Thursday, March 9, 2023

ကွန်ဒုံးကို လိင်ဆက်ဆံတာအပြင် တခြားဘယ်လိုသုံးလို့ရ

 ကွန်ဒုံးကို လိင်ဆက်ဆံတာအပြင် တခြားဘယ်လိုသုံးလို့ရသေးလဲ။




(Dr. Htet Htet Zaw Win မှ အချက်အလက် စစ်ဆေးထားပါသည်။ 


Dr. Htet Htet Zaw Win မှ ရေးသားသည်။)


ကွန်ဒုံးကို လိင်ဆက်ဆံ တာအပြင် တခြားဘယ်လိုသုံးလို့ရသေးလဲ။


အမျိုးသားသုံး ကွန်ဒုံးတွေက လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေရော၊ ကိုယ်ဝန်ကိုပါ ထိထိရောက်ရောက် တားဆီးပေးနိုင်ပါတယ်။ သုံးရလည်း လွယ်တာကြောင့် ခုနောက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်လည်း သုံးလာကြပါပြီ။ ဒါပေမယ့် ကွန်ဒုံးကို လိင်ဆက်ဆံ တာမှာပဲ သုံးလို့ရတာ မဟုတ်ပါဘူး။ နေ့စဉ်လူမှုဘဝမှာလည်း အသုံးချလို့ရတဲ့ နေရာတွေ ရှိပါတယ်။



ကွန်ဒုံးက ဘယ်လိုထူးခြားချက်ရှိသလဲ။

ကွန်ဒုံးက ဒီတိုင်းကြည့်မယ်ဆို ရာဘာနဲ့ လုပ်ထားတဲ့ ပြွန်ပုံစံအစတစ်စပါပဲ။ Non-latexတွေလည်း ရှိပေမယ့် ခဏထားလိုက်ဦးမယ်နော်။ ကွန်ဒုံးရဲ့ ထူးခြားချက်က ကျုံ့ဆန့်နိုင်စွမ်းကောင်းတာရယ်၊ ရေလုံတာရယ်ပါ။ ကွန်ဒုံးက ကျုံ့ဆန့်နိုင်စွမ်းကောင်းတာကြောင့် တော်တော်များများသော ပစ္စည်းတွေ ထည့်လို့ရပါတယ်။ ကွန်ဒုံးအများစုက ရေဆိုရင် ၂လီတာလောက် ဆန့်ပါတယ်။ (အမျိုးသားတွေက သုက် ၂လီတာ မထွက်ပေမယ့်ပေါ့။) ဒီထက်ဆန့်တာတွေလည်း ရှိပါတယ်။


စမ်းသပ်ချက်တွေအရ ရေ၂လီတာလောက် ထည့်တာတောင် ကွန်ဒုံးက ရေမစိမ့်ပါဘူး။ ဒါကလည်း ဖြစ်သင့်ပါတယ်။ ဒါမှ သုက်ရည်မစိမ့်ဘဲ ကိုယ်ဝန်မရအောင် တားပေးနိုင်မှာပါ။


ဒီလိုဂုဏ်သတ္တိတွေရှိတဲ့အတွက် ကွန်ဒုံးကို လိင်ဆက်ဆံ တာအပြင် တခြားနေရာတွေမှာလည်း သုံးလို့ရပါတယ်။



ကွန်ဒုံးကို လိင်ဆက်ဆံ တာအပြင် တခြားဘယ်လိုသုံးလို့ရသေးလဲ။

ခုဆက်ပြောမယ့် အကြောင်းအရာတွေအတွက် တခြားသုံးစရာမလွယ်တော့အခါ ကွန်ဒုံးကို အစားထိုးသုံးနိုင်ပါတယ်။ ဒါသုံးဖို့အတွက် ကွန်ဒုံးကို သက်သက်ဝယ်စရာ မလိုပါဘူး။ အထူးသဖြင့် ဒိတ်လွန်နေတဲ့ ကွန်ဒုံးတွေရှိရင် ဒီလိုမျိုး သုံးလို့ရပါတယ်။


