကို ဆရာတစ်ဆူအဖြစ်ခံ ယူကာ ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက် လုပ်နေကြသူများရှိနေသည်ကို ၀မ်းနည်းဖွယ်ရာ သိရှိရပေသည်။

ထိုပုဂ္ဂိုလ်များသည် ပိဋကတ်စာပေလာ ၀ိပဿနာဘာဝနာပွားနည်းတို့ကို သင်ရိုးနည်းကျသော်လည်းကောင်း၊ ဆရာသမားကောင်းထံ နည်းနာခံယူ၍သော်လည်းကောင်း၊ မသင်ကြားမနာယူခဲ့ဖူးဘဲ ကမ္မဋ္ဌာနစရိယအဖြစ် မိမိဘာသာ သတ်မှတ်ထားကြခြင်းဖြစ်သည်။ ထိုသို့ ဗုဒ္ဓဒေသနာကို သင်ရိုးနည်းကျမသင်ယူခဲ့ရခြင်း၊ ဆရာသမားကောင်းထံ မဆည်းပူးခဲ့ရခြင်းဟူသော အားနည်းချက်ကိုဖုံးဖိရန်အလို့ငှာ အခွင့်သာတိုင်း ပိဋကတ်စာပေနှင့်ယှဉ်၍ စနစ်တကျ ၀ိပဿနာကမ္မဌာန်း နည်းပြနေသူများကို 'ပရိယတ္တိသမားတွေ'၊ 'စာခံနေလို့ တရား ထူးမတွေ့နိုင်သူတွေ' ဟု တိုက်ခိုက်ဟောပြော ပုတ်ခတ်လေ့ရှိကြသည်။

ဗုဒ္ဓဘာသာတွင် ပရိယတ္တိ၊ ပဋိပတ္တိ၊ပဋိဝေဓ ဟူ၍ သာသနာသုံးရပ် ရှိပေသည်။ ခေတ်စကားဖြင့် နားရှင်းအောင်ပြောရလျှင် 'ပရိယတ္တိ'ဟူ သည် 'နည်းလမ်း' (လမ်းညွှန်သဘောတရား၊သီအိုရီ)၊ 'ပဋိပတ္တိ' ဟူသည် နည်းလမ်းအတိုင်းလက်တွေ့ကျင့်သုံးမှု၊ 'ပဋိဝေဓ' ဟူသည် နည်းလမ်းအတိုင်း လက်တွေ့ကျင့်သုံးမှုကြောင့် ထွက်ပေါ်လာသော 'အကျိုးရလဒ်'ပင်ဖြစ်သည်။ သို့ဖြစ်ရာ 'နည်းလမ်း'တည်းဟူသော 'ပရိယတ္တိ 'မပါဘဲ မည်သို့မျှ 'ပဋိပတ္တိ'ကို ကျင့်ကြံအားထုတ်၍ မရနိုင်ချေ။ တချို့က ဟောကြပြောကြသေးသည်။ 'တို့ကတော့ ပဋိပတ္တိ သမား၊ လက် တွေ့သမားပဲဟေ့။ ပရိယတ္တိ တတ်တာလောက်နဲ့ နိဗ္ဗာန်ရောက်မှာမဟုတ်ဘူး၊ ဗုဒ္ဓရဲ့တရားက အကျင့်တရား အထိုင်တရား စာသိမဟုတ် ဘူး၊ ခန္ဓာသိကွ' ဟုဆိုလေ့ရှိကြသည်။

စာရေးသူအနေနှင့် ၀ိပဿနာတရား အားထုတ်ရန် ကြံရွယ်နေသော လူငယ်မောင်မယ်များအား အထူးသတိပေးလိုပါသည်။ အထက်က ဆိုခဲ့သောစကားနှင့် အဓိပ္ပာယ်တူတရားတွေ ဟောနေပြီဆိုလျှင် ထိုဝိပဿနာကမ္မဋ္ဌာန်းပြဆရာသည် ဗုဒ္ဓတရားတော်၏ အခြေခံမျှကိုပင် ကောင်းစွာ နားလည်ခြင်းမရှိသော၊ လိမ်လည်လှည့်ဖျားနေသော ဆရာတုဆရာယောင်မျှသာ ဖြစ်သည်ဆိုခြင်းပင်။

ပရိယတ္တိဟုဆိုလိုက်သည်နှင့် ထိုပုဂ္ဂိုလ်တို့၏ စိတ်ထဲတွင် သူတို့မရရှိခဲ့သော ဗုဒ္ဓဘာသာ ပိဋကတ်ဆိုင်ရာဘွဲ့များ၊ မအောင်မြင်ခဲ့သော အတန်းများနှင့် သူတို့မသင်ခဲ့ရဖူးသော ပိဋကတ်စာပေတို့ကိုသာ မြင်ယောင်နေမိတတ်ကြသည်။ ယခုအခါ နည်းမှန်လမ်းမှန်ဖြင့် သင်ကြားပို့ချနေသော ၀ိပဿနာ ကမ္မဋ္ဌာန်းပြဆရာတွေထဲတွင် ပိဋကတ်စာပေကို သင်ရိုးနည်းကျ မသင်ယူခဲ့ဖူးသူ များစွာရှိပါသည်။ သို့သော် သူတို့သည် ပိဋကတ်စာပေတတ်ကျွမ်းသည့် ဆရာကောင်း သမားကောင်းတို့ထံမှ ၀ိပဿနာကမ္မဋ္ဌာန်းကို နည်းမှန်လမ်းမှန် သင်ယူခဲ့ကြသူများဖြစ်သည်။

ပမာဆိုရသော် ၀ိပဿနာ ကမ္မဋ္ဌာန်းနည်းပြဆရာကြီး ဦးဂိုအင်ကာသည် ပိဋကတ်စာပေကို စာသင်သား ရဟန်းတော်များကဲ့သို့ သင်ရိုး နည်းကျ သင်ယူခဲ့ဖူးခြင်းမရှိချေ။ သို့သော်သူ့ကို စာပေပရိယတ္တိမတတ်ကျွမ်းသူဟု ဆိုလိုက်ပါက လုံးဝမှားသွားပါလိမ့်မည်။ ပရိယတ် ဆိုသည်မှာ အထက်ကဆိုခဲ့သည့်အတိုင်း 'နည်းလမ်း'ကိုဆိုလိုခြင်းသာဖြစ်သည်။ မြတ်ဗုဒ္ဓ၏ ၀ိပဿနာနည်းလမ်းကို မှန်ကန်တိကျစွာ သိရှိတတ်ကျွမ်းသူသည် ပရိယတ် ကျွမ်းကျင်သူပင်ဖြစ်သည်။

ဆရာကြီး ဦးဂိုအင်ကာ၏ ဆရာဖြစ်သော ငွေစာရင်းမင်းကြီးဟောင်း ဆရာကြီးဦးဘခင်ဆိုသည်မှာလည်း ပိဋကတ်စာပေကို စာသင်သား ရဟန်းတော်များကဲ့သို့ သင်ရိုးနည်းကျ သင်ယူခဲ့ရသူမဟုတ်ပါ။ပိဋကတ်စာပေအရာတွင် သူမတူအောင် ဆရာတစ်ဆူ ပါရဂူမြောက်သည် အထိ ကျွမ်းကျင်တော်မူသော ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏တပည့်ရင်း ဆရာသက်ကြီးထံမှ ၀ိပဿနာတရား အားထုတ် နည်းကို သင်ယူခဲ့သူဖြစ်ပါသည်။ ထို့အပြင် မိမိဘာသာလည်း ပိဋကတ်စာပေကို တတ်အားသရွေ့ လေ့လာမှတ်သားခဲ့သူဖြစ်သည်။ သို့ဖြစ်ရာ ဆရာသက်ကြီး၊ ဆရာကြီးဦးဘခင်၊ ဆရာကြီး ဥိးဂိုအင်ကာတို့ကို ပရိယတ် မတတ်ကျွမ်းသူများဟု လုံးဝမမှတ်ယူနိုင်ပါချေ။ ထိုဆရာကြီးများကလည်း မည်သည့်အခါကမျှ ပရိယတ္တိစာပေ လေ့လာသူများအပေါ် ပြစ်တင်ရှုတ်ချမှု မပြုခဲ့ပေ။

စင်စစ်အားဖြင့် ပိဋကတ်စာပေကို သင်ရိုးနည်းကျလည်းမသင်ခဲ့ဖူး၊ ဆရာသမားကောင်းနှင့်လည်း နည်းနာမခံယူဖူးပါဘဲ ကိုယ့်လှေကိုယ် ထိုး ပဲခူးရောက်ရောက်လုပ်နေသူတို့သာလျှင် ပရိယတ္တိစာပေ လေ့လာသင်ကြားမှုကို ပြစ်တင်ရှုတ်ချနေကြခြင်း ဖြစ်ပေသည်။ ထိုသူများ သည် 'ပရိယတ္တိ'ဆိုသည့်ဝေါဟာရကိုပင် ကောင်းစွာနားလည်ခြင်းမရှိသူများ ဖြစ်ကြသည်။ ထိုသူများထံ တပည့်ခံနားယောင်မိသူ အချို့က လည်း သံယောင်လိုက်ကြသေး၏။ 'ငါတို့ဆရာက ပရိယတ်ကို အားမပေးဘူး။ သံသရာရှည်တယ်။ ကိုယ်တိုင်ကျင့် ကိုယ်တိုင်သိမယ့် ခန္ဓာဥာဏ်သိ နည်းလမ်းကိုသာပြတယ်' ဟု ဆိုကြသည်။ အမှန်မှာ ခန္ဓာဥာဏ်သိနည်းလမ်းပဲဖြစ်ဖြစ်၊ ပိဋကတ်စာပေတွင် ဖော်ပြထား သည့်နည်းလမ်းပဲဖြစ်ဖြစ် 'နည်းလမ်း' ဟုဆိုလိုက်သည်နှင့် 'ပရိယတ္တိ' ပင်ဖြစ်သည်ဆိုခြင်းကို သူတို့ သဘောမပေါက်ကြခြင်းပင် ဖြစ် သည်။ ဟောပြောသည့်နည်းက မှားသည်မှန်သည်ကိုပင် ခဏထားပါဦး။ ကမ္မဋ္ဌာန်းနည်းပြ၏ နှုတ်မှဟောပြောလိုက်သော 'နည်းလမ်း' သည်ပင် 'ပရိယတ္တိ' ဖြစ်ပေတော့သည်။

ပရိယတ္တိစာပေ ဆိုသည်မှာလည်း ဗုဒ္ဓဟောကြားခဲ့သော 'နည်းလမ်း'များကို စာဖြင့်ရေးသားမှတ်တမ်းတင်ထားခြင်းမျှသာ ဖြစ်ပေသည်။ နည်းလမ်းမရှိဘဲ လက်တွေ့လိုက်နာကျင့်သုံးရသော 'ပဋိပတ္တိ'ဆိုသည်မှာ ဖြစ်ပေါ်မလာနိုင်ပေ။ ထို့ကြောင့် 'နိဗ္ဗာန်ရဖို့ ပရိယတ္တိမလိုပါ' ဟုဆိုလာလျှင် ထိုဆရာသည် ပရိယတ္တိဆိုသည့် ဝေါဟာရ၏အဓိပ္ပာယ်ကိုမျှနားမလည်သည့် ဆရာတု၊ဆရာယောင်သာ ဖြစ်သည်ဟု အသေအချာ သတ်မှတ်နိုင်ပါသည်။

အချို့သော ဆရာတု၊ ဆရာယောင်တို့သည် သူတို့ဟောပြောနေသည်များကို ဗုဒ္ဓဟောကြားခဲ့သော 'နည်းလမ်း'နှင့် တိုက်ဆိုင်စစ်ဆေး လိုက်ပါက သူတို့ အလိမ်ထုပ်ကြီး ဗူးပေါ်သလိုပေါ်လာမည်ကို စိုးရိမ်ကြသည်။ ထို့ကြောင့် သူတို့၏အလွဲလွဲအမှားမှား ကမ္မဋ္ဌာန်းနည်း များကိုရေးသား ဖော်ပြထားသည့် စာအုပ်စာတမ်းများ၊ ဟောပြောထားသည့် တိတ်ခွေများကို လူထုအတွင်းတရားဝင်ဖြန့်ချိခြင်း မပြုဝံ့ကြ ပေ။ တရားဝင်ဖြန့်ချိခွင့်လည်း ရလိမ့်မည် မဟုတ်သည်ကို သိရှိပြီးဖြစ်သည့်အလျောက် 'ငါဟောထားတဲ့တရားကို သူတို့ဥာဏ်တစ်ထွာ တစ်မိုက်နဲ့ အမှားအမှန်ဆုံးဖြတ်နိုင်လို့လား၊ သူတို့သင်ထားတဲ့ ပရိယတ္တိပေတံလေးနဲ့ တိုင်းလို့ရမလား' စသည်ဖြင့် ပိဋကတ်စာပေ တတ်ကျွမ်းသူတို့အား ပုတ်ခတ်ထိပါး ပြောဆိုတတ်ကြသည်။

အချို့ဆရာတု ဆရာယောင်တို့ကမူ သူတို့ကိုယ်ကို 'ရဟန်းကိစ္စပြီးပြီ' ဟုရဲရဲကြီးကြေငြာတတ်ကြသည်။ ရဟန်းကိစ္စပြီးသည်ဆိုခြင်းမှာ 'ငါရဟန္တာဖြစ်ပြီ' ဟု ဆိုလိုက်ခြင်းပင်ဖြစ်သည်။ ဤနေရာတွင် ၀ိပဿနာလိုက်စားရန် ကြံရွယ်နေသည့် လူငယ်မောင်မယ်များ အထူး သတိပြုသင့်သောအချက်တစ်ခုကို ထပ်မံတင်ပြလိုပါသည်။

မိမိတို့ကိုယ်ကို 'ရဟန်းကိစ္စပြီးပြီ' ဟုတွင်တွင်ကြီးအထပ်ထပ်အခါခါ ပြောဆိုသူမှန်သမျှ 'ရဟန်းကိစ္စပြီးသူမဟုတ်' ဆိုခြင်းပင်ဖြစ်သည်။

ထေရ၀ါဒ ဗုဒ္ဓသာသနာတွင် ဘုရားသားတော်ရဟန်းအဖြစ် ခံယူထားသူမှန်လျှင် ပုထုဇဉ်ရဟန်းကို မဆိုထားဘိ၊ မဂ်ဖိုလ်ကို မျက်မှောက် ပြုပြီးဖြစ်သည့် ရဟန္တာအရှင်သူမြတ်တို့ပင်လျှင် ၀ိနည်းတော်ကို အသက်တစ်မျှအလေးထား စောင့်ထိန်းကြရစမြဲ ဖြစ်ပါသည်။ ၀ိနည်း ဥပဒေပညတ်ချက်တို့မှာလည်း ပြစ်မှုအကြီးအသေးအလိုက် ပြစ်ဒဏ်ကျရောက်မှု အကြီးအသေး ခြားနားမှုရှိပါသည်။

အကယ်၍ ရဟန်းတစ်ပါးသည် ဈာန်၊ မဂ်တစ်ခုခုကို မရသေးမှန်း မိမိကိုယ်တိုင် သိပါလျက် 'ဈာန်၊မဂ်တစ်ခုခုဆိုက်နေသူပါ' ဟုကြေငြာ ပြောဆိုပါက ဘုရားသာသနာတော်တွင် အကြီးလေးဆုံးသော ပြစ်မှုကြီးကို ကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်။

ယင်းကို 'ပါရာဇိကသိက္ခာပုဒ်' ကျူးလွန်သည်ဟုလည်း ခေါ်ပေသည်။ 'ပါရာဇိကသိက္ခာပုဒ်'ကျူးလွန်မိသောသူသည် ဘုရားသာသနာတွင် မြတ်သောရဟန်းဘ၀ဖြင့် ဆက်လက်နေထိုင်ခွင့် မရှိတော့ပါ။ သက်ဆုံးတိုင် ရဟန်းဘ၀ကို စွန့်လွှတ်ရမည်သာဖြစ်ပါသည်။ အကယ်၍ ရဟန်းအဖြစ် ဆက်လက်ခံယူနေပါက ဗုဒ္ဓမြတ်စွာ၏ ဥပဒေကိုဆန့်ကျင်သူ၊ သာသနာ့ရန်စွယ် ဓမ္မန္တရာယ်သာဖြစ်တော့သည်။

အကယ်၍ ရဟန်းတစ်ပါးသည် ဈာန်၊မဂ်တစ်ခုခုကို အမှန်တကယ် ရရှိသောကြောင့် မိမိကိုယ်ကို အဆိုပါဈာန်၊မဂ်တစ်ခုခုကို ရရှိထားသူပါ ဟု ၀န်ခံပြောဆိုလျှင်ပင် 'ပါစိတ်အာပတ်' သင့်စေဟု ဘုရားရှင်က ပညတ်တော်မူခဲ့ပါသည်။

ပါစိတ်ဆိုသည်မှာ 'ပါစိတ္တိယ' ဟူသောပါဠိမှ ဆင်းသက်လာသော ဝေါဟာရဖြစ်ပြီး ကုသိုလ်စိတ်ကို ကျဆင်းစေ၊ ပျောက်ပျက်စေသော အာပတ် ဖြစ်ပါသည်။

ပရိဝါပါဠိတော်၊ ဂါထာသင်္ဂဏိကတွင် - အကြင်အာပတ်ကို 'ပါစိတ္တိယ' ဟုဆိုအပ်၏။ အကြင် အာပတ်သည် ကုသိုလ်တရား(ကုသိုလ်စိတ် ကို) ကျစေတတ်၏။ အရိယာမဂ်ကိုဖျက်ဆီးတတ်၏။ စိတ်တွေဝေခြင်း၏ အကြောင်းလည်းဟုတ်၏။ ထို့ကြောင့် ဤအာပတ်ကို 'ပါစိတ် ဟုခေါ်ဆိုအပ်လေသည်' ဟုဖော်ပြထားပေသည်။

ယခုအခါတွင်မူ အချို့ဆရာတု ဆရာယောင်တို့သည် သူတို့ကိုယ်ကို 'ရဟန္တာ'ဟု သူတို့အားကိုးကွယ်သူ ပရိသတ်အပေါင်းအား တစ်ကြိမ်မက ပြောင်ပြောင်တင်းတင်းကြေငြာနေကြခြင်းသည် ရဟန်းဝိနည်းတည်းဟူသော ဘုရားဥပဒေတော်ကြီးကို ရဲရဲကြီးဖီလာ ဆန့်ကျင်မှု ပြုနေကြခြင်းပင် ဖြစ်ပါသည်။ သို့ဖြစ်ရာ ထိုကဲ့သို့အခွင့်သာတိုင်း ၀ိနည်းဥပဒေကို ချိုးဖောက်နေသူတို့သည် ဘုရားနည်း လမ်းတကျအားထုတ်ပါမှ ဖြစ်လာနိုင်သည့် ရဟန္တာစင်စစ်ဟုတ်နိုင် မဟုတ်နိုင်ဆိုသည်ကို ခေတ်လူငယ်တို့အနေနှင့် ကိုယ်ပိုင်ဦးနှောက် ဖြင့် ဆုံးဖြတ်သင့်လှပေသည်။

အချို့ကလည်း မိမိ၏တရားစခန်းတွင် လာရောက်အားထုတ်ပါက မည်သို့သောပုဂ္ဂိုလ်ကိုမဆို ဘယ်နှစ်ရက်ဖြင့် 'ဘာမဂ်ရစေရမည် ဘာဖိုလ်ဆိုက်စေရမည်' စသည်ဖြင့် ဆွယ်တရားဟောကြသည်။ ရောက်လာသူများကိုလည်း သူတို့သတ်မှတ်ရက် ပြည့်သည့်အခါ 'ဘာမဂ်ရသွားပြီ၊ ဘာဖိုလ်ဆိုက်သွားပြီ' စသည်ဖြင့် ရဲရဲကြီးအဆုံးအဖြတ်ပေးလိုက်ကြသည်။ လာရောက် အားထုတ်သူများကလည်း ဘုမသိ၊ ဘမသိနှင့် အကျေနပ်ကြီး ကျေနပ်သွားကြသည်။ ထိုထိုသောဆရာတု ဆရာယောင်တို့၏ နည်းတု၊ နည်းယောင်များဖြင့် အားထုတ်ရာမှ မဂ်တူ၊ မဂ်ယောင်၊ ဖိုလ်တု၊ဖိုလ်ယောင်များကို အဟုတ်ထင်ဘ၀င်မြင့်ရုံသာဆိုလျှင်ကား ကိစ္စမရှိသေးပါ။ အထူးစိုးရိမ်ရ သည်မှာ ဆရာတု၊ဆရာယောင်တို့သင်ပြသော လမ်းမှားကိုလျှောက်မိခြင်းကြောင့် စိတ်ဂယောင် ချောက်ချား၊ သွေးလေမညီမညွတ် ဖြစ်ကာ ရူးသွပ်သွားတတ်ခြင်းပင် ဖြစ်ပါသည်။