ကွန်ဒုံးကို လိင်ဆက်ဆံရာမှာအပြင် -

ညစ်ပတ်တဲ့နေရာက ပစ္စည်းတွေကောက်တဲ့အခါ (ဥပမာ အိမ်သာအိုး)၊

ဖုန်းရေမစိုအောင် သယ်ချင်တဲ့အခါ၊

ခရီးသွားရင် Skincareတို့၊ ခေါင်းလျှော်ရည်တို့ မဖိတ်အောင် သယ်ချင်တဲ့အခါ၊

ရေခဲဝတ်အနေနဲ့ ကပ်ချင်တဲ့အခါ၊

Stress relieverအနေနဲ့ သုံးလို့ရပါတယ်။



လက်မပေစေချင်တဲ့အခါ

ဆိုပါတော့ အိမ်သာဝင်ရင်း မတော်တဆ အိမ်သာခွက်ထဲကို သော့ပြုတ်ကျသွားတယ်ဆိုရင် လက်နဲ့ နှိုက်ပြီး ကောက်ဖို့ ခက်ခဲမှာပါ။ ဒီလိုအချိန်မျိုးမှာ ဒိတ်လွန်နေတဲ့ ကွန်ဒုံးရှိရင် အတွင်းပိုင်းထဲက ချောဆီတွေကို ရေဆေး၊ ပြီးရင် လက်ထည့်ပြီး ကောက်လို့ရပါတယ်။ များသောအားဖြင့် လက်အိတ်တွေက တံတောင်ဆစ်ထိ လုံလေ့မရှိပါဘူး။


ကွန်ဒုံးက ဆွဲဆန့်လို့ရတဲ့အတွက် လက်ကိုလည်း လုံပါတယ်။ ရေလည်း လုံတဲ့အတွက် အိမ်သာခွက်ထဲက ရေလည်း ပေရေတော့မှာ မဟုတ်ပါဘူး။


ပစ္စည်းတွေ ရေလုံအောင် သယ်လို့ရတယ်။

လှေစီးမယ်၊ မတော်တဆ ရေထဲပြုတ်ကျသွားလို့ ဖုန်းစိုသွားမယ်ဆိုရင် ပြင်လို့ဆုံးမှာ မဟုတ်တော့ပါဘူး။ ဒီလိုမဖြစ်အောင် ကွန်ဒုံးထဲ ထည့်သယ်လို့ရပါတယ်။ ကွန်ဒုံးကို ရေစင်အောင်ဆေးပြီး ခြောက်အောင်လုပ်ပြီးရင် ဖုန်းထည့်လို့ရပါပြီ။ အပြင်ကနေ ရေစိုခံအိတ်လိုမျိုး ကာထားပေးတဲ့အတွက် ရေမဝင်အောင် ကာထားပေးနိုင်ပါတယ်။


ကွန်ဒုံးက အတွင်းက အရည်တွေ အပြင်မထွက်အောင်ဘဲ ကာပေးနိုင်တာမဟုတ်ပါဘူး။ အပြင်ကနေ အရည်တွေ မဝင်အောင်လည်း ကာပေးနိုင်ပါတယ်။ မဟုတ်ရင် အမျိုးသမီးမှာ ကူးစက်ပိုးရှိတဲ့အခါ မိန်းမကိုယ်အရည်တွေကနေတဆင့် အမျိုးသားဆီရောက်သွားမှာပါ။ ဒါကြောင့် ရေလုံတာပဲ ဖြစ်ပါတယ်။


အရည်တွေ မဖိတ်အောင်လည်း ကာပေးနိုင်ပါတယ်။

ခရီးသွားလို့ ခေါင်းလျှော်ရည်တွေ၊ မိန်းကလေးတွေ skincareတွေ သယ်သွားတဲ့အခါ ဖိတ်မှာပြုမှာ စိုးရိမ်ရပါတယ်။ အကြံပေးချင်တာကတော့ ဒိတ်လွန်နေတဲ့ ကွန်ဒုံးရှိရင် ကွန်ဒုံးကို ဆေးပြီး ပစ္စည်းတွေ ထည့်သွားဖို့ပါ။ ဒါဆိုရင် မှောက်မှာ၊ အရည်စိမ့်မှာ စိုးရိမ်စရာ မလိုတော့ပါဘူး။