သို့ဖြစ်ရာ ၀ိပဿနာကို လေ့လာလိုက်စားတော့မည်ဟု ကြံရွယ်နေကြသော လူငယ်မောင်မယ်တို့အနေနှင့် အောက်ပါအချက်များကို အထူးသတိပြုရန် အကြံပေးရင်း ဤစာစုကို နိဂုံးချုပ်အပ်ပါသည်။

၁။ 'ပရိယတ္တိသင်ယူခြင်းသည် အလကား၊ ပဋိပတ္တိကျင့်ခြင်းသည်သာ နိဗ္ဗာန်ရောက်ကြောင်းတရား'ဟုဆိုသူများထံ မည်သည့်အခါမျှ ဆည်းကပ်အားထားမှုမပြုပါနှင့်။ ထိုသူများသည် ပရိယတ္တိနှင့် ပဋိပတ္တိဆိုသော ဝေါဟာရတို့၏အဓိပ္ပာယ်ကိုမျှ မသိပါဘဲ ဗုဒ္ဓသာသနာတွင် ဆရာတုဆရာယောင်လုပ်နေသူများ ဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။

၂။ ရဟန်းတစ်ပါးသည် မိမိကိုယ်ကို 'ရဟန္တာပါ' သို့မဟုတ် 'ရဟန်းကိစ္စပြီးသူပါ' ဟုပြောင်ပြောင်တင်းတင်းဝန်ခံကြေငြာနေပြီဆိုလျှင် ထို ရဟန်းသည် ရဟန်းတုရဟန်းယောင်၊ ဆရာတု ဆရာယောင်မျှသာဖြစ်ကြောင်း သဘောပေါက်ပြီး ဝေးဝေးမှရှောင်ကြဉ်ကြပါ။ သာသနာ့ ၀န်ထမ်း ရဟန်းတော်မှန်လျှင် ပုထုဇဉ်သံဃာပင် ဘုရားရှင်ပြဋ္ဌာန်းခဲ့သည့် ၀ိနည်းကိုအသက်တမျှ အလေးထားစောင့်ထိန်းတတ်ကြစမြဲ ဖြစ်ပါသည်။ ရဟန္တာဆိုလျှင်ကား အထူးဆိုဖွယ်မရှိပါ။ ထို့ကြောင့် မည်သည့် ရဟန္တာအစစ်ကမျှ မိမိကိုယ်ကို 'ရဟန္တာပါ၊ ရဟန်းကိစ္စပြီး သူပါ' ဟု အတိအလင်း ၀န်ခံပြောကြားလိမ့်မည် မဟုတ်ပါ။ရဟန္တာဟု ထင်ရှားသော၊ တပည့်ပရိသတ်တို့က ရဟန္တာများပါဟု သမုတ်ခြင်း ခံခဲ့ရသော မိုးကုတ်ဆရာတော်၊ ဝေဘူဆရာတော်၊ မဟာစည်ဆရာတော်အစရှိသည့် ပုဂ္ဂိုလ်ကြီးများသည် မည်သည့်အခါကမျှ မိမိတို့ ကိုယ်ကို ရဟန္တာဟု တိုက်ရိုက်ဖွင့်ဟ ပြောဆိုရန် မဆိုထားဘိ၊ သွယ်ဝိုက်၍ပင် အရိပ်အယောင်မျှ မပြောခဲ့ကြပါ။

၃။ မည်သူမဆို သူတို့ထံလာပါက 'ဘယ်နှစ်ရက်ဖြင့် ဘာမဂ်ရစေရမည်' ဟုကျူရှင်ဆရာများ အနီးကပ်၊ ရက်ပြတ်သင်တန်း ကြော်ငြာ သလို ကြော်ငြာနေသူများသည်လည်း ဆရာတုဆရာယောင်များသာ ဖြစ်ပါသည်။ လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ဗီဇ၊ ပတ်ဝန်းကျင်ချင်း မတူ သည့်အလျောက် ကံ၊ဥာဏ်၊၀ီရိယချင်း၊ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ချင်း မတူညီကြပါ။ ဗုဒ္ဓ၏တရားသည် ဤမျက်မှောက်ဘ၀ တွင်ပင် လက်ငင်းဒိဋ္ဌဓမ္မ အကျိုးခံစားရသော တရားဖြစ်သည်ကားမှန်ပါ၏။ သို့သော် လူပုဂ္ဂိုလ်ချင်းမတူသလို အကျိုးခံစားရန်အား ထုတ်ရသော ကာလအပိုင်းအခြားချင်း လုံးဝကွဲပြား ခြားနားလှပေသည်။ တစ်ဦးကခုနှစ်ရက်နှင့် တရားထူးရကောင်း ရနိုင်စေကာမူ၊ အခြားတစ်ဦးက ခုနှစ်နှစ်ကြာအောင် အားထုတ်ကောင်း အားထုတ်ရတတ်ပါသည်။ လူတိုင်းဘယ်နှစ်ရက်နှင့် ဘာမဂ်၊ ဘာဖိုလ်ဆိုက် စေရမည်ဟူ၍ ဘုရားရှင်ကိုယ်တော်တိုင်ပင် အာမခံဖြင့်တရားမပြနိုင်ခဲ့ပါ။ထိုသို့ ကျူရှင်ဆရာဆန်ဆန် ရက်ပြတ်သင်တန်းဖွင့်နေပြီ ဆိုကတည်းက ထိုပုဂ္ဂိုလ်များသည် လူလိမ်များသာဖြစ်ကြောင်း နားလည်ကြပါ။

၎။ ပုဂ္ဂိုလ်တစ်ဦး၏ '၀ိပဿနာကမ္မဋ္ဌာန်း' ဆိုင်ရာ တရားတိတ်ခွေ၊ တရားစာအုပ်အစရှိသည်တို့ကို တရားဝင်ခွင့်ပြုချက်ယူပြီး မဖြန့်ဝံ့ဘဲ လက်သိပ်ထိုးဖြန့်နေပြီဆိုလျှင် ယင်းတိတ်ခွေ၊ ယင်းစာအုပ်များပါအကြောင်းအရာများတွင် ပိဋကတ်စာပေတတ်ကျွမ်းသူတို့ လက်ခံနိုင် ခြင်းမရှိသော၊ ထေရ၀ါဒဗုဒ္ဓသာသနာနှင့် ဆန့်ကျင်သွေဖည်သော ဟောပြောရေးသားချက်များသာ ဖြစ်သည်ဆိုခြင်းကို သတိပြုပါ။ ထိုသို့ သွေဖည်နေသူများ၏ တိုးတိုးတိတ်တိတ်သွေးဆောင်ဖြားယောင်းမှုတို့ကို ဝေးဝေးမှရှောင်ရှားပါ။

၅။ ၀ိပဿနာတရား အားထုတ်ခြင်းမပြုမီ ဆရာစစ်ဆရာမှန်ရဖို့ လွန်စွာအရေးကြီးပါသည်။ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစုတစ်ခုခုသည် အထက်ဖော်ပြပါအချက်လေးချက်အနက် တစ်ချက်ချက်နှင့် ကိုက်ညီနေပါက ဆရာတုဆရာယောင်များသာ ဖြစ်ပါသည်။ ထိုသူတို့ကို ဆရာတင်မိပါက တရားထူးမရဘဲ သွက်သွက်ခါအောင် ရူးသွပ်သွားနိုင်ပါသည်။ လူငယ်မောင်မယ်တို့အနေနှင့် ဘာသာတရားကို ၀ိပဿနာကမ္မဋ္ဌာန်း စီးဖြန်းသည်အထိ လေးလေးနက်နက် လိုက်စားခြင်းမပြုမီ ရဟန်းတို့လိုက်နာရမည့် ၀ိနည်းစည်းကမ်းများဖြစ်သည့် သိက္ခာပုဒ် ၂၂၇-သွယ်ကို နားလည်သဘောပေါက်အောင်လေ့လာ ဖတ်ရှုထားသင့်ပါသည်။ ထိုသို့လေ့လာပြီးပါမှ မိမိကဆရာတင်မည့် ကမ္မဋ္ဌာန်းနည်းပြဆရာသည် ရဟန်းဖြစ်ခဲ့သော် ဘုရားဥပဒေနှင့် အညီကျင့်သုံးနေထိုင်သော ရဟန်းစစ်၊ ရဟန်းမှန်လား၊ သို့တည်းမဟုတ် ၀ိနည်းမျှပင်နားမလည်ဘဲမိမိဘာသာ ကမ္မဋ္ဌာနာစရိယအဖြစ် သတ်မှတ်နေသည့် ဆရာတုဆရာယောင်လားဆိုသည်ကို မှတ်ကျောက်တင် ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။ ရဟန်းဝိနည်းအားလေ့လာရာတွင် အလွယ်ကူအရှင်းလင်းဆုံး စာအုပ်တစ်အုပ်ကို ညွှန်းပါဟုဆိုလျှင်ကား ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသရေးသားပြုစုခဲ့သည့် 'ဘုရားဥပဒေတော်ကြီး' စာအုပ်ကို ညွှန်ပြလိုပါကြောင်း။

ဝင်းသိန်းဦး

(မြတ်သတိဝါဒီ၊ အမှတ် ၉၊ ၂၀၀၁ခုနှစ်၊မတ်လ။)

Sunday, February 26, 2012

အများသိချင်နေတဲ့ မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်း

မြတ်ဗုဒ္ဓက မိမိအတွက် ကောင်းမှုကုသိုလ်ရမဲ့အရာမဟုတ်ရင် မလုပ်နဲ့၊ မကြံစည်နဲ့၊ မပြောဆိုနဲ့။ အဲဒါမျိုးတွေနဲ့ အချိန်ကုန်နေမယ်ဆိုရင် မိမိလက်ရှိအချိန်လေးဟာ တန်ဖိုးမဲ့တဲ့အချိန်တွေ ဖြစ်သွားလိမ့်မယ်တဲ့။ ဒါပေမဲ့ ခုခေတ်လူတွေဟာ သူတို့သိချင်တာကို မသိရရင် ဗုဒ္ဓတရားတော်များ မှားနေသလို သူတို့ပဲ ဗုဒ္ဓကိုယုံကြည်ရတာ အကျိုးမရှိသလိုဖြစ်နေကြပါတယ်။ ဦးဇင်းစပြီး အွန်လိုင်းမှာ မေးဖြေလုပ်ပေးကတည်းက လူအများဆုံးအမေးခံရတဲ့အရာဟာ ဒီမြင့်မိုရ်တောင်ကိစ္စပဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဦးဇင်း မဟုတ်တဲ့အရာနဲ့အချိန်ကုန်မခံချင်လို့ ဖြေမပေးခဲ့ပါဘူး။ ခုတော့ ဖြေမပေးရင် ဦးဇင်းတို့ဘာသာဝင်တွေကို သူများက ကဲ့ရဲ့လို၍ဖြစ်စေ၊ ပညာစမ်းချင်လို့ဖြစ်စေ မေးလာတဲ့အခါ မဖြေနိုင်မည်ဆိုးတာကြောင့် ဦးဇင်းလေ့လာသိရှိသမျှ မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်းကို ရေးသားတင်ပြပေးလိုက်ပါတယ်။

ကမ္ဘာမြေကြီးသည် ထုထည်အားဖြင့် ယူဇနာပေါင်း (၂)သိန်း(၄)သောင်းရှိတယ်။ အထက်တစ်ဝက်မှာ မြေသားဖြစ်ပြီး အောက်တစ်ဝက်မှာ ကျောက်သားဖြစ်တယ်။ မြေကြီးအောက်မှာ ယူဇနာ(၄)သိန်း(၈)သောင်းထူသော ရေပြင်ရေခဲတုံးကြီးရှိတယ်။ မြေအထုထက် နှစ်ဆကြီးမားတဲ့ ရေပြင်ရေခဲတုံးကြီးက မြေပြင်ကို မြှောက်ထားခြင်း ဖြစ်တယ်။ တဖန် ထိုရေပြင်ရေခဲတုံးကြီးကို ယူဇနာ(၉)သိန်း(၆)သောင်းရှိတဲ့ လေပြင်ကြီးက အောက်မကျအောင် ပင့်မြှောက်တိုက်ခက်ပေးနေတယ်။ အဲဒီလေပြင်ကြီးအောက်မှာမှ အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ကြီး တည်ရှိပါတယ်။ ထိုကောင်းကင်ကြီးအတွင်းတွင် မီးကလပ် အပြည့်ရှိနေတယ်။ ထိုအောက်တွင်မှ ငရဲကြီးရှစ်ထပ် အစဉ်အတိုင်း တည်ရှိနေပါတယ်။ ဒါကတော့ ကမ္ဘာမြေအောက်ပိုင်း တည်နေပုံပါ။

စကြာဝဠာတစ်ခုဟုသတ်မှတ်သော ကမ္ဘာမြေကြီးရဲ့အ၀န်းအကျယ်မှာ ယူဇနာပေါင်း (၃)သန်း၊ (၆)သိန်း၊ (၁)သောင်း၊ (၃၅၀)ကို သတ်မှတ်၏။ ကမ္ဘာမြေ၀န်းကြီးကို ကျောက်တောင်ကြီးများက ၀ိုင်းဝန်းရစ်ပတ်ပြီး တံတိုင်းခတ်ထားကြတယ်။ ကမ္ဘာမြေကြီးရဲ့အတွင်းမှာ သမုဒ္ဒရာရေပြင်ကြီးရှိတယ်။ ထိုသမုဒ္ဒရာဟာ အနက်ဟာ ယူဇနာပေါင်း(၈)သောင်း(၄)ထောင်ရှိတယ်။ ရေပြင်အထက်မှာလည်း ယူဇနာပေါင်း(၈)သောင်း(၄)ထောင်၊ ရေတွင်းမှာလည်း ယူဇနာပေါင်း(၈)သောင်း(၄)ထောင်ရှိတယ်။ အဲဒီရေပြင်အထက်နဲ့ရေတွင်းနှစ်ခုပေါင်း (၁)သိန်း(၆)သောင်း(၈)ထောင်ဟာ မြင့်မိုရ်တောင်အမြင့်လည်း အဲဒီလောက်အတူတူမို့ မြင့်မိုရ်တောင် တည်ရှိနေပါတယ်။ အဲဒီတော့ သမုဒ္ဒရာရဲ့ရေပြင်၊ ရေတွင်း၊ ရေအနက် စုစုပေါင်းဟာ ယူဇနာ(၂)သိန်း၊(၅)သောင်း၊ (၂)ထောင်ရှိပါတယ်။ သမုဒ္ဒရာရဲ့အလယ်တည့်တည့်မှာရှိတဲ့ မြင့်မိုရ်တောင်ကတော့ အထက်ရေပြင် တာဝတိံသာနတ်ပြည်အထိ ယူဇနာရှစ်သောင်းလေးထောင်ရှိသကဲ့သို့ သမုဒ္ဒရာအတွင်း၌လည်း ရှစ်သောင်းလေးထောင်အမြင့် ရှိပါတယ်။

ထိုသမုဒ္ဒရာ၏ ပတ်ဝန်းကျင်တွင် သီဒါခေါ်သော မြစ်တစ်ခုခြားပြီး မြင့်မိုရ်တောင်၏အောက်တစ်ဝက်လောက်နိမ့်တဲ့ ယုဂန္ဓိုရ်တောင် ရှိပါတယ်။ အဲဒီလိုနဲ့ သီဒါမြစ်တစ်ခုတစ်ခုခြားကာ တောင်စဉ်(၇)ထပ် မြင့်မိုရ်တောင်ကို ၀ိုင်းရံနေကြပါတယ်။ ထိုမြင့်မိုရ်တောင်နဲ့တောင်စဉ်(၇)ထပ်တို့ရဲ့ လေးမျက်နှာရေလယ်ခေါင်းတွင် ကျွန်းကြီးကျွန်းငယ်များ ရှိနေကြပါတယ်။ အဲဒီကျွန်းများတွင် လူစတဲ့သတ္တ၀ါများ နေထိုင်ကြတာကြောင့် အရှေ့ဘက်တွင်ရှိတဲ့ကျွန်းကို အရှေ့ကျွန်း၊ အနောက်ဘက်ကို အနောက်ကျွန်း၊ မြောက်ဘက်ကို မြောက်ကျွန်း၊ တောင်ဘက်ကို တောင်ကျွန်းလို့ သတ်မှတ်ခေါ်ဝေါ်ကြလေတယ်။

ယုဂန္ဓိုရ်တောင်ထိပ်မှာ စတုမဟာရာဇ်နတ်ပြည်တည်ရှိနေပြီး မြင့်မိုရ်တောင်ထိပ်မှာ တာဝတိံသာနတ်ပြည် တည်ရှိနေပါတယ်။ ဒီနတ်ပြည်(၂)ခုဟာ မြေပြင်နဲ့ဆက်စပ်နေလို့ မြေပြင်ရဲ့အမြင့်ဆုံးဖြစ်တဲ့ တောင်တွေပေါ်မှာ တည်ရှိနေတာပါ။ ကျန်တဲ့နတ်ပြည်၊ ဗြဟ္မာ့ပြည်တွေကတော့ ကောင်ကင်ပေါ်မှာ တည်ရှိနေကြပါတယ်။ ကောင်းကင်အလွှာအထပ်ထပ်တွင် ကျန်တဲ့နတ်ပြည်များဟာ တစ်ထပ်နှင့်တစ်ထပ် ယူဇနာအကွာအဝေး လေးသောင်းနှစ်ထောင်စီအကွာဖြင့် တည်ရှိနေကြတယ်။ မြင်းမိုရ်တောင်၏အထက် ယူဇနာ ငါးသန်းငါးသိန်းရှစ်ထောင်ဝေးသောအရပ်တွင် ဗြဟ္မာဘုံများ ရှိကြပါတယ်။

ဒါကတော့ စကြာဝဠာတစ်ခုရဲ့ကမ္ဘာမြေတည်နေပုံပါ။ စကြာဝဠာတစ်ခုအတွင်းမှာ နေတစ်ခု လတစ်ခု ရှိကြပါတယ်။ နေနဲ့လတို့ဟာ ယုဂန္ဓိုရ်တောင်နဲ့အမျှ ကောင်ကင်မှာ လက်ယာရစ် လှည့်ပတ်နေကြပေတယ်။ ဖြစ်ဖော်ဖြစ်ဖက် ပျက်ဖော်ပျက်ဖက် စကြာဝဠာတွေဟာ ကြမ်းပြင်ပေါ် ဆန်တွေစီချထားသလို စကြာဝဠာတောင်တွေ ခွေရစ်ပတ်နေကြပါတယ်။ ဒီစကြာဝဠာလို တည်ရှိနေကြသေးတဲ့ ကျန်တဲ့စကြာဝဠာပေါင်း မြောက်များစွာ မရေတွက်နိုင်အောင် ရှိပါသေးတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓက စကြာဝဠာအနန္တ-ရေတွက်လို့တောင် မရနိုင်အောင် များစွာရှိတယ်လို့ မိန့်ခဲ့တာပါ။

တစ်ခါ လောကဓာတ်အနေနဲ့ ထပ်ရှင်းပြရမယ်ဆိုရင် ဖြစ်တူ-တည်တူ-ပျက်တူဖြင့် အတူတူဖြစ် အတူတူတည် အတူတူပျက်ကြတဲ့ စကြာဝဠာပေါင်း ကုဋေတစ်သိန်းကို မဟာလောကဓါတ်တစ်ခုလို့ခေါ်ပါတယ်။ အဲဒီမဟာလောကဓါတ်ကြီးကို တစ်သောင်းအုပ်စုတစ်ခုစီ ထပ်ခွဲလိုက်ပြီးလျှင် အဲဒီထဲကမှ တစ်သောင်းအုပ်စုတစ်ခုကို မဇ္ဈိမလောကဓါတ်ဟုခေါ်ပါတယ်။
မဇ္ဈိမလောကဓါတ်ကို စူဠလောကဓါတ်လို့ခေါ်တဲ့ စကြာဝဠာတစ်သောင်းနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီတစ်သောင်းထဲက တစ်ခုတုန်လှုပ်ရင် တွဲဖက်ဖြစ်တဲ့ အခြားစကြာဝဠာ ကိုးထောင်ကိုးရာကိုးဆယ့်ကိုးခုကလည်း လိုက်ပြီးတော့ တုန်လှုပ်ပါတယ်။