ရေခဲဝတ်အနေနဲ့ သုံးလို့ရပါတယ်။

တစ်ခါတလေ ထိခိုက်ဒဏ်ရာရလို့ အညိုအမည်းစွဲတာ၊ ကြွက်သားတွေ နာကျင်တာတွေ သက်သာအောင် ရေခဲဝတ်လေးတွေ ကပ်ရလေ့ရှိပါတယ်။ ဘာနဲ့ထည့်ရမှန်းလည်း မသိ၊ ကွန်ဒုံးလည်း အဆင်သင့်ရှိနေမယ်ဆိုရင် ကွန်ဒုံးထဲကို ရေထည့်၊ တင်းနေအောင် ချည်ပြီး ရေခဲသေတ္တာထဲ ထည့်ထားနိုင်ပါတယ်။ ရေခဲသွားရင် ဒါမှမဟုတ် အတော်အသင့် အေးလာရင် နာတဲ့နေရာမှာ ကပ်လိုက်ရုံပါပဲ။


Stress reliever အနေနဲ့လည်း သုံးနိုင်ပါတယ်။

ကွန်ဒုံးထဲကို ရေထည့်ပြီးပဲဖြစ်ဖြစ်၊ လေဖောင်းပြီးတော့ပဲဖြစ်ဖြစ် တင်းနေအောင် ချည်လိုက်ပါ။ ဖောင်းဖောင်းတင်းတင်းလေး ဖြစ်နေတဲ့ ကွန်ဒုံးကို ညှစ်ပြီး စိတ်ဖိစီးမှု ဖြေဖျောက်လို့ ရပါသေးတယ်။ ကွန်ဒုံးက ကျုံ့ဆန့်နိုင်စွမ်းကောင်းတဲ့အပြင် ရေလည်း လုံတာကြောင့် တော်ရုံအားလောက်နဲ့ ပေါက်မှာ မဟုတ်ပါဘူး။ စိတ်ညစ်ညစ်နဲ့ ညှစ်နေလို့ ရပါတယ်။


Sex toy တွေနဲ့လည်း သုံးလို့ရပါတယ်။

Sex toy တွေကို သေချာမသန့်စင်တဲ့အခါ ဖုန်တွေ၊ ပိုးတွေက လိင်အင်္ဂါထဲကို ဝင်ပြီး ရောင်ရမ်းတာတွေ ဖြစ်တတ်ပါတယ်။ Sex toy တွေမှာ ကွန်ဒုံးစွပ်ပြီး အသုံးပြုတာက ဒီလိုပြဿနာတွေကို ကင်းစေပါတယ်။ လိင်အင်္ဂါမှာ စွပ်သလို သက်တမ်းကုန်မကုန်လည်း စစ်စရာ မလိုပါဘူး။ သိသာတဲ့ ပေါက်ပြဲနေတာ၊ ပျက်စီးနေတာမျိုးတွေ မရှိရင် သုံးလို့ရပါတယ်။


ဒါကြောင့် နောက်တစ်ခါ ကွန်ဒုံးတွေ ဒိတ်လွန်နေရင်၊ ပိုနေရင် လွှင့်မပစ်ဘဲ ဒီလို သုံးကြည့်ပါ။ ကွန်ဒုံးက ရှက်စရာ ပစ္စည်းမဟုတ်ပါဘူး။ ကျန်းမာရေးအတွက်၊ မလိုချင်တဲ့ ကိုယ်ဝန်မရစေဖို့ သုံးရတဲ့ ဆေးပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



ရင်းမြစ်များ


What to do with expired condoms? https://www.verywellhealth.com/three-things-to-do-with-expired-condoms-3133128#toc-what-to-do-with-expired-condoms Accessed date Aug 9, 2022



What happen if you use expired condoms? https://www.plannedparenthood.org/learn/teens/ask-experts/what-happens-if-you-use-an-expired-condom Accessed date Aug 9, 2022



Male condom https://medlineplus.gov/ency/article/004001.htm Accessed date Aug 9, 2022



Condom effectiveness https://www.cdc.gov/condomeffectiveness/latex.html Accessed date Aug 9, 2022



Are sex toys safe? https://www.nhs.uk/common-health-questions/sexual-health/are-sex-toys-safe/ Accessed date Aug 9, 2022