ဦးဇင်းတို့ရဲ့ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဟာ ဒီပင်္ကရာဘုရားရှင်အထံမှ နိယတဗျာဒိတ်ခံယူပြီးတော့ ဘုရားဖြစ်ဖို့အတွက် ငါဘာတွေကို လုပ်ရမှာပါလဲလို့ စဉ်းစားပါတယ်။ ဘုရားဖြစ်ဖို့အတွက် ပါရမီဆယ်ပါးကို ဖြည့်ကျင့်ရမယ်လို့ မိမိဘာသာ သိမြင်သောအခါမှာ ဦးဇင်းတို့ရဲ့ စကြာဝဠာဟာ အိုးထိန်းစက်ကဲ့သို့ တုန်လှုပ်ခဲ့ပါတယ်။ အဲဒီအခါမှာ ဦးဇင်းတို့ရဲ့ စကြာဝဠာနဲ့တွဲဘက်ဖြစ်တဲ့ စကြာဝဠာ ကိုးထောင်ကိုးရာကိုးဆယ့်ကိုးခုကပါ ဦးဇင်းတို့ရဲ့ စကြာဝဠာနဲ့အတူ လိုက်ပြီးတော့ တုန်လှုပ်ခဲ့ပါတယ်။ ဒါကို မဇ္ဈိမလောကဓါတ်တစ်ခုလုံး တုန်လှုပ်တယ်လို့ ခေါ်ပါတယ်။ ဒီအကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင် ဗုဒ္ဓ၀င်ပါဠိတော်မှာ ဟောကြားတော်မူခဲ့ပါတယ်။

အဲဒီမဇ္ဈိမလောကဓါတ်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ စကြာဝဠာတစ်ခုရှိပါတယ်။ အဲဒီစကြာဝူဠာထဲမှာ အရှေ့ကျွန်း အနောက်ကျွန်း တောင်ကျွန်း မြောက်ကျွန်းဆိုပြီးတော့ ကျွန်းကြီးလေးကျွန်း ရှိပါတယ်။ အဲဒီကျွန်းကြီးလေးကျွန်းထဲက တောင်ကျွန်းမှာ မဇ္ဈိမဒေသအရပ်ဆိုတာရှိပါတယ်။ အဲဒီ မဇ္ဈိမအရပ်ဒေသမှာပဲ သဗ္ဗညုဘုရားရှင်များ၊ ပစ္စေကဗုဒ္ဓါဘုရားရှင်များ၊ပွင့်ကြပြီး ကျန်ကျွန်း(၃)ကျွန်းမှာ မပွင့်ကြပေ။ အခု ဦးဇင်းတို့နေထိုင်တဲ့ စကြာဝဠာအပြင် ကျန်တဲ့စကြာဝဠာများမှာလည်း ဦးဇင်းတို့နေထိုင်တဲ့ စကြာဝဠာလို သုံးဆယ့်တစ်ဘုံတွေ ရှိကြပါတယ်။ ဒါပေမဲ့ အဲဒီစကြာဝဠာတွေမှာ ဘုရားရှင်များ၊ လူအရိယာများမရှိကြဘဲ စကြာဝတေးမင်းနှင့် နတ်ဗြဟ္မာအရိယာများသာ ရှိကြပါတယ်၊၊

အဲဒီတော့ မဟာလောကဓါတ်ကြီးထဲက သဗ္ဗညုဘုရားရှင် ပွင့်တော်မူတဲ့ စကြာဝဠာတစ်ခုကို ဖယ်ထားလိုက်ရင် အခြားစကြာဝဠာပေါင်း ကုဋေကိုးသောင်း ကိုးထောင် ကိုးရာ ကိုးဆယ့် ကိုးကုဋေသော စကြာဝဠာတိုင်းမှာ သုံးဆယ့်တစ်ဘုံရှိတယ်။ ဘုရားရှင်များ၊ လူအရိယာများ၊ ရဟန်းအရိယာများ မရှိ။ နတ်အရိယာ၊ ဗြဟ္မာအရိယာနဲ့ စကြာဝတေးမင်းများသာ ရှိကြတယ်။ နတ်အရိယာ၊ ဗြဟ္မာအရိယာရှိနေပြီးတော့ ဘာဖြစ်လို့ လူအရိယာ၊ ရဟန်းအရိယာ မရှိရတာလဲလို့ မေးစရာဖြစ်လာပါတယ်။ လူအရိယာ၊ ရဟန်းအရိယာမရှိတာက သူတို့ဆီမှာ သဗ္ဗညုဘုရားရှင်များ မပွင့်ကြလို့ပါ။ ပစ္စေကဗုဒ္ဓါများ မရှိကြတာကတော့ ပစ္စေကဗုဒ္ဓါများဟာ သာသနာပများဖြစ်ကြသော်လည်း အလေ့အလာ ထုံးတမ်းစဉ်လာအားဖြင့် သဗ္ဗညုဘုရားမပွင့်တဲ့ စကြာဝဠာများမှာ ပစ္စေကဗုဒ္ဓါများလည်း မပွင့်ကြလို့ မရှိကြတာပါ။

အရိယာ နတ်တွေဗြဟ္မာတွေဟာ သူတို့ရဲ့ တန်ခိုးဣဒ္ဓိပါဒ်များနှင့် ဘုရားပွင့်တဲ့ စကြာဝဠာမှာ တရားနာလာကြပါတယ်။ ပြီးတော့ အရိယာဖြစ်ကြပါတယ်။ ဗုဒ္ဓစာပေကျမ်းဂန် အနှံ့အပြားမှာ ဘုရားရှင်ရဲ့ တရားပွဲတွေမှာ စကြာဝဠာတိုက်တစ်သောင်းက နတ်ဗြဟ္မာတွေ တရားနာလာကြတယ်ဆိုတာကို တွေ့ရှိနိုင်ပါတယ်။ ဒါကိုကြည့်ရင် အခြားစကြာဝဠာက လူတွေလည်း ဘုရားမပွင့်ပေမယ့် ကျွတ်တန်းဝင်နိုင်ကြပါတယ်။ သူတို့စကြာဝဠာမှာ စကြာဝတေးမင်းရှိတယ်။ သူက တရားသဖြင့် ဆုံးမအုပ်ချုပ်မယ်။ လူတွေဟာ စကြာဝတေးမင်းရဲ့ အဆုံးအမကို လိုက်နာပြီးတော့ သီလတွေထိန်းသိမ်းကြမယ်။ ဒါနေတွေပြုကြမယ်။ သမထတွေပွားများကြမယ်။ ပြီးတော့ နတ်ပြည် ဗြဟ္မာ့ပြည်တွေကို ရောက်မယ်။ ပြီးတော့ အဲဒီနတ်တွေ ဗြဟ္မာတွေဟာ ဘုရားရှင်ရှိရာကို လာပြီးတော့ တရားနာကြမယ်။ ကျွတ်တန်းဝင်ကြတယ်။ ဒီသဘောပါပဲ။

အထက်မှာ ပြောခဲ့တဲ့ အကြောင်းတရားတွေကို ထောက်ရှု့ပြီးတော့ အခြားသောစကြာဝဠာများမှာလည်း လူသားများ ဧကန်ရှိကြတယ်လို့ မှတ်ရပါမယ်။ ရတနသုတ်တော် ခန္ဒသုတ်တော် မောရသုတ်တော် ဓဇဂသုတ်တော် အာဋာနာရိယသုတ်တော်များရဲ့ အာဏာတော်ဟာ စင်္ကြာဝဠာပေါင်း ကုဋေတစ်သိန်းနဲ့ ဖွဲ့စည်းထားတဲ့ မဟာလောကဓါတ်ကြီး တစ်ခုလုံးကို ပျံ့နှံ့တည်တံ့ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ မဟာလောကဓာတ်လိုမျိုး မဟာလောကဓါတ်တွေ အများကြီးပဲရှိပါတယ်။ အဲဒီ အကုန်လုံးသော မဟာလောကဓါတ်တွေကိုတော့ အနန္တလောကဓါတ်လို့ ခေါ်ဆိုပါတယ်။ ဒါကတော့ စကြာဝဠာအကြောင်းကို ပိုရှင်းအောင် ရှင်းပြတာပါ။

မြတ်ဗုဒ္ဓတာဝတိံသာကို ကြွချီတော်တဲ့အခါတုန်းက ရတနာစင်္ကြံမှာ ခြေတစ်ဖဝါးချပြီး လက်ယာခြေတော် လှမ်းတော်မူကာ ယုဂန္ဓိုတောင်ထိပ်မှာ တစ်ဖဝါး ချတော်မူပြီးနောက် မြင့်မိုရ်တောင်ထိပ်ကို တစ်ဖဝါးချတော်မူတယ်လို့ ဆိုကြပါတယ်။ တန်ခိုးတော်နဲ့သွားလို့ စုစုပေါင်း နှစ်လှမ်း၊သုံးဖဝါးနဲ့ ကြွချီတော် မူခဲ့တာပါ။
ကမ္ဘာတစ်ခုပျက်သောအခါ မြေ၊ မီး၊ လေ၊ ရေ စသော ဓာတ်ကြီးလေးပါးတစ်မျိုးမျိုးနှင့် ပျက်ပါတယ်။ ထိုသို့ကမ္ဘာပျက်သောအခါ သုံးဆယ့်တစ်ဘုံတွင် ကောင်းမှုအရင်းခံသောသူများသည် ကမ္ဘာပျက်ကာလတွင် ဒုတိယဈာန်ဘုံစတဲ့ ဗြဟ္မဘုံများမှာ ပြောင်းရွေ့နေကြရသလို မကောင်းမှု အရင်းခံသောသူများသည် အ၀ီစိငရဲတွင်နေပြီး ကမ္ဘာတံတိုင်းဟုခေါ်သော မဲမှောင် ပိတ်ဖုံးနေသည့် ချောက်နက်ကြီးများတွင် ပြောင်းရွေ့ကာ ဒုက္ခခံကြရတယ်။

ယခုလို ကျယ်ပြောလှတဲ့ ဘုံလောကများကိုတွေးကြည့်ရင် သံသရာ၏ ကြောက်မက်ဖွယ်ကို သိမြင်လာပါလိမ့်မယ်။ ဘ၀မျိုးစုံကို လိုချင်နေသမျှ ကာလပတ်လုံး ဘ၀သံသရာတွင် ကျင်လည်နေကြရကာ ဒုက္ခပင်လယ် ဆိုက်ရောက်နေဦးမည်မို့ ကြောက်မက်ဖွယ်ရာသံသရာမှ အမြန်ဆုံးလွတ်အောင် ဒါန၊ သီလ၊ ဘာဝနာများကို အသက်ရှင်စဉ် ဘ၀ကောင်းလေးမှာ များများပြုလုပ်ပေးဖို့ လိုအပ်တယ်ဆိုတာ အားလုံးသိကြလိမ့်မယ် ထင်ပါတယ်။

တကယ်တော့ မြင့်မိုရ်တောင်ဟာ အဆမတန်ကြီးမားပြီး နု့ညံ့တာကြောင့် သာမန်လူတွေရဲ့ မျက်စိနဲ့ဖြစ်စေ၊ သာမာန်လူတွေလုပ်ထားတဲ့အရာဝတ္ထုနဲ့ဖြစ်စေ မြင်ဖို့ရန် ခဲယဉ်းလှပါတယ်။ ဒါဟာလည်း သဘာဝကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါးကျပ်လောက်ပေးရင်ရတဲ့ အရာဝတ္ထုနဲ့ တစ်သိန်းလောက်ပေးမှမြင်ရမဲ့အရာကို မြင်ချင်ပါတယ်။ မြင်မှဖြစ်ပါလိမ့်မယ်လို့ အတင်းအော်နေရင်လည်း အော်တဲ့လူသာ အရူးဖြစ်မှာပါ။ ခုလည်း မြင့်မိုရ်တောင်ဟာ အလွန်အင်မတန်ကြီးမားပြီး နု့ညံ့လှတဲ့အတွက်ကြောင့် အဲဒီအရာဝတ္ထုကိုမြင်နိုင်တဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်ရသူတွေသာ မြင်နိုင်တာပါ။ မိမိတို့က တကယ်မြင်ချင်တယ်ဆိုရင်တော့ ငါးကျပ်တန်ကုသိုလ်ကောင်းမှု၊ လုံးလ၀ီရိယလေးနဲ့ မြင်ချင်တယ်အော်မနေဘဲ တစ်သိန်းလောက်ပေးမှရတဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်ရအောင် ကြိုးစားကြည့်ရမှာပါ။

ဒါကြောင့်လည်း လယ်တီဆရာတော်ကြီးက နိုင်ငံခြားသာတစ်ယောက်ကို မင့်တို့ လေးငါးခြောက်သိန်းပေးရတဲ့ မှန်ဘီလူးနဲ့တောင် အဝေးကြီးမှာရှိတဲ့ အရာတွေကိုမြင်ရသေးရင် လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီများစွာကို ပင်ပန်းခံဖြည့်ကျင့်မှရတဲ့ သဗ္ဗညုတဉာဏ်က မင့်တို့ မှန်ဘီးလူးတွေထက် အဆပေါင်းများစွာ အစွမ်းထက်ရမှာပေါ့။ မင့်တို့ မှန်ဘီးလူးနဲ့ကြည့်လို့မရတဲ့အရာကို မရှိဘူးဆိုပြီး လျှောက်ပြောလို့မရဘူးလေ။ မင့်တို့မှန်ဘီးလူးက ဒီတစ်ဘ၀စာရင်းရင် ရတယ်။ သဗ္ဗညုတဉာဏ်က လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းတောင် ရင်းခဲ့ရတာ။ အဲဒါကြောင့် မင့်တို့ မှန်ဘီးလူးထက် သာတယ်ဆိုတာ မင့်ယုံရမယ်လို့ နိုင်ငံခြားသားတစ်ယောက်ကို ပြောလိုက်တဲ့အခါ နိုင်ငံခြားသားလည်း ခေါင်းမိုင်ချပြီး အရှုံးပေးခဲ့ရပါသတဲ့။

ဒီထက်မက မြင့်မိုရ်တောင်နဲ့ စကြာဝဠာအကြောင်းကို ပိုမိုပြည့်စုံစွာသိရှိချင်ပါက ပထမဦးဆုံး ဝိသုဒ္ဓိ (၁၊ ၁၉၉) http://tipitakamyanmar2.blogspot.com/2011/08/blog-post_7312.htmlမှာ လောက၀ိဒူအဖွင့်ကိုပြထားတဲ့ အခန်း(၁၃၅)ကနေ စဖတ်ကြည့်လိုက်ပါ။ ဒုတိယအနေနဲ့ ဂန္ဓာရုံဆရာတော်ကြီးရဲ့ ရတနာ့ဂုဏ်ရည်စာအုပ်ထဲက လောက၀ိဒူအကြောင်းကို ဖတ်ကြည့်ပါ။ တတိယအနေနဲ့ကတော့ တည်တောဆရာတော်ကြီးရဲ့ အမေးအဖြေများ အမှတ်စဉ်(၂)ကို ဖတ်ပါ။ စတုတ္ထအနေနဲ့ကတော့ ဓမ္မာစရိယ လွှမ်းအောင်ရေးထားတဲ့ ဤစကြာဝဠာစာအုပ်ကို ၀ယ်ဖတ်ပါ။ အဲဒီစာအုပ်ဟာ အင်တာနက်မှာ ၀ယ်ရမည့်စာအုပ်ဖြစ်နေသဖြင့် ဦးဇင်းလည်း ၀ယ်ဖတ်မရလို့ သေချာပြည့်စုံပါမပါတော့ မသိရသေးပါ။ သို့သော် အင်တာနက်ကနေ ၀ယ်နိုင်မည့်လူများ၊ မြန်မာပြည်ကလူများ ၀ယ်ယူဖတ်ကြည့်လျှင် မြင့်မိုရ်တောင်အကြောင်းကို ပြည့်စုံစွာ သိရပါလိမ့်မယ်။ စာအုပ်မာတိကာမှာတော့ အပြည့်စုံရေးထားတယ်လို့ http://www.myanmarbookshop.com/MyanmarBooks/BookDetails/18595ဒီဆိုဒ်မှာ ကြေညာထားတာ တွေ့ရပါတယ်။

မှတ်ချက်-- ဤမြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်းများကို ဦးဇင်းအား ခဏခဏအမေးခံရ၍ စာဖတ်ပရိသတ်များသိရှိစေရန်အကျိုးငှါ ဦးဇင်းနေရာစုံမှ ရှာဖွေဖတ်ရှု့ပြီး ရေးသားတင်ပြလိုက်ခြင်းဖြစ်တာကြောင့် ဦးဇင်းထက်ပိုမိုကာ ဗဟုသုတပြည့်စုံသူ စာဖတ်ပရိတ်များအနေဖြင့် အမှားတွေ့ပါကလည်း အမှန်ပြင်ပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။ စာဖတ်သူအားလုံး ဗဟုသုတကြွယ်ဝကာ မိမိဘာသာကို ပိုမိုလေ့လာယုံကြည်ပြီးသကာလ ပိုမိုလေ့လာလိုက်စားနိုင်ပြီးလျှင် ဒါန၊ သီလ၊ ဘာဝနာများကိုလည်း နေ့စဉ်မပြတ်ပြုလုပ်ပြီး ပန်းတိုင်ကိုလျင်မြန်စွာ ရောက်ကြပါစေလို့ ဆန္ဒပြုဆုတောင်းပေးနေလျက်……။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
Sanninaymin@gmail.com
http://www.sanninaymin.com/
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

Saturday, February 25, 2012

အာရှ၏ နောက်ကျားတကောင် (သို့) ဗီယက်နမ် တိုးတက်ရခြင်းအကြောင်း ၁၀ ချက်


ဗီယက်နမ်စစ် ပြီးတဲ့ကာလကစလို့ အရှေ့တောင်အာရှမှာ သိသိသာသာ အပြောင်းအလဲတွေဖြစ်ခဲ့သလိုပဲ၊ ဗီယက်နမ်ကလည်း လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်းမှာ အပြောင်းလဲကြီး ပြောင်းလဲသွားပါတယ်။

ဗီယက်နမ်ဟာ ၂၀၀၇ ခုနှစ်မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization) ရဲ့ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်ဖြစ်ခဲ့တဲ့နောက်မှာ စီးပွားရေးအရ ကမ္ဘာကြီးနဲ့ ပြန်လည်ပေါင်းစည်းသွားပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ခဲ့ပြီး၊ စီးပွားရေးလားရာကလည်း လယ်ယာမြေကနေ ဈေးနှုန်းမြင့် ထုတ်လုပ်မှုကဏ္ဍနဲ့ ၀န်ဆောင်မှုဆီကို ဦးတည်ချက်ပြောင်းခဲ့ပါတယ်။

ဗီယက်နမ်က စီးပွားရေးစီးပွားရေး တိုးတက်စေခဲ့တဲ့ အကြောင်းတရားတွေနဲ့၊ ဒီတိုးတက်မှုကို ထိန်းထားနိုင်ဖို့ လိုအပ်ချက်တချို့ကို McKinsey Global Institute က ထုတ်ပြန်တဲ့ "Sustaining Vietnam's Growth: The Productivity Challenge အစီရင်ခံစာကနေ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

၁။ ပြာပုံဘ၀မှ
တချိန်က စစ်တလင်းပြာပုံဘ၀ကနေ ဗီယက်နမ်ဟာ ၂၅ နှစ်အတွင်းမှာ အာရှက စီးပွားရေး အောင်မြင်တဲ့ နိုင်ငံတနိုင်ငံဖြစ်လာပါတယ်။ ၁၉၈၆ ခုနှစ်မှာ ကွန်မြူနစ်ပါတီက ပြန်လည်ထူထောင်ရေးကာလ “Doi Moi" စတင်ခဲ့ပြီး ကမ္ဘာ့ကြီးနဲ့ ခြားထားတဲ့ ကုန်သွယ်ရေး တံတိုင်းတွေကိုဖြိုပြီး၊ ပုဂ္ဂလိကကဏ္ဍတွေကို ကျယ်ကျယ်ပြန့်ပြန် လမ်းဖွင့်ပေးလိုက်ပါတယ်။

အာရှမှာတော့ တရုတ်ရဲ့ စီးပွားရေးတိုးတက်မှုနှုန်းကလွဲရင် ဗီယက်နမ်က ထိပ်ဆုံးကပါပဲ။ ဗီယက်နမ်ရဲ့တဦးချင်း ဂျီဒီပီ တိုးတက်မှုနှုန်းက နှစ်စဉ် ၅ဒသမ၃ ရာခိုင်နှုန်းရှိပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေက အာရှစီးပွားရေးအကျပ်အတည်းကာလ၊ လက်ရှိ ကမ္ဘာ့စိးပွားရေး အကျပ်အတည်းမှာတောင် ဗီယက်နမ်က ဆက်ကောင်းနေခဲ့ပါတယ်။ (၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ အတွင်း စီးပွားရေး တိုးတက်မှုနှုန်း နှစ်စဉ် ၇ ရာခိုင်နှုန်း ပုံမှန်ရှိခဲ့ပါတယ်)။

၂၊ လယ်ကွင်းတွေက ခွာကြလေပြီ

ဗီယက်နမ်စီးပွားရေးဟာ လယ်ကွင်းမြေမှာ အခြေခံတဲ့ စီးပွားရေးမဟုတ်တော့ပါဘူး။ စိုက်ပျိုးရေးကဏ္ဍကနေ ဂျီဒီပီကို ထည့်ဝင်တဲ့ တန်ဖိုးဟာ ၁၅ နှစ်အတွင်းမှာ ၄၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ လွန်ခဲ့တဲ့ ၂၉ နှစ် တရုတ်ပြည်နဲ့ လွန်ခဲ့တဲ့ ၄၁ နှစ် အိန္ဒိက မြေယာတော်လှန်ရေးကာလတွေတောင် ဗီယက်နမ်လောက် မမြန်ခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ စိုက်ပျိုးရေးကဏ္ဍမှာ အလုပ်လုပ်သူ ၁၃ ရာခိုင်နှုန်း ကျဆင်းသွားပြီး။ စက်ရုံအလုပ်ရုံနဲ့ ၀န်ဆောင်မှုကဏ္ဍတွေကို အလုပ်ပြောင်းရွှေ့သွားကြပါတယ်။ တချိန်တည်းမှာ စက်ရုံအလုပ်ရုံတွေမှာ အလုပ်အကိုင် ၉ဒသမ၄ ရာခိုင်နှုန်း၊ ၀န်ဆောင်မှုမှာ ၃ဒသမ၄ ရာခိုင်နှုန်း တိုးတက်သွားပါတယ်။

ဒီလို လယ်ကွင်းကနေ စက်ရုံအလုပ်ရုံတွေကို အရွှေ့ဟာ ဗီယက်နမ်စီးပွားရေးတိုးတက်မှုရဲ့ အဓိက မောင်းနှင်အားဖြစ်ခဲ့ပါတယ်။ အကျိုးဆက်အဖြစ် စိုက်ပျိုးရေးကဏ္ဍက ဂျီဒိပီအတွက် ထည့်ဝင်မှုက လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ၆ဒသမ၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ စက်မှုကဏ္ဍက ထည့်ဝင်မှုက ၇ ဒသမ ၂ ရာခိုင်းနှုန်းတိုးတက်ခဲ့ပါတယ်။

၃၊ စိုက်ပျိုးရေးထုတ်ကုန် ထိပ်ဆုံးကတင်ပို့ဆဲ

ဗီယက်နမ်ဟာ ကမ္ဘာပေါ်မှာ ငရုတ်ကောင်းအများဆုံး တင်ပိုတဲ့ နိုင်ငံဖြစ်ပြီး၊ ၂၀၁၀ က ဟင်းခတ်အမွှေးအကြိုင် တန်ချိန် ၁၁၆၀၀၀ နိုင်ငံခြားကို တင်ပို့ခဲ့ပါတယ်၊ ကမ္ဘာပေါ်မှာ သီဟိုဋ်သရက် အများဆုံးတင်ပို့တဲ့နိုင်ငံ၊ ဆန်းတင်ပို့မှုမှာလည်း ကမ္ဘာ့အများဆုံး ထိုင်းနိုင်ငံပြီးရင် ဒုတိယလိုက်ပါတယ်။ ကော်ဖီတင်ပို့မှုမှာ အများဆုံးဖြစ်တဲ့ ဘရာဇီးနောက်က ဒုတိယအများဆုံး လိုက်ပြန်ပါတယ်။ (လေးနှစ်အတွင်းမှာ ၃ ဆလောက် မြင့်တက်သွားတာပါ)၊ လက်ဖက် ထုတ်လုပ်မှုမှာ ကမ္ဘာ့ပေါ်မှာ ပဥမ အများဆုံးဖြစ်ပြီ၊ ငါးခူ၊ ကင်းမွန်၊ ပုစွန်၊ ငါးမည်လုံး တင်ပို့မှုမှာတော့ စတုထ္ထအများဆုံး နိုင်ငံဖြစ်နေပါတယ်။

၎၊ တရုတ်ပြည် အသေးစားလေးမဟုတ်ပါ

တရုတ်ပြည်က အလုပ်သမားတွေ ဈေးပိုပေးနေရလို့ စက်ရုံတချို့တွေ ဈေးပိုသက်သာတဲ့ ဗီယက်နမ်ကို လစ်ပြေး ကုန်ကြပါပြီ၊ စီအီးအိုတွေကြားထဲမှာ ဗီယက်နမ်ဟာ ပို့ကုန်တွေ ထုတ်လုပ်ရာ တရုတ်ပြည်အသေးစားလေးဖြစ်လာတော့မယ်လို့ ပြောစမတ်ပြုလာကြပါတယ်။

ဒါပေမယ့် ဗီယက်နမ်နဲ့ တရုတ် မတူတဲ့ အဓိက အကြောင်းရင်း နှစ်ရပ်ရှိပါတယ်၊ ဗီယက်နမ် စီးပွားရေးက personal consumption တဦးချင်း စားသုံးမှုနဲ့ မောင်းနှင်တာဖြစ်ပြီး၊ ဗီယက်နမ် ဂျီဒီပီရဲ့ ၆၅ ရာခိုင်နှုန်းရှိပါတယ်၊ အာရှမှာ အတော်မြင့်တဲ့ ပြည်တွင်းစားသုံးမှုနှုန်းလို့ ဆိုနိုင်ပါတယ်၊ တရုတ်ပြည်မှာတော့ ပြည်တွင်းစားသုံးမှုဟာ ဂျီဒီပီရဲ့ ၃၆ ရာခိုင်နှုန်းပဲရှိပါတယ်။

ဒုတိယကွာခြားချက်က တရုတ်ပြည်ရဲ့ စီးပွားရေးတိုးတက်မှုဟာ ကုန်ထုတ်လုပ်မှုက အဓိက မောင်းနှင်အားဖြစ်ပြီး၊ ဗီယက်နမ်မှာတော့ ကုန်ထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှုကဏ္ဍက မျှမျှတတ တိုးတက်လာတာ ဖြစ်ပါတယ်၊ ကဏ္ဍတရပ်စီက ဂျီဒီပီရဲ့ ၄၀ ရာခိုင်နှုန်းစီ ရှိပါတယ်။

၅။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်

ဗီယက်နမ်ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ အကြိုက်အတွေ့ဆုံး ထိပ်ဆုံးနိုင်ငံတွေမှာ ပါဝင်ပါတယ်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်တို့ ပြီးရင် ဗီယက်နမ်ပါပဲ၊ ၂၀၀၃ ခုနှစ် နိုင်ငံခြား တိုက်ရိုက်ရင်းနှိးမြှုပ်နှံမှု ၃ဒသမ၂ ဘီလီယံရှိရာကနေ ၂၀၀၈ ခုနှစ်မှာ ၇၁ဒသမ ၇ ရာခိုင်နှုန်းကို တက်သွားပါတယ်။ ၂၀၀၈ ကမ္ဘာ့စီးပွားရေးအကျကြောင့် ၂၀၀၉ ခုနှစ်မှာတော့ ၂၁ဒသမ၅ ဘီလီယံကို ပြန်ကျသွားပါတယ်၊ ၂၀၀၅ ခုနှစ်က စလို့ ဗီယက်နမ်ကို လာတဲ့ ကမ္ဘာ့လှည့် ခရီးသွားအရေအတွက် ၁ ပုံတပုံ မြင့်တက်ခဲ့ပါတယ်။

၆၊ ဗီယက်နမ်မှာ လမ်းတွေက ဖိလစ်ပိုင်၊ ထိုင်းတို့ထက်ပိုကောင်း

ဗီယက်နမ်က အခြေခံအဆောက်အဦ တည်ဆောက်တဲ့ကဏ္ဍမှာ အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်ခံခဲ့ ပါတယ်၊ ဗီယက်နမ်ရောက်ဖူးသူတွေက လမ်းတွေက သိပ်မထူးပါဘူးလို့ မြင်ကြပါတယ်။ ဒါပေမယ့် စီးပွားရေးတိုးတက်မှုနဲ့အတူ လမ်းသစ်တွေ ဖောက်ထားပါတယ်။

၂၀၀၉ ခုနှစ်မှာ တစ်စတုရန်း ကီလိုမီတာပတ်လည်တိုင်းမှာ လမ်းအရှည် ၀ဒသမ၇ ကီလိုမီတာရှိတယ်ပါတယ်၊ ဖိလစ်ပိုင်မှာ၊ ထိုင်းမှာ ဒီလောက်မရှိပါဘူး။ တချိန်တည်းမှာ လျှပ်စစ်ဓာတ်အားက နိုင်ငံရဲ့ ၉၆ ရာခိုင်နှုန်းကို ရောက်ပါတယ်။ Dung Quat၊ Cai Mep ကုန်တင်ဆိပ်ကမ်းတွေ။ ဗီယက်နမ်အလယ်ပိုင်းက Da Nang လေဆိပ်၊ မဲခေါင်မြစ်ဝှမ်းဒေသက Can Tho လေဆိပ်တွေက ဗီယက်နမ်နဲ့ ပြင်ပကမ္ဘာကို အလွယ်တကူ ချိတ်ဆက်ပေးထားပါတယ်။

၇၊ အွန်လိုင်းနှင့် ဗီယက်နမ်လူငယ်များ

ဗီယက်နမ်လူဦးရေရဲ့ လက္ခဏာကို အတိုချုပ်ရရင် ငယ်ငယ်ရွယ်ရွယ်၊ ပညာတတ်၊ အွန်လိုင်းတက် လို့ ဆိုနိုင်ပါတယ်။ ၂၀၀၀-၂၀၁၀ ကာလမှာ ဗီယက်နမ်က မိုဘိုင်းသုံးစွဲမှု Mobile subscription က ၇၀ ရာခိုင်နှုန်း မြင့်တက်သွားပါတယ်။ အင်တာနက် ကျယ်ပြန့်မှုက ၃၁ ရာခိုင်နှုန်းဖြစ်လို့ မလေးရှား (၅၅ ရာခိုင်နှုန်း)၊ ထိုင်ဝမ် (၇၂) ရာခိုင်နှုန်းတို့ထက်တော့ နိမ့်ပါတယ်။ ဒါပေမယ့် အလျင်အမြန်ပဲ ပြောင်းလဲနေပါတယ်။

Broadband သုံးစွဲသူ ဦးရေက ၂၀၀၆ ခုနှစ်မှာ ၀ဒသမ၅ သန်းရှိရာကနေ ၂၀၁၀ အရောက်မှာ ၃ဒသမ၈ သန်းရှိလာပါတယ်၊ 3G စနစ်သုံးစွဲသူဦးရေကလည်း ၇ဒသမ ၇ သန်းရှိလာပါတယ်။ တယ်လီကွန် အခြေခံအဆောက်အဦတွေ ခေတ်မှီတိုးတက်လာတာနဲ့အမျှ အင်တာနက်သုံးသူ အရေတွက်လည်း ပေါက်ကွဲလာဖွယ်ရှိပါတယ်။ အင်တာနက်သုံးသူတွေရဲ့ ၉၄ ရာခိုင်နှုန်းဟာ သတင်းတွေကို ဖတ်ကြပြီး၊ အင်တာနက်သုံးသူ ၄၀ ရာခိုင်နှုန်းဟာ နေ့တိုင်း web လောကမှာ လေ့လာကျက်စားကြပါတယ်။

၈၊ အိုးမကွာအိမ်မကွာ ပြည်ပအလုပ်အကိုင်တွေ

ယခုလက်ရှိ ဗီယက်နမ်မှာ outsourcing။ offshore services ပြည်ပအလုပ်အကိုင်နဲ့ ၀န်ဆောင်မှုတွေကို အလုပ်လုပ်နေသူ ၁ သိန်းကျော်ရှိပါတယ်။ ဒီကဏ္ဍကနေရတဲ့ ငွေက ၁ ဘီလီယံခွဲကျော်ရှိပါတယ်။ ဗီယက်န်မှာ Hewlett-Packard, IBM, and Panasonic တို့လို နာမည်ကျော် ကော်ပိုရေးရှင်းကြီးတွေလည်း လုပ်ငန်းလည်ပတ်နေကြပါတယ်။

ဒီလိုကဏ္ဍတွေနဲ့ အဖွံ့ဖြိုးဆုံး ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ ဗီယက်နမ်ပါဝင်လာဖို့ ရေခံမြေခံတွေလည်း ရှိပါတယ်။ အကြောင်းကတော့ ဗီယက်နမ်မှာ ကောလိပ်ကျောင်းပြီးတဲ့ လူငယ်အရေအတွက် များပါတယ်။ တက္ကသိုလ်တွေကနေ နှစ်စဉ် ဘွဲ့ရမောင်မယ် ၂၅၇၀၀၀ ကို လုပ်ငန်းခွင်တွေထဲကို ပို့ပေးနေပါတယ်။ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ဈေးလည်း ချိုပါတယ်။

ဗီယက်နမ်က ဆော့ဖ်ဝဲ ပရိုဂရမ်မာ တယောက်ကို ငှားဖို့ တရုတ်ပြည်က ပရိုဂရမ်မာ တယောက်ကို ငှားရင်ပေးရတဲ့ ကြေးရဲ့ ၆၀ ရာခိုင်နှုန်းပဲ ပေးရပါတယ်၊ တခြားလုပ်ငန်းတွေ (data-processing ၊ voice-processing)မှာ ဗီယက်နမ်က တရုတ်ရဲ့ ထက်ဝက်လောက် ဈေးပေါပါတယ်။

ဒါကြောင့် outsourcing။ offshore services တွေကနေ ဗီယက်နမ်ဟာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၆ ဘီလီယံကနေ ၈ ဘီလီယံအထိ ရနိုင်တဲ့ အလားအလာရှိပါတယ်။ ဒီကဏ္ဍတွေဟာ မြို့ပြလူငယ်တွေ အလုပ်အကိုင်ဖန်တီးပေးရေးမှာ အဓိကကျပြီး နောက်ထပ် အလုပ်အကိုင် ၆ သိန်း၊ ၇ သိန်းလောက်ကို ဖန်တီးပေးနိုင်ခြေရှိပါတယ်။ ဂျီဒီပီ တိုးတက်မှုကိုလည်း ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ အားဖြည့်ပေးနိုင်ပါတယ်။

၉၊ ဗီယက်နမ်ဘဏ်တွေ သဘောကောင်းလွန်းသလား

ဗီယက်နမ်ဘဏ်တွေက ချေးငွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ၃၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ဒီနှုန်းဟာ တရုတ်၊ အိန္ဒိယနဲ့ တခြား အာစီယံ နိုင်ငံတွေကို အများကြီး ကျော်တက်သွားခဲ့ပါတယ်။

၂၀၁၀ နှစ်ကုန်ပိုင်းမှာ ဘဏ်တွေရဲ့ ချေးငွေပမာဏဟာ ဂျီဒီပီ ကိုတောင် ကျော်တက်သွားပြီး၊ ဂျီဒီပီရဲ့ ၁၂၀ ရာခိုင်နှုန်းရှိပါတယ်။ ၂၀၀၀ ခုနှစ်တုန်းက ဂျီဒီပီရဲ့ ၂၂ ရာခိုင်နှုန်းပဲရှိခဲ့ပါတယ်။ ဒီဟာ ၀ုန်းဒိုင်းကျဲ အသက်ဝင်နေတဲ့ ဗီယက်နမ်စီးပွားရေးကို ဘဏ်တွေက ချောဆီ ထည်ပေးနေတာရဲ့ သက်သေပါပဲ။

စိုးရိမ်စရာအချက်တော့ ပြန်မဆပ်တော့မယ့် ဘဏ်ချေးငွေတွေ non-performing loans များလာရင် တခြားနိုင်ငံတွေမှာ ဖြစ်တတ်တဲ့အတိုင်းပဲ ဗီယက်နမ်မှာလည်း ဘဏ်လုပ်ငန်းနဲ့ ငွေရေးကြေးရေးကဏ္ဍတွေကို အစိုးရက ၀င်ကယ်ရ တာမျိုးဖြစ်မှာကို စိုးရိမ်ရပါတယ်။

၁၀ - စီးပွားရေး လက်ပမ်းကျကာလ
၂၀၀၅-၂၀၁၀ ကာလမှာ လူငယ်အလုပ်အင်အားစုတွေက တိုးတက်လာတာ၊ စိုက်ပျိုးရေး ကဏ္ဍကနေ ခွာလိုက်တာက ဗီယက်နမ်စီးပွားရေးတိုးတက်မှုအားလုံးရဲ့ ၃ ပုံ ၂ ပုံ အကြောင်းရင်း ဖြစ်ပါတယ်။ အခုတော့ တိုးတက်မှုရဲ့ ပထမအကြောင်းရင်းနှစ်ရပ်မှာ အားနည်းလာတာ တွေ့လာရပါတယ်။

တရားဝင်ကိန်းဂဏန်းတွေအရ လာမယ့် ၁၀ နှစ်အတွင်းမှာ အလုပ်အင်အားစု နှစ်စဉ် ၀ဒသမ၆ ရာခိုင်နှုန်းကျမယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၀၀-၂၀၁၀ ကာလမှာ နှစ်စဉ် ၂ဒသမ၈ တက်ခဲ့တာနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ လယ်ယာမြေကနေ စက်ရုံအလုပ်ရုံတွေဆီကို ရွှေ့ပြောင်းမယ့် အလုပ်အင်အားစုကလည်း အရင်အချိန်တွေတုန်းက နှုန်းအတိုင်းဖြစ်ဖို့ အလားအလာလည်း မရှိတော့ သလောက်ပါပဲ။

ဒါကြောင့် စီးပွားရေးတိုးတက်မှုကို ထိန်းထားနိုင်ဖို့ ဆိုရင် ထုတ်လုပ်မှုကို အားဖြည့်ပေးဖို့ လိုအပ်နေ ပါတယ်။ အတိအကျပြောရရင်တော့ ထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှုကဏ္ဍက တဦးချင်းစီရဲ့ ထုတ်လုပ်နိုင်စွမ်းကို ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်အောင်လုပ်ဖို့ လိုအပ်နေပါတယ်။ အစိုးရက ၂၀၂၀ ခုနှစ်အရောက်မှာ စီးပွားရေးတိုးတက်မှုကို ၇ ရာခိုနှုန်း၊ ၈ ရာခိုင်နှုန်းလောက် တိုးတက်လာဖို့ မျှော်မှန်းထားပါတယ်။

အကယ်၍ တဦးချင်း ထုတ်လုပ်နိုင်စွမ်း (လက်ရှိ နှစ်စဉ် ၄ဒသမ၁ ရာခိုင်နှုန်း တက်နေတာကို ၆ဒသမ၄ ရာခိုင်နှုန်းဖြစ်လာအောင်) မမြှင့်တင်နိုင်ရင် ဗီယက်နမ်စီးပွားရေးတိုးတက်မှုက နှစ်စဉ် ၄ဒသမ ၅ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း ကျသွားဖို့ရှိပါတယ်။ အကယ်၍ အဲဒီအတိုင်းဖြစ်ခဲ့ရင် ၂၀၂၀ အရောက်မှာ (၇ ရာနှုန်း အတက်နဲ့ အစိုးရရည်မှန်းချက်ထားတာနဲ့ ယှဉ်လိုက်ရင် ဂျီဒီပီက ၃၀ ရာခိုင်နှုန်း နိမ့်ကျနေဖို့ရှိပါတယ်။
* * *
ဗီယက်နမ်မှာ မွေးရာပါ အားကောင်းချက်တွေရှိနေပါတယ်။ ငယ်ရွယ်ပျိုမြစ်သော အလုပ်အင်အား၊ သဘာဝသံယံဇာတတွေ ပေါကြွယ်မှု၊ နိုင်ငံရေးတည်ငြိမ်မှု စသဖြင့်။ ဒါကြောင့် ရေတိုအန္တရာယ်တချို့ကို ကာကွယ်နိုင်ပြီး၊ ထုတ်လုပ်မှု ဦးစားပေးတဲ့ စီးပွားရေးတိုးတက်မှုကို ဆက်ပြီး သယ်ဆောင်နိုင်မယ်ဆိုရင် ကြီးပွားချမ်းသာရေး ဒုတိယလှိုင်းခေတ်ဆီကို ဦးတည်နေမှာ သေချာပါတယ်။

ညီစောလွင်
ရည်ညွန်း၊ ၊ The New Asian Tiger? BY MARCO BREU , RICHARD DOBBS | FEBRUARY 23, 2012

Credit: http://multiplygroups.multiply.com/journal/item/1601/1